ကြိုတင်ပြင်ဆင်ထားစေချင်တယ်။

စဥ်းစားဘဲမစဥ်းစားတတ်တာလား ဘာလဲတော့ကျနော်မသိဘူး။ မိတ်ဆွေတို့ကို ပြောချင်တာက ဘာလုပ်လုပ် လိုအပ်သလောက်တော့ ရေတိုရေရှည်တွေးကြပါ။ မနက်ဖန် ဘာဆက်လုပ်မလဲကနေစလို့ နောက် ၃/၄နှစ် ၁၀ နှစ် ကျောင်းပြီးရင် အလုပ်ပြီးရင် ဒီလိုတွေစဥ်းစားကြပါ။
ဟုတ်တယ် မနက်ဖန်သဘက်ခါလိုအခြေအနေမျိုးက ကြိုတွေးထားလို့ရတဲ့အခြေအနေမဟုတ်ဘူး။ ငွေဆိုတာကလဲ မှန်းဆလို့ရတဲ့အခြေအနေမဟုတ်တာသိတယ်။ ဘာမှမရေရာဘူးဆိုတာနားလည်တယ်။ ပိုက်ဆံတွေ တန်ဖိုးမဲ့မဲ့လာတာ သိတယ်။ ဒီလိုသူတွေကို ကျနော်မပြောဘူး။
ကျနော်ပြောချင်တာက ခေတ်ကြီးကမဆိုးသေးပါဘူး ငါ့သားငါနိုင်ငံခြားမလွှတ်သေးဘူး စိတ်မချလို့ဆိုတဲ့ ထွက်လို့ရရဲ့သားနဲ့ မထွက်တဲ့သူတွေရယ် မြန်မာနိုင်ငံက ဘာဖြစ်နေသေးလို့လဲ ဆန္ဒပြနေတာမှမဟုတ်တာ ငါ့ကိုဘာမှဘယ်သူမှလာမလုပ်ကြပါဘူး မီးလေးပျက်ရုံလေး လိုင်းမရရုံလေးပါ ဆိုတဲ့သူတွေ။
ကြိုတွေးကြပါ။
ဘာခြေလှမ်းပဲလုပ်လုပ် ကြိုတွေးနိုင်သလောက်တော့တွေးရမယ်ဗျ။ ပိုလဲမတွေးနဲ့ လျှော့လဲမတွေးနဲ့။
ရှေ့ခြေတစ်လှမ်းကိုပဲကြည့်တယ်။ ကျန်တာဘာမှဆက်မကြည့်ဘူး။ နောက်သူ့ဟာသူဘာဖြစ်ဖြစ်ဆိုတာမျိုး။ ဒါလဲမရဘူး။
ဟိုးခြေလှမ်းပေါင်းများစွာ နှစ်ပေါင်းများစွာ အနာဂတ်ကိုကြိုကြည့်ပြီး စိုးရိမ်နေတယ်။ လက်ရှိမှာဘာမှမလုပ်ဘူး။ ငုတ်တုတ်နေနေရင်လဲအဆင်မပြေဘူး။
ဒီလိုပါ။ တချို့တွေရှိကြလိမ့်မယ်။ ငွေရှိတယ်။ အရမ်းသာမများရင်နေမယ် ပေးဖို့လောက်ထိရှိတယ်။ ရင်းနီးဖို့စည်းစိမ်ပစ္စည်းဥစ္စာရှိတယ်။ ကိုယ့်သားသမီးကိုယ် စိတ်မချလို့ စိုးရိမ်လို့ တစ်ယောက်တည်းအဆင်မပြေမှာစိုးလို့ နိုင်ငံခြားမလွှတ်ချင်လို့ဆိုပြီး အိမ်ထဲသိပ်ထားတယ်။
အခုလိုခေတ်အခုလိုအခြေအနေနဲ့ အမေ့ဆီမှာနေရင် အရာရာကာကွယ်ပေးမှာတို့ စိတ်မပူရအောင်ထားမှာတို့ ဘာညာပေါ့။ မိဘတွေရဲ့ချစ်တဲ့စိတ်ကို ကျနော်နားလည်တယ်။ ဒါပေမယ့် တစ်ဖက်ရန်သူက "ဒီသားအမိတွေ ချစ်ကြလို့"ဆိုပြီး လွှတ်ပေးမှာမှမဟုတ်တာ။ တစ်ခါတည်းကောက်ပါသွားရင် ကိုယ်လဲဘာတတ်နိုင်လို့လဲ။
ဒီစစ်မှုထမ်းဥပဒေတစ်ခုတည်းတင်မဟုတ်ဘူးနော်။ နိုင်ငံရဲ့ အခြေအနေအရပ်ရပ်က(အထူးသဖြင့် မလွတ်မြောက်သေးတဲ့နယ်မြေတွေ) တိုးတက်မှုကိုဆာလောင်နေတဲ့ လူငယ်လူရွယ်ပညာတတ်တွေ ရှင်သန်ဖို့ Thriveဖို့ အဆိုးဝါးဆုံးသောနေရာဖြစ်တယ်။
စဥ်းစားကြည့်ကြည့်လေ။ သူများနိုင်ငံကကလေးတွေက ကျောင်းသင်ရိုးမကောင်းတာတွေကို ထောက်ပြနေတဲ့အချိန် စာတွေ့လက်တွေ့ပညာရပ်တွေကို အသုံးချဖို့ အဖက်ဖက်ကနေကြိုးစားနေတဲ့အချိန် ကိုယ့်မှာ မီးပျက်တဲ့ကိစ္စနဲ့တင်ကို အရှေ့မရောက်နိုင်ဘူး။ လိုင်းမကောင်းတဲ့ကိစ္စ၊ လုံခြုံမှု၊ လူ့အခွင့်အရေး၊ ကုန်စျေးနှုန်း၊ အလုပ်cultureဒါတွေကျနော်မပြောသေးဘူး။
သင်ရိုးသေချာရွေးချယ်ပါ
ကျောင်းသင်ရိုးတစ်ခုဆိုတာက ကျောင်းသားတစ်ဦးအနေနဲ့ နှစ်ချီအချိန်ပေးလေ့လာရတဲ့ကိစ္စ။ မြန်မာသင်ရိုးကနေ အင်္ဂလိပ်သင်ရိုးပြောင်းတယ်။ ဘာသာစကားတစ်ခုတည်းတင်ပြောင်းလဲသွားတာမဟုတ်ဘူး။ စာကိုလေ့လာပုံတွေ ချဥ်းကပ်ပုံနည်းစနစ် စာမေးပွဲစစ်ဆေးမေးမြန်းခြင်းအခြေအနေ အကုန်ကွာတယ်။
ဒါကို ရေရှည်မစဥ်းစားဘူး။ သူများကလေးတွေ နိုင်ငံခြားသင်ရိုးပြောင်းသင်နေကြလို့ လိုက်ပြောင်းတယ်။ သူများဆုံးဖြတ်တဲ့အတိုင်း ဆုံးဖြတ်တယ်။ ကျောင်းပြီးတော့မှ ဘယ်ကျောင်းမှဆက်တက်လို့မရဘူး အလုပ်မရဘူး ဘာမှဖြစ်ထွန်းမလာဘူးဆိုတဲ့သူတွေ။
ဥပမာ ပြောပြမယ်။
ကိုယ်က ကျောင်းဆက်တက်နေရင်ပြီးရော အချိန်လဲမြန်တယ် နိုင်ငံခြားကUniversityမှာလဲ Final Yearဆက်တက်လို့ရတယ်/ စျေးသက်သက်သာသာနဲ့ ဘွဲ့ရတယ်ဆိုပြီး Higher National Diploma(HND)လိုမျိုးကို Private Uniတစ်ခုခုမှာ သွားတက်တယ်။ ပြည်တွင်း ၂နှစ် ပြည်ပ တစ်နှစ်တက် ဘွဲ့တွေ။ ဟော ၂နှစ်အပြီး နောက်ဆုံးနှစ်ကိုဘာဆက်လုပ်ရမလဲ။
Option 1: ပြည်ပမှာဆက်တက်မယ်။ Universityလဲများများစားစားရွေးမရဘူး။ သောင်းပေါင်းများစွာသော ကမ္ဘာပေါ်က တက္ကသိုလ်တွေထဲက လက်ချိုးရေလို့ရတဲ့ပမာဏပဲရွေးလို့ရတယ်။ ရတဲ့Uniတွေကလဲ မကောင်းဘူး။ လိုချင်တဲ့မေဂျာ(Major)မရှိဘူး။ စျေးကြီးတယ်မတန်ဘူး။
Option 2: ပြည်ပမထွက်ဘူးဆိုရင်အဲ့Private Uniမှာတင် ၃နှစ်လုံးလုံးတက်လို့ရတယ် ဘွဲ့ရမယ်။ ပြီးကျမှ ပြည်တွင်းမှာ အလုပ်ဆက်လုပ်ချင်လုပ် Masterဘာညာဆက်တက်ရင်တက်။ ဒီနည်းလမ်းကြိုက်ရင်တော့ ဘာမှမပြောလိုဘူး။ ကျေနပ်ရင်တော့လဲလုပ်ကြပေါ့။
ပြည်တွင်းဖြစ် နိုင်ငံခြားdiplomaတွေကောင်းမကောင်းမပြောလိုဘူး။ (သိချင်ရင် 30 July 2024ကတင်ထားတဲ့ HND, OTHM နဲ့ ပြည်တွင်းက Private Universityတွေကပေးတဲ့ နိုင်ငံခြားဖြစ်UKဘွဲ့တွေအကြောင်း ဆိုတဲ့Postလေးရှာဖတ်ကြည့်ပါ)
အခုခေတ် အခုလိုအချိန်မှာ ပြည်ပသင်ရိုးသင်ကြတဲ့သူအများစုက နိုင်ငံခြားထွက်ဖို့ပဲလေ။ ဒီတော့ သူတို့ကိုပဲရည်ရွယ်ပြောချင်တယ်။
မဆုံးဖြတ်ခင်ကတည်းက သေချာရွေးချယ်ကြပါ။ သင်ရိုးတိုင်းက ကောင်းတာကော မကောင်းတာကောရှိတယ်။ သူများအတွက်ကောင်းရင်တောင် ကိုယ့်အတွက် ကောင်းချင်မှကောင်းမယ်။ အချိန်ပမာဏ၊ သွားလို့ရတဲ့နိုင်ငံ၊ ထိုနိုင်ငံတွေရဲ့ပျမ်းမျှကုန်ကျစရိတ်၊ ထွက်နိုင်မယ့်အချိန်၊...။
အလုပ်နဲ့ အခွင့်အရေး
အပြောနည်းကြတဲ့ကဏ္ဍလေး။
အချိန်ပိုင်းအလုပ်(Part time)ကရနိုင်တဲ့ငွေပမာဏက အင်မတန်မှနည်းပါးလွန်းလို့ ဘဝအပေါ်လဲ လွှမ်းမိုးမှုနည်းလို့ ကျနော်အထွေအထူးမပြောလိုဘူး။
ပြောချင်တာက တကယ့်Full time အလုပ်တို့ နိုင်ငံသားအခွင့်အရေးကိစ္စတွေ။
ကျောင်းတက်နေတုန်းဆိုရင်ကော တခြားနိုင်ငံတွေနဲ့ယှဥ်ရင် ဘယ်လောက်ထိ အချိန်ကြာသလဲ၊ ဒီကျောင်းက ဒီဘွဲ့နဲ့ တခြားကျောင်းတွေမှာဆက်တက်မယ်ဆိုရင်ကော လွယ်ကူနိုင်သလား။ ကျောင်းတက်နေစဥ်ကော ဘာလုပ်လို့ရနိုင်မလဲ။
ဘွဲ့ရရင် ကျောင်းပြီးရင် ဘာဆက်လုပ်ကြမလဲ။
- ကျောင်းပြီးပြီးချင်း အလုပ်ရသည်ဖြစ်စေမရသည်ဖြစ်စေ ဆက်လက်နေထိုင်ခွင့် ဘယ်နနှစ်ရသလဲ။
- အလုပ်နယ်ပယ်က တိုးဝင်ဖို့လွယ်သလား။
- ဒီဘွဲ့ ဒီကျောင်းကအတွေ့အကြုံတွေနဲ့ အလုပ်ကောကောင်းကောင်းရနိုင်သလား။ ဒါမှမဟုတ် ကျောင်းထပ်တက်ဖို့လိုအပ်သေးလား။
ရေရှည်နေထိုင်မယ်ဆိုရင်ကော
- ထိုနိုင်ငံမှာ နိုင်ငံသားခံယူမှာလား။ ဘယ်လောက်ကြာလဲ။ ဖြစ်နိုင်ရဲ့လား။ (နိုင်ငံသားကို လက်မထပ်ဘဲနဲ့နော်)
- ကားတစ်စီး အိမ်တစ်လုံး ဝယ်နိုင်ဖို့ ငွေကြေးလွတ်မြောက်ဖို့ ချမ်းသာနိုင်ဖို့ ဘယ်လောက်ကြာနိုင်သလဲ။
- အခွန်ဖြတ်ပြီး နေစရိတ်စားစရိတ်အပြီး ဝင်ငွေက ဘယ်လောက်ကျန်လဲ။ ကာမိလား။
- အခွန်နှုန်းထားများလားနည်းလား ရေရှည်အခြေချနေထိုင်ဖို့အဆင်ပြေရဲ့လား။
- ဆက်သာနေဖြစ်မယ်ဆိုရင် အသက်တဖြည်းဖြည်းကြီးလာရင်ကော Retirement planတွေတို့ဘာတို့ကကော ဘယ်လိုရှိကြလဲ။
ဒီမေးခွန်းတွေရဲ့အဖြေကတော့တစ်ဦးချင်းပေါ်မူတည်တယ်။ ဒီထက်ပိုနက်နဲတဲ့မေးခွန်းတွေရှိပါလိမ့်မယ်။ အဖြေကိုတော့ ကိုယ်သွားတဲ့လမ်းနဲ့ဆင်တဲ့ ပြည်ပမှာနေထိုင်တာ နှစ်အတော်အတန်ကြာပြီဖြစ်တဲ့သူတွေကိုသာ မေးစေချင်တယ်။ တစ်ဦးတည်းနဲ့မရဘူးနော်။
အကြောင်းအရာတစ်ခုချင်းစီက ပြောစရာတွေအင်မတန်များပြားပြီး မတူညီတာမို့လို့ အကျဥ်းလေးပဲ ပြောပြလိုက်ရပါတယ်။
ဒွိဟဖြစ်နေခဲ့ကြရင်
ကျောင်းသားတွေ ဒွိဟဖြစ်နေရင် အင်မတန်သနားဖို့ကောင်းတယ်။ အများစုမှာ ဝင်ငွေလဲမရှိ။ ရှိလဲ ဒီလောက်ထိ ပြည်ပကို ကျောင်းတက်နိုင်ဖို့ပမာဏက ဘယ်လိုမှမဖြစ်နိုင်။ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ မျှော်လင့်ချက်အိမ်မက်တွေ အများမှအများကြီးပဲ။ အခုလိုဘာမဟုတ်တဲ့ ကိစ္စတွေနဲ့တော့ အာရုံမနောက်စေချင်ဘူး။
ဆုံးဖြတ်သင့်သလောက်ဆုံးဖြတ်ခွင့်ပေး၊ သူတို့စိတ်တိုင်းကျလုပ်တဲ့အလုပ်ကိုပဲ လမ်းပြပေး။ အဆုံးသတ်မှာ သူတို့ဘဝသူတို့လျှောက်ရမှာပဲလေ လိုက်ပြီးအကုန်စီမံနေလဲဘာထူးမှာမို့။
မိဘတွေအနေနဲ့လဲ ကူညီတတ်သလောက်ကူညီဖြောင်းဖြစေချင်တယ်။ ငါ့ပိုက်ဆံငါကိုယ်တိုင်ရှာထားတာ ငါကြိုက်သလိုစီမံမယ်ဆိုပြီးလဲမလုပ်နဲ့။ ရန်မဖြစ်ကြနဲ့။ အဆင်ပြေသွားကြပါလိမ့်မယ်ဗျိုး။ အတူရှိနေစဥ်သေချာလေးဆုံးဖြတ်ကြပါ။