အင်မတန်ကွာဟလှတဲ့ပြည်ပက နေ့တစ်နေ့
ဒီနေ့စာလေးရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့တွေ ပုံမှန်လို့သတ်မှတ်ခဲ့ကြတဲ့ ပြည်တွင်းကအခြေအနေကတကယ့်တကယ်မှာတော့ မဖြစ်သင့်တဲ့ ပုံမှန်လို့ကိုမသတ်မှတ်သင့်ကြောင်းပြချင်တာပါ။
Online shopတွေကနေမှာတယ်။ လူတွေ့ငွေရှင်းချင်တယ်လိမ်ခံရမှာစိုးလို့။ ပဲဆီစစ်စစ်ဆိုပြီး နာမည်မျိုးစုံတပ်ကြတယ် တကယ်တော့ ဘယ်ဟာစစ်မစစ်ဆိုတာ သုံးနေကြသူတွေပဲသိတယ်။ Refundဆိုတာဘာကြီးလဲ။ လူငယ်တိုင်းအတွက်ပျော်စရာဆိုတာက ချစ်သူရည်းစားကိစ္စ။ ဘန်ကောက်တို့စင်္ကာပူတို့ဆိုတာ လူတိုင်းအလည်ထွက်တဲ့နေရာ။ ဥရောပဘက်ခရီးသွားတယ်ဆိုတာ လူကုန်ထံအလုပ်။
တကယ်တော့ ဒီလိုမျိုးဘာမှမဟုတ်တဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု နေရာတိုင်းကနေ ပေါင်းစပ်လိုက်တဲ့အခါ လူတန်းစားအဆင့်အတန်းတစ်ရပ်ကွာခြားတယ်ဆိုတာဖြစ်လာတယ်။ ဒါပေမယ့် လူတွေရဲ့စိတ်ထဲမှာ ဒီလိုမျိုး ကွာခြားတာမှမလိုအပ်တာ နေသားကျနေပြီ အင်္ဂလိပ်စာတတ်ဖို့မလိုဘူး။ ပညာမတတ်လဲ အလုပ်လုပ်လို့ ရတယ်။ ဒီလိုတွေဖြစ်လာတယ်။
ဒီတော့ တကယ်ဘာကွာခြားတာလဲ။
လက်ရှိကျနော်UKမှာကျောင်းတက်နေတယ်။ UKမှာနေထိုင်နေတဲ့သူတစ်ဦးရဲ့ နေ့စဥ်တစ်နေ့တာဘဝဖြစ်တယ်။
(အရှေ့တောင်အာရှနိုင်ငံမှာနေတဲ့သူတစ်ဦးရဲ့ POVကနေတော့မရေးတော့ဘူးဗျ။ ဘာလို့ဆို သူတို့လဲ သိပ်ကွာတာမဟုတ်လို့)
မနက်ဘက်
ဆောင်းနွင်းဘက်ဆို အေးတယ်ဗျ။ မနက်အစောကြီးထလဲ နေကမပွင့်။ နေမထွက်လဲ လူတွေကတော့သွားလာနေကြတာပဲဗျိုး။ ဒါပေမယ့် ဆူညံနေတာမျိုးဆိုတာခပ်ရှားရှား။
မနက်ဘက်ကျောင်းသွားရမယ်။ စားစရာကတော့ ခနလေးပဲလုပ်လိုက်ရုံ။ လမ်းမှာဝယ်စားလဲရတာပဲလေ သန့်မှသန့်။ အိမ်မှာလုပ်တာထက်တောင်သန့်သေးတယ်။
ဟော အရှေ့လမ်းမှာတော့လမ်းပြင်နေတယ်ဗျိုး။ မီးပွိုင့်ကဒီလိုနေ့ဆို အရမ်းကြာတာပဲ။
(နံပါတ် ၁။ ဆောင်းနွင်းဘက်ဆို နေသိပ်မထွက်ပါဘူး။ အရမ်းအေးလို့။ ဒါပေမယ့် အလိုက်သိတတ်ကြပါတယ်။ တော်ရုံတန်ရုံဆူညံနေတာမျိုးလဲမရှိသလို ဆူညံနေရင်တောင် အသံက ခပ်အုပ်အုပ်။
ဒုတိယတစ်ခု။ အပြင်မှာ ဝယ်စားရတဲ့အခါမျိုးမှာဆိုရင်လဲ စားစရာမသန့်မှာတွေ အချိန်ကြာမှာတွေ စားဖို့ ချိုင့်ပါမသွားမှာတွေ မစိုးရိမ်ရဘူး။ ဆိုင်တိုင်းလိုလိုမှာ Hygiene regulationဆိုတာရှိတယ်။ အကြမ်းဖျင်းကတော့ ဆိုင်ကအလုပ်သမားတိုင်းလိုက်နာရတဲ့ သန့်ရှင်းမှုဆိုင်ရာကျင့်ဝတ်တွေ။ ဘယ်အချိန်မဆို ဝင်စစ်လို့ရတယ်။ Seriousဖြစ်တဲ့ကိစ္စတွေမှာ ဆိုင်ပိတ်တဲ့ထိ ဖြစ်နိုင်တယ်။
တတိယတစ်ခု။ အင်မတန်အရေးကြီးတဲ့ကိစ္စတွေမှအပ ဆောက်လုပ်ရေးကိစ္စရပ်တွေအကုန်လုံးကို အချိန်သတ်မှတ်ပြီးလုပ်ခိုင်းတယ်။ လုပ်နေတဲ့နေရာကိုလဲ သေသေချာချာ အတားအဆီးပေါင်းများစွာနဲ့ ထိခိုက်မှုမရှိအောင် ဖန်တီးထားတယ်။ အလုပ်သမားတိုင်းက အကာအကွယ်ပစ္စည်းပေါင်းများစွာနဲ့ အလုပ်လုပ်နိုင်လာတယ်။
တကယ်တော့ ဒီလိုမျိုး စနစ်တွေတင်းကြပ်လိုက်တဲ့အခါ Businessတွေဘက်ကနေ လုပ်ရတာတွေ ခက်ခဲလာတယ်။ အချိန်တွေ ငွေတွေ ပိုကုန်လာတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့အဆင်ပြေတယ်)
လမ်းသွားတဲ့အခါ
လမ်းသွားရဦးမယ်။
တစ်နေရာကနေတစ်နေရာကို သွားဖို့ သေသေချာချာကြီးပြင်ဆင်သွားဖို့ရယ်လို့ ကျနော်တို့အတွက်တော့မလိုအပ်ခဲ့ဘူး။ သွားချင်လား အင်္ကျီလဲ အနွေးထည်ဝတ် ဘောင်းဘီသေချာဝတ် ဖိနပ်စီး။
အဆောင်အောက်ဆင်းတယ်။ တံခါးသေချာလော့ခတ်ခဲ့တယ်။ လမ်းမကြီးပေါ်ရောက်တယ်။
ရှင်းလင်းချက် ။ ရာသီဥတုအင်မတန်အေးစက်တဲ့အတွက် ဒီရာသီဥတုနဲ့ကိုက်ညီတဲ့အဝတ်အစားဆိုတာကိုဝတ်ရပါတယ်။ ဒီလိုအဝတ်အစားတွေအတွက် လိုအပ်တဲ့quality ပေးချင်တဲ့စျေးနဲ့ကိုက်ညီတဲ့အဝတ်အစားမျိုးဆိုတာ ရှာလို့ရပါတယ်။ ဝယ်ရင်လဲ ဝယ်တဲ့အတိုင်းရတယ်။
နိုင်ငံတွင်းဖြစ်စေ နိုင်ငံခြားကနေဖြစ်စေ ဝယ်ချင်တဲ့ပစ္စည်းဘယ်ပစ္စည်းမဆို ပို့ပေးနိုင်တာမှန်သမျှအကုန်ရတယ်။ စျေးလဲအထူးတလည်ကြီးပြီးပေးဖို့မလိုဘူး။ အေ့ဂျင့်တွေနဲ့လဲ အပ်စရာမလိုဘူး။
(xxxxxxx pre-order waiting time 3 week)ဆိုပြီး ရင်တထိတ်ထိတ်နဲ့ ယုံကြည်မှုနဲ့အလုပ်လုပ်စရာမလိုတော့ဘူး။ တကယ်ရမယ်ဆိုတာသိနေလို့
လမ်းသွားတဲ့အခါ
လမ်းကတော့သေချာလေးတည်ဆောက်ထားတယ်လို့ဆိုလို့ရနိုင်ပါတယ်။ စက်ဘီးလေးယူပြီးလမ်းတစ်ဖက်ခြမ်းကို ကူးတယ်။ ပြီးတော့စက်ဘီးစီးပါတယ်။ လေကတော့အေးတယ်ဗျိုးဆောင်းရာသီမို့လို့။
နံပါတ် ၁။ လူကူးမျဥ်းကြား။ လူသုံးနည်းတဲ့ ကျဥ်းမြောင်းတဲ့လမ်းသွယ်မျိုးမှအပ လမ်းတိုင်းနီးပါး လမ်းသွားမယ့်သူတွေအတွက် သေချာဖန်တီးပေးထားတဲ့ pedestrian crossingဆိုတာရှိပါတယ်။ လမ်းကူးချင်ရင် ခလုတ်လေးတစ်ခုကို နှိပ်ရတယ်။ မီးပွိုင့်ကနီသွားမယ်ခနအကြာ။ အဲ့အချိန်ကျ လမ်းကူးရုံပါပဲ။
နံပါတ် ၂။ စက်ဘီးလမ်း။
အရမ်းထိန်းသိမ်းမှုအားနည်းတဲ့နေရာမျိုးမှအပ လမ်းတိုင်းလိုလိုမှာ စက်ဘီးနဲ့ပတ်သက်တဲ့သင်္ကေတတွေထားလေ့ရှိပါတယ်။ ကားတွေကလဲ စက်ဘီးတွေကို ကျော်ဖြတ်ခွင့်မရှိဘူး။ လာရင်စောင့်ပေးရတယ်။ အဆင်သင့်ဖြစ်မှ ဆက်မောင်း ဒီလိုပါ။
လူသွားလမ်း စက်ဘီးလမ်း ကားလမ်း ၃ခုခွဲထားတာတွေရှိတယ်။ တစ်ခါတစ်လေလဲ စက်ဘီးလမ်းကကားလမ်းနဲ့ပေါင်းသွားတတ်တယ်။
မြောင်းတွေ ပလက်ဖောင်းမညီတာတွေ ရှိတယ်။ ဒါပေမယ့် အမြဲထိန်းသိမ်းဖို့ကြိုးစားနေကြတာလဲတွေ့ရတယ်။
ပြောချင်တာကတော့ လမ်းတွေတည်ဆောက်တဲ့အခါ အသုံးပြုပုံကို သေသေချာချာကြည့်ပြီးတည်ဆောက်တတ်တယ်ဆိုတာကို ဆိုလိုတာပါ။
ကျောင်း
ကျောင်းဆိုတာတကယ်တော့ စာလုပ်ဖို့အတွက် လိုအပ်တဲ့အရာတွေအကုန်လုံးပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ရမှာပါ။ Libraryဆိုလဲ ပါရုံ၊ Canteenဆိုလဲ ဘယ်သူမှစားဖို့အဆင်မပြေတဲ့ အရာတွေ စျေးနှုန်းတွေနဲ့ ဖန်တီးထားတာမျိုးပေါ့။
အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ ကျောင်းတွေအများစုမှာ ပေးရတာက သိန်းရာချီထောင်ချီနေပေမယ့် facilitiesတွေက တက်ချင်စရာသိပ်ကောင်းတယ်လို့ထင်ရပေမယ့် တကယ့်တကယ်ယှဥ်ကြည့်မယ်ဆို ပါးမွှားလေးလောက်ပဲရှိတာ ဝန်မခံချင်ပေမယ့် ဝန်ခံရမှာပါ။
ကျောင်းဝန်းထဲဝင်လာတယ်။ ကျောင်းသားတွေအတွက် စက်ဘီးထားစရာနေရာရှိတယ် ကားထားစရာနေရာရှိတယ်။ အနားယူဖို့နေရာလေးတွေ အရိပ်အဝန်းလေးတွေ သိပ်စနစ်ကျတဲ့ဝင်ပေါက်တွေထွက်ပေါက်တွေ။ သူတို့ကျောင်းလဲ အားနည်းချက်တွေရှိမှာပါ။
Disabled person
လူတွေသိပ်ပြီးဂရုမထားမိတဲ့အခန်းကဏ္ဍလေး။
ကုန်ကုန်ဗျာ ခင်ဗျားdisabled personဖြစ်သွားတယ်။ ဒါဆိုနားလည်ကြမှာမဟုတ်လို့ ဒုက္ခိတဖြစ်သွားပြီ။ အသက်ကြီးလာလို့သော်လည်းကောင်း ထိခိုက်ဒဏ်ရာရလို့သော်လည်းကောင်း မွေးရာပါရောဂါပဲဖြစ်ဖြစ် အင်္ဂါတစ်ခုခုမသန်စွမ်းတော့ဘူး။
အဆင်ပြေတယ်။ ဥပမာပြောပါမယ်။ ခြေထောက်မသန်တော့ဘူးဆိုပါစို့။
ကျောင်းရဲ့နေရာတိုင်းလိုလို ကျောင်းသားအဆောင်တိုင်းလိုလို ဘယ်နေရာမဆို Wheel chairနဲ့လွယ်လွယ်ကူကူတက်လို့ရတဲ့ rampတွေရှိတယ်။ (စည်းမျဥ်းအတိုင်းတည်ဆောက်ရတာပါ)
တံခါးတွေ တစ်ထပ်ကနေတစ်ထပ်တက်တာမျိုးပဲဖြစ်ဖြစ် စားသောက်ဆိုင်ကိုသွားရတာဖြစ်ဖြစ် အိမ်သာသွားတာပဲဖြစ်ဖြစ် disabled personတွေအတွက် အထူးဖန်တီးထားတဲ့ အရာတွေအများကြီးပါ။
တကယ်တော့လေ ကျနော်တို့တွေရဲ့ဘဝတွေက စာလေးကောင်းကောင်းသင်ရဖို့ကိုတောင်မှ အခွင့်အရေးမရခဲ့ကြတဲ့ဘဝတွေ။ စစ်ကျွန်ပညာရေးဆိုတာကိုပုံမှန်လုပ်နေရတဲ့ဘဝ။ Online shopကနေ ပေးတဲ့အတိုင်းရလာရင်ကို ပျော်နေရတဲ့ဘဝ။ Nikeတို့ Adidasတို့ဆိုတာ စျေးကြီးတဲ့ပစ္စည်းတွေ။ Hugo bossတို့ Armaniတို့ဆိုတာ လူကုန်ထံပဲကိုင်နိုင်တဲ့အရာ။
It has to change.
ပြည်တွင်းကဘဝတွေ
ကျောင်းသားတစ်ဦးရဲ့ရှုထောင့်ကနေဆိုရင် ကျနော်တို့တိုင်းပြည်က အမှန်တကယ်စာသင်ဖို့လုံးဝအဆင်မပြေတဲ့တိုင်းပြည်နဲ့မြို့။
စာသင်ဖို့
စစ်တပ်အာဏာသိမ်းလာခဲ့တာ အနှစ် ၇၀ ကျော်ပြီမို့လို့ ဘယ်ခေတ်တုန်းကတော့ ဘယ်လိုပြောင်းလဲသွားခဲ့တာတို့ ဘယ်ခေတ်တုန်းကတော့ ဒီမိုကရေစီရခဲ့တယ်တို့လဲ မသိချင်တော့ဘူး။ ဘယ်ခေတ်တုန်းက ဘယ်လောက်ကြီးပဲကြိုးပမ်းခဲ့ကြိုးပမ်းခဲ့ ထူးခြားမှုရှိတဲ့အခြေအနေတစ်ခုထိဖြစ်အောင် ကြိုးစားဖို့ဆို နှစ်ဆယ်နဲ့ချီ Generationနဲ့ချီပြီးလိုအပ်တယ်ဆိုတာ လူတိုင်းသိမှာပါ။
ဥပမာ ကျောင်းသားဆိုတဲ့နယ်ပယ်အနေနဲ့ပဲကြည့်မယ်ဆိုရင်
၁။ Highest level of qualification (ဆယ်တန်းအောင်လား၊ ဘွဲ့ရလား၊ ဘယ်နိုင်ငံကဘာရခဲ့တာလဲ၊...)
၂။ ကျောင်းသားဦးရေ (Student နဲ့Non student)
၃။ အသက်အရွယ် (၁၅-၂၀၊ ၂၀-၂၅၊၂၅-၃၀ စတဲ့ အပိုင်းအခြားတွေ)
အလုပ်
၁။ Socio - economic classification - လူမှုစီးပွားဆိုင်ရာ အမျိုးအစားခွဲခြားခြင်း (သာမန်လက်လုပ်လက်စား၊ ကျောင်းသား၊ ပညာမပါတဲ့အလုပ်၊ Management ရာထူး၊...)
၂။ Occupation - အလုပ်အကိုင်အမျိုးအစား (ပညာရပ်နဲ့ဆိုင်တဲ့ အလုပ်၊ အရောင်းပိုင်း၊ မန်နေဂျာအပိုင်း၊...)
၃။ Hours worked per week - တစ်ပတ်ကို လုပ်ရတဲ့အချိန်နာရီ (Part time, full time,..)
၄။ Employment history - အလုပ်လုပ်ခဲ့တဲ့history (တစ်ခါမှမလုပ်ဖူးဘူး၊ ၁နှစ်အတွင်းမလုပ်ခဲ့ဘူး၊ တစ်နှစ်အတွင်းလုပ်ဖူးတယ်)
၅။ Method of travel to workplace - အလုပ်ကို ဘာနဲ့သွားလဲ။ (ဘတ်စ်ကား၊ တက်စီ၊ ဖယ်ရီ၊ driver,...)
၆။ Economic activity status - အလုပ်ရှိမရှိ။
Housing
၁။ Housing size - အိမ်မှာ ဘယ်နယောက်နေထိုင်လဲ။ (၁ဦးတည်းလား မိသားစုတွေပြုံပြီးလား)
၂။ Household deprivation - အိမ်ကသူတွေရဲ့ ကျဆင်းမှု (ဝင်ငွေ၊ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ မှုခင်း၊...)
၃။ Tenure of household - အိမ်ပိုင်ဆိုင်မှုအခြေအနေ (အိမ်ပိုင်၊ အိမ်ငှား၊ ပေါင်းနေတာ၊...)
၄။ Number of bedroom - အိမ်ခန်းအရေအတွက်
၅။ Accomodation type - အိမ်အမျိုးအစား (တိုက်၊ ခြံ၊ ကား၊...)
Health
၁။ Health - ကျန်းမာရေးအခြေအနေ (အလွန်ကျန်းမာ၊ မကျန်းမာ၊..)
၂။ Disability - မသန်စွမ်းမှု (မသန်စွမ်းပါ၊ သန်စွမ်းသည်)
၃။ Unpaid care - ဝင်ငွေမရတဲ့ ကျန်းမာရေးဂရုစိုက်မှု (မိသားစုမှဂရုစိုက်သည်၊ nurseရှိသည်)
ဥပမာ - ဘာဖြစ်လို့ Oxford ကိုကျောင်းသားတွေအများကြီးလာကြတာလဲ။
ကျန်းမာရေးကောင်းတယ် လေထုဖြစ်စေ hygieneဖြစ်စေသိပ်ကောင်းတယ်။ ပညာတတ်ဦးရေက အင်္ဂလန်တစ်နိုင်ငံလုံးစာထက် ရာခိုင်နှုန်းပိုများတယ်။ တစ်ဦးချင်းနေလို့ရတဲ့အိမ်တွေတိုက်တွေရှိတယ်။ အလုပ်နဲ့အိမ်သွားလာရတာ သိပ်မဝေးဘူး။ ဝင်ငွေအဆင်ပြေတယ်။ သွားလာရတာအဆင်ပြေတယ်၊ ချို့ယွင်းနေတာမျိုးရယ်လို့မရှိဘူး။
ဥပမာ - ရန်ကုန်မှာ ဘာလို့ ကျောင်းမတက်ကြတော့တာလဲ။
လူမျိုးခြားတွေကို ချိုးနှိမ်လို့၊ ကျန်းမာရေးကောင်းဖို့လေထုqualityဖြစ်စေ စားစရာပဲဖြစ်စေမကောင်းလို့၊ လူမမာတွေကို ဂရုစိုက်စောင့်လျှောက်မှုနည်းလို့၊ အမြင့်ဆုံးပညာရေးအဆင့်အတန်းနိမ့်ပါးလို့ ပညာရေးအဆင့်မမီလို့၊ ဝင်ငွေနဲ့ထွက်ငွေမမျှလို့၊ အလုပ်မရှိလို့၊ ရှိတဲ့ဘွဲ့နဲ့အလုပ်မရနိုင်လို့၊ အဖက်ဖက်က နိမ့်ကျနေလို့။
နိုင်ငံခြားဘာလို့ထွက်သင့်လဲဆိုတာ အဖြေရသွားကြမှာပါ။
ပြည်ပဆိုတာ တည်နေရာလေးတစ်ခုသာကွာသွားတာမဟုတ်ပါဘူး။ အရာအားလုံးကွာခြားသွားတာပါ။ နိုင်ငံခြားက သိပ်ကောင်းနေလို့လားဆိုတော့ မကောင်းတာတွေလဲရှိတာပေါ့။ တစ်ချိန်ချိန်မှာတော့ ကိုယ့်တိုင်းပြည်ကို ဥပမာကောင်းတစ်ခုအနေနဲ့ ပေးချင်ပါသေးတယ်။ ကြိုးစားကြရမှာပေါ့ဗျာ။
Ps. ကျနော်ဘာလို့ဒီလောက် သတိထားမိနေလဲ Architecture သင်ရလို့ပါ။ တကယ်တော့ ဗိသုကာဆိုတာ ခမ်းနားလှတဲ့ အဆောက်အဦးတွေမှမဟုတ်ပါဘူး။ လူတွေရဲ့ လိုအပ်ချက်တွေကိုဝန်းရံပြီး ဖြေရှင်းပေးရတဲ့အလုပ်တစ်ခု။
ပိုမိုဖတ်ရှုချင်ပါက
Health and Safety - https://www.hse.gov.uk/
Noise Regulations - https://www.hse.gov.uk/noise/regulations.htm