မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပျက်စီးလာပုံ
"နင်တစ်ယောက်တည်းမကြိုက်လို့ ဘာပြောင်းလဲသွားမှာမို့လို့လဲ"
"တန်ဖိုးမရှိဘူးဆိုပြီး အထပ်ထပ်ပြောနေတော့ စာလုပ်ချင်စိတ်ရှိတော့မှာမှမဟုတ်တာ"
"ဒီလောက်အချိန်တွေအကုန်ခံခဲ့ပြီးတော့မှ ကျောင်းဆက်မတက်တော့ဘူးတဲ့ ဟုတ်လား"
၈လေးလုံးနဲ့ပတ်သက်ပြီးတော့ ကျနော်တစ်ခုခုတော့ ရေးဖို့ စဥ်းစားခဲ့တယ်။ ပုံမှန်ဆိုရင် ကျနော်က အမှတ်တရဆိုပြီးတော့ ပြဇာတ်လိုမျိုးလေးတွေကို မိတ်ဆွေအချို့နဲ့စီစဥ်တယ်။ မျကနှာပြလို့မရတဲ့အခြေအနေဆိုတော့လဲ အသံဇာတ်လမ်းလေးပေါ့ဗျာ။ အသံဇာတ်လမ်းလေးထဲမှာ တော်လှန်ရေးနဲ့ပတ်သက်တာတွေ၊ ကျနော့်ကိုယ်ပိုင်အတွေ့အကြုံလေးတွေနဲ့ မိတ်ဆွေတွေရဲ့ ကူညီမှုတွေ ပါဝင်တာပေါ့ဗျာ။
....နှုတ်ခမ်းပါးလေးနဲ့ထိတွေ့ခဲ့သော ရေဗူးလေးအား လွယ်အိတ်ထဲအမှတ်တရသိမ်းထားဆဲ။ အိပ်ရာထနောက်ကျသောသူအား နှိုးဖို့ ကြိုးစားမိနေဆဲ၊ Starရေလို့ခေါ်တိုင်း ပြန်ထူးဖို့မျှော်လင့်နေဆဲ၊ ညဥ့်နက်တိုင်း တိုးတိုးလေးဖုန်းခေါ်ပြီး ရင်ဖွင့်တတ်သူအား စောင့်မျှော်နေဆဲ။ အမြန်ပြန်လာနော်ဆိုတဲ့အသံလေးကို ပြန်လည်ကြားယောင်နေဆဲ။ ကတိမတည်နိုင်ခဲ့လို့ နောင်တအတိ။ ဒီတစ်သက် သူ့ကိုယ်သူခွင့်လွှတ်နိုင်ဖွယ် လုံးဝမရှိ။
လုပ်ရတဲ့အဓိကအကြောင်းအရင်းကတော့ Fundraisingအတွက်၊ ကျနော်ကတော့ အဲ့တာဆိုတာထက် စမ်းသပ်ချင်စိတ်ပေါ့။ ဒီလိုနဲ့ ကျနော်လူတွေနဲ့အတူတူတွဲလုပ်ဖြစ်တယ်။ တချို့တွေ တကယ်ကိုယ်ကျိုးစွန့်လုပ်ကြတယ် တချို့ကြတော့လဲ ဂဏန်းလိုမျိုး ကန့်လန့်လိုက်နေတာမျိုးတွေလဲရှိတယ်။
ကျနော့်အတွက်တော့ ဘယ်သူနဲ့မဆိုအဆင်ပြေတယ်ဆိုပေမယ့် သိချင်စိတ်ကထိန်းသိမ်းမရတော့ ဆန်းစစ်ကြည့်မိတယ်။ ဘာကြောင့်လဲ ဒီလူတွေဘာလို့ သိပ်တစ်ကိုယ်ကောင်းဆန်ကြတာလဲ၊ ဘာလို့ recognizeအရမ်းခံချင်ကြတာလဲ၊ သူများအဆင်မပြေမှ ကိုယ်သာတယ်လို့ထင်ကြတာလဲ။
လူဆိုတာဘာလဲ
လူဆိုတာဗျာ ဟုတ်တယ် နဂိုကတည်းကိုက အသန်မာဆုံးသူသာ နောက်ဆုံးကျန်ရစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သတ္တဝါဖြစ်လာတယ်။ သို့ပေမယ့် တဖြည်းဖြည်းကြာလာတာနဲ့အမျှ ဒီပုံစံက သူ့အတွက် အသန်မာဆုံးပုံစံမဟုတ်ဘူးဆိုတာ သိတဲ့ Eraရောက်လာတယ်။ ဓါးချင်းယှဥ်တဲ့ခေတ်ထက် ပညာချင်းယှဥ်တဲ့ခေတ် ရောက်လာတယ်။ လက်သီးချင်းထိုးတဲ့ခေတ်ကနေ ခေါင်းချင်းယှဥ်တဲ့ခေတ်ရောက်လာတယ်။
ငွေရှိဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားလာကြတယ်။ ပိုင်ဆိုင်မှုတွေ တိုးပွားဖို့၊ ပျော်ရွှင်ဖို့၊ အနိုင်ယူရဖို့ ဒါတွေကို ပိုပြီးမက်မောလာကြတယ်။ ကုန်ကုန်ဗျာ ကိုယ်တစ်ဦးတည်း ၁၀ သိန်းရတာကို ကိုယ်ကော တခြားသူတစ်ဦးကော သိန်း ၂၀ ရတာထက် ပိုပြီးပျော်ကြတယ်။
ပညာရေးစနစ်ပုံစံကလဲ ထိုနည်းလည်းကောင်းဖြစ်လာတယ်။ ကျောင်းမှာ အတော်ဆုံးအတန်းနဲ့ အဆိုးဆုံးအတန်း (တစ်နည်းအားဖြင့်) စတော်ဘယ်ရီတန်းနဲ့ သံပရာသီးအတန်း (တစ်နည်းအားဖြင့်) A ခန်းနဲ့ F ခန်းဆိုတာ ဖြစ်လာတယ်။
ပညာရေးစနစ်
နိုင်ငံခြားပညာရေးသင်ရိုးစနစ်ကနေ မြန်မာသင်ရိုးကိုပြောင်းလိုက်တဲ့အခါ ပထမဦးဆုံးတွေ့ရတာက အမှတ်စာရင်းတွေ။ အမှတ်ကို အတိအကျမထုတ်ပြန်ရင်တောင် A ဖြင့် A, B ဖြင့် Bဆိုပြီး ဘာသာရပ်အလိုက် အမှတ်တွေကို တစ်ယောက်နဲ့တစ်ယောက်မြင်ရအောင်ထုတ်ပြန်တယ်။ ဒီလိုမျိုး ထုတ်ပြန်လာတာကနေ ကလေးတွေကစာရချင်လာတယ်ပေါ့ဗျာ။
အတော်ဆုံးသောကလေးတွေကို ဆရာမတွေက မြှောက်ပင့်ပြောဆိုပေးတယ်။
"အမလေး နွေဦးလေးက တော်လိုက်တာ၊ ဆရာမသမီးလေး"
ဒီလိုပဲ မကြိုးစားတဲ့ ကျောင်းသားတွေကိုတော့ ဆရာမတွေက စကားထဲထည့်ပြောဖို့နေနေ ဆရာမအချင်းချင်း ပြောစကားတွေထဲမှာသာ နစ်မွန်းနေခဲ့တယ်။
"ဟဲ့ ထူးထူး နင်ဘာလုပ်နေတာလဲ စာလဲစိတ်မဝင်စားဘူး"
ပညာရေးစနစ်ရဲ့ဆိုးရွားပုံဆိုတာ ကျနော်တို့အချင်းချင်းကြားထဲမှာ သိပ်ကိုပြောလေ့ရှိိတဲ့စကားတစ်ခု။ ဒီစကားအပြင် ဘာတွေပြောဖြစ်လဲဆိုတော့ မန်ယူပွဲအကြောင်းတွေ၊ အာဆင်နယ်ရဲ့ဆိုးရွားပုံတွေ၊ မန်ယူကို ဘယ်သူသာလာရင်တော့ ကောင်းမယ်တို့ရယ် ကောင်မလေးတွေအကြောင်းရယ်။
ဝါသနာဆိုတာဘာလဲ
ကျနော်တို့တွေမှာ ဝါသနာပါရာကိုရှာဖွေဖို့မပြောနဲ့ သူငယ်ချင်းအချင်းချင်းတောင် ဘာဝါသနာပါလဲဆိုတာ မသိဘူး။ သူငယ်ချင်းတွေနဲ့ အားကစားဆိုလို့ ပိုက်ဆံရှိတဲ့သူတွေသွားကြတဲ့ gymရှိမယ်။ ဒီလိုပဲ ကြက်တောင်ရိုက်တဲ့သူရိုက် ဘောလုံးကန်တဲ့သူကန် ဒီလောက်ပဲရှိတယ်။ ကျနော်တို့ဆိုတာ သာမန်လူတန်းစားထက်ပိုတဲ့သူလို့ဆိုလိုနိုင်တယ်။ ဒါတောင် သဲကွင်းမှာ ဘောလုံးကန်နေရတုန်း။
ကျောင်းကလဲ လုပ်ပေးရှာပါတယ်။ အားကစားတဲ့။ တစ်ခါလောက်ဘောလုံးကန်ဖို့ ရွံ့တွေအပြည့်နဲ့ ဘောလုံးကွင်းကိုခေါ်သွားပေးတယ်။ ကျောင်းချိန်အတွင်း တစ်ပတ်တစ်ခါထည့်ထားပေးတယ်။ အဲ့အချိန်တွေမှာ တစ်ဖက်က violin တစ်ဖက်က Karateတဲ့။ ပါတဲ့သူတွေမှအပ ကျောင်းသားတွေသူတို့ဟာသူတို့လဲ နေလို့မရ၊ စာသင်နေရတယ်။ မြက်တော့မနုတ်ခိုင်းဘူး နုတ်စရာလဲမရှိလို့။ အဲ့အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်လောက်က အင်္ဂလိပ်စာဆရာကဝင်သင်တယ် မဟုတ်ရင် Guide ဆရာမ။
ထိုနည်းလည်းကောင်း စာသင်တာကနေ ပညာလေးနည်းနည်းများရမလား မှတ်တယ်။
"ကဲလိုက်ဆို Biology is the study of living thing။.... ဒီအပိုဒ်ကိုကျက်၊ ပြီးရင် ဆရာ့ဆီလာဆို။"
Labဆိုတာကလဲ တော်ရုံသူဘယ်သူမှသုံးခွင့်မရှိတဲ့ မသုံးခဲ့ရတဲ့နေရာ၊ Libraryဆိုတာကလဲ ဘယ်ခေတ်တုန်းက စာအုပ်တွေမှန်းမသိတဲ့ စာတွေ။ ကွန်ပြူတာအခန်းတဲ့။ ပုံရိုက်ဖို့မှအပ ဘာမှမလုပ်ခိုင်းတဲ့နေရာ။ Private schoolလို့သာဆိုတယ် ဘာကောင်းလို့ နာမည်များပြောင်းထားလဲမသိ။
ကျနော် ဒီစကားတွေပြောခွင့်ရှိရဲ့လား ကျနော့်ကိုယ်ကျနော်ဆန်းစစ်မယ်။
ကျနော်အပါအဝင် ကျနော်နဲ့သိပ်ရင်းနီးရတဲ့သူငယ်ချင်းတွေထဲ အတော်များများ ၁၀ တန်းမဖြေခဲ့ကြဘူး။ ဆယ်တန်းဆိုတာက ကျနော်တို့ကြားထဲမှာ မပြောဖြစ်ကြတဲ့စကားတစ်ခု။
အတိတ်ကိုပြန်မြင်ယောင်မိရင်း အချိန်တွေအကုန်ခံခဲ့ရတာတွေ၊ မလုပ်ချင်တော့လို့ စိတ်ဓာတ်တွေအခါခါပြိုလဲခဲ့တာတွေ၊ စွန့်လွှတ်လိုက်ရတဲ့ ဝါသနာတွေ။ ဘာတဲ့ "ဆယ်တန်းပြီးရင် လုပ်ခွင့်ပေးမယ်" ဆိုတဲ့ ကတိတွေကိုလဲယုံကြည်ခဲ့မိတယ်လေ။
ကျနော်တို့သူငယ်ချင်းအုပ်စုက ဘယ်လိုမျိုးလဲဆိုတော့ အတန်းထဲက စာတော်တဲ့အုပ်စု။ ၉ တန်း နှစ်ဝက် (2019နှစ်ကုန်) လောက်ကတည်းက ဆယ်တန်းစာတွေစသင်နေပြီ။ Biologyဆိုရင် ဘာသာရပ်တစ်ခုလုံးရအောင်လေ့လာတယ်။ တချို့ဆို ၉ တန်းနှစ်ကုန်မှာတင် စာအုပ်ရဲ့main chapterတွေပြတ်နေပြီ။
ဆယ်တန်းတုန်းကကျနော့်schedule
မနက်ကနေညအထိ ကျူရှင်တွေအဆက်မပြတ်၊ ဝိုင်းဆိုလဲဝိုင်း သွားတက်ရတယ်၊ ဟောတစ်ခါ ကျူရှင်ဆရာတွေဆီ သွားတက်ရတဲ့အခါတက် အိမ်လာသင်ခိုင်းတဲ့အခါသင်။ တချို့နေ့တွေ မနက် ၆ နာရီကတည်းကနေစ ည ၁၂နာရီအထိ စာဆက်တိုက်လုပ်ခဲ့ရတယ်။
ဒီလိုပါ။
- မနက်ဖက်နိုးရင် ဒီနေ့လာမယ့်ဆရာမတွေအတွက် ထပ်ခိုင်းထားတဲ့စာတွေလုပ်မယ်၊ ကျက်ခိုင်းထားတာတွေ ထကျက်မယ်။
- Breakfastစားမယ်။ အစားအသောက်သန့်သန့်ရှင်းရှင်းရယ်တော့မဟုတ်ပေမယ့် ဖြစ်သလိုပေါ့။
- စာသင်ချိန်တွေကို ပြန်ကြည့်မယ် ပြီးရင် ရေးစရာတွေရေးထားမယ် စာကြိုဖတ်စရာတွေဖတ်ထားမယ် အိပ်စရာရှိတာအိပ်ထားမယ်။
- နေ့လည် ၂နာရီခွဲနေ့လည်စာစားမယ်။ ဒါက ကျနော့်ရဲ့ နောက်ဆုံးအနပ်လဲဖြစ်နိုင်တယ်။
- ည ၁၂ နာရီ ၁ နာရီလောက်အထိ စာတွေလုပ်မယ်။
လွယ်သလိုလိုထင်ရပါလိမ့်မယ်။ သို့ပေမယ့် ဆယ်တန်းစာသင်တာရဲ့ ပထမတစ်ဝက်ကို ၉ တန်းနဲ့တွဲလုပ်ခဲ့တယ်။ ဒုတိယတစ်ဝက်ကိုတော့ COVID-19ရဲ့ lock downအခြေအနေနဲ့ သိပ်ကို ကြောက်ရွံ့နေတဲ့ အိမ်နဲ့ downtownက တိုက်ခန်းလေးတစ်ခန်းမှာ နေခဲ့ရတယ်။
လုပ်ခွင့်မရှိခဲ့တာတွေကတော့
- ဖုန်း, Laptop, iPad ဘာတစ်ခုမှသုံးခွင့်မရှိသလို ပေးလဲမသုံးဘူး အကုန်passwordတွေခံထားကြတယ်။
- လုံးလုံးအပြင်ထွက်ခွင့်မရှိဘူး။ ပိုးကူးမှာစိုးလို့ကတစ်ကြောင်း ထွက်ခွင့်ကိုမပေးချင်တာကတစ်ကြောင်း။ လနဲ့ချီပြီးမှ တစ်ခါလောက်အပြင်ထွက်ခဲ့ရတယ်။
- Volunteerလုပ်ခွင့်မရှိ။ တစ်ခါတစ်လေ ကိုယ့်အရှေ့မှာ ကြိုးစားလုပ်ခဲ့တဲ့သူတွေ မြင်တော့ အခုချိန်ထိ ငါကူခဲ့ရင် ဘယ်လောက်ထိ အသက်တွေ ကယ်ခဲ့ပေးနိုင်မလဲလို့ ယူဆနေတုန်း နောင်တရနေတုန်း။
- ငွေကြေးလွတ်လပ်စွာသုံးစွဲခွင့်လဲမရှိခဲ့ဘူးလေ။ ကုန်ကုန်အစားအသောက်တောင်မှ ဘယ်နရက် အပြင်မှာထားရမယ်တို့ ဘာတို့။ လိုတာတွေကောမလိုတာတွေကောပေါ့ဗျာ။ ဆရာဝန်တွေလဲမဟုတ်ကြပါဘူး လိုင်းပေါ်တွေ့တာအဆင်ပြေသလို ကောက်လုပ်ပေါ့ဗျာ။
ကာကွယ်လားဆိုတော့ ဟဲဟဲ Wave ၄ခုမှာ ၄ခုလုံး ကျနော်ထိပ်ဆုံးက ကူးတာပါ။ Waveရယ်လို့မစခင်ကတည်းက ကူးတယ်၊ ကိုယ်ကူးပြီး ၃/၄ရက်လောက်ဆို Waveဆိုတဲ့သတင်းထွက်လာပြီ။ ကူးမကူးသိတာကတော့ Test kitလေးတွေနဲ့ စစ်ဆေးမှပါ။
စာသင်တဲ့အတွေ့အကြုံ
တချို့နေ့တွေ Biologyစာမေးပွဲရှိတယ်။ တချို့နေ့တွေ Physics။ မြန်မာစာကတော့ ကျနော့်အတွက်အခက်ခဲဆုံး။ သင်ကြားပေးမယ့် materialsတွေလဲမရှိသလို ဘယ်ကပဲသင်သင် စာကျက်ထားရတာတွေပဲဖြေပေးရမှာမို့လို့ စာစီစာကုံးဆိုတာ ကျနော့်အတွက် လုံးဝအစိမ်းပဲ။
သင်ရင်းနဲ့ အဆင်မပြေတော့လို့ဖြုတ်လိုက်ရတဲ့ ဆရာမတွေလဲရှိတယ်။ ဒီဆရာမက သင်လဲသင်တတ်တယ် တော်လဲတော်တယ် ကျနော်မေးသမျှဖြေရှင်းနိုင်သလို စာရအောင်ပါ လမ်းပြပေးနိုင်ရင် ကျနော့်အတွက် အဆင်ပြေပြီလေ။ ဖြစ်ချင်တော့ ဆရာမတွေကတော့ ပြောရှာပါတယ်။
ကျနော်က The whole burmaတောင်မှန်းလို့ရတဲ့ကလေး။ သူတို့ကိုယ်တိုင်လဲ ဒီလိုလေးတွေပဲ ရအောင်သင်လာတာဆိုတော့ ပြောတာပေါ့။ ကျနော်ကိုယ်တိုင်ကလဲ ဖြစ်ချင်တော့ ဘယ်ဆရာမတွေနဲ့ပဲအဆင်မပြေခဲ့မပြေခဲ့ ဒီလိိုဆရာမတွေနဲ့ကျတော့အဆင်ပြေတယ်ဗျာ။ အခုကျတော့ ပြန်မလှည့်ကြည့်ချင်တဲ့ အတိတ်တစ်ခုသက်သက်သာ။
စိတ်ဒဏ်ရာတစ်ခုဖြစ်လောက်တဲ့အထိ လှည့်မကြည့်ချင်လောက်အောင် ပင်ပန်းခဲ့ရတာတွေက နေ့စဥ်ရက်ဆက်ပဲလေ။ စဥ်းစားကြည့်လေဗျာ ကိုယ်နေ့စဥ်ရက်ဆက် တစ်နှစ်ခွဲလောက် ကြိုးစားခဲ့ရတဲ့အရာကို စွန့်လွှတ်ခဲ့ရတာ။ ဘာတစ်ခုမှ ကြွင်းကျန်ခြင်းမရှိ။
ဒီလောက်ဆိုကျနော်ဘာကြောင့်ခံစားရလဲ အဖြေရပြီထင်ပါရဲ့။
ခေတ်ပျက်ကြီးထဲက စနစ်ဟောင်းနောက်ဆုံးBatchရဲ့ ဆယ်တန်းဖြေချိန်
မိဘတွေထဲမှာ ကျနော့်လိုမျိုးအတင်းဖြေခိုင်းတဲ့သူတွေရှိတယ်။ လုံးဝမဖြေဖို့တားမြစ်တဲ့သူတွေရှိတယ်။ ဒီလိုပဲ ဖြေချင်ရင်ဖြေပါလေဆိုတဲ့သူတွေလဲ ရှိတယ်။
သူငယ်ချင်းတွေထဲမှာ ဆယ်တန်းဖြေခဲ့ရတဲ့သူတွေရှိတယ်။ တချို့က မက်မက်မောမောနဲ့ဖြေပြီး လက်ရှိရန်ကုန်တက္ကသိုလ်တို့ ဒဂုံတက္ကသိုလ်တို့မှာ တက်နေကြတယ်။ ဒီလိုမျိုးသူတွေကိုတော့ ကျနော်တို့ ရှောင်ကျဥ်လိုက်တယ်။ တော်ရုံစကားမပြောတော့ဘူး။
အနည်းစုသောတချို့ကတော့ မဖြေသင့်မှန်းသိတယ် ဖြေဖြစ်ခဲ့တယ် ဒီဖြေခဲ့ရတာအတွက်လဲ လုံးဝစိတ်လုံခြုံမှုမရှိ။ ဆယ်တန်းလို့ဆိုလိုက်တိုင်း စိတ်ထဲကနေ ဖြေရှင်းချင်စိတ်တွေဖြစ်နေတယ်။ လိပ်ပြာမလုံတာမျိုးပေါ့။
ပညာရေးနဲ့တော်လှန်ရေး
ကျနော့်ကို ကျနော့်အိမ်ကသူတွေက ပြောဖူးတယ်။ မင်းတစ်ယောက်တည်းနဲ့ တည်တံ့လာတဲ့ ပညာရေးစနစ်ကိုဘယ်လိုပြောင်းလဲမှာလဲတဲ့။ ကျနော့်လိုမျိုး ဘယ်သူမှထပ်မကြုံတွေ့ရစေတော့ဖို့ ကျနော်တစ်ခုခုလုပ်မှရတော့မယ်ဆိုတာ ကျနော်သိတယ်။
ဒီအကြောင်းအရင်းတစ်ခုတည်းကြောင့် ကျနော်တော်လှန်ရေးစတင်ကတည်းက ပါဝင်ဖြစ်ခဲ့တယ်။ ရှေ့ဆက်ပြီးလဲပါဝင်နေဦးမှာပဲ။ ကျနော်က ပါဝင်တယ်ဆိုရုံလေးသာ ရှိတဲ့ အခြေအနေလေးပဲလေ။
ကျနော်တတ်သလောက် ကျနော်စာလေးတွေရေးတယ် လူငယ်တွေလူကြီးတွေကို မျှဝေတယ်။ ပညာဆိုတာ တော်လှန်ရေးတစ်ခုကို စတင်စေတဲ့အကြောင်းအရင်းပဲလေ။ ပညာတတ်တွေများများရှိလေလေ အာဏာသိမ်းစစ်အုပ်စုတွေ ပိုပြီးတုန်လှုပ်လေလေပဲ။ မယုံရင် လမ်းတကာပတ်ကြည့်ကြည့်၊ ဘားတွေ ကလပ်တွေ မူးယစ်ဆေးတွေရနိုင်တဲ့နေရာက လက်ညှိုးထိုးမလွဲပဲလေ။
၈လေးလုံးမှာ လူတိုင်းအသက်တွေပါသွားခဲ့ရတယ်။ တချို့က မိသားစုတွေ၊ တချို့က ငွေကြေး၊ တချို့က ဘဝတစ်ခုလုံး။ ငွေကြေးတွေ တစ်ခုပြီးတစ်ခု ဖျက်သိမ်းတယ် အသစ်တွေထုတ်တယ်။ ကျောင်းတွေကို မြို့ပြင်ထုတ်ပစ်တယ်။ သာမန်လူတန်းစားတွေအကုန် ရုန်းထမရတဲ့ထိလုံးပါးပါးကုန်တယ်။
ကိုယ်တိုင်မကြုံဖူးခဲ့ရပေမယ့် ဒီဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲဒဏ်တွေခံစားနေကြရတုန်းပဲလေ။ ပြည်ပမှာ ဘယ်လောက်ထိပဲဝေးကွာပါစေ နောက်ဆုံးတော့ ကိုယ်က ဘားမားဆိုတဲ့ အရှေ့တောင်အာရှနိုင်ငံလေးထဲက နိုင်ငံတစ်ခုရဲ့နိုင်ငံသား။ မမေ့ဖို့သိပ်ကိုအရေးကြီးတယ်။ ကျဆုံးခဲ့ရတဲ့သွေးတစ်စက်ချင်းစီတိုင်း အသက်တစ်ချောင်းချင်းစီတိုင်းအတွက် တာဝန်ယူပေးနိုင်ရမယ်။
ဘယ်လိုပါဝင်နိုင်မလဲ
Boycottသင့်တာboycottပါ။ တတ်နိုင်တဲ့နေရာကနေ ပါဝင်ပါ။ ဒီလောက်ဆို အကုန်လုံးအတွက် လုံလောက်ပါတယ်။ ပြည်တွင်းပြည်ပ လုပ်လို့ရတာတွေက ဒုနဲ့ဒေးပါဗျ။
နောင်လာမယ့်မျိုးဆက်တွေကို အမွေဆိုးကြီးမပေးချင်တော့ဘူး။ မိတ်ဆွေတို့လဲ မပေးကြဖို့မျှော်လင့်ပါတယ်ဗျ။