တန်ဖိုးထားသင့်တဲ့ကျန်းမာရေး၊ အစားအသောက်၊ဆေးဝါး

မိမိခန္တာကိုယ်ဖြစ်စေ ဦးနှောက်ကိုဖြစ်စေ အင်မတန်အသုံးပြုသူတွေသာဖြစ်ခဲ့မယ်ဆိုရင် အိပ်ရေးတစ်ရက်ပျက်တာကအစ အိပ်ချိန်နောက်ကျတာကအစ ထိုတစ်နေ့တာကိုဘယ်လောက်ထိ ထိခိုက်သလဲဆိုတာသိသာပါတယ်။
ဥပမာ - Gymသွားနေကြသူဆို အိပ်ရေးပျက်ရင် လုပ်နေကြလေ့ကျင့်ခန်းတွေမလုပ်နိုင်တော့တာ ခေါင်းမူးနေတာ ပင်ပန်းသလိုဖြစ်နေတာမျိုးပေါ့။
တချို့ကျတော့လဲ စိတ်အစွဲကြောင့်၊ တချို့ကျတော့ တကယ်ထိခိုက်တယ်။ ဆိုတော့ ဒီ၃ခုကဘာတွေဆက်စပ်နေတာလဲ။ မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး သဘောထားကြလဲ။ အဆိုးဝါးဆုံးအခြေအနေမှာ ဘယ်လိုအကောင်းဆုံးကျော်ဖြတ်ကြမလဲ။
မြန်မာနိုင်ငံရဲ့စားသောက်ပုံ
ကျနော်ဆရာဝန်တစ်ဦးမဟုတ်ဘူး။ ဒါပေမယ့်သိချင်တာရှိတယ်။
မြန်မာနိုင်ငံကသာမန်လူတစ်ဦးအနေနဲ့ အာဟာရပြည့်ဝစွာစားသောက်နိုင်မလား။ အသက်ရှည်ရှည်နဲ့ကျန်းမာစွာနေထိုင်နိုင်မလား။
ဘာဆေးမှမသောက်ဘူး။ ကိုယ်တိုင်စိုက်ပျိုးထားတာလဲဘာတစ်ခုမှမရှိဘူး။ သာမန်ရပ်ကွက်စျေးတွေမှာပဲ ဝယ်ယူမယ်။ ကုန်ကျစရိတ်လဲ အထွေအထူးချွေတာနေတာမျိုးမရှိသလို ပိုအောင်ဝယ်နေတာမျိုးလဲမရှိဘူး။
(လူတိုင်းလက်လှမ်းမီနိုင်တဲ့အခြေအနေကို ဆိုလိုတာပါ။ ဥပမာ - နယ်ဘက်တွေမှာနေတဲ့အခါမျိုးမှာ ကိုယ်ပိုင်စိုက်ခင်းတွေ ကိုယ်ပိုင်အချိတ်အဆက်တွေနဲ့ ဝယ်ယူစားသုံးနိုင်တာမျိုးကို မဆိုလိုဘူးနော်။ )
ကျနော့်အထင်တော့မဖြစ်နိုင်ဘူး။ အကြောင်းအရင်းအမျိုးမျိုးကြောင့်ပါတာပေါ့။ အစားအသောက်ကုန်ကြမ်းတွေမသန့်ရှင်းမလတ်ဆတ်မှု၊ တာရှည်ခံပစ္စည်းတွေပါဝင်တာ၊ ဓာတုဆေးဝါးတွေနဲ့ မွေးမြူစိုက်ပျိုးထားတာ၊ အစားအသောက်ကိုင်တွယ်ပုံ စနစ်မကျတာ၊ မီးဖိုချောင်မသန့်ရှင်းတာ။
ဟုတ်မဟုတ် လူတွေဝယ်ယူနေကြ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ စက်ရုံတွေ လေ့လာကြည့်ကြည့်။ ပြီးရင် ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတွေက ပုံစံတွေကို လေ့လာကြည့်။
ငယ်တုန်းရွယ်တုန်းတော့ ဘယ်သိသာမလဲဗျာ။ ကိုယ်လဲ ဒီအစားအသောက် သူလဲဒီအစားအသောက်ပဲစားကြတာကိုး။ အသက်တဖြည်းဖြည်းကြီးလာတဲ့အခါကျတော့မှ ရောဂါဘယတွေစုံလာတော့မှ နောင်တရကြတာ။
ဒီအရာကို ပြောင်းလဲလို့ရလားဆိုတော့ရတယ်။ ငွေအားလူအားအချိန် ဒါတွေတော့အသုံးပြုရမယ်။ ဥပမာ - သန့်ရှင်းချင်လို့ ကိုယ့်ခြံမှာကိုယ် စိုက်ပျိုးတယ်။ ရပ်ကွက်စျေးတွေမှာအစား သန့်ရှင်းမှု စိုက်ပျိုးမှု ထုတ်လုပ်မှုပုံစံကောင်းတဲ့သူတွေရှာပြီး ဝယ်ယူမယ်။ နေ့စဥ်နေ့တိုင်းကိုယ်တိုင်ချက်ပြုတ်စားသောက်ဖို့ကြိုးစားမယ်။
ဒါပေမယ့် ဒါတွေကို လူအနည်းစုကပဲ လုပ်နိုင်ပါလိမ့်မယ်။
အနေအထိုင်ရာသီဥတု
ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ရာသီဥတုအခြေအနေကကော ဘာပြောကောင်းမလဲ။
လူနေထူထပ်တဲ့ လူဦးရေများပြားတဲ့ နေရာဒေသတွေကိုကြည့်ကြည့်။ သစ်ပင်တွေ၊ ကွင်းပြင်ကျယ်တွေ စတဲ့အစိမ်းရောင်နယ်မြေကို သေသေချာချာထိန်းသိမ်းထားရဲ့လား။ လူဘယ်နဦးက မြက်ခင်းစိမ်းတွေပေါ် ဘယ်လောက်ပမာဏလျှောက်ဖြစ်ကြလဲ။
လေထုညစ်ညမ်းမှုကကော ဘယ်လောက်ရှိလဲ။ အစိုးရဆိုသူတွေကကော ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဘယ်လောက်ထိ ဦးစားပေးထားသလဲ။ ရေရှည်ရေတိုအစီအစဥ်ဘာရှိသလဲ။ လူတွေကကော ဘယ်လောက်ထိ လိုက်လုပ်နိုင်မလဲ။ အဖြစ်ရှိရဲ့လား။ အဖြစ်ရှိမှတော့ရမှာနော်။
သြော်ကဲ မီးလာဖို့တောင်အနိုင်နိုင် အင်တာနက်ကောင်းဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ခေတ်လေ။ ကိုယ့်ဟာကိုယ်တောင် မလုံခြုံပါဘူးဆိုနေမှ ဘာတွေမျှော်လင့်နေ။
ရာသီဥတုကလဲ ဖောက်မြဲရင်းဖောက်ပြန်။ ဒီလောက်ပူအိုက်နေတဲ့ရာသီဥတုမှာ ချွေးသံတရွှဲရွှဲနဲ့ အလုပ်သွားအလုပ်ပြန်လုပ်နေကြရတဲ့သူတွေ။
အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး စတဲ့infrastructureတွေဆိုရင်လဲ ဒီရာသီဥတုအခြေအနေ၊ လူတွေ comfortableဖြစ်မဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ကိုက်ညီမညီ၊ အလုပ်သမားအခွင့်အရေး စတာတွေနဲ့ထည့်သွင်းစဥ်းစားပြီး ဆောက်လုပ်ထားတာလား ဒါမှမဟုတ် လူများများနေလို့ရရင်ပြီးရော ဆောက်ချင်သလိုဆောက်မယ်။
ကောင်းမွန်ခြင်းဆိုတာ အထက်တန်းလွှာလူတန်းစားတစ်စုအတွက်ပဲလား။
ဆေးဝါး
အိမ်က အမတစ်ယောက်ဖျားတော့ ဆေးခန်းသွားခိုင်းတယ်။ မသွားဘူးတဲ့။ မကြာမီအချိန်အတွင်း နိုင်ငံခြားသွားရတော့မှာမို့ အရမ်းချူချာမနေချင်ဘူး ကိုယ်ခံအားနဲ့ပဲ တိုက်ထုတ်ချင်လို့ပါတဲ့။
အဲ့နေ့ညဆေးခန်းသွားပြခိုင်းလိုက်တော့ တန်းစီနေရတာအများကြီးပဲ။ ချူချာကြပုံများပြောပါတယ်။ နောက်တော့ပြဖြစ်လိုက်ပါတယ်။ အားဆေးတို့အဖျားပျောက်ဆေးတို့ပေးတယ်ထင်ပါရဲ့။
ဆရာဝန်က "ကိုယ်ခံအားကောင်းစေတဲ့အစားအသောက်တွေလဲပေါပေါသီသီမရှိသလို ရှိတဲ့အစားအသောက်တွေကလဲ အာဟာရနဲ့ပြည့်ဝနေတာမဟုတ်ဘူး။ ဒါမို့ ဆေးနဲ့အမြဲကူညီရတယ်" အဲ့လိုခပ်ဆင်ဆင်ပါပဲ။
တကယ်တော့ ကိုယ့်နိုင်ငံရဲ့ရေမြေကအင်မတန်ကောင်းတယ်။ မြေပြန့်ဒေသတွေမှာဆို တစ်နှစ်ပတ်လုံး တစ်ရာသီတည်းလို့တောင်ထင်ရတယ်။ မိုးရွာနည်းနည်း ဆောင်းတွင်းအေးလဲနည်းနည်းပါပဲ။ တောင်ပေါ်ဒေသဆိုရင်တော့ ဒီထက်ပိုဆိုးမယ်။ မကောင်းတာက ဂေဟစနစ်ပျက်စီးလာတော့ ပိုလို့ကိုဆိုးသွားတာ။
အစားအသောက်ဆီက ဘာအာဟာရမှမရတော့ ဆေးသောက်ရတယ်။ ဆေးဆိုရင်လဲ နိုင်ငံခြားဖြစ်ဆေးတွေသောက်နိုင်တဲ့သူကသောက် မသောက်နိုင်တဲ့သူက ပြည်တွင်းဖြစ်တွေကို စျေးသက်သက်သာသာနဲ့ရနိုင်တော့သောက်ပေါ့။
သဘာဝပတ်ဝန်းကျင်ဘယ်လိုထိန်းသိမ်းသင့်လဲ။
ဒီလိုခေတ်ပျက်ကြီးထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခိုင်းနေရင်တော့ ရိုင်းရာကျသွားလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို သိထားသင့်ပါတယ်။
လုပ်လို့ရတာကတော့ဗျာ အသေးစားcampaignလေးတွေနဲ့ သစ်ပင်စိုက်ပျိုးမယ်၊ Workshopလေးတွေလုပ်မယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးcampaignတွေကို ကျောင်းတွေ၊ အဖွဲ့အစည်းတွေ၊ Organisationတွေနဲ့ ပူးပေါင်းဖန်တီးမယ်၊ ဒေသန္တရအဖွဲ့အစည်းတွေနဲ့တူတူလုပ်မယ်။
အမှိုက်စွန့်ပစ်မှုပုံစံတွေ recycling programတွေကို စနစ်တကျလုပ်မယ်။ တစ်ခါသုံးပစ္စည်းတွေအစား ပြန်လည်အသုံးပြုလို့ရတဲ့ Biodegradable ဗူးတွေ containerတွေ ပစ္စည်းတွေအသုံးပြုမယ်။
ဒီလိုခေတ်ပျက်ကြီးထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခိုင်းနေရင်တော့ ရိုင်းရာကျသွားလိမ့်မယ်။ ဒီတော့ ကိုယ့်တစ်ကိုယ်ရည်ပဲနိုင်သလောက်ပဲလုပ်ကြ ကိုယ့်အကျိုးကောင်းမှပဲ ဝိုင်းလုပ်ကြပေါ့ဗျာ။
ကိုယ်ဘာပစ္စည်းပဲအသုံးပြုပြု ဘာကိစ္စပဲလုပ်လုပ် ဒီကိစ္စက ပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်သွားနိုင်သလဲ၊ ကိုယ့်ကိုကော ဘယ်လောက်ထိခိုက်သွားနိုင်သလဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ရှုထောင့်နဲ့လုပ်ရင်ကော ဘာတွေပြောင်းလဲသွားနိုင်သလဲ၊ ကုန်ကျစရိတ်အတက်အကျဘယ်လောက်ရှိသလဲ။
ဆိုပါစို့ ကျနော်က ကားပိုင်ရှိတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းချင်လို့ Busစီးတယ်။ သွားလာရတာအင်မတန်ပင်ပန်းတယ်။ ပစ္စည်းတွေ သယ်လို့မရဘူး။ အချိန်ကြာတယ်။ ဒါဆိုမကာမိတော့ဘူး ကျနော့်အတွက်တော့မတန်ဘူး။
ဒါပေမယ့် ကျနော်တစ်ခါသုံးပစ္စည်းတွေ တတ်နိုင်သလောက်လျှော့သုံးတယ်။ တစ်ခါသုံးဗူးတွေအစား အခါခါပြန်သုံးလို့ရတဲ့ ထမင်းဗူးလေးတွေသုံးတယ်။ တစ်ခါသုံးရေသန့်ဗူးအစား ရေသန့်ဗူးကောင်းကောင်းဝယ်လိုက်တယ်။ အင်္ကျီအဝတ်အစားဆိုရင်လဲ ဝယ်ချင်သလိုဝယ်မနေတော့ဘဲ ရေရှည်ဝတ်လို့ရမယ့်ဟာမျိုးသာ ကောင်းကောင်းဝယ်ထားလိုက်တယ်။
ကိုယ့်ကျန်းမာရေး ကိုယ့်နေ့စဥ်ဘဝကိုလဲ ကောင်းမွန်စေတယ်၊ ကိုယ့်အိတ်ကပ်ကိုလဲ သိပ်မထိခိုက်ဘူး။ ပတ်ဝန်းကျင်လဲထိန်းသိမ်းရာကျတယ်။
ကျန်းမာရေးကောင်းအောင်ဘယ်လိုနေထိုင်ရမလဲ။
အစားအသောက်ကိုဂရုစိုက်ပါ။ အဝတ်အစားတွေ အပျော်အပါးတွေ ဥစ္စာပိုင်ဆိုင်မှုတွေက ကိုယ့်ကျန်းမာရေးနဲ့ယှဥ်ရင်တော့ဒုတိယပါပဲ။
ငွေဆိုတာကဗျာ စုသင့်သလောက်စု သုံးသင့်သလောက်တော့အသုံးပြုရမှာပဲ။ ငွေတွေချည်းစုရင်းစုရင်း ရင်းနီးမြှုပ်နှံရင်း ကျန်းမာရေးကိုလျစ်လျူရှုနေရင်တော့ ဆေးရုံဆေးခန်းဖိုးနဲ့တင် ရှာထားသမျှ စုဆောင်းထားသမျှ ကုန်သွားပါလိမ့်မယ်။
ခေတ်ပျက်ကြီးထဲမှာ မွေးလာရတော့လဲ ဘယ်တတ်နိုင်မှာလဲ အခြေအနေကိုမလွန်ဆန်နိုင်သေးရင်တော့ ရအောင်ကျော်ဖြတ်ရမှာပဲ။
၁။ အစားအသောက်
အစားအသောက်တွေကို ထမင်းနဲ့ဟင်းနဲ့ ဆိုပြီးမစားပါနဲ့။ Carbohydrate (ကစီဓာတ်)၊ Protein(အသားဓာတ်)၊ Fat(အဆီဓာတ်) ၃ခုလုံးကို ခန္တာကိုယ်က လိုအပ်တဲ့အတိုင်းမျှတအောင်စားသုံးပါ။
သန့်ရှင်းလတ်ဆတ်တဲ့အသီးတွေ(လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊သရက်သီး၊..) အရွက်တွေ (ပန်းပွင့်၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဥ်သီး၊..) ၊ အနှံတွေ(ဆန်၊ အုတ်ဂျုံ၊ ဂျုံစေ့၊...)၊ အစေ့အဆံတွေ (မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်း...) ကိုစားသုံးပါ။
လတ်ဆတ်မှုကိုဦးစားပေးပါ။ ပါကင်ထုတ်ပိုးပြီးသား ပြင်ဆင်ပြီးသားအစားအသောက်တွေ processed foodတွေ (ဥပမာ -အာလူးကြော်၊ အသင့်စားခေါက်ဆွဲ၊ Saussage၊ အေးခဲအသား) အစား နဂိုမူလအခြေအနေအတိုင်းရှိနေတဲ့စားသောက်ကုန်တွေ(ဥပမာ - အသီးအနှံအစစ်၊ လတ်ဆတ်တဲ့အသားအစစ်၊ အာလူး၊...)တို့ကို ဦးစားပေးချက်ပြုတ်စားသုံးပါ။
စားသောက်တဲ့အခါမှာလဲ ဖြေးဖြေးချင်းစားပါ။ သေချာဝါးပါ။ ပိုမစားပါနဲ့။ ဖုန်းတစ်ဖက် ရုပ်ရှင်တစ်ဖက်နဲ့မစားပါနဲ့။ သေချာခံစားပြီး ခန္တာကိုယ်က လိုအပ်သလောက်ဖြည့်စည်းပေးပါ။
၂။ လေ့ကျင့်ခန်း
အဲကွန်းခန်းထဲအမြဲနေမနေပါနဲ့။ ကုတင်ပေါ် လှဲမနေနဲ့ ထိုင်ခုံပေါ် အမြဲထိုင်မနေနဲ့။ အပြင်ထွက်ပါ။ တက်တက်ကြွကြွနဲ့နေပါ။ ဖြစ်နိုင်ရင်ကလေးတုန်းကလိုမျိုး အမြဲခုန်ပေါက်နေပါ။
နေပူထဲတော်ရုံ
အားကစားတစ်ခုခုလုပ်ပါ။ စက်ဘီးစီး၊ ဘောလုံးကန်၊ ကြက်တောင်ရိုက်တာမျိုးကနေစလို့ gymဆော့ တောင်တက် ပြေး လုပ်ပါ။ အဓိကကလှုပ်ရှားနေဖြစ်ဖို့ပါပဲ။ တစ်နေ့ကို ခြေလှမ်း ၁ သောင်း ၂ သောင်းလောက်အနည်းဆုံးရှိပါစေ။ Calorieလောင်ကျွမ်းမှုကလဲ ၂၀၀၀အနည်းဆုံးရှိပါစေ။
ခြေလက်ခန္တာချို့ယွင်းမှုတစ်ခုခုရှိမယ်ဆိုရင်လဲ modificationတွေအများကြီးရှိပါတယ်။ Youtubeမှာ ရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးဖြစ်နေစရာမလိုဘူး။
၃။ ဆေးဝါး
ခန္တာကိုယ်ကလိုအပ်လောက်မယ့် Vitaminတွေ ဆေးဝါးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်သုံးပါ။ ကျနော်တို့လို နေသိပ်မထွက်တဲ့နိုင်ငံမှာဆို Vitamin Dတို့ Vitamin B12တို့ Multivitaminတို့ပေါ့။ သံအမြဲချပါ။
ငယ်ငယ်တုန်းကဆို ကျနော့်အဖွားရဲ့ Ensureဗူးကို အမြဲခိုးခိုးသောက်တတ်ပါတယ်။ သောက်လို့လဲကောင်းတယ်လေနော်။ ခိုးတော့မသောက်ပါနဲ့ စျေးကြီးလို့။
အဲ့အစား Proteinလိုချင်လို့ဆို Protein powderတွေ Mass gainerတွေ ကိုယ့်အခြေအနေပေါ်မူတည်ပြီးသောက်။ ပါဝင်တဲ့ဓာတ်တွေလိုချင်လို့ဆို ဆေးဝါးကောင်းကောင်းလေးတွေရှာဖွေကြည့်။ ကိုယ့်ခန္တာကိုယ်ရဲ့ တုံ့ပြန်မှုကို နားထောင်။
အဓိကက ကိုယ့်ခန္တာကိုယ်အကြောင်း ကိုယ့်ဟာကိုယ် နားလည်ဖို့ နားထောင်တတ်ဖို့ပါပဲ။ သူက နားဖို့လိုနေပြီဆိုလဲ အချက်ပြတယ်။ ဆက်လုပ်နိုင်သေးတယ်ဆိုလဲ အချက်ပြမှာပါပဲ။
အဆုံးသတ်
ကိုယ်အရမ်းတန်ဖိုးထားတဲ့ပစ္စည်းတစ်ခုခု ရှိပါလိမ့်မယ်။ ကိုယ့်အတွက်အင်မတန်တန်ဖိုးထားရတဲ့အရာလေးတစ်ခု။ သူ့ကိုမပျက်စီးစေချင်ဘူး ရေရှည်တည်တံ့စေချင်တယ်မလား။ ကိုယ့်ခန္တာကိုယ်ကိုလဲ အဲ့လိုသဘောထားကြည့်ကြည့်။
ကားတစ်စီးကို လက်ကျန်ဆီနည်းနည်းလေးနဲ့ မောင်းလို့မရပါဘူး။ ထိန်းသိမ်းပေးရပါတယ်။ ပုံမှန်ဆေးရတယ် ကားပေါလစ်တိုက်ရတယ်။ ဆိုင်ကိုပြသင့်ပြရတယ်။
ကိုယ့်ခန္တာကိုယ်ကိုလဲ ထိုနည်းလည်းကောင်းပဲ မညှင်းဆဲပါနဲ့။ ဂရုစိုက်ပါ။ ကိုယ့်ဘဝဝင်သက်ထွက်သက်တိုင်းမှာ ကိုယ့်အနားအမြဲရှိနေမယ့် သူပါ။ သူကြိုက်မယ့် ကျေနပ်စေမယ့်အရာလေးတွေကို ဦးစားပေးပါ။ ဒါမှသာ ရေရှည်ဆက်လက်လျှောက်လှမ်းနိုင်မှာပါ။
ဘယ်လောက်ပဲအဆင်မပြေဖြစ်နေပါစေ ခေတ်ပျက်ကြီးထဲရောက်နေပါစေ ကျန်းမာအောင်တော့နေရမယ်နော်။