'Pathway' ထောင်ချောက် - ရန်ကုန်မြို့ရှိ နိုင်ငံတကာပညာရေးလောကအား အတွင်းကျကျလေ့လာသုံးသပ်ခြင်း

"ကျောင်းဆိုတာ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ဖို့အတွက် သင်ကြားပေးတဲ့နယ်ပယ်တစ်ခု။ စာအုပ်တွေခဲတံတွေနဲ့ ယှဉ်ပြိုင်ရုံနေရာမဟုတ်။"
နိဒါန်း - ရောင်းချနေသော အိမ်မက်
နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ၊ နိုင်ငံတကာပညာရေးဆိုတဲ့အိပ်မက်က မျှော်လင့်ချက်တစ်ခုထက်ပိုနေပါပြီ။ လူငယ်တွေအများကြီးအတွက်တော့ ဒါက တစ်ခုတည်းသော ခိုင်မာတဲ့လွတ်မြောက်ရာလမ်းကြောင်းတစ်ခုလို ဖြစ်နေပါတယ်။ ဒီလိုအခြေအနေကပဲ ရန်ကုန်လိုမြို့ကြီးတွေမှာ "နိုင်ငံတကာကျောင်း" လို့နာမည်တပ်ထားတဲ့ private school တွေအတွက် ကြီးမားပြီး စည်းကမ်းမရှိတဲ့ ဈေးကွက်ကြီးတစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။
သူတို့က လှပတဲ့အိပ်မက်တစ်ခုကို ရောင်းချပါတယ်- "ကမ္ဘာကအသိအမှတ်ပြုတဲ့ ဒီပလိုမာတစ်ခုကို အချိန်တိုတို၊ စရိတ်နည်းနည်းနဲ့ ရရှိနိုင်မယ်" ဆိုပြီးတော့ပေါ့။ ဒါပေမယ့် သူတို့တကယ်ရောင်းချနေတာက ဘာလဲ။ ဒီစနစ်ကို ကိုယ်တိုင်ဖြတ်သန်းခဲ့သူတစ်ယောက်အနေနဲ့၊ ဒီ "Pathway ထောင်ချောက်" ရဲ့ နောက်ကွယ်က အမှန်တရားကို ဖွင့်ဟပြဖို့ ကျနော့်မှာတာဝန်ရှိတယ်လို့ ခံစားမိပါတယ်။ ဒါက ဝယ်လိုအားမြင့်မားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုနည်းပါးမှုအပေါ်မှာ တည်ဆောက်ထားတဲ့ စနစ်တစ်ခုရဲ့ Case Study ဖြစ်ပြီး၊ ဒီစနစ်ရဲ့ အဓိကဖောက်သည်တွေဖြစ်တဲ့ ကျောင်းသားတွေအပေါ်မှာ ဘယ်လိုအကျိုးဆက်တွေရှိခဲ့သလဲဆိုတာကို လေ့လာသုံးသပ်သွားမှာပါ။
အပိုင်း (၁) - အခြေခံအုတ်မြစ် - အလွတ်ကျက်စနစ်
ဒီ "Pathway" ကျောင်းတွေက ဘာကြောင့်ဒီလောက်ဆွဲဆောင်မှုရှိသလဲဆိုတာကို နားလည်ဖို့အတွက်၊ ကျောင်းသားတွေက ဘယ်လိုစနစ်တစ်ခုကနေ ထွက်ပြေးလာကြသလဲဆိုတာကို အရင်ဆုံးနားလည်ဖို့လိုပါတယ်။ မြန်မာ့ရိုးရာပညာရေးစနစ်က အဓိကမူတစ်ခုတည်းပေါ်မှာပဲ တည်ဆောက်ထားပါတယ်- "အလွတ်ကျက်မှတ်ခြင်း (Rote Memorization)" ပါပဲ။
ငယ်ငယ်ကတည်းက ကျနော်တို့ကို "သင်ယူခြင်း" ဆိုတာ စာအုပ်ထဲကစာတွေကို အလွတ်ရခြင်းဖြစ်ပြီး၊ "အောင်မြင်ခြင်း" ဆိုတာ အဲ့ဒီအချက်အလက်တွေကို စာမေးပွဲမှာ အတိအကျပြန်ချရေးနိုင်ခြင်းဖြစ်တယ်လို့ သင်ကြားခဲ့ကြတယ်။ အမှတ်အများဆုံးရတဲ့ကျောင်းသားက "အတော်ဆုံး" ကျောင်းသားပေါ့။ ဒီစနစ်မှာ ကိုယ်ပိုင်အတွေးအခေါ် (Critical Thinking)၊ ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) နဲ့ တီထွင်ဖန်တီးနိုင်စွမ်း (Creative Problem-Solving) တွေအတွက် နေရာမရှိပါဘူး။ ဒါက ငါးတစ်ကောင်ကို သစ်ပင်တက်ခိုင်းပြီး တိုင်းတာတဲ့စနစ်တစ်ခုပါ။
ဒီစနစ်က စာမေးပွဲအောင်ဖို့အတွက် ထူးချွန်တဲ့ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်ပေမယ့်၊ အနောက်တိုင်းတက္ကသိုလ်တွေရဲ့ ပညာရေးစနစ်အတွက်တော့ လုံးဝပြင်ဆင်မပေးနိုင်ပါဘူး။ အဲ့ဒီမှာက ကျောင်းသားတွေကို အလွတ်ကျက်ဖို့မဟုတ်ဘဲ၊ မေးခွန်းထုတ်ဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့နဲ့ ကိုယ်တိုင်ဖန်တီးဖို့အတွက် မျှော်လင့်ထားတာပါ။
မြန်မာဆယ်တန်း - ခက်ခဲသော်လည်း တန်ဖိုးမရှိသော စာမေးပွဲ
မြန်မာဆယ်တန်းသင်ရိုးက အလွန်ခက်ခဲကြမ်းတမ်းပြီး၊ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို အကြီးအကျယ်ဖိအားပေးတဲ့ စာမေးပွဲတစ်ခုဖြစ်ကြောင်း ကျနော်တို့အားလုံးသိပါတယ်။ အခု Grade 12 သင်ရိုးလဲထိုနည်းလည်းကောင်းပါပဲ။
ဒါပေမယ့် ဘာကြောင့် ဒီလောက်ခက်ခဲတဲ့စာမေးပွဲကို နိုင်ငံတကာတက္ကသိုလ်အများစုက တိုက်ရိုက်အသိအမှတ်မပြုတာလဲ။ ဘာကြောင့် ကျနော်တို့ကိုယ်တိုင်က ဒီစနစ်ကို အထင်သေးနေကြတာလဲ။ အကြောင်းရင်းတွေကတော့-
- အလွတ်ကျက်ခြင်းကိုသာ ဦးစားပေးခြင်း: ဆယ်တန်းစာမေးပွဲက သင့်ရဲ့ "နားလည်မှု" ကိုမစစ်ဆေးပါဘူး၊ သင့်ရဲ့ "မှတ်မိနိုင်စွမ်း" ကိုပဲစစ်ဆေးတာပါ။ ဒါကြောင့် ဂုဏ်ထူးတွေအများကြီးနဲ့အောင်မြင်ခဲ့တဲ့ကျောင်းသားတစ်ယောက်ကတောင်၊ လက်တွေ့ဘဝပြဿနာတစ်ခုကို ဝေဖန်ပိုင်းခြားစဉ်းစားဖို့အတွက် အခက်အခဲရှိနေနိုင်ပါတယ်။
- ခေတ်မမီတော့သော သင်ရိုးညွှန်းတမ်း: သင်ကြားရတဲ့အကြောင်းအရာတွေက ခေတ်နောက်ကျနေပြီး၊ ကမ္ဘာကြီးရဲ့ လက်ရှိလိုအပ်ချက်တွေနဲ့ အလှမ်းဝေးနေတတ်ပါတယ်။
- လက်တွေ့အသုံးချနိုင်စွမ်းမရှိခြင်း: ဒီစနစ်က သင့်ကို တက္ကသိုလ်ပညာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ independent research, academic writing, presentation skills နဲ့ teamwork skills တွေကို လုံးဝသင်ကြားပေးမှာမဟုတ်ပါဘူး။
ဒီအကြောင်းတွေကြောင့်ပဲ မြန်မာအထက်တန်းအောင်လက်မှတ်တစ်ခုက အိမ်နီးချင်းနိုင်ငံတွေတောင်အနိုင်နိုင် နိုင်ငံတကာမှာ တန်ဖိုးနည်းတဲ့အတွက် ကျောင်းသားတွေနဲ့မိဘတွေက IGCSE, OSSD လိုမျိုး "Pathway" တွေကို အားကိုးလာကြရတာပါ။ တန်းတူပေတံတိုင်းတာလို့ရတဲ့ သင်ရိုးမဟုတ်တဲ့အတွက် မထည့်သွင်း မစဥ်းစားတော့ပါဘူး။
အပိုင်း (၂) - "Pathway" ကျောင်းတစ်ကျောင်း၏ ခန္ဓာဗေဒ
ဒီလိုပတ်ဝန်းကျင်ထဲကိုပဲ "International Pathway" ကျောင်းတွေက ဝင်ရောက်လာကြတာပါ။ သူတို့က ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ကတိတစ်ခုကို ပေးပါတယ်- "ခင်ဗျားတို့ နိုင်ငံခြားမှာကျောင်းတက်ဖို့လိုအပ်တဲ့ နိုင်ငံတကာ qualification ကို တစ်နှစ်တည်းနဲ့ ရအောင်လုပ်ပေးမယ်။"
စီးပွားရေးပုံစံ - အမြတ်အများဆုံး၊ ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး
သူတို့ရဲ့ core business model က ကြောက်စရာကောင်းလောက်အောင် ထိရောက်ပါတယ်။ မိဘတွေက စိုးရိမ်တကြီးဖြစ်နေပြီး၊ အစိုးရရဲ့အရည်အသွေးထိန်းချုပ်မှုက အားနည်းနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ၊ ရည်မှန်းချက်က ရင်းနှီးမြှုပ်နှံမှုကို အနည်းဆုံးဖြစ်အောင်လုပ်ပြီး အမြတ်အများဆုံးရဖို့ပါပဲ။ ဒီကျောင်းတွေအပေါ် ကြပ်မတ်ပေးရမယ့် ပညာရေးဝန်ကြီးဌာနကရော ဘာလုပ်နေလဲ။ Quality Control ရှိရဲ့လား။ ဘယ်ရှိပါ့မလဲ။ စစ်ကောင်စီလက်အောက်ခံ စစ်ကျွန်ပညာရေးကို စတင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဆီကနေ အရည်အသွေးထိန်းချုပ်မှုကို မျှော်လင့်လို့မှမရတာ။
- Facilities: စာကြည့်တိုက်၊ အားကစားကွင်း၊ ကျောင်းသားနားနေခန်းတွေပါတဲ့ ကျောင်းဝင်းအကြီးကြီးတစ်ခုမှာ ရင်းနှီးမြှုပ်နှံနေမယ့်အစား၊ ရုံးခန်းအဖြစ်ပြောင်းလဲထားတဲ့ တိုက်ခန်းတစ်ခန်းထဲမှာ ကျောင်းသားတွေကို စုပြုံထည့်လိုက်တာက ပိုပြီးအမြတ်ရှိပါတယ်။
- အချိန်ဇယား: ကျောင်းသားတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်းနဲ့ စိတ်ကျန်းမာရေးကို ထည့်သွင်းစဉ်းစားထားတဲ့ မျှတတဲ့အချိန်ဇယားတစ်ခုဆွဲမယ့်အစား၊ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဆက်တိုက်သင်ကြားခြင်းအားဖြင့် ဆရာနဲ့ စာသင်ခန်းကို အပြည့်အဝအသုံးချတာက ပိုအမြတ်ရှိပါတယ်။
- ပစ်မှတ်ဖောက်သည်: အဓိကဖောက်သည်က ကျောင်းသားတွေမဟုတ်ပါဘူး၊ မိဘတွေပါ။ မိဘတွေက သူတို့ရဲ့ကလေး အမှတ်ကောင်းကောင်းရပြီး ဒီပလိုမာတစ်ခုရမယ်ဆိုတာကို မြင်နေရသရွေ့ ကျေနပ်နေမှာပါပဲ။ တကယ့်ပညာရေးအရည်အသွေးကိုတော့ မေးခွန်းထုတ်လေ့မရှိပါဘူး။
ဆရာများ - အရည်အချင်းမပြည့်မီသော ဘာသာစုံသင်များ
စရိတ်လျှော့ချဖို့အတွက် ဒီကျောင်းအများစုက နိုင်ငံတကာသင်ရိုးကို သင်ကြားဖို့ အရည်အချင်းမပြည့်မီတဲ့ ဆရာတွေကို ခန့်အပ်လေ့ရှိပါတယ်။ ဆရာတစ်ယောက်တည်းက မသက်ဆိုင်တဲ့ ဘာသာရပ်အများကြီးကို တာဝန်ယူသင်ကြားရတာက အဖြစ်များပါတယ်။ သင်္ချာသင်တဲ့ဆရာကပဲ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒကိုပါ သင်ကြားနေတာမျိုးပေါ့။
ဒါက ဆရာတွေရဲ့အမှားတော့မဟုတ်ပါဘူး။ သူတို့ထဲကအများစုက မြန်မာ့ပညာရေးစနစ်ကလာတဲ့ ကြိုးစားတဲ့ပညာပေးတွေပါ။ ဒါပေမယ့် မြန်မာဆယ်တန်းသင်ရိုးမှာ ကျွမ်းကျင်တဲ့ဆရာတစ်ယောက်က တစ်ညတည်းနဲ့ A-Level ဒါမှမဟုတ် OSSD သင်ရိုးမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ သင်ကြားရေးနည်းစနစ်တွေ၊ အဓိက concept တွေနဲ့ အမှတ်ပေးပုံစံတွေက လုံးဝကို ကွဲပြားခြားနားပါတယ်။
သင်ရိုး - သုံးနှစ်စာမာရသွန်ကို တစ်နှစ်တည်းနဲ့ အပြီးသတ်ခြင်း
ဒါက အကြီးမားဆုံးသော လှည့်ဖြားမှုဖြစ်နိုင်ပါတယ်။ ဒီကျောင်းတွေက IGCSE ဒါမှမဟုတ် A-Levels လိုမျိုး နှစ်နှစ်၊ သုံးနှစ်ကြာသင်ကြားရမယ့် သင်ရိုးတစ်ခုကို ပညာသင်နှစ်တစ်နှစ်တည်းမှာ အပြီးသတ်အောင် ထိုးသိပ်သင်ကြားလေ့ရှိပါတယ်။
ရလဒ်ကတော့ ရှင်းပါတယ်။ နက်နက်နဲနဲနားလည်ဖို့အတွက် အချိန်လုံးဝမရှိပါဘူး။ ဒီသင်ရိုးကိုပြီးမြောက်အောင်လုပ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ ကျောင်းသားတွေရော ဆရာတွေပါ သိတဲ့ တစ်ခုတည်းသောနည်းလမ်းကိုပဲ ပြန်သုံးရတာပါပဲ- အလွတ်ကျက်မှတ်ခြင်း။ သင်ကြားရေးပုံစံက နိုင်ငံတကာစာအုပ်တစ်အုပ်ကိုင်ထားတဲ့ မြန်မာ့ရိုးရာစနစ်ဟောင်းကိုပဲ ပြန်ရောက်သွားပါတယ်။ ကျနော့်ရဲ့အကြိုက်ဆုံး ဥပမာတစ်ခုကတော့ - အတန်းထဲမှာ "1+2=3" လို့သင်ပြီး၊ စာမေးပွဲမှာတော့ "ထမင်းဘယ်လိုချက်ရလဲ" ဆိုပြီး မေးလိုက်သလိုပါပဲ။ မေးခွန်းတွေက ပိုခက်သွားတာမဟုတ်ဘူး၊ သင်သင်ယူခဲ့ရတဲ့ တွေးခေါ်ပုံနဲ့ လုံးဝမသက်ဆိုင်တော့တာပါ။
အပိုင်း (၃) - အကျိုးဆက်များ - ကျောင်းသားတစ်ယောက်၏ ခရီးစဉ်
"မောင်မောင်" ဆိုတဲ့ ကျောင်းသားတစ်ယောက်ကို မြင်ယောင်ကြည့်ရအောင်။ သူ့မိသားစုက သူတို့ရဲ့စုဆောင်းငွေအားလုံးကို ဒီလို pathway ကျောင်းတစ်ကျောင်းမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ သူက အပြင်းအထန်ကြိုးစားတယ်၊ အမှတ်ကောင်းကောင်းရတယ်၊ ပြီးတော့ နိုင်ငံတကာဒီပလိုမာတစ်ခုကို ရရှိခဲ့တယ်။ သူ "အောင်မြင်" သွားပြီပေါ့။
ပြီးတော့ သူ UK တက္ကသိုလ်တစ်ခုကိုကံကောင်းထောက်မစွာ တက်ခွင့်ရခဲ့တယ်။ ရောက်လာတဲ့အခါမှာတော့ သူ့ကမ္ဘာကြီးက ပြိုလဲကျသွားပါတော့တယ်။
- စာသင်ခန်းထဲက Culture Shock: ဆရာက စာချမယ့်အစား "မင်းဘယ်လိုထင်လဲ" လို့မေးတဲ့ tutorial တစ်ခုထဲကို သူရောက်သွားတယ်။ သူစကားပြောဖို့ ကြောက်နေတယ်။ ဘာလို့လဲဆိုတော့ သူကြီးပြင်းလာခဲ့တဲ့စနစ်မှာ ဆရာကိုမေးခွန်းပြန်ထုတ်တာက ရိုင်းရာကျလို့ပါ။
- ပူးပေါင်းဆောင်ရွက်မှု ပြဿနာ: Group project တွေမှာ သူက idea တွေမျှဝေဖို့၊ ဝေဖန်မှုကိုလက်ခံဖို့ မလုပ်တတ်ဘူး။ သူက သူ့အတန်းဖော်တွေကို ပြိုင်ဘက်တွေလို့ပဲမြင်တယ်၊ လုပ်ဖော်ကိုင်ဖက်တွေလို့မမြင်ဘူး။
- Critical Thinking ကွာဟချက်: ကိုယ်ပိုင်အငြင်းအခုံတစ်ခုတည်ဆောက်ပြီး သုံးသပ်ရေးသားရမယ့် essay တစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါ သူလမ်းပျောက်သွားတယ်။ သူက အချက်အလက်တွေကို ပြန်ချရေးတတ်ရုံပဲတတ်တယ်၊ အသစ်ဖန်တီးဖို့မတတ်ဘူး။
ဒါက "Pathway ထောင်ချောက်" ရဲ့ တကယ့်ပေးဆပ်ရတဲ့တန်ဖိုးပါပဲ။ ကျောင်းသားတွေက သူတို့အဆင်သင့်ဖြစ်ပြီလို့ပြောတဲ့ လက်မှတ်တစ်စောင်နဲ့ UK ကိုရောက်လာကြပေမယ့်၊ လက်တွေ့မှာတော့ အနောက်တိုင်းပညာရေးစနစ်နဲ့ ရင်ဆိုင်ဖို့ လုံးဝပြင်ဆင်မထားတဲ့ ပညာရေးအခြေခံတစ်ခုနဲ့ ရောက်လာကြတာပါ။
ရေရှည်မှာ ကိုယ့်ရွေးချယ်ခဲ့တဲ့လမ်းမှန်ရဲ့လား မှားသွားပြီလားဆိုတဲ့ ဒွိဟတွေ ကိုယ့်Careerပေါ်မကျေနပ်ချက်တွေ အချိန်ဖြုန်းခဲ့လေခြင်းဆိုတဲ့နောင်တတွေ ကိုယ့်ပညာရေးသူများနိုင်ငံပညာရေးဆိုတဲ့ကွာဟမှုတွေ ဒါတွေအားလုံးက မမြင်နိုင်တဲ့အကျိုးဆက်တွေ။ ဒါတွေအားလုံးရဲ့ အစက အခြေခံညံ့ဖျင်းခဲ့လို့၊ ကျောင်းရွေးမှားခဲ့လို့၊ ဒါဆိုရင်ကော သင့်ကလေး သို့မဟုတ် သင်ကိုယ်တိုင်အတွက် ပျက်စီးနေတဲ့အခြေအနေတွေနဲ့ 'ပုံမှန်ပါပဲ ရွေးစရာမှမရှိတာ' လို့ ရောင့်ရဲနေနိုင်ပါဦးမလား။
အပိုင်း (၄) - မေးမြန်းသင့်သော ခက်ခဲသည့်မေးခွန်းများ
ဒီလိုအခြေအနေတွေကို "Normal" လို့ပဲ သတ်မှတ်ပြီး လက်ခံလိုက်ရမှာလား။ ကိုယ်ယူနေတဲ့ risk နဲ့ ရလာမယ့် reward က တကယ်ပဲတန်ရဲ့လား။ ကျောင်းတစ်ခုကို မရွေးချယ်ခင်မှာ ကျောင်းသားတိုင်း၊ မိဘတိုင်းက ဒီခက်ခဲတဲ့မေးခွန်းတွေကို မေးမြန်းသင့်ပါတယ်။
- ဆရာတွေရဲ့ အရည်အချင်း: "သင်ကြားမယ့်ဆရာတွေက ဘယ်ဘာသာရပ်နဲ့ဘွဲ့ရထားတာလဲ။ ဒီနိုင်ငံတကာသင်ရိုးကို သင်ကြားဖူးတဲ့ အတွေ့အကြုံ ဘယ်လောက်ရှိပါသလဲ။"
- သင်ရိုးအသေးစိတ်: "တစ်နှစ်စာလုံးအတွက် အသေးစိတ်သင်ရိုး (Detailed Curriculum) ကို ကြိုတင်တောင်းကြည့်လို့ရမလား။"
- အောင်မြင်မှုနှုန်း: "ဒီကျောင်းကဘွဲ့ရသွားတဲ့ကျောင်းသားတွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းက သူတို့ရဲ့ ပထမဦးစားပေးတက္ကသိုလ် (First Choice University) နဲ့ Major ကို ရရှိခဲ့ပါသလဲ။" ဘယ်နိုင်ငံက ဘယ်ကျောင်းတွေ ဘယ်မေဂျာတွေ ရွေးချယ်ခွင့်ရှိသလဲ များရဲ့လား၊ တကယ်ကော ရောက်သွားကြရဲ့လား၊ ကိုယ်သွားချင်တဲ့Career pathwayအတိုင်းရော သွားခွင့်ရခဲ့ရဲ့လား။ ကျေနပ်ကြရဲ့လား။
- လက်ရှိကျောင်းသားများနှင့် စကားပြောဆိုခွင့်: "ကျောင်းဝန်ထမ်းမပါဘဲ လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားတွေ၊ ဒါမှမဟုတ် ဘွဲ့ရပြီးသားကျောင်းသားဟောင်းတွေနဲ့ စကားပြောခွင့်ရှိပါသလား။"
- Accreditation: "ခင်ဗျားတို့ရဲ့ partner ကျောင်းရဲ့ Accreditation က တရားဝင်ဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနက ထောက်ခံချက်ကို ပြသနိုင်ပါသလား။"
ဒီနေရာမှာ သတိပြုရမယ့်အချက်တစ်ခုရှိပါတယ်။ ဒီလိုကျောင်းမျိုးမှာ တက်နေဆဲ ဒါမှမဟုတ် တက်ဖူးသွားတဲ့ မိဘတွေ၊ သားသမီးတွေကတော့ ဂုဏ်သိက္ခာအရရော၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ်လိုတဲ့စိတ်နဲ့ပါ ကိုယ့်ကျောင်းမကောင်းကြောင်းကို ထုတ်ပြောချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင်ရလာမယ့်အဖြေတွေက ကွဲပြားနေနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်စိတ်ထဲမှာ သံသယတစ်ခုခုရှိနေရင် အဲ့ဒီကျောင်းကိုမရွေးချယ်ဖို့ပါပဲ။
ဝေဖန်မှုများကို နှုတ်ပိတ်ခြင်း
ကနဦးစမေးမေးချင်းမှာတော့ ချောမွတ်နေပါလိမ့်မယ်။ အကယ်၍ ကျောင်းFacility နဲ့ပတ်သက်လို့ Staffတွေ ဆရာဆရာမတွေအားနည်းလို့ မဖြေရှင်းပေးနိုင်လို့ ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင်တော့ ဘယ်အဖွဲ့အစည်းအစိုးရကမှ တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှုမှမရှိတာ။
ကျနော်တို့နိုင်ငံမှာ ဝေဖန်မှုတစ်ခုကို ကြားရတဲ့အခါ၊ အဖွဲ့အစည်းအများစုက ကိုယ့်ကိုယ်ကိုပြင်ဆင်ဖို့ထက်၊ အဲ့ဒီဝေဖန်သံကို နှုတ်ပိတ်ဖို့ပဲ ကြိုးစားတတ်ကြတယ်။ သူတို့က negative review တွေကို လိုက်လံဖျက်ဆီးတယ်၊ ကျောင်းသားတွေကို ခြိမ်းခြောက်တယ်၊ မတင်ရဲအောင်လုပ်တယ်။
လွတ်လပ်စွာပြောဆိုခွင့်မရှိ၊ ဥပဒေက ပြည်သူ့ဘက်မှာမရပ်တည်ပေးတဲ့ နိုင်ငံတစ်နိုင်ငံမှာ၊ သင့်ရဲ့အသံက သင့်ရဲ့တစ်ခုတည်းသောလက်နက်ပါပဲ။ ဒါကြောင့် ကျောင်းအပ်ပြီးမှ နောင်တရတာထက်၊ မအပ်ခင်ကတည်းက ဒီခက်ခဲတဲ့မေးခွန်းတွေကို မေးမြန်းဖို့က အရေးအကြီးဆုံးပါပဲ။
အပိုင်း (၅) - တကယ့်ပညာရေး - သင်ယူခြင်းအတွက် Framework အသစ်
ပြဿနာက ကျောင်းသားမဟုတ်ပါဘူး။ ပြဿနာက စနစ်ပါ။ နိုင်ငံတကာပညာရေးအတွက် တကယ်ပြင်ဆင်နိုင်ဖို့ဆိုရင် စာမေးပွဲအောင်ရုံသက်သက်ကနေကျော်လွန်ပြီး သင်ယူခြင်းနည်းလမ်းအသစ်တစ်ခုကို လက်ခံကျင့်သုံးဖို့လိုပါတယ်။ ကျနော်ကတော့ ဒါကို "5 Es" လို့ခေါ်ပါတယ်။
- Engage (ထိတွေ့ဆက်ဆံခြင်း): အကြောင်းအရာအသစ်တစ်ခုနဲ့ ပထမဆုံးထိတွေ့ခြင်း။
- Explore (စူးစမ်းလေ့လာခြင်း): အရာတွေဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်အောင်လုပ်ခြင်း။
- Explain (ရှင်းပြခြင်း): ကိုယ်သင်ယူခဲ့တာတွေကို ပြန်လည်ရှင်းပြနိုင်စွမ်းရှိခြင်း။
- Elaborate (ချဲ့ထွင်သုံးသပ်ခြင်း): ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း၊ အသိပညာကို အခြေအနေအသစ်တွေမှာ အသုံးချနိုင်ခြင်း။
- Evaluate (အကဲဖြတ်ခြင်း): နားလည်မှုနဲ့ အသုံးချနိုင်စွမ်းတို့ ပေါင်းစည်းသွားတဲ့ နောက်ဆုံးအဆင့်။ ဒါက တကယ့်ကျွမ်းကျင်မှုဖြစ်ပါတယ်။
ဒီ framework က စာမေးပွဲအတွက် အချက်အလက်တွေအလွတ်ကျက်ဖို့မဟုတ်ပါဘူး။ ဘယ်နယ်ပယ်မှာမဆို အသုံးချနိုင်မယ့် နက်ရှိုင်းပြီး ရေရှည်တည်တံ့တဲ့ နားလည်မှုကို တည်ဆောက်ဖို့ဖြစ်ပါတယ်။
နိဂုံးချုပ် - မိဘများအတွက် သတိပေးချက်နှင့် ပြောင်းလဲရန် တောင်းဆိုချက်
ဒီ pathway ကျောင်းတွေကို စဉ်းစားနေတဲ့ မိဘတွေနဲ့ ကျောင်းသားတွေကို ကျနော်တိုက်တွန်းချင်တာကတော့၊ အမြန်ဆုံးနဲ့ အလွယ်ဆုံးလမ်းရဲ့ ကတိစကားတွေနောက်ကို မလိုက်မိဖို့ပါပဲ။ အမြန်ဆုံးလမ်းက အများအားဖြင့် အမှားအယွင်းအများဆုံးလမ်းဖြစ်တတ်ပါတယ်။ သင့်ကလေးရဲ့ပညာရေးက သင်ပြုလုပ်ဖူးသမျှထဲမှာ အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။
ခက်ခဲတဲ့မေးခွန်းတွေကိုမေးပါ။ အရည်အသွေးကိုတောင်းဆိုပါ။ သင့်ကလေးကို ဘာတွေအလွတ်ကျက်ရမလဲဆိုတာထက်၊ ဘယ်လိုစဉ်းစားတွေးခေါ်ရမလဲဆိုတာကို သင်ပေးမယ့်နေရာတစ်ခုကို ရွေးချယ်ပါ။
ဒီကျောင်းတွေရှိနေတာက ပိုကြီးမားတဲ့ပြဿနာတစ်ခုရဲ့ ရောဂါလက္ခဏာတစ်ခုသာဖြစ်ပါတယ် - ပျက်စီးနေတဲ့ပညာရေးစနစ်နဲ့ အကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံပေါ့။ ဒါပေမယ့် ဒါကို ကျနော်တို့ရဲ့လက်တွေ့ဘဝအဖြစ် လက်ခံထားစရာမလိုပါဘူး။ ကိုယ့်အတွက်ရော၊ ကိုယ့်ကလေးတွေအတွက်ပါ ပိုကောင်းတဲ့အရာတွေကို တောင်းဆိုခြင်းအားဖြင့်၊ ကျနော်တို့က အစစ်အမှန်သင်ယူခြင်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ကမ္ဘာကြီးမှာ ထူးချွန်စွာရပ်တည်နိုင်ဖို့လိုအပ်တဲ့ skill တွေအပေါ်မှာ အခြေခံတဲ့ အုတ်မြစ်အသစ်တစ်ခုကို စတင်တည်ဆောက်နိုင်မှာပါ။