ပညာရေးအကြောင်း ဘယ်ကစတင်ရမလဲ
ပညာရေးဆိုတာတကယ်တော့ လွယ်ကူရိုးရှင်းတဲ့အရာလေးတစ်ခု။ သို့ပေမယ့် လူတွေရဲ့ ဆက်ဆံတဲ့ပုံစံကနေပြီးတော့ ပိုမိုရှုပ်ထွေးလာတယ်။ မှားယွင်းလာတယ်။ ဒီလိုနဲ့ ပညာရေးဆိုတာ လက်လှမ်းမမီတဲ့ တော်ရုံသူခူးခွင့်မရှိတဲ့ ပန်းလေးတစ်ပွင့်ဖြစ်လာတယ်။
ပညာရေးအကြောင်းဘာတစ်ခုမှမသိဘူး။ ကျောင်းကိစ္စတွေ ဘာတစ်ခုမှမရင်းနီးတဲ့သူတစ်ဦး ကိုယ့်သားသမီးကို ကောင်းမွန်တဲ့အနာဂတ်လေးတစ်ခုသာပိုင်ဆိုင်စေချင်ပါတယ် ဆိုတဲ့ မိဘတွေအတွက်
- ပညာရေးဆိုတာဘာလဲ
- မြန်မာပြည်ပညာရေး (နိုင်ငံခြားသင်ရိုးဖြစ်စေ ပြည်တွင်းဖြစ်စေ) အခြေအနေ
- လူတွေနဲ့လက်လှမ်းမမီ ဝေးနေရတဲ့ကိစ္စ
- ဘယ်လိုစတင်ဖွေရှာရမလဲ
- ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေ အမှားတွေ
- ကိုယ်ပိုင်အတွေ့အကြုံ
"ပညာရေးအကြောင်းက ဘာဖြစ်လို ရှာရဖွေရတာအင်မတန်ခက်ခဲနေတာလဲ။ (Moe Notes Podcast S1 E2)" မှာတော့ သေသေချာချာလေး ပြောပြဆွေးနွေးထားတယ်။ Vibeကတော့ ညအခါအင်္ဂလန်ရဲ့ တောအုပ်လေးတွေကြားထဲ လမ်းလျှောက်ရင်းစကားပြောတဲ့ပုံစံလေးပါ။
ပညာရေးဆိုတာဘာလဲ
ပညာရေးဆိုတာမှာ လူတွေမြင်တဲ့အမြင်အမျိုးမျိုးကြောင့် ဒွိဟတွေ ဝေခွဲဖို့ခဲယဥ်းတဲ့ အခြေအနေလေးတွေအများကြီးဖြစ်လာတယ်။
တချို့က ငွေရချင်လို့အလုပ်လိုချင်လို့ချမ်းသာချင်လို့။
တချို့က ပျော်ချင်လို့။
တချို့က မိသားစုကို ကောင်းကောင်းမွန်မွန်နဲ့ထားချင်လို့။
ဒီလိုရည်ရွယ်ချက်တွေနဲ့ ပညာသင်ကြတယ်။ မှားတဲ့သူရှိတယ် မှန်တဲ့သူရှိတယ်။ အမြင်ချင်းမတူတာလဲရှိတယ် ဒီလိုပဲ အမြင်မှားနေလို့ တွေးပုံတွေးနည်းလွဲနေလို့လမ်းဆုံးမရောက်တဲ့ သူတွေလဲရှိတယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ပြန်မေးပါ ပညာရေးကို မိမိသတ်မှတ်တဲ့အနက်အဓိပ္ပာယ်။
မြန်မာပြည်ပညာရေး (နိုင်ငံခြားသင်ရိုးဖြစ်စေ ပြည်တွင်းဖြစ်စေ) အခြေအနေ
မြန်မာပြည်ပညာရေးနဲ့ ပတ်သက်တာကိုတော့ လူတွေသိထားပြီးကြဖြစ်ကြမှာပါ။ ကျနော်ထပ်မံဖြည့်စွက်ချင်တာက မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံခြားပညာရေး။
နိုင်ငံခြားပညာရေးဆိုတိုင်း နိုင်ငံခြားမှာလိုမျိုး သင်ခွင့်ရှိမယ် နိုင်ငံခြားမှာ ကျောင်းကောင်းကောင်းမှာ ပညာသင်ကြားကြမယ့် လူငယ်တွေတန်းတူ အဆင်ပြေကြမယ်။ နိုင်ငံခြားပညာလဲရ၊ ကိုယ့်မိဘအိမ်မှာလဲ သင်ခွင့်ရမယ်ဆိုတော့ အဆင်ပြေတယ်ပေါ့။
အမှန်က ကိုယ့်လူတွေထည့်စဥ်းစားရမှာက Possibilityဆိုတဲ့ဖြစ်နိုင်ချေ။
- ဘယ်လောက်ရာခိုင်နှုန်းသောသူတွေ အဆင်ပြေသွားကြလဲ၊ ဘယ်လိုသူတွေမပြေဖြစ်သွားကြလဲ။
- ဘယ်လိုသူတွေက အဆင်ပြေသွားလဲ။ ဥပမာ - ပိုက်ဆံရှိတဲ့သူတွေလား၊ မိဘလုပ်ငန်းရှိတဲ့သူတွေလား၊ နိုင်ငံခြားကျောင်းမှာ ငယ်ငယ်တုန်းကတည်းက တက်လာခဲ့တဲ့သူတွေလား။
- ဒီလမ်းသာ အဆင်မပြေဖြစ်ရင် ရှိလာမယ့်အကျိုးဆက်တွေ။ ဥပမာ - ကိုယ်က ဒီလမ်းရွေးပြီးပြီဆိုတာနဲ့ ၃/၄နှစ်လုံးလုံး ဒီကျောင်းတက်မှ အဆုံးသတ်နိုင်မှ အဆင်ပြေမယ်။ လမ်းခုလတ်မှာ ကျောင်းထွက်ရပြီ၊ ဒီကျောင်းကလဲသိပ်မကောင်းတော့ တခြားဘယ်ကျောင်းမှ transferလုပ်လို့မရဘူး။ ကျောင်းပြောင်းတဲ့အခါ ၁၀ တန်းအောင်ဘဝကနေပဲ ပြန်စရမယ်ဆိုတာမျိုးပေါ့။
မြန်မာနိုင်ငံရဲ့ ကျောင်းတွေအခြေအနေ။
ကျောင်းကောင်းလားမကောင်းဘူးလားဆိုတဲ့ reviewသိချင်ရင်တော့
- Facebook groupတွေ
- ကျောင်းသားမိဘအချင်းချင်း ကျောင်းသားအချင်းချင်းပြောကြတဲ့ စကားဝိုင်းတွေ
- အဲ့ကိုယ်တိုင်ကြုံဖူးတဲ့ သူတွေကိုမေးကြည့်ပါ။
သတိထားရမှာက မြင်သမျှအချက်အလက်တိုင်းကမမှန်ပါဘူး။ Facebookပဲဖြစ်ဖြစ် အချင်းချင်းစကားပြောတာပဲဖြစ်ဖြစ် အကုန်လုံးက စစ်ဆေးလို့ လွယ်ကူတဲ့အခြေအနေတွေမဟုတ်ဘူး။ ဒီလိုပဲ
- ဒီကျောင်းတွေ၊ သင်ရိုးတွေနဲ့ ပတ်သက်တဲ့ ကွာလတီထိန်းကြောင်းမှု(Quality control)တွေ၊
- အာဏာသိမ်းအစိုးရရဲ့ ပညာရေးပေါ်အလေးထားမှုတွေ၊
- သတင်းမီဒီယာရဲ့ ပွင့်လင်းမြင်သာမှု
- ကိုယ့်ပြည်သူတွေရဲ့ သတင်းအမှားအမှန်စစ်ဆေးဝေဖန်နိုင်မှု စတဲ့အကြောင်းတွေကြောင့်
သတင်းအမှန်သိနိုင်ဖို့ဆိုတာ ခဲယဥ်းတယ်။ သိချင်ရင်တော့ ကျောင်းတွေရဲ့ လမ်းကြောင်းတွေ၊ အဲ့လမ်းကြောင်းတွေကို ကိုယ်တိုင်လျှောက်နေဆဲကျောင်းသားတွေ၊ ပြည်ပရောက်နေတဲ့ ကျောင်းသားတွေနဲ့ အလုပ်လုပ်တဲ့အရွယ်ရောက်နေကြတဲ့သူတွေကို မေးမြန်းပါ။
လူတွေနဲ့လက်လှမ်းမမီ ဝေးနေရတဲ့ကိစ္စ
ပြောရရင် သင်ရိုးမကောင်းလို့တို့ ဆရာမတွေအရည်အချင်းမပြည့်မီလို့တို့ ဆိုတာတွေက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားမဖြစ်မနေထွက်ဖို့လိုလာမှသာ သတိထားမိလာကြတဲ့ကိစ္စ။ ပြည်ပထွက်ချင်တဲ့သူတွေထဲ နိုင်ငံရေးအခြေအနေမပါဝင်ဘဲ သင်ရိုးမကောင်းလို့ ထွက်ချင်ကြတဲ့သူဆိုတာ အင်မတန်ရှားတယ်။
သင်ရိုးကောင်းတာမကောင်းတာ၊ နိုင်ငံကောင်းတာမကောင်းတာဆိုတဲ့ ကွာဟချက်ကို တော်ရုံသူသိကြဖို့ခဲယဥ်းတယ်။ တချို့ကိစ္စတွေဆိုတာက ကိုယ်တိုင်ကြုံဖူးမှသာ သိနိုင်တဲ့ကိစ္စတွေလေ။
ရုတ်တရက်ကြီး အာဏာသိမ်းတယ်။ အရင်တုန်းကပြည်ပရောက်သွားကြတဲ့သူတွေအများစုက နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လိုက်ရတဲ့သူတွေ၊ ငွေကြေးအမြောက်အများရှိတဲ့သူတွေပဲများကြတယ်။ အသက်ကြီးမှသာစွန့်စားသွားကြတဲ့ ခရီးကို အခုခေတ်မှာ လူကြီးလူငယ် အလုပ်သမားကျောင်းသားမရွေး ကြိုးစားပြီးထွက်နေကြတယ်။ ဒီတော့ လက်လှမ်းမီအောင်မနည်းလိုက်နေရတယ်။
လက်လှမ်းမီလို့ နိုင်ငံခြားရောက်သွားကြတာလားဆိုတော့လဲမဟုတ်ပြန်ဘူး။ ဘာတစ်ခုမှမသိတဲ့အခြေအနေတွေနဲ့ပဲကို အွန်လိုင်းကနေရှာဖွေပြီးတော့ ရောက်သွားကြတာချည်းပဲ။
ပြောရရင် ပညာရေးလောကရှုပ်ထွေးတယ်ဆိုတာက နိုင်ငံရေးလိုပဲ။ တကယ်ကတော့ရှင်းပါတယ်။ လူတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နယ်ပယ်တွေထဲကတစ်ခုမို့လို့သာ ရှုပ်ထွေးနေတာပါ?
ဘယ်လိုစတင်ဖွေရှာရမလဲ
အကူအညီတောင်းခံဖို့မရှက်ပါနဲ့။ ဒီလိုအချိန်မှာ "Low profile" နေတယ်တို့ အကူအညီမတောင်းဘဲ တစ်ဦးတည်းရပ်တည်နိုင်တယ်တို့ ဆိုတာ ဝံ့ကြွားစရာကိစ္စမဟုတ်တော့ပါဘူး။
လူတိုင်းကို မေးကြည့်ပါ။ ကိုယ့်အသိမိတ်ဆွေဖြစ်စေ သူစိမ်းဖြစ်စေ တက်ဖို့ပြင်ဆင်နေသူတွေ၊ နိုင်ငံခြားကျောင်းတက်နေတဲ့သူတွေ၊ အလုပ်လုပ်နေတဲ့သူတွေ စုံနေအောင်မေးကြည့်ပါ။
ပညာရေးအကျိုးဆောင်တွေကိုမေးကြည့်နိုင်ပေမယ့် သတိထားပါ။
အဓိကက ကိုယ့်ကိုဖြေလိုက်လို့ အကျိုးမရသွားမယ့်သူတွေကိုဦးစားပေးမေးပါ။
ဥပမာ - ကိုယ်က နိုင်ငံခြားကျောင်းတက်ဖို့ကိစ္စ ကျောင်းကိုသွားမေးတယ်၊ ကျောင်းကတော့ သူတို့ကျောင်းကိုတက်စေချင်လို့ နိုင်ငံခြားက ဘယ်လောက်ကောင်းတာတို့ ကျောင်းကဘယ်လောက်အဆင်ပြေတာတို့ကို ဦးစားပေးဖြေမှာပဲလေ။ ကျောင်းမတက်သင့်ဘူးတို့ အခက်အခဲတွေတို့ကို highlightမှာမှမဟုတ်တာ။
ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေ အမှားတွေ
ဘာမဟုတ်တဲ့ အမှားအယွင်းသေးသေးလေးတွေကနေစလို့ ငွေလဲ ဒေါ်လာသောင်းချီကုန်၊ အချိန်လဲ နှစ်ချီကုန်ပြီး ဘာမှမထူး အရာမရောက်တာတွေလဲရှိတတ်တယ်။
ဥပမာ - ကိုယ်က ပြည်တွင်းမှာ ပေးတဲ့ဘွဲ့ဆိုပြီး လွယ်လဲလွယ်တယ် ဆိုပြီး ယူလိုက်တယ်။ ကိုယ့်ကိုယ်ကိုထင်နေတာကျတော့ နိုင်ငံခြားဘွဲ့မို့လို့ နိုင်ငံခြားသားတွေနဲ့တန်းတူ အဆင့်သတ်မှတ်ခံရမယ်၊ အလုပ်လျှောက်ရတာလွယ်ကူမယ်၊ လက်ခံမယ်ပေါ့။
မလေ့လာမိလိုက်ခြင်းရဲ့အကျိုးဆက်က
- အဲ့ဘွဲ့က ကျောင်းဆုံးအောင် တက်ရမယ်။ လမ်းခုလပ်မှာရပ်ချင်ရင် တစ်နည်းအားဖြင့်ကျောင်းပြောင်းချင်ရင် အစကနေပြန်တက်ရမယ်။
- ကျောင်းက နိုင်ငံခြားဘွဲ့လို့သာဆိုတယ် ဘွဲ့ကမကောင်း၊ သင်ပေးတဲ့ဆရာဆရာမတွေကလဲ မသင်တတ်။
- နိုင်ငံခြားအတွေ့အကြုံလဲမရှိ၊ သင်ပေးမယ့်သူတွေ mentorတွေလဲ မရှိတော့ ပြည်ပထွက်ဖို့အတော်ကြီးအလှမ်းဝေးနေတယ်။ အလုပ်တောင် ပြည်တွင်းမှာပဲ ဆက်လုပ်လို့ရမယ်။
ဒါမျိုးပေါ့.
သတိပေးချင်တာ။
ဒလူလူမဖြစ်ပါနဲ့လို့။ ဒလူလူဆိုတာ Delusional ဖြစ်တာ။ စိတ်ကူးယဥ်ဆန်တာ။
တစ်ခုခုလိုချင်ရင်တစ်ခုခုတော့ပေးရတာပဲ။ လူတွေရဲ့လက်ထဲမှာရှိတဲ့ qualityတွေထဲမှာ
- ပြင်ဆင်မှုဆိုတဲ့Background
- ငွေ
- အချိန်
- လူအင်အား
- ရေရှည်အနာဂတ်
ဒါတွေရှိတယ်။ ဆိုလိုတာက ကိုယ်က အချိန်ကုန်တာလဲသက်သာချင်တယ်၊ ငွေလဲသိပ်မသုံးချင်ဘူး၊ ကောင်းတာလဲလိုချင်တယ် ဒါဆိုရင် အင်မတန်ကြိုးစားမှရမယ်။ ကြိုးစားတယ်ဆိုတာ နေ့မနားညမအားလုပ်ရမှာကိုမဆိုလိုဘူးနော်။ ငယ်ငယ်လေးကတည်းက ပြင်ဆင်လာရမယ်။ အချိန်လဲ သူများထက်ပိုကုန်မယ်။ ဒီလိုပေါ့။
စိတ်ကူးယဥ်ဆန်တဲ့မေးခွန်းတွေဆိုတာ
" မြန်မာအထက်တန်းအောင်လက်မှတ်ရှိပါတယ်။ UKလိုနိုင်ငံမျိုးမှာ စကော်လာရှစ် ရချင်တယ်။ ငွေလဲမကုန်ချင်ဘူး။ အစောဆုံးထွက်ချင်တယ်။ အလုပ်ကောင်းကောင်းရ လစာကောင်းကောင်းလဲလိုချင်တယ်။"
ရှေ့မှာရခဲ့တဲ့သူတွေလဲရှိတာပဲ ဆိုတာမျိုးကိုမပြောစေချင်ဘူး။ ကျနော်ပြောခဲ့တဲ့ ဖြစ်နိုင်ချေပမာဏဆိုတာ တွက်ဆစေချင်ပါတယ်။ Riskကိုလဲချိန်ဆစေချင်တယ်။
သဘောက ကိုယ်ပေးသလောက် ကိုယ်ပြန်ရမှာပဲ။ အချိန်ကော ငွေကော လူအင်အားကော ပင်ကိုအရည်အချင်းကော ရှိတဲ့သူအတွက် ငွေပဲဖြစ်စေ ကျောင်းပဲဖြစ်စေ အနာဂတ်ပဲဖြစ်စေ အဆင်ပြေမှာမုချပဲ။ တစ်ခုခုမှာ လစ်ဟာသွားရင် တခြားတစ်နည်းနဲ့ ဖြည့်စွက်၊ မဟုတ်ရင်တော့ ခက်ခဲမှာပါပဲ။
စိတ်ကူးယဥ်ဆန်တာ အချစ်တောင်မကောင်းပါဘူး။