ငလျင်နဲ့ architecture သင်ခန်းစာ

မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်အတွက် အင်မတန်ဝမ်းနည်းမိပါတယ်။ အဝေးကနေမို့လို့ ကူညီနိုင်တာ ငွေကြေးကလွဲ တစ်စုံတစ်ရာမျှမရှိဘူး။ သို့သော် တတ်ကျွမ်းတဲ့အရာလေးနဲ့ စာလေးရေးခွင့်ပြုပါ။
ငလျင်က လူတွေကို တိုက်ရိုက်မသတ်ပါဘူး။ အဆောက်အဦးပြိုလဲမှုကသာ သတ်တာပါ။ အဆောက်အဦးတွေ တည်ဆောက်တဲ့အခါမှာ အများစုက အပေါ်ယံ အလှအပတွေ၊ မြေပိုင်ဆိုင်မှု အကျယ်အဝန်းတွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။
ဖန်သားတွေနဲ့ တည်ဆောက်ထားတာလား၊ ကျွန်းသစ်တွေနဲ့ ထွင်းထုထားတာလားဆိုတာကို စိတ်ဝင်စားကြသလို၊ တိုက်ခန်းဝယ်မယ်ဆိုရင်လည်း မီးဘေး၊ ရေဘေးကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတာထက် အခန်းရဲ့ မြင်ကွင်းကောင်းလား၊ ဘယ်လောက်အထပ်မြင့်လဲဆိုတာကို ပိုပြီး အာရုံစိုက်မိတတ်ပါတယ်။
အပေါ်ယံလှပမှုက အဓိကဖြစ်နေတယ်။ တခြားအရေးကြီးတဲ့အချက်တွေကိုတော့ လျစ်လျူရှုထားကြတယ်။ ရေတိုပဲကြည့်ကြတယ်ပေါ့ဗျာ။
အဆောက်အဦးတွေက ဘာဖြစ်လို့အရေးပါတာလဲ။
ငလျင်ဆိုတာအမှန်တော့ သဘာဝဖြစ်ရပ်တစ်ခုပါ။ တကယ့်အန္တရာယ်အစစ်က အဆောက်အဦးတွေနဲ့ ပြိုလဲလာတဲ့ပစ္စည်းတွေ။ အဆောက်အဦးတစ်ခု ဘယ်လိုဒီဇိုင်းဆွဲထားလဲ၊ ဘာmaterialsတွေ အသုံးပြုထားလဲ၊ ဘယ်လောက်ထိခိုင်ခိုင်မာမာတည်ဆောက်ထားလဲကသာ အစိတ်စိတ်အမွှာမွှာပျက်စီးသွားတဲ့အဆောက်အဦးတစ်ခုနဲ့ လူတွေအချိန်မီတိမ်ရှောင်လို့ရနိုင်တဲ့အဆောက်အဦးတစ်ခုကို ကွာခြားစေတာပါ။
ငလျင်တွေကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ သို့သော် ပိုမိုကောင်းမွန်တဲ့အဆောက်အဦးတွေကို တည်ဆောက်လို့ရနိုင်ပါတယ်။
လူတွေက သဘာဝဘေးအန္တရာယ်တွေကျရောက်တဲ့အခါ ကြောက်လန့်ကြတယ်။ ဝမ်းနည်းကြတယ်။ ပြင်ဆင်ကြတယ်။ အထုတ်ပြင်ကြ သိမ်းကြနဲ့ပေါ့။ သို့သော် ခဏကြာတော့ ပုံမှန်အတိုင်းပဲဖြစ်ကုန်ကြတယ်။
သာမန်မိသားစုတစ်စုမှာ တော်ရုံသူအနေနဲ့ ဘေးအန္တရာယ်တွေကို အာရုံစိုက်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ "အခက်မသင့်လို့ ဖြစ်တာပဲလေ" ဆိုတဲ့ အတွေးနဲ့ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်တချို့ကို ပြင်ဆင်ပြီး ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။
မိသားစုများအတွက် ကြိုတင်ပြင်ဆင်မှု အလေ့အကျင့်များ:
၁။ သင့်အိမ်က အရေးပေါ်လှေကားကို ရှင်းလင်းပါ။
သင်သာ လူနေထူထပ်တဲ့နေရာတစ်ခုက တိုက်ခန်းတစ်ခန်းမှာနေတယ်ဆိုရင်တော့ သင်နောက်ဖေးကိုဝင်ပါ။ တိုက်ခန်းရဲ့အနောက် မြောင်းတွေရှိတဲ့ဘက်လှမ်းကြည့်ပါ။ အင်မတန်မှ အော်ဂလီဆန်စရာကောင်းမှာပါ။ နောက်ဖေးလှေကားဆိုရင်လဲ အဝတ်လှမ်းတဲ့သူကလှမ်း အပေါက်ပိတ်တဲ့သူကပိတ်နဲ့ ရှုပ်ပွနေမှာပါ။
အမှန်တော့ ဒီလိုမျိုးအလေ့အကျင့်လေးတွေကို ပြင်ဆင်ဖို့ လွယ်ကူပါတယ်။ သို့သော် လူတိုင်းပါဝင်နိုင်ဖို့ခက်ခဲတယ်။ ဒီအတွက် အကောင်းဆုံးကတော့ မိမိတစ်ကိုယ်စာ စတင်ကြိုးစားကြည့်ပါ။
အိမ်ရဲ့အဝင်အထွက်လမ်းတွေအကုန်လုံးကို ရှင်းလင်းထားပါ။ သော့ခတ်ထားသည်ရှိသော် သော့များကို နီးစပ်ရာထားထားပါ။ အိမ်သူအိမ်သားအကုန်လုံးကို အသိပေးထားပါ။
၂။ အိမ်သူအိမ်သားများနဲ့အလေ့အကျင့်လုပ်ထားပါ။
အရေးပေါ်တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အစီအစဉ်တစ်ခုကို အတူတကွ ရေးဆွဲပါ။ ကလေးငယ်တွေပါအပါအဝင် ဘေးပတ်ဝန်းကျင်နဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။
- အိမ်ထဲမှာဆိုရင် ဘယ်နေရာတွေက လုံခြုံတဲ့နေရာတွေလဲ (ဥပမာ - စားပွဲအောက်၊ နံရံထောင့်) ဆိုတာ သတ်မှတ်ထားပါ။
- အိမ်ပြင်မှာဆိုရင် ဘယ်နေရာမှာ စုဝေးကြမလဲဆိုတာ သတ်မှတ်ထားပါ။ (ဥပမာ - အိမ်ရှေ့က ခြံဝင်းထဲမှာရှိတဲ့ သစ်ပင်အောက်)
- အကြောင်းတစ်ခုခုကြောင့် အဆက်အသွယ်ပြတ်ခဲ့သည်ရှိသော် နေရာတစ်ခုခုမှာ ပြန်ဆုံတွေ့ကြမလဲဆိုတာကို သတ်မှတ်ထားပါ။
၃။ အိမ်ရဲ့ကြံ့ခိုင်မှု။
အမြဲတစ်စေစစ်ဆေးနေပါ။ အိမ်ရဲ့ အုတ်မြစ်၊ နံရံ၊ ခေါင်မိုးတွေကို ပုံမှန် စစ်ဆေးပြီး အားနည်းနေတဲ့ အပိုင်းတွေကို ပြုပြင်ထားရင်တော့ ငလျင်ဒဏ်ကို ပိုခံနိုင်ရည်ရှိစေနိုင်ပါတယ်။
Safety: ခိုင်မာတဲ့အဆောက်အဦးတစ်ခုဘယ်လိုတည်ဆောက်ရမလဲ။
၁။ ခိုင်မာတဲ့foundation
သစ်ပင်အကြီးကြီးတစ်ပင်မှာ ခိုင်မာတဲ့အမြစ်တွေရှိဖို့လိုအပ်တယ်။ အဆောက်အဦးတိုင်းကလဲ မြေကြီးထဲခိုင်မြဲနေစေဖို့ Foundationကောင်းကောင်းလိုအပ်ပါတယ်။ အောက်ခြေကနေစ အပေါ်အထိ အဆောက်အဦးတစ်ခုလုံးက သေသေချာချာပေါင်းစည်းထားနိုင်ဖို့လိုအပ်တယ်။
မြေသားက ပျော့နေတယ်။ Foundationကိုလဲ တိမ်တိမ်လေးပဲ တူးထားမယ်ဆိုရင်တော့ ထိုအဆောက်အဦးက ပိုမိုလှုပ်ခတ်နေမှာပါ။
၂။ အားဖြည့်တည်ဆောက်ခြင်း (Reinforcement):
အဆောက်အဦးတွေမှာ သံချောင်းတွေ (Reinforcement bars) နဲ့ ကွန်ကရစ်တွေကို ပေါင်းစပ် အသုံးပြုခြင်းအားဖြင့် အင်မတန် ခိုင်ခံ့တဲ့ တည်ဆောက်မှုကို ရရှိနိုင်ပါတယ်။ သံချောင်းတွေက အဆောက်အဦးကို ဆွဲဆန့်အားနဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိစေပြီး ကွန်ကရစ်ကတော့ အဲဒီသံချောင်းတွေကို တစ်စုတစ်စည်းတည်း ထိန်းထားပေးပါတယ်။
၃။ ချိတ်ဆက်မှုများ (Connections):
အဆောက်အဦးတစ်ခုမှာပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးဟာ တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ငလျင်လှုပ်တဲ့အခါ အဲဒီ့ချိတ်ဆက်မှုတွေ မပြတ်တောက်သွားမှသာ အဆောက်အဦးတစ်ခုလုံး တည်မြဲနိုင်မှာပါ။
၄။ လိုက်လျောညီထွေရှိမှု (Ductility)
ငလျင်လှုပ်တဲ့အခါ အဆောက်အဦးဟာ တင်းမာပြီး မလှုပ်ရှားနိုင်ဘူးဆိုရင် အလွယ်တကူ ပျက်စီးသွားနိုင်ပါတယ်။ လိုက်လျောညီထွေရှိတဲ့ အဆောက်အဦးတွေကတော့ ငလျင်ရဲ့ စွမ်းအင်ကို စုပ်ယူပြီး အနည်းငယ် ကိုင်းညွတ်နိုင်တဲ့အတွက် ပိုပြီး ခံနိုင်ရည်ရှိပါတယ်။ ပြတ်ရွှေ့ကြောနဲ့နီးကပ်နေတဲ့နေရာဒေသတိုင်းလိုလို ထည့်သွင်းစဥ်းစားသင့်ပါတယ်။
၅။ ပုံသဏ္ဍာန်နှင့် ညီမျှမှု (Shape and Symmetry):
ပုံသဏ္ဍာန် မမှန်ကန်တဲ့၊ မညီမျှတဲ့ အဆောက်အဦးတွေဟာ ငလျင်လှုပ်တဲ့အခါ ပိုပြီး လှုပ်ခတ်ပြီး ပျက်စီးနိုင်ခြေ ပိုများပါတယ်။ ဥပမာ - တစ်ဖက်က အင်မတန်လေးလံနေပြီး တစ်ဖက်က ပေါ့ပါးနေတာမျိုး။
ကျနော်မှာချင်တာကတော့ အဆောက်အဦးဆောက်လုပ်တဲ့သူတိုင်းက ငွေကြေးအကုန်အကျခံပြီး အကောင်းဆုံးconstruction၊ အတော်ဆုံး Architect၊ အစိစပ်ဆုံးစစ်ဆေးသူတွေနဲ့ တည်ဆောက်နိုင်မှာမဟုတ်ဘူး။ အများစုက သာမန်ဝန်ထမ်းလစာထပ်မပိုတဲ့လုပ်အားခနဲ့ မနည်းရှင်သန်နေကြရတဲ့သူတွေ။ သူတို့အနေနဲ့ ဘယ်လောက်ပဲ ကြိုးစားလုပ်ကိုင်ပေးချင်ပါစေ အသိအမှတ်ပြုခံရမှာလဲမဟုတ်၊ ငွေလဲပိုရမှာလဲမဟုတ်။ အချောင်လိုက်တဲ့သူ၊ ရေသာခိုမယ့်သူရှိချင်ရှိမယ်။
အလုပ်ရှင်ဘက်ကလဲ အမြတ်အစွန်းစားဖို့ကလွဲ clientဘက်ကို ငဲ့ကြည့်ပေးဖို့ ရှိမယ်မထင်ဘူး။Clientဘက်ကလဲ ငွေကြေးအကုန်အကျနည်းဖို့ရယ် အကျိုးမထိခိုက်ဖို့ရယ်ကလွဲ ဘာမှ ကြိုးစားကြမယ်မထင်ဘူး။
အကြံပေးချင်တာကတော့ ဘက်တွေအကုန်လုံး တစ်ဦးနဲ့တစ်ဦးပေါင်းစည်းပြီးကြိုးစားကြဖို့ပါ။ ကိုယ်လုပ်နေကြအရာထပ် နည်းနည်းလေးပိုလုပ်ပေးလိုက်။ ဘာမှတော့ ပြန်ရဖို့မျှော်လင့်မထားကြနဲ့။ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့။
အဆုံး
ဒါကြောင့်မို့ ငလျင်ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် ပိုမိုကောင်းမွန်တဲ့ အဆောက်အဦးတွေကို တည်ဆောက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခြင်းနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ငလျင်ဘေးရဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်ပါတယ်။
အဆောက်အဦးဆောက်တယ်ဆိုတာ ကိုယ့်ရဲ့နေရာလေးတစ်ခုကို မိုးလုံဖို့ လေလုံဖို့ ကိုယ့်ကို ကာကွယ်နိုင်ဖို့ပါ။ အလှအပဆိုတာ အပေါ်ယံအရေးပါမှုသာ ဖြစ်တယ်ဆိုတာကို သိရှိဖို့ နောက်မကျသေးပါဘူး။ ငလျင်ကိုတော့ ကျွန်တော်တို့ မတားဆီးနိုင်ပေမယ့် လုံခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားသွားနိုင်ပါတယ်။