အခြေအနေချင်းမတူတဲ့အခါ မနှိုင်းယှဥ်သင့်ပါ။

အခြေအနေချင်းမတူတဲ့အခါ မနှိုင်းယှဥ်သင့်ပါ။

ကျနော်တက္ကသိုလ်ကျောင်းသားတစ်ဦးပါ။

နိုင်ငံခြားရောက်သွားတာနဲ့ အဆင်ပြေသွားမယ်လို့ထင်ခဲ့တယ်။ ငွေဆိုလဲ လွတ်လွတ်လပ်လပ်ဖောဖောသီသီအသုံးပြုနိုင်မယ်။ အလုပ်ရရင် ကိုယ့်မိဘအိမ်ကို ပြန်ပို့နိုင်မယ်။ လိုချင်တဲ့အိမ်မက်ကို အိမ်သာဆေး၊ ကြမ်းတိုက်၊ စားပွဲထိုးရင်းနဲ့တင်ကို ရနိုင်မယ်ပေါ့။

ခက်တာက အဲ့အတိုင်းမဖြစ်တာပါပဲ။ လူတိုင်းက အကြောင်းပြချက်အမျိုးမျိုးကြောင့် ပြည်ပထွက်လာကြတယ်။ အကုန်လုံးကတော့အောင်မြင်ချင်ကြတဲ့သူတွေပါပဲ။ တချို့တွေ ပိုအောင်မြင်တယ် တချို့တွေ မအောင်မြင်သေးဘူး။ အခြေအနေချင်းမတူညီတဲ့သူတွေကြား မိမိကိုယ်ကိုနှိုင်းယှဥ်ရင်း စိတ်ဓာတ်မကျဖို့ ပြောချင်တာ။ ဒီလိုပါ။


နိုင်ငံခြားထွက်လာရတဲ့အကြောင်းပြချက်

ကျနော့်ကို အကြံဉာဏ်လာတောင်းကြတဲ့သူတွေရှိတယ်။ ဒီကျောင်း ဒီသင်ရိုးပြီးတော့ ဘာဆက်လုပ်ရမှန်းမသိတော့လို့ ဝိုင်းစဥ်းစားပေးပါပေါ့။ ကျနော်ပြန်ဖြေပေးပါတယ် ဒီမေးခွန်းအတွက်အဖြေရှိပြီလား။

"ဘာလို့ နိုင်ငံခြားထွက်တာလဲ"

မြန်မာနိုင်ငံမကောင်းလို့ထွက်လာရတာပေါ့ဗျာ။ မှန်ပါတယ်။ ဒါပေမယ့်ဒီထက်တိတိကျကျပိုပြီး သိရမယ်။

  • တိမ်းရှောင်မှရမယ့်အခြေအနေမို့လို့။
  • အကြောင်းပြချက်မဲ့ဖမ်းဆီးခံရမှာစိုးလို့ မြန်မာနိုင်ငံမှအပ ဘယ်နိုင်ငံဖြစ်ဖြစ်ဆိုပြီး ထွက်လာတာ။
  • နိုင်ငံအခြေအနေအပါအဝင် ကိုယ့်ဘဝရှေ့ရေးအတွက် ကျောင်းတက်ဖို့ အလုပ်လုပ်ဖို့ အနာဂတ်ကောင်းတဲ့နိုင်ငံဆီလာတာ။
  • ပိုက်ဆံရှိလို့ ဘာမှသိပ်မသိဘူး မိဘလွှတ်လို့။

အရေးအင်မတန်ကြီးလှပါတယ်။

မြန်မာနိုင်ငံမှအပ ဘယ်နိုင်ငံသွားရသွားရ ဘာလုပ်ရလုပ်ရ ဆိုတဲ့သူတစ်ယောက်နဲ့ ရေရှည်ကျောင်းတက္ကသိုလ်တက်ဖို့ ထွက်လာတဲ့သူတစ်ယောက် နှိုင်းယှဥ်လို့မရပါဘူး။ တစ်ယောက်က အလုပ်တွေလုပ် ငွေတွေကုန်းရုန်းရှာနေတဲ့အချိန် တစ်ဖက်ကလဲ စာတွေအသည်းအသန်လုပ် Lectureတွေတက်နေကြရမှာပါ။

အလုပ်လုပ်နေလို့ ကျောင်းမတက်နိုင်လို့ စိတ်ဓာတ်ကျစရာမရှိသလို ကျောင်းစာတစ်ဖက်နဲ့ အလုပ်မလုပ်နိုင်လို့ ငွေမဝင်လို့ မိဘပိုက်ဆံလက်ဖြန့်တောင်းနေရလို့ မိဘကို မီခိုနေရဆဲမို့လို့ ဆိုတဲ့စိတ်နဲ့ Guiltyမဖြစ်ပါစေနဲ့။ ဘဝအခြေအနေချင်းမတူပါဘူး။

ဒီလိုအခြေအနေမှာအကောင်းဆုံးကျော်ဖြတ်ဖို့က ကိုယ်နိုင်ငံခြားလာတဲ့ အကြောင်းပြချက်။


ကိုယ်က ကျောင်းတက်ဖို့လာတဲ့သူတစ်ဦး

မြန်မာနိုင်ငံရဲ့ ပျက်စီးစုတ်ချာနေတဲ့ ပညာရေးစနစ်နဲ့ ကျောင်းတွေသင်တန်းတွေဆီကနေ လာတဲ့သူပီပီ မသိကြမတတ်ကြတာတွေများပါတယ်။

Agentတွေ ကျောင်းတည်ထောင်သူတွေ ဆရာဆရာမတွေကလဲ လုပ်နေကြအလုပ်လောက်မှအပ သေချာကောင်းကောင်းမွန်မွန်အကြံမပေးတတ်။ ဘာအတွေ့အကြုံမှမရှိတဲ့ ကျောင်းသားကျောင်းသူတွေခမျာ ဟိုသူပြောတာလဲ ယုံရ ဒီသူပြောတာလဲ လက်ခံရ။

အိမ်ကလဲ ငွေကရှိတယ်သာပြောတာ ကျောင်းတက်ဖို့ နေဖို့စားဖို့ သာသာရှိတယ်။ ကိုယ်အလုပ်လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။

" ငါနိုင်ငံခြားရောက်ရင်တော့ ငါကျောင်းစာတွေအများကြီးလုပ်မယ် အလုပ်တွေလဲအများကြီး ကြိုးစားမယ်။ အလုပ်ကောင်းကောင်းလုပ်ရင်း မိဘကို ဝန်ပိတာလျော့စေမယ်။ "

နိုင်ငံခြားရောက်သွားတော့ဟော ဘာမှလဲသိပ်မထူး။

အစစအရာရာကခက်ခဲနေတယ်။ စားဖို့သောက်ဖို့ကနေစလို့ စီးပွားရေး လူမှုရေး အစစအရာရာအသစ်အဆန်း။ သူများတိုင်းပြည်မှာမို့ အထီးလဲကျန်တယ်။ Christmasလိုအခါကြီးရက်ကြီးဆို သိပ်လွမ်းမိနေတာမျိုးပေါ့။

ကျောင်းဆိုလဲ ကျောင်းရဲ့ထိပ်ဆုံးမဟုတ်ရင်နေ စာတော်တဲ့ကျောင်းသားတစ်ဦးဖြစ်ဖို့တောင် မနည်းကြိုးစားနေရတယ်။ အလုပ်ကတော့ကြိုးစားလုပ်ပါတယ် အချိန်ကမရ။ ဘာဆက်လုပ်ကြမလဲ။ ကျောင်းတက်နေရင်းတစ်ချိန်ချိန်မှာ ဆုံးဖြတ်ရတာတွေရှိလာလိမ့်မယ်။ လုပ်ကိုလုပ်မှရတော့မယ့်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေပေါ့။


ဒွိဟ

၁။ ကျောင်းစာကို ဖိဖိစီးစီးလုပ်မယ်။ အချိန်ပိုင်းအလုပ်ကိုတော့လက်လွှတ်ရမယ်။

၂။ အလုပ်ကိုပဲ အချိန်ပြည့်လုပ်မယ်။ ကျောင်းစာကို လျှော့မယ်။

(၂ခုလုံးလဲ လုပ်နိုင်ကြတဲ့သူတွေရှိပါတယ်။ ကျောင်းအဆင့်အတန်း၊ Major၊ ကိုယ်လိုချင်တဲ့အမှတ် စတာတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှမတူညီနိုင်တာမို့ မနှိုင်းယှဥ်ကြဖို့ပါ။)

အဖြေ။ ဒီလိုအချိန်မှာလုပ်ဖို့အသင့်ဆုံးက ကိုယ့်ရဲ့ပြည်ပကိုလာတဲ့ အဓိကရည်ရွယ်ချက်။ ကျောင်းတက်ဖို့လာတဲ့သူတစ်ဦးဆိုရင်တော့ ကျောင်းစာမေးပွဲတော့မထိခိုက်လောက်ပါဘူးကွာ။ အောင်ရုံလေးပဲအောင်ရင်လဲရတယ်။ GPAလဲနည်းရင်နည်းပါစေ အဓိကဘွဲ့ရရင်ရပြီ ဆိုပြီးမတွေးမိပါစေနဲ့။

ကိုယ်က ကျောင်းတက်ဖို့လာတာမို့လို့ ကျောင်းကို အဓိကဦးစားပေးပါ။ ကျောင်းတက်တယ်ဆိုတာက ကျောင်းတစ်ခုတည်းတင်တက်တာမဟုတ်ဘဲ တခြားသော ကျောင်းကလုပ်တဲ့ activitiesတွေ eventsတွေ ပွဲတွေ အကုန်လုံးရအောင်တက်ပါ အတွေ့အကြုံနဲ့ အချိတ်အဆက်ရယူပါ။


ပြည်ပထွက်လို့အလုပ်လုပ်ဖို့လာတဲ့သူတစ်ဦး

တချို့က အလုပ်လုပ်ဖို့ပဲကို လာကြတာ။ တချို့ကတော့ ကျောင်းတစ်ဖက်အလုပ်တစ်ဖက်နဲ့ ကျောင်းပြီးအောင်တက်ကြတာ။

ရရာအလုပ် ရရာagentနဲ့ ပိုက်ဆံတွေဒလဟောပေးပြီး နိုင်ငံခြားထွက်ကြတယ်။ ခြံရောင်းတဲ့သူကရောင်း မြေကွက်ရောင်းတဲ့သူက ရောင်းပြီး နိုင်ငံခြားကို လွှတ်လိုက်တာ။

အခန့်သန့်ရှင်းရေးလဲဖြစ်ချင်ရင်ဖြစ်မယ်။ အောက်ခြေသိမ်းအလုပ်သမားလဲ ဖြစ်နိုင်တယ်။ စားပွဲထိုးလဲဖြစ်နိုင်တယ်။ တချို့ကတော့ သူများနိုင်ငံသားဖြစ်ခွင့်'မျှော်လင့်ချက်'နဲ့။ တချို့က ငွေကြေးလွတ်မြောက်မှု။

အဓိကကတော့ ငွေရှာမယ်။ အိမ်စရိတ် စားစရိတ် ကာမိအောင်လုပ်မယ်။ အဲ့ကနေ အပိုဝင်ငွေလေးနည်းနည်းရရင် စုရင်းစုရင်း ကျောင်းဆက်တက်မယ်၊ အိမ်ကိုပြန်ထောက်ပံ့မယ်။

တစ်ခုခုကြောင့်အဆင်မပြေဖြစ်ခဲ့ရင်လဲ ပြန်လမ်းမရှိဘူး။

ပြည်ပရောက်လူတိုင်းမှာတော့ အပြစ်ရှိတဲ့စိတ်(Guilt)ရှိကြတယ်။ ငါ့မိဘတွေ ငါ့မောင်နှမတွေ မြန်မာပြည်မှာနေခဲ့ရတယ်။ ငါတစ်ဦးတည်းလာရတယ်။ ငါပျော်နေလို့မဖြစ်ဘူး ငါကြိုးစားနေမှရမယ်။ အနားယူနေရင်တောင်အပြစ်ရှိသလိုခံစားရတယ်။

ဒီလိုသူမျိုးတွေအနေနဲ့ကလဲ သိမ်ငယ်စရာအားငယ်စရာလုံးဝမရှိဘူး။ အခုထိကို ပြည်ပကိုထွက်ချင်လွန်းလို့ ထွက်ဖို့လေယာဥ်ခတောင်မရှိလို့ ခက်ခဲနေတဲ့သူတွေထဲမှာ ကိုယ်က ထွက်လာနိုင်တယ်။ ကိုယ်Guiltyဖြစ်ရင် ပိုလို့ကိုကြိုးစားပြလိုက်။

မြန်မာပြည်အရေးမှာ အားတက်သရောကူညီပေး၊ ကိုယ့်လိုမျိုး အဆင်မပြေတဲ့သူတွေကိုလဲ ကူညီနေပေး။ လူ့အသိုင်းအဝိုင်းကြီးကောင်းမွန်လာအောင် တစ်တပ်တစ်အားပါဝင်နေပေး။ ဒီလိုစိတ်နဲ့လဲ ကိုယ်နိုင်ငံခြားလာတဲ့အကြောင်းပြချက်က ပိုမိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။


ဘယ်သူမှမဖြစ်သင့်တဲ့သူတွေ

၁။ ပြည်မေ့လူတွေ

တချို့က နိုင်ငံခြားရောက်လို့ ကိုယ့်အမိမြေနိုင်ငံကို လုံးလုံးလျားလျားမေ့သွားတာ။

မြန်မာနိုင်ငံသားဖြစ်ရတာ အခုအခြေအနေနဲ့ဂုဏ်ယူလို့တစ်စက်မှမကောင်းဘူး ဟုတ်တယ်။ ဒါပေမယ့် ဘာမှပြန်ပြီးမငဲ့ကြည့်ပေးနိုင်ရင်နေ အနည်းဆုံးတော့ တစ်ဖက်တစ်လှမ်းကနေ ကိုယ့်နောင်လာနောင်သားတွေ အဆင်ပြေအောင်တော့ ကြံဆပေးသင့်တယ်။ လှူသင့်တာလှူ ကူသင့်တာကူ။

တချို့မိဘတွေ ပြည်ပရောက်သွားသည့်တိုင်အောင် ပြည်ပမှာမွေးတဲ့သူတို့သားသမီးတွေကို မြန်မာစကားတတ်အောင် မြန်မာပြည်ကိုချစ်တတ်အောင် လေးစားအောင် သင်ပေးကြတယ်။ အပြင်မှာဘာလိုပဲတတ်တတ် အိမ်မှာတော့ အင်္ဂလိပ်လိုမပြောရဘူး။ မြန်မာလိုအမြဲပြောခိုင်းတယ်။ အဲ့လိုမျိုးပဲဖြစ်စေချင်တယ်။


၂။ အရမ်းနိုင်ငံခြားဆန်သွားကြတာ။

သူတို့အခေါ်နိုင်ငံခြားဆန်တယ် ကျနော်တို့အခေါ် စည်းမရှိတဲ့သူ။ လုပ်ချင်တာလုပ်မယ် ပြောချင်တာပြောမယ် ဘယ်သူ့မှဂရုမစိုက်ဘူး မွေးကတည်းက တစ်ဦးတည်းပဲမွေးလာတာ။ စည်းမရှိတာနဲ့နိုင်ငံခြားဆန်တာကွာတယ်ဗျ။

အများအခေါ်နိုင်ငံခြားဆန်တယ်ဆိုတာက အမြင်ကျယ်တယ်။ ကလေးတွေကို ဒါကျက်ဒါဖြေနဲ့ကြီးပြင်းမလာစေဘဲနဲ့ လွတ်လွတ်လပ်လပ်စဥ်းစားတွေးခေါ်စေတယ်။ ဒီကနေ Out-of-the-box thinking ဆိုတာဖြစ်လာတယ်။ ဒီလိုဆိုလို့ လူ့စည်းလူ့ဘောင်လူ့ကျင့်ဝတ်တို့ ယဥ်ကျေးမှုတို့ကွယ်ပျောက်မသွားဘူးနော်။ အရမ်းတန်ဖိုးထားတတ်လာတယ်။

ဒီလိုမျိုးသူတွေကြောင့် နိုင်ငံခြားရောက်သွားလို့ ကလေးတွေရိုင်းတယ်မြင်တာဆန်းသလားဗျာ။


၃။ မဖျောက်ဖျက်နိုင်သေးသောအကျင့်တွေ

ဘယ်နိုင်ငံ ဘယ်နေရာက မြန်မာcommunityမဆို တစ်ဦးနဲ့တစ်ဦး အဆင်မပြေတာတွေရှိကြတယ်။ အနည်းအများပဲကွာဟပါလိမ့်မယ်။

ဘာကြောင့်ရယ်လို့တော့ ကျနော်ခေါင်းစဥ်မတပ်တော့ဘူး အကြောင်းအမျိုးမျိုးကြောင့်လို့ပဲ ဆိုချင်တယ်။ ကိုယ့်ထက် နိမ့်ပါးတဲ့သူဆို နှိမ်မယ်။ မြင့်တဲ့သူဆို ဒေါက်ဖြုတ်မယ်၊ အမိန့်ပေးသလို ဆက်ဆံမယ် လေးစားမှုမရှိဘူး။ ဖားနေမှကြိုက်တယ်။ ကိုယ်တိုင်လဲ ဖားနေချင်တယ်။

ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုး စိတ်ဓာတ်တွေပါ ဖျောက်ဖျက်နိုင်မှရမယ်လို့ ယုံကြည်တယ်။ လူမျိုးရေးခွဲခြားတာတော့မဟုတ်ပေမယ့် ပြည်ပရောက်ကိုယ်တွေက သူများနိုင်ငံရဲ့ လူနည်းစုမို့ အချင်းချင်းအဆင်ပြေစေချင်တယ်။

ခက်တာက အကျင့်စရိုက်စုတ်ပြတ်ပျက်စီးနေတဲ့ လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းကနေ ကြီးပြင်းလာခဲ့ကြတယ်။ မပြုပြင်နိုင်သေးကြတော့ ဖြစ်မြဲဖြစ်နေဆဲပါပဲ။

(ဒီလိုဆိုလို့ မြန်မာလူမျိုးတိုင်း ဆိုးဝါးနေတာမဟုတ်ဘူး။ နိုင်ငံခြားသားဖြစ်တိုင်း ကောင်းနေတာမဟုတ်ဘူး။ ဖြစ်တတ်တဲ့သဘောသဘာဝလေးတစ်ခု)


၄။ အားမကျသင့်တဲ့သူကို အားမကျပါနဲ့။

တချို့တွေနိုင်ငံခြားထွက်ကြတယ်။ ကျောင်းတက်ကြတယ်။ သူတို့အတွက်တော့ ပျော်ပွဲစားထွက်သလိုပဲ။

အလုပ်လဲလုပ်စရာမလို သူငယ်ချင်းတွေနဲ့ concertတွေသွားလိုက် စားလိုက်သောက်လိုက်။ကျောင်းစာဆိုလဲ မလုပ်။ အမှတ်တွေကမကောင်း။ အလုပ်ဆိုလဲ ဖာသိဖာသာပဲလုပ်တယ်။ ပိုက်ဆံတောင်းတိုင်းရတယ်။

သူတို့ဘဝနဲ့သူတို့မို့လို့ ကောင်းတယ်မကောင်းဘူးဒါတွေမပြောလိုဘူး။ ဒါပေမယ့် ကိုယ့်ဘက်ကနေပြီးတော့ အားကျနေလဲ မထူးဘူးဆိုတာသိထားရမယ်။ အားကျနေလို့ ပျော်မသွားသလို ပိုလဲကြိုးစားမသွားဘူး။

ကိုယ့်ဘဝကိုယ့်အခြေအနေ ကိုယ်သာနားအလည်ဆုံးဖြစ်တယ်။ ဒီလိုအခက်အခဲကို ကိုယ်ကပဲ ကျော်ဖြတ်နိုင်မှာဖြစ်တယ်။ မိမိကိုယ်သာကိုးကွယ်ရာဖြစ်တယ်။ ဒီလိုစိတ်ထဲထားဖို့လိုအပ်တယ်။

သူတို့မှာလဲ သူတို့အခက်အခဲနဲ့သူတို့တွေရှိကြမှာပါပဲ။ အခုမကြုံတောင်တစ်နေ့ကြုံရကြမှာပဲလေ ဒါသူတို့ကိစ္စ။ ကိုယ်နဲ့မသက်ဆိုင်ဘူး။ ပြီးတော့ ကိုယ်တိုင်လဲ အဲ့လိုမဖြစ်ဖို့လိုအပ်တယ်။


နောက်ဆုံးမှာချင်တဲ့အရာ

နိုင်ငံခြားရောက်တဲ့အခါ အထိန်းအကွပ်မရှိတဲ့အခါ ပျက်စီးဖို့ ဆုံးရှုံးဖို့သိပ်လွယ်ကူပါတယ်။ မိသားစုတွေပျက်စီးဖို့ ရှိလက်စနှောင်ကြိုးတွေပြတ်ဖို့ အင်မတန်လွယ်ကူပါတယ်။

ဒီလိုမျိုး ပျက်စီးမှုမျိုး ထိန်းချုပ်မှုကင်းမဲ့တဲ့အခြေအနေမျိုးကို ဦးတည်စေတဲ့ အရာတွေ ဥပမာ - မူးယစ်ဆေး အရက်သေစာသောက်စားခြင်း ဒါတွေရှောင်ကျဥ်ဖို့လိုအပ်တယ်။ ကိုယ့်စိတ်သည်သာအဓိကပါ။

နှိုင်းယှဥ်စရာမလိုဘူး။ ရှိတဲ့စက္ကန့်တိုင်းအချိန်တိုင်းကိုသာ အကောင်းဆုံးဖြတ်သန်းပါ။ ရလဒ်ဆိုတာ ကိုယ်သာမသိရင်နေမယ် ရှိနေပေါ်လွင်နေစမြဲပါ။ မိတ်ဆွေတို့အားလုံး ဘဝမှာလဲ ဘယ်အရာမဆိုဖြတ်ကျော်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ Fighting!!!


Read more

"Earthquake Disaster Relief Campaign" အနှစ်ချုပ်

"Earthquake Disaster Relief Campaign" အနှစ်ချုပ်

ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း ဆိုတဲ့Campaignလေးကို Author Moeမှ ဧပြီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ဤကမ်ပိန်းမှ စုစုပေါင်း မြန်မာကျ

By Moe Htet
ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း။

ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း။

ယခုအချိန်အခါတွင် ငလျင်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်ကာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသော ကျွန်ုပ်တို့၏ ပြည်သူများအတွက် စာနာစိတ်ဖြင့် တတ်နိုင်သည့

By Moe Htet
ငလျင်အလွန် - မှန်ကန်တဲ့အကူအညီများမရရှိခြင်း

ငလျင်အလွန် - မှန်ကန်တဲ့အကူအညီများမရရှိခြင်း

အခု ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ စေတနာရှင်တွေ၊ အလှူရှင်တွေ ပေါများတာ ဝမ်းသာစရာပါ။ ကိုယ့်ပြည်သူအချင်းချင်း ဒုက္ခရေ

By Moe Htet
ငလျင်နဲ့ architecture သင်ခန်းစာ

ငလျင်နဲ့ architecture သင်ခန်းစာ

မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်အတွက် အင်မတန်ဝမ်းနည်းမိပါတယ်။ အဝေးကနေမို့လို့ ကူညီနိုင်တာ ငွေကြေးကလွဲ တစ်စုံတစ်

By Moe Htet