ခံစားချက်တွေနဲ့ လူ့ဘဝ.

ခံစားချက်တွေနဲ့ လူ့ဘဝ.

ကျနော်တို့ဘဝတွေမှာ ဘယ်အရာကိုမှ emotionally attached မဖြစ်တာအကောင်းဆုံးပဲဗျ။ မိမိနေထိုင်တဲ့ဘဝမှာပဲဖြစ်စေ မိမိဖြတ်သန်းချင်တဲ့အိမ်မက်တစ်ခုမှာပဲဖြစ်စေ ဘယ်အရာမှာမဆို အရမ်းကြီးမငြိတွယ်သွားတာကောင်းတယ်။

ကိုယ်နေတဲ့အိမ်ပဲဖြစ်စေ ကိုယ်တက်တဲ့ကျောင်းပဲဖြစ်စေ ကိုယ့်ပိုင်ဆိုင်မှုပဲဖြစ်စေ ဘယ်ဟာကိုမှ ခံစားချက်နဲ့မဆက်နွယ်လိုက်တာကောင်းတယ်။ အကယ်၍ တစ်ခုခုပေါ်မှာ အရမ်းမီခိုလိုက်ပြီဆိုတာနဲ့ သူ့ရဲ့ရိုက်ခတ်မှုဒဏ်တွေကိုခံစားရကောဗျ။

ခရီးသွားတယ်ဆိုပါစို့ ဒီနေရာဒီအခန်းဒီviewလေးကို အင်မတန်နှစ်သက်တယ်။ ဒီလွတ်လပ်မှုကို ကျေနပ်တယ်။ ချိုမြိန်တဲ့အရသာကို ဘယ်တော့မှမပျောက်သွားစေချင်ဘူး။ ခရီးသွားတယ်ဆိုတာက လွတ်လပ်မှုလိုချင်လို့ ပျော်ချင်လို့ပါးချင်လို့။

စိတ်အထားမတတ်တဲ့အခါ ခရီးစဥ်စကတည်းက ဒီခရီးစဥ်ကိုအဆုံးမသတ်စေချင်တဲ့စိတ်နဲ့ နေ့နေ့ညညဖြတ်ကျော်သွားတယ်။ တကယ်လဲအဆုံးသတ်သွားရော "ငါပျော်ပျော်နဲ့မဖြတ်သန်းမိခဲ့လေခြင်း"။


ကိုယ့်ရဲ့နေရပ်ကိုလွမ်းဆွတ်တမ်းတမိခြင်း

ကိုယ်တွေဘဝမှာနေခဲ့တဲ့မြို့လေးတွေ၊ အိမ်လေးတွေ၊ တိုက်ခန်းလေးတွေရှိခဲ့ဖူးမှာပဲ။ ပြည်ပရောက်နေတဲ့သူပဲဖြစ်စေ ပြည်တွင်းကသူတွေပဲဖြစ်စေ အိမ်တွေငှားဖူးမှာပါပဲ၊ ဝယ်ဖူးမှာပါပဲ။ တချို့အိမ်ခန်းလေးတွေကို နှစ်ဆယ်နဲ့ချီနေလာတယ်။ ဟော အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရတော့မယ်ဆိုပြီးဖြစ်လာတယ်။ ဒီအခိုက်အတန့်မှာ ဒီအိမ်ခန်းလေးကလွမ်းစရာတစ်ခုလိုဖြစ်လာတယ်။

စစချင်းဒီအိမ်လေးကိုပြောင်းလာတယ်။ အထုတ်တွေချ၊ ပစ္စည်းတွေချ၊ အခန်းတွေခွဲ။

အချိန်ကြာလာတော့ ဒီအိမ်မှာနေသားကျလာတယ်။ ဒီအိမ်ရဲ့နေရာအနေအထား၊ ရာသီဥတု၊ အနီးအနားကပတ်ဝန်းကျင်အခြေအနေနဲ့ ရင်းနီးကျွမ်းဝင်လာတယ်။ ဒီလိုနဲ့ ရက်ပေါင်းများစွာကြာလာတယ်။ လတွေနှစ်တွေကြာလာတယ်။

ဒီအိမ်လေးမှာပဲ ကိုယ့်ရဲ့ "ပထမဦးဆုံး"ဆိုသောအရာတွေဖြစ်ခဲ့တယ်။

ဥပမာ - ဒီအိမ်လေးမှာ ကိုယ့်ရဲ့ပထမဦးဆုံး စာလေးတစ်ပုဒ်ရေးသားခဲ့တယ်။
ပထမဦးဆုံးသားဦးလေးရရှိခဲ့တယ်။
ပထမဦးဆုံးအလုပ်ရရှိခဲ့တယ်။

စတဲ့အရာတွေပေါ့။ သိပ်ပျော်ဖို့ကောင်းတဲ့နေ့စွဲလေးတွေကို အမှတ်ရနေမိတာပေါ့ဗျာ။


ကိုယ်ပျော့ညံ့လို့လား။

ဘယ်ကိစ္စမဆို စိတ်နှစ်ပြီး ခံစားချက်အစစ်အမှန်နဲ့ နေတာမျိုးက ပျော့ညံ့တာမဟုတ်ပါဘူး။

ဆိုပါစို့ ချစ်သူရည်းစားထားတယ်။

သူ့ကို ချစ်တယ်ဆိုရင် သူ့ကို အဆုံးထိချစ်ပေးတယ်။ ကိုယ့်ဘဝကြီးတစ်ခုလုံးဂယောက်ဂယက်ဖြစ်သွားသည့်တိုင်အောင် ချစ်ပေးခဲ့တယ်။ ဒါပေမယ့် ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားခဲ့တယ်။ အရာရာပြီးဆုံးခဲ့ပေမယ့်လဲ ပြန်လာမလားလို့ မျှော်လင့်နေမိတုန်းပဲ။ ကိုယ်ဝမ်းနည်းတယ်။ ကြေကွဲတယ်။ ငိုမိတယ်။

ဝမ်းနည်းလို့ရတယ် ငိုလို့ရတယ်။ အချစ်စစ်နဲ့ချစ်ခဲ့လို့ ခံစားရတာပဲဥစ္စာ။ ခံစားသင့်တာပေါ့။ အလွမ်းအဆွေးအချစ်အမုန်းဆိုတာတွေက နှလုံးသားကပြောတဲ့စကားတွေပဲလေ။

ဒီလိုသူမျိုးသာပျော့ညံ့ကြေးဆိုရင် ဒီလိုခံစားချက်မျိုးမရှိဘဲ ရည်းစားတွေအများကြီးကောက်ထားပြီးတော့ အသည်းမာမာနဲ့နေထိုင်နိုင်တဲ့သူတွေကျတော့ ခက်ထန်နေတာလား။ ဒါကတော့ စာဖတ်သူတစ်ဦးချင်းစီပေါ်မှာမူတည်တယ်ဗျ။

ကျနော်အခု သိပ်ချစ်ရတဲ့အမျိုးသမီးတစ်ဦးရှိတယ်။ သူ့ကိုစိတ်နှစ်ပြီးချစ်တယ်။ ဘဝကြီးတစ်ခုလုံးပုံအပ်ပြီးချစ်တယ်။ ကျနော်သိပ်ကျေနပ်တယ်။ သူ့ကြောင့်ခံစားရရင်ပျော်ပျော်ကြီးခံစားနိုင်တယ်။ ပိုပြီးကျေနပ်ဖွယ်ကောင်းတာက ပျော့ညံ့သွားမယ်လို့ယူဆခဲ့ပေမယ့် သူ့ကြောင့်ပိုသန်မာလာတယ်။ ချစ်တတ်တဲ့နှလုံးသားတစ်ခုက အရာအားလုံးထက်ပိုသန်မာတယ်ဆိုတာသိလာတယ်။


အကောင်းဆိုတဲ့အရာတွေအပေါ်တောင့်တမိခြင်း။

"Best Laptop" တို့ "Best Phone" တို့ဆိုပြီး အကောင်းဆုံးဆိုတာတွေကိုပဲ လိုချင်မိတယ်။ အကောင်းဆုံးလက်တွဲဖော်၊ အချောဆုံးကောင်မလေး၊ အလှဆုံးဆံပင်၊ အပေါ့ဆုံးဖိနပ်၊ အကျယ်ဆုံးအခန်း ဒီလိုတွေပေါ့။ ဒီ"အကောင်းဆုံး"ဆိုတဲ့ တံဆိပ်ကို ကျနော်တို့က စွဲလမ်းမိကြတယ်။

အိမ်ဆိုရင်လဲ အကောင်းဆုံးသောအိမ်ကိုလိုချင်ကြတယ် နေချင်ကြတယ်။ ဒီလိုမနေနိုင်တဲ့အခါ ဝမ်းနည်းတယ် စိတ်သောကရောက်ရတယ်။ လက်ရှိရှိနေတဲ့အရာမှာ မကျေနပ်နိုင်တော့ဘူး မပျော်ရတော့ဘူး။

ခေတ်ရဲ့ပြောင်းလဲမှုနဲ့ လှည့်စားမှုလို့ပဲဆိုရမလား။ Materialistic(ပစ္စည်းဥစ္စာမက်မောမှု) ရှိတဲ့ cultureမှာ အကောင်းဆုံးဆိုတာက လိုကိုလိုအပ်တဲ့အရာလို့သတ်မှတ်ကြတယ်။ ဒီဟာရှိမှရမယ်၊ ဒီဟာမရှိရင် ကိုယ့်ဘဝက အဆင်မပြေဖြစ်တော့မယ်ပေါ့။

ဟုတ်တယ် အကောင်းဆုံးဆိုတဲ့အရာကလဲ ကောင်းလွန်းလို့ကို အခုလို လူတွေလိုချင်ကြတာပေါ့။ ဒါပေမယ့် လိုကောလိုအပ်လို့လား။ စိတ်ခံစားချက်တစ်ခုတည်းကြောင့် ဒါကိုလိုအပ်တယ်လို့ယူဆတာလား၊ ဒါမှမဟုတ် တကယ်လိုအပ်တာလား။

ဒီလိုအကောင်းဆုံးလို့ ကိုယ်တွေသတ်မှတ်တဲ့အရာတွေက ကျနော်တို့မျှော်မှန်းသလောက်လဲ ကောင်းချင်မှကောင်းတယ်။ တစ်ခါတစ်လေလဲ ဘာမဟုတ်တဲ့အရာလေးတွေက အကောင်းဆုံးဖြစ်နေရင်လဲဖြစ်နေပြန်ရော။


ခံစားချက်ကိုနေရာတိုင်းမှာထည့်ရသလား

လူဆိုတာကဗျာ နှလုံးသားတစ်ခု ဦးနှောက်တစ်ခု။

ခံစားချက်နဲ့ပဲ အသက်ဆက်နေရတာလေဗျာ။ အထူးသဖြင့် ကျနော်တို့လိုမျိုး သူတွေပေါ့။ ဘယ်အရာမဆို စိတ်နှစ်လုပ်တတ်တယ်။ အပြည့်အဝခံစားတတ်တယ်။ မိမိကိုယ်ကိုလိမ်တာမျိုးကို တတ်နိုင်သလောက်ရှောင်ရှားတယ်။ ဒီနေရာမှာ ခံစားချက်မထည့်သင့်တဲ့နေရာတွေမှာလဲ ထည့်မိတယ်၊ တစ်ခါတစ်လေလဲလွန်သွားတတ်တယ်။

ကိုယ့်ဟာကိုယ်ချင့်ချိန်ပြီးလုပ်ပေါ့။

အရာရာတိုင်းကိုခံစားလွန်းနေရင်လဲမကောင်းဘူးဗျ။ ပင်ပန်းတယ်။ ကိုယ့်နှလုံးသားလေးကိုလဲ ဂရုစိုက်ဖို့လိုအပ်တယ်မဟုတ်လား။ ဘာမဟုတ်တဲ့အမှိုက်တွေကြားထဲ ခံစားမနေနဲ့၊ လိုအပ်တဲ့အရာကိုပဲ လိုအပ်သလောက် ခံစားပေါ့ဗျာ။

မချစ်သင့်တဲ့သူကိုမချစ်နဲ့၊ ချစ်ခဲ့ပြီးပြီဆိုရင်တော့ ခံစားဖို့အသင့်ပြင်ဆင်ထား၊ ဖြတ်သင့်ရင်တော့ဖြတ်။ တချို့နေရာတွေမှာ ခံစားချက်နဲ့ emotional attachmentဆိုတာကို မဖြစ်မနေဖယ်ထားလိုက်ရတာမျိုးလဲရှိသေးတာကိုး။ ဥပမာပြောတာပါ။


Tip for today.

"Price" and "Worth" ဆိုတာ မတူညီတဲ့အရာ ၂ ခုပါ။ အဖိုးအခနဲ့ တန်ဖိုးပေါ့။

ပစ္စည်းတစ်ခုက ကိုယ့်အတွက်လိုအပ်တယ်ဆိုရင် ပင်ကိုမူလစျေးဘယ်လောက်ပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့တန်ဖိုးရှိတာပဲ။ ရေဆာနေချိန် ရေဆိုတာ တန်ဖိုးရှိလွန်းလှတဲ့ အရာတစ်ခု။ ညအမှောင်ထဲသွားနေချိန် ဓာတ်မီးလေးတစ်ခုကလဲ တန်ဖိုးအင်မတန်ရှိလှတဲ့အရာတစ်ခု။


Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet