Majorနဲ့ဝါသနာ ဘယ်လိုရှာဖွေရမလဲ။
“ငယ်ငယ်လေးကတည်းက ရိုက်သွင်းခံခဲ့ရတဲ့စိတ်၊ မိဘတွေရဲ့လွှမ်းမိုးမှု၊ ဝါသနာရှာဖွေခွင့် စမ်းသပ်ခွင့်၊ အမှားကို ရွေးချယ်ခဲ့ရတဲ့အခြေအနေတွေ၊ ဝါသနာဆိုတာဘာလဲ ဘယ်လိုရှာဖွေရမလဲ၊ ကိုယ့်အတွက်ကိုယ်ရုန်းထွက်ချိန်၊ ဖြစ်လာနိုင်တဲ့ကျရှုံးမှုတွေ ၊ ဝါသနာနဲ့မေဂျာ၊ ဝါသနာနဲ့ ဝင်ငွေ၊ မိဘတွေရဲ့ကဏ္ဍ၊ ကလေးတွေရဲ့ကဏ္ဍ”
လူ့ဘဝရဲ့အဓိပ္ပာယ်ဆိုတာဘာလဲ။ ငယ်စဥ် များများစာလုပ်မယ်။ ဘွဲ့ရမယ်။ အလုပ်ရမယ်။ ပိုက်ဆံရှာမယ်။ မိန်းမနဲ့ကလေးယူမယ်။ အသက်သေဆုံးသွားမယ်။ ဒါလား။
ဘယ်သူမေးမေး ကြီးလာရင် ဆရာဝန်လုပ်မလား အင်ဂျင်နီယာ လုပ်မလား။ ဒါပဲခေါင်းထဲမှာစွဲမြဲနေခဲ့တယ်။ ဝါသနာဆိုတာမသိခဲ့ဘူး။ တကယ်တော့ ဝါသနာနဲ့ majorဆိုတာ ဘာမှမသိတဲ့သူတစ်ဦးတောင် အနီးစပ်ဆုံးဖြစ်အောင်ကြိုးစားလို့ရနိုင်တယ်။
- ငယ်ငယ်လေးကတည်းက ရိုက်သွင်းခံခဲ့ရတဲ့စိတ်၊
- မိဘတွေရဲ့လွှမ်းမိုးမှု၊
- ဝါသနာရှာဖွေခွင့် စမ်းသပ်ခွင့်၊
- အမှားကို ရွေးချယ်ခဲ့ရတဲ့အခြေအနေတွေ၊
- ဝါသနာဆိုတာဘာလဲ ဘယ်လိုရှာဖွေရမလဲ၊
- ကိုယ့်အတွက်ကိုယ်ရုန်းထွက်ချိန်၊
- ဖြစ်လာနိုင်တဲ့ကျရှုံးမှုတွေ ၊
- ဝါသနာနဲ့မေဂျာ၊
- ဝါသနာနဲ့ ဝင်ငွေ၊
- မိဘတွေရဲ့ကဏ္ဍ၊
- ကလေးတွေရဲ့ကဏ္ဍ”
ငယ်ငယ်လေးကတည်းက ရိုက်သွင်းခံခဲ့ရတဲ့စိတ်
ကလေးလေးဘဝကတည်းက အခုထိ ဘယ်အချိန်တုန်းကများ လုပ်ချင်တာလုပ်ခွင့်ရခဲ့ကြလဲ။
“အပြင်မှာဆော့ရင် ချော်လဲမှာစိုးလို့ မဆော့ရဘူး။”
“အိမ်မှာနေရင် ဆော့လို့မရဘူး အဘိုးအဘွားတွေထိမှာစိုးလို့ မကြိုက်လို့။”
“မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်။ ယောက်ျားလေးလို နေလို့မရဘူး။”
ဒီလိုနဲ့ အကုန်လုံးက ပြားပြားဝပ်ခဲ့ကြရတယ်။ ကလေးဘဝမှာ မျောက်ရှုံးအောင်ဆော့ချင်ကြတယ်။ ဘောလုံးကန်ချင်ကြတယ်။ အရုပ်တွေဆိုရင်လဲ ဖြုတ်လိုက်တပ်လိုက်လုပ်ချင်ကြတယ်။ ဒဏ်ရာတွေရတယ်။ ချော်လဲတယ်။ အရုပ်တွေပျက်စီးတယ်။ တစ်ကိုယ်လုံး ရေတွေစိုတယ်။ အိမ်မှာရှိတဲ့ပစ္စည်းတွေ ရစရာကိုးမရှိဘူး။
“အခုနေ ဒီလောက်ဖျက်စီးနေရင် ကြီးလာရင် ပျက်စီးလိမ့်မယ် သူ့ကိုယ်သူထိန်းသိမ်းတတ်မှာမဟုတ်ဘူး”
အကျိုးဆက်
ဒီလိုနဲ့ အရာရာကိုကြောက်ရွံ့မှုလွန်ကဲစွာနဲ့ အသက်ကြီးပြင်းလာကြရတယ်။ မိဘတွေဆီကနေ လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ အကြောက်တရားပေါ့။ လူကြီးရှေ့ခေါင်းငုံ့ဖို့ကိုပဲ တာဆူနေခဲ့ပြီး ဘဝတစ်သက်တာလူတိုင်းရှေ့ ခေါင်းငုံ့ရမယ့်အဖြစ်ကို မတွေးမိခဲ့ဘူး။ လူကြီးတွေရှေ့ ဆဲဆိုတာက ရိုင်းစိုင်းတာလို့ထင်မှတ်ခဲ့ပြီး မဟုတ်တာပြောတာကို ရိုင်းစိုင်းတာလို့ မသိခဲ့ဘူး။ ဒေဝေါကြီးကိုကြောက်ရတာနဲ့ သရဲကြီးကိုကြောက်ရတာနဲ့ မျက်နှာမဲကြီးကို ကြောက်ရတာနဲ့။
တကယ်တော့ ကလေးဆိုတာ အရာရာကို စူးစမ်းချင်စိတ်မြင့်မားတဲ့အရွယ်၊ လူကြီးတွေထက်အစပေါင်းများစွာ သိချင်စိတ်ရှိတဲ့အရွယ်၊ မွမ်းမံနိုင်တဲ့အရွယ်။ အရာရာဟာသူတို့အတွက်တော့ ကစားကွင်းကြီးတစ်ခုလိုပဲ။ လုပ်ချင်တာလုပ်မယ် စားချင်တာစားမယ် ကိုင်ချင်တာကိုင်မယ်။
မိဘတွေကတော့ အကောင်းဆုံးလို့ထင်မယ့်ဟာကို လုပ်ပေးကြတာပါပဲ။ ခက်တာက သူတို့အတွက်တော့ အကောင်းဆုံးဖြစ်ချင်ဖြစ်မယ် ကလေးအတွက်တော့ ဟုတ်ချင်မှဟုတ်မယ်။ ဒီလိုနဲ့ သူတို့လုပ်ချင်တာဆိုတာ သူတို့မသိခဲ့ရဘူး။
မိဘတွေရဲ့လွှမ်းမိုးမှု
အသက်တဖြည်းဖြည်းကြီးလာတဲ့အခါ ၅ နှစ် ၁၀ နှစ် ဖြစ်လာတဲ့အခါ တစ်စတစ်စသိလာပြီ။ ဒီလိုနဲ့ သူတို့စိတ်ဝင်စားတဲ့အရာကို ဘယ်သူမှတားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာသိလာတယ်။ ဘာဒေဝေါကြီးလဲ ဘာသရဲလဲ ဆိုပြီး ရီတဲ့အရွယ်ပေါ့။
- တချို့က စာဖတ်တာကြိုက်တယ်။
- တချို့က ကစားရတာကြိုက်တယ်။
- တချို့က စွန့်စားခန်းတွေကြိုက်တယ်
- တချို့ကြတော့ ပန်းပင်လေးတွေကို ကြိုက်တယ်။
ဒါတွေကိုယ်စီရှိလာကြတယ်။ တချို့ကြတော့ ဘာမှကိုမလုပ်ချင်သလိုဖြစ်နေတယ်။
ဘာလုပ်လုပ် ငါအပြောခံရမှာပဲဆိုတဲ့စိတ်နဲ့ မလုပ်ရဲမကိုင်ရဲ။ ကြောက်ရွံ့မှုက သိပ်များလွန်းလှတယ်။ တခြားသူတွေရဲ့အမြင်ကို သိပ်ဂရုစိုက်တဲ့သူတွေဖြစ်သွားကြတယ်။
ဒီလိုနဲ့ ဝါသနာဆိုတာပေါ်လာကြတယ်။ ခက်တာက ဒီဝါသနာတွေကို ကိုယ့်မြေက မိဘတွေအများစုက သဘောမကျကြဘူး။ သူတို့စိတ်ထဲ ဒါတွေက ဘာတစ်ခုမှအလုပ်မဖြစ်တဲ့အရာတွေလို့မြင်တယ်။ ခက်တာက စကားလေးပုံမှန်ပြောဖို့ပါ ခက်ခဲနေတယ်။
“ကိုယ့်မိဘကိုယ်ဘယ်လိုပြောနေတာလဲ ပြန်ပြောစမ်း”
“လေသံမာမာနဲ့ပြောလို့ နင်လုပ်ချင်တာဘာတစ်ခုမှလုပ်ခွင့်မပေးဘူး။”
“ငါတွေနင်တွေနဲ့ ဘာလို့ပြောနေတာလဲ နင့်ကိုဘယ်လိုဆုံးမထားလဲ”
“ငါနင့်ကိုရိုက်တယ်ဆိုတာ ကောင်းစေချင်လို့”
၁၀နှစ် ၁၅နှစ် ကလေးတစ်ယောက်ကဗျာ ဒီလောက်ထိမှားတဲ့အလုပ်မျိုး အပြောခံရမယ့်အလုပ်မျိုး လုပ်မယ်တော့မထင်ဘူးဗျ။ တစ်ခါတစ်လေ အပြင်ထွက်ဖို့ပြောမယ် သူငယ်ချင်းတွေဆီ လိုက်ပို့ခိုင်းမယ်။
ဟုတ်တယ်တချို့ကလေးတွေ ငယ်ငယ်လေးကတည်းက အကျင့်မကောင်းကြဘူး။ ဗီဇမကောင်းတာပေါ့။ ဗိုလ်ကျမယ်။ မဟုတ်တာပြောမယ် လိမ်မယ် ဖားမယ်။ ဒါမျိုးသူတွေမှအပ ပုံမှန်ကလေးတစ်ဦးအတွက်တော့ စမ်းသပ်ခွင့်ဆိုတာ ပေးအပ်သင့်တဲ့ကိစ္စပဲလေ။
ဒီလိုကလေးတွေရဲ့အကျိုးရလဒ်က မဟုတ်တာမမှန်တာပြောတာကို ရိုင်းစိုင်းတာလို့မထင်တော့ဘဲနဲ့ “နင်” နဲ့ “ငါ” နဲ့ပြောတာကို ရိုင်းစိုင်းတာလို့ ထင်ကြတယ်။ ဘယ်သူဘာပြောပြော ငိုလိုက်မယ် ဒါဆို စားချင်တဲ့မုန့်စားရတယ်ဖြစ်လာတယ်။ အသက်ကြီးလာတော့ အလုပ်ခွင်မှာပဲဖြစ်စေ ကျောင်းမှာပဲဖြစ်စေ အများနဲ့ဆက်ဆံရတဲ့အခါမှာ အကျင့်မကောင်းတဲ့သူတစ်ယောက်ဖြစ်သွားတယ်။ ဒါတွေအားလုံးက ကလေးအရွယ်ကတည်းကစတယ်။
ဒီလိုမျိုးသူတွေက လောကကြီးတစ်ခုလုံးရယ်လို့ ဖြစ်လာတော့ ..
ဝါသနာရှာဖွေခွင့် စမ်းသပ်ခွင့်
ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့အချိန်ကုန်နေတော့ ဝါသနာဆိုတာကို ဘယ်ပျောက်နေမှန်းမသိဖြစ်ကုန်ကြတယ်။
မြန်မာနိုင်ငံဆိုတာက ကလေးတစ်ဦးနေထိုင်လို့ကောင်းတဲ့နိုင်ငံမဟုတ်ဘူး။ ကလေးတွေလုပ်တတ်တဲ့အရာလေးတွေဆိုရင်
ခက်တာက ကစားဖို့နေရာသီးသန့်ရယ်လို့မရှိဘူး။ လူကုံထံတွေမှအပ အများစုက ကားတွေအမြဲ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ ကားလမ်းမတွေမှာကစားရတယ်။ ဘောလုံးကန်ချင်ရင်လဲ ရွံ့တွေပေါ်ကစားရင်ကစား မဟုတ်ရင် ကလေးလေးတွေဆော့တဲ့ကစားကွင်းဆီသွား ဒီလောက်ပဲ။
ခွေးလေးတွေနဲ့ဆော့ချင်တယ်။ ကူပေးချင်တယ်။ volunteerလုပ်ချင်တယ်။ ခက်တာက ဒီလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ kids-friendly ဖြစ်တဲ့ပတ်ဝန်းကျင်မျိုး အလုပ်ခွင်မျိုးဆိုတာ မရှိဘူး။ ကလေးတွေအလုပ်လုပ်တဲ့ပတ်ဝန်းကျင်ဆိုတာ သိသလောက်တော့ လက်ဖက်ရည်ဆိုင်တွေမှာတို့ လမ်းမအထက်မှာတို့ ဒီလိုလေးတွေပဲများတယ်။ မဖြစ်မနေမို့လုပ်နေကြရတဲ့အခြေအနေတွေ။
ပိုက်ဆံရှာချင်တယ်။ သူ့ဟာသူ တပြားရရ ၂ပြားရရ နိုင်ငံခြားမှာလုပ်ကြတဲ့ lemonade standတွေလိုမျိုးပေါ့။ ခက်တာက “အလုပ်လုပ်တယ်ဆိုတာက မိဘက မရှာကျွေးနိုင်လို့လုပ်တာ။ မိဘဆင်းရဲလို့လုပ်တာ” ဆိုပြီး အလုပ်လုပ်ရတာကို အောက်ကျို့ရသလို ခံစားလာရတဲ့သူတွေအတွက် ပိုက်ဆံရှာတယ်ဆိုတာ မိဘအလုပ်၊ စာလုပ်ရမှာသားသမီးအလုပ်။
Volunteerတယ်တို့ Internshipတို့ဆိုတာက တော်ရုံဘယ်သူမှလုပ်လေ့ရှိတာမဟုတ်တာ။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် Certificateတစ်ခုလိုချင်ရုံမှအပ ဘယ်သူမှသိပ်မလုပ်ကြဘူး။ ဒီလိုနဲ့ စမ်းသပ်ခွင့်ဆိုတာရှားလာတယ်။
အမှားကို ရွေးချယ်ခဲ့ရတဲ့အခြေအနေတွေ
အားလပ်ချိန်မှာ ဘယ်သူမဆို ဖုန်းသုံးနေကြတာချည်းပဲလေ။ ဘတ်စ်ကားပေါ်စီးတယ် ဖုန်းကြည့်တယ်။ Facebookသုံးတယ်။ Tik tok သုံးတယ်။ ရည်းစားထားကြတယ်။ ချစ်လို့ဆိုတာထက် အပျင်းပြေအပျော်တွဲသလိုမျိုးတွေလဲရှိကြတယ်။ ဒီလိုနဲ့ ဘားတွေကလပ်တွေတက် မူးယစ်ဆေးတွေစွဲ ဖြစ်သွားကြတယ်။
ဒါတွေအားလုံးက နိုင်ငံရဲ့ အခြေအနေပေါ်လဲအများကြီးမူတည်သွားတယ်။ စက်ဘီးစီးရတာကြိုက်တဲ့သူ အပင်စိုက်ရတာကြိုက်တဲ့သူတွေလဲ သူတို့ကိုယ်သူတို့မသိနိုင်ဘဲ စမ်းသပ်ခွင့်မရနိုင်ဘဲနဲ့ ဒီဘောင်ထဲပဲနေသွားကြရတယ်။
ဒီလိုနဲ့ အသက်ကြီးလာတဲ့အခါ Majorရွေးချယ်မယ် ဝါသနာပါတာစဥ်းစားမယ်ဆိုတဲ့အခါကျ ဘာ exposureမှမရှိခဲ့တော့ ဘာကောင်းလို့ဘာဆိုးမှန်းမသိတော့ဘူး။ သူသိတာ ဥပမာ -
- Laptopသုံးရတာကြိုက်တဲ့သူဆို ITကြိုက်တယ်လို့ယူဆကြတယ်။
- ရုပ်ရှင်ကြိုက်တဲ့သူကျတော့ ရုပ်ရှင်နယ်ပယ်က Engineerတို့ Post production majorတို့ ယူချင်ကြတယ်။ Musicဆိုလဲထိုနည်းလည်းကောင်းပဲ။
- ဟင်းချက်ရတာကြိုက်တဲ့သူကျတော့ Culinary arts။
- တချို့ကြတော့လဲကိုယ်ပိုင်businessတို့ကို သဘောကျတဲ့သူ လူတွေနဲ့စကားပြောချင်တဲ့သူကျတော့ Businessတို့ Marketing မေဂျာတို့ဘာတို့။
- အိမ်ကစီးပွားရေးရှိတဲ့သူမျိုး ဆက်လုပ်စေချင်တဲ့မိဘမျိုးရှိတဲ့သူကျတော့ Business major။
- Eco, Bioတွဲရွေးခဲ့စဥ်ကတည်းက စာလွယ်လို့ဖြစ်စေ Bio မလုပ်ချင်လို့ဖြစ်စေ ရွေးခဲ့တဲ့သူတွေကျတော့လဲ Businessပါပဲ။ ဆယ်တန်းတို့ IGCSEတို့ကတည်းက Ecoတက်လာတာဆိုတော့ Creditကလဲ Eco ပဲရှိတော့ Businessလိုင်းဘက်က majorတွေဆီရောက်သွားတယ်။
ဒီလိုမျိုးရွေးချယ်မှုတွေက တကယ်ကော စမ်းသပ်ထားတဲ့ ကိစ္စပေါင်းများစွာထဲကမှ အကြိုက်ဆုံးဟာကိုရွေးလိုက်တာလား ဒါမှမဟုတ် ရွေးစရာမရှိလို့ ကိုယ်တီးမိခေါက်မိတာလေးကိုပဲရွေးလိုက်တာလား။ ဘာတစ်ခုမှမရှိရင် ဘာကိုရွေးချယ်ရမလဲ။
ဝါသနာဆိုတာဘာလဲ ဘယ်လိုရှာဖွေရမလဲ။
လူတိုင်းအတွက် ဒီအဓိပ္ပာယ်ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ကျနော့်အတွက်တော့ ဝါသနာပါတဲ့အရာဆိုတာ ဒီအရာကိုလုပ်ရင်enjoyတယ်။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် အမြဲတမ်းလုပ်ချင်နေတယ်။ ညမအိပ်ဘဲလဲ လုပ်တယ်။ မနက်အစောကြီးရှိနေတဲ့အခိုက် ဒီအရာက ကိုယ့်ကိုနိုးထစေတယ်။ ညဥ့်နက်တဲ့အထိ ဒီအရာပဲလဲလုပ်ချင်နေတယ်။ ကုန်ကုန်ကွာရွေးချယ်စရာအများကြီးထဲကမှ ဒါကိုလုပ်ချင်တယ်။
ဒါဆို ကျနော်ဂိမ်းဆော့တာ ကြိုက်တယ် ဒါတွေအကုန်လုံးနဲ့ညီညွတ်နေတယ် ဒါဝါသနာလား။
တခြားအရာတွေစမ်းသပ်ပြီးပြီလား။ တစ်ရက်လောက် စက်ဘီးစီးကြည့်ရုံ တစ်ရက်လောက်သတင်းစာအကြောင်းဖတ်ရုံနဲ့တင်မရဘူးနော်။ သေသေချာချာexposeခံရမှ ဝါသနာဆိုတာဖြစ်လာတယ်။
လူတွေဂိမ်းဆော့တာကြိုက်တယ်ဆိုတာ တကယ်တော့ လောင်းကစားလိုမျိုးပဲ။ ပုံမှန်ဆိုဗျာ ဟိုလုပ်ဒီလုပ်နဲ့ အပြင်ထွက်လို့လဲမရ ပျင်းဖို့ကောင်းတယ်။
- သူငယ်ချင်းတွေနဲ့လဲ တူတူအချိန်ဖြတ်သန်းချင်တယ်။
- အောင်မြင်မှုဖြစ်စေ ကျရှုံးမှုဖြစ်စေ ဒီကိုယ့်ဦးနှောက်ကို တက်ကြွစေတဲ့အရာ၊
- အပြင်လဲမထွက်ရတဲ့အရာ၊
- ကိုယ့်ဟာကိုယ်laptopနဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ အသုံးပြုလို့ရတဲ့အရာ၊
- အင်တာနက်ဘေလေး နည်းနည်းလောက်ရှိရုံနဲ့တင် အဆင်ပြေတဲ့အရာ၊
အဆင်အပြေဆုံး၊ အားမကုန်ဘဲအသက်သာဆုံး၊ ဘာငွေမှမကုန်တဲ့အရာထဲ ဂိမ်းဆိုတာ ဖြစ်လာတယ်။
လူတစ်ယောက်က Gameဆော့နေတုန်း အရမ်းတက်ကြွပြီးarousedဖြစ်သွားရင် ဦးနှောက်က ဒီactivityကို ခံစားမှုကောင်းတဲ့ ဟောမုန်းနဲ့ ဆက်စပ်လိုက်တယ်။ သဘောကတော့ ခံစားလို့ကောင်းချင်ရင် ဒီဂိမ်းကိုဆော့လို့ရတယ်ဆိုပြီး ခဏခဏဆော့နေမိတာမျိုး။ ဒီလိုနဲ့ ဂိမ်းဆော့ချင်တယ်ဖြစ်လာတယ်။ ဝါသနာလို့ အမှတ်မှားလာတယ်။
တကယ်တော့ဝါသနာဆိုတာ ဦးနှောက်ကို လှည့်စားဖို့ တမင်ဖန်တီးထားတာတွေ မပါဝင်ပါဘူး။ လုပ်ချင်တာ သီးသန့်ပါပဲ။ လုံးဝပျင်းရိဖွယ်ကောင်းတဲ့အရာမျိုးလို့ လူတိုင်းသတ်မှတ်ထားတာမျိုးတောင် ကိုယ်က စွဲစွဲမြဲမြဲကို လုပ်ချင်နေတာ။
ကိုယ့်အတွက်ကိုယ်ရုန်းထွက်ချိန်
တစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်စိတ်ဝင်စားတဲ့အရာဆိုတာရှိတယ်။ ဒီလိုနဲ့ အသက်တဖြည်းဖြည်းရလာတဲ့အခါမှာ ဒီ”ကြိုက်”တဲ့အရာထက် “သင့်”တဲ့အရာကို ပိုပြီးဦးစားပေးလာကြတယ်။ စိတ်ဝင်စားတဲ့အရာဆိုတာ အချိန်သပ်သပ်ကုန်စေတဲ့အရာတစ်ခုလို့ မြင်လာကြတယ်။
တဖြည်းဖြည်းနဲ့ “လိုအပ်တဲ့အရာ” နဲ့ “မလိုအပ်တဲ့အရာ” လို့ပဲမြင်လာကြတယ်။ အိမ်မက်တွေဆိုတာ ကလေးကစားစရာသပ်သပ်ဖြစ်လာတယ်။
- ဒီအရာကို ငါလုပ်ရင် ငါ့မှာဘာအကျိုးရှိလဲ။ ဘာထိခိုက်မှာလဲ။
- ဒီလမ်းက ရေရှည်ရေတိုကောင်းလား။ ငါရွေးချယ်သင့်ရဲ့လား။
- ပျော်ရွှင်မှုကိုအသာထား၊ ငါလစာကောင်းနိုင်လား ရေရှည်အဆင်ပြေနိုင်မှာလား ဒီအရာအတွက် ဘာတွေစတေးရမလဲ။
တချို့သူတွေအတွက် ဝါသနာဆိုတာ သိပ်ကိုရှင်းလင်းနေတဲ့အရာ။ တချို့ကတော့ ဘယ်တော့မှရှာတွေ့မှာလဲ ဆိုတဲ့စိတ်နဲ့ တောင်တွေးမြောက်တွေးနေကြဆဲ။ သက်ပြင်းအခါခါ ချနေကြဆဲ။ တချို့ကြတော့လဲ ကိုယ်လျှောက်နေတဲ့လမ်းကို အကြိမ်ကြိမ်ရုန်းထွက်ဖို့ကြိုးစားနေဆဲ။ “ဝါသနာနဲ့ ဝမ်းစာ” ဆိုပြီး ချင့်ချိန်နေကြဆဲ။
Majorတွေအပေါ်အမြင်
ဆရာဝန်လိုင်းတို့ အင်ဂျင်နီယာလိုင်းတို့ အခုဆိုarchitectureပေါ့။ ဒီလိုမျိုးလိုင်းတွေကျတော့လူတွေက အထင်ကြီးကြသတဲ့ဗျာ။ ဒါတွေရွေးရင်careerတစ်ခုအခိုင်အမာရရှိမယ်။
အခုနောက်ပိုင်းဆိုဗျာ အလုပ်သမားလိုအပ်ချက်တစ်ခုလိုကိုဖြစ်လာတဲ့ Demandဖြစ်လာတဲ့IT ဆိုတဲ့ careerကို လူတွေ စိတ်ဝင်စားကြတယ်။ အလုပ်ဆိုလဲ ခိုင်ခံ့မှုရှိတယ် တိုးလဲတိုးတက်လာပြီး ဆက်လက်တွင်ကျယ်လာဖို့ဆိုတဲ့potentialလဲရှိတဲ့ career။ Computer Scienceဆိုတာ နာမည်ကြီးတဲ့career။ ဒါဆို အထင်ကြီးကြတယ်။
“ဘာတဲ့ Music majorသွားချင်သတဲ့လား။ ဘာတဲ့ Film major။ မင်း filmနဲ့သက်ဆိုင်တဲ့ ဘယ်majorမဆို သွားမယ်ဆိုရင် မြန်မာနိုင်ငံမှာဘယ်လိုအလုပ်ရှာလို့ရမလဲ၊ နိုင်ငံခြားမှာဆိုရင်ကော အလုပ်ရနိုင်မှာမှမဟုတ်တာ။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ရိုက်လို့ မွဲနေတာတွေအများကြီးကွ” ပြောကြတယ်။
မြန်မာနိုင်ငံအမှတ်ပေးစည်းမျဥ်းနဲ့ တက္ကသိုလ်ခွဲဝေပုံ
အမှတ်ကောင်းတဲ့သူတွေသွားတဲ့ကျောင်းဆို ဆေးကျောင်း၊ အင်ဂျင်နီယာလိုင်း၊ ဘာလိုင်းပေါ့။ မကောင်းတဲ့သူတွေသွားတာဆို Chemistryတို့ Psychologyတို့။ အထင်သေးကြတယ်ပေါ့ဗျာ။ လက်တွေ့လောကမှာအဲ့လိုကြီးမှမဟုတ်တာ။ ဒီ “so called အမှတ်မကောင်းတဲ့သူတွေသွားတဲ့လိုင်း” တွေသာမရှိရင် လောကကြီးဆိုတာလဲရှိလာမှာမှမဟုတ်တာ။
ဒီလိုသောတွေးစရာကိစ္စလေးတွေကြောင့် ဝါသနာနဲ့ မေဂျာကိုဘယ်လိုဆက်စပ်လို့ရနိုင်မလဲ။
ဖြစ်လာနိုင်တဲ့ကျရှုံးမှုတွေ
မကြိုက်တာကြီးကို အတင်းရွေးခိုင်းရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေအများကြီးပဲ။ ထုတ်ပြလို့ရတဲ့အရာရှိတယ် ထုတ်ပြလို့မရတဲ့အရာရှိတယ်။
ထုတ်ပြလို့မရတဲ့အရာတွေက
- ကိုယ့်ဘဝကိုယ်ကျေနပ်မှုမရှိတာ
- ကိုယ့်ကိုယ်ကို မုန်းလာတာ
- ဘာconfidentမှမရှိတော့ဘဲ နေ့စဥ်နေ့တိုင်းက စိတ်ပျက်စရာဖြစ်လာတာ
- လောကကြီးက ဘယ်သူနဲ့မှအဆင်မပြေတော့ဘဲနဲ့ ပတ်ဝန်းကျင်ကော မိသားစုနဲ့ကော ဝေးကွာလာတာ။
ထုတ်ပြလို့ရတဲ့အရာတွေက
- ကျောင်းလျှောက်တဲ့ကိစ္စဖြစ်စေ အထက်တန်းတက်နေစဥ်ပဲဖြစ်စေ ဒီmajorနဲ့သက်ဆိုင်တာဘာလုပ်လုပ် တက်ကြွမှုမရှိတော့တာ။
- အတန်းမှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အောင်မြင်မှုမရရှိနိုင်တာ။ စာမလိုက်နိုင်တော့တာ။
- စာမေးပွဲအမှတ်ပဲဖြစ်စေ အတန်းတွင်းအမှတ်ဖြစ်စေ နည်းလာတာ၊ assignmentတွေမီအောင်မကြိုးစားနိုင်တော့တာ။
- ဘွဲ့မရဘဲနဲ့ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်တာဖြစ်စေ Majorပြောင်းတာဖြစ်စေ လုပ်တာ။
- ကံကောင်းထောက်မစွာနဲ့ ဘွဲ့ရခဲ့ရင်တောင် ကိုယ့်အလုပ်ကိုယ်စိတ်ကျေနပ်မှုမရှိဘဲနဲ့ နောင်တအလီလီရနေတာ။ အလုပ်ရဖို့ခက်ခဲသွားတာ။
- စိတ်ကျန်းမာရေးအခြေအနေကို ဆိုးဝါးစွာထိခိုက်ရင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေထိဖြစ်တာ။
Universityမှာ စာတွေခက်ခဲကြပါတယ်။ အထူးသဖြင့် ကိုယ်တွေလိုနိုင်ငံမျိုးက လာတဲ့သူတွေ ပိုမိုခက်ခဲကြပါတယ်။ ကျောင်းကောင်းတဲ့အခါ Majorက ခက်ခဲတဲ့အခါ ကိုယ်ကိုယ်တိုင်ကလဲ စာလိုက်နိုင်ဖို့လုံလောက်တဲ့အထောက်အပံ့မျိုးမရတဲ့အခါ ခက်ခဲပါတယ်။
- စားဖို့သောက်ဖို့ Part timeကလဲလုပ်နေရတယ်။
- ငွေစျေးတွေကလဲ နေ့စဥ်တက်နေတယ်။
- နိုင်ငံအခြေအနေကလဲ ကောင်းမလာတော့ ကိုယ့်ချစ်သူဖြစ်စေ ကိုယ့်မိသားစုကိုဖြစ်စေ စိတ်ပူနေရတယ်။
- အိမ်လခပေးရတော့မယ် ပျက်စီးနေတဲ့ပစ္စည်းတွေအတွက်လဲဝယ်ခြမ်းရဦးမယ်။
- အိမ်အလုပ်တွေလဲ အကုန်လုပ်ရဦးမယ်။
ဒီလိုမျိုးပူပင်သောကတွေနဲ့ Majorကြိုက်လို့ရွေးထားတဲ့သူတောင် ခက်ခဲပါတယ်။ မကြိုက်ဘဲနဲ့ရွေးထားတဲ့သူဆို ပြောမနေပါနဲ့တော့။
ကိုယ်ကြိုက်တာကိုယ်လုပ်ချင်တယ် ဘာလာလာ ရင်ဆိုင်မယ်ဆိုရင်တောင် ဒီကျောင်းတက်ဖို့ ငွေထုတ်ပေးမယ့်သူက ကိုယ်မှမဟုတ်တာ။ မိဘလိုမျိုး တခြားသူဖြစ်နေတော့ သူတို့ဆန္ဒကလဲ လိုက်ရောပေးရဦးမယ်။
ဝါသနာနဲ့မေဂျာ
ဒီတော့ ကိုယ်ဝါသနာပါတာလဲမသိဘူး။ သိရင်တောင်မရွေးသင့်ဘူးဆိုတာသိတယ်။ တခြားမကြိုက်တဲ့majorမျိုးလဲမရှိဘူး။ ဘာရွေးချယ်ရမလဲ။
ကိုယ်လဲနည်းနည်း စိတ်ဝင်စားတယ်၊ ဒီလိုပဲ ရွေးဖို့လဲသင့်တယ် ကိုယ့်ရဲ့ရေရှည်careerအတွက်လဲ အထောက်အကူလဲဖြစ်တယ်။ ဒါဆိုရင်ကော။
Case 1: ဝါသနာကိုဘာဆိုတာမသိဘူး
ဖူးဖူးဆိုတဲ့ ကောင်မလေးက ဘာရွေးချင်လို့ ရွေးချင်မှန်းမသိဘူး။ ဘာဝါသနာပါမှန်းလဲမသိဘူး။ သူနိုင်ငံခြားထွက်ပြီး စာသင်ဖို့လိုနေတယ်။ ဒီအတွက် သူmajorရွေးဖို့ခက်ခဲနေတယ်။ အိမ်ကတော့ ဖြစ်သင့်တာကိုပဲရွေးခွင့်ပေးတယ်။
သူဝါသနာပါတာဆိုလို့ သူသိတာ ကရတာဝါသနာပါတယ်။ ဒီလိုပဲ သီချင်းဆိုရတာတို့Fashionတို့ အဲ့လိုမျိုး ကိစ္စတွေစိတ်ဝင်စားတယ်။ ဒါတောင် ဝါသနာပါတာရယ်မဟုတ်ဘူး လုပ်ရတာကြိုက်တာသပ်သပ်ပဲ။
ဒီတော့ သူစဥ်းစားတယ်။ သူငယ်ချင်းတွေလဲအကြံပေးကြတယ်။
- Fashion designer
- Architecture
- Journalism
- Jewelry
အစုံပါပဲ။ အဲ့ထဲကမှ သူက Journalismရွေးသွားတယ်။ News and mediaနဲ့သက်ဆိုင်တာပေါ့။ အဲ့ကနေ Digital Marketingတို့ ဘာတို့ဆို သူလဲOnline shopလိုမျိုးလဲ လုပ်လို့ရတယ်ဆိုပြီးတော့ပေါ့လေ။
Case 2: သိတဲ့သူ
နှင်းနှင်းကတော့ စာလဲရတယ်၊ သူစိတ်ဝင်စားတာလဲသူသိတယ်၊ ခက်တာက သူဒီmajorနဲ့အလုပ်ဆက်ဖြစ်ဖို့ မြန်မာနိုင်ငံပြန်လို့မရ နိုင်ငံခြားပဲသွားမှရမယ်။ သူ့Majorကလဲ ၇နှစ် ၈နှစ်လောက်ကြာမယ့်အခြေအနေမျိုး။ သူကိုယ်တိုင်ကတော့Ph.Dထိယူမယ်တော့ပြောတာပဲ။ ဘယ်လိုအသံပြောင်းလဲဦးမလဲမသိပေမယ့်ပေါ့။
Ps. လိုင်းပေါ်က ပွဲတွေရှာကြည့်တာ ဝါသနာမလုပ်ရဘူးနော်။ သူလဲ လောင်းကစားလိုပဲ။ ရင်တဒိတ်ဒိတ်နဲ့ ရင်ခုန်လို့တော့ကောင်းပါရဲ့ ဘာအကျိုးမှမရှိ။
Tips
- ကိုယ်ဘာကြိုက်လဲဆိုတာကို စတင်စမ်းသပ်ပါ။ အရာရာစမ်းလုပ်ကြည့်ပါ။ Floristလုပ်ချင်ရင် ပန်းလေးတွေစမ်းပြီးတော့ ပုံဖော်ကြည့် ဖန်တီးကြည့် စိတ်ဝင်စားမစားစမ်းသပ်ကြည့်။ ပြီးရင် အခြားတစ်ခုဆက်လုပ်။ ဒီလိုနဲ့ အကြိုက်ဆုံးအရာတစ်ခုကိုရွေးချယ်။
- ဒီMajorနဲ့အသက်သေဆုံးသွားမယ်လို့ ဘယ်သူမှမသတ်မှတ်ထားပါဘူး။ ကိုယ့်ဟာကိုယ်ရွေးချယ်သင့်တယ်ထင်မှရွေးချယ်ပါ။ ရွေးချယ်ပြီးရင်လဲ တစ်ဘဝလုံးဒီဟာနဲ့ပဲဖြတ်သန်းသွားရမယ်လို့တွေးမထားပါနဲ့။
- ထိုနည်းလည်းကောင်း မကြိုက်တာရွေးလဲဘာဖြစ်လဲ၊ ဆရာဝန်တွေတောင် သီချင်းဆိုနေကြသေးတာပဲ လို့မလုပ်ပါနဲ့။ ကိုယ့်ကလေးတွေကိုလဲ အဲ့လိုမမြှောက်ပေးပါနဲ့။ မကြိုက်တာလုပ်ပြီး အောင်မြင်မယ်လို့ တသမတ်တည်းမမှတ်ထားပါနဲ့။
- 100% ဝါသနာပါတဲ့ဟာမျိုးရှိရင် ခဏလေးချန်ထား၊ တခြားသော 90%လောက် 80%လောက် စိတ်ဝင်စားတာမျိုးရှိရင်လဲ မှတ်ထား။
- အကယ်၍ပေါ့နော် မဖြစ်ဖြစ်တဲ့အကြောင်းကြောင့် ကိုယ်ဒါကြီးကိုမလုပ်ချင်တော့ဘူးလို့ ထင်လာခဲ့ရင် အကြိမ်ကြိမ်အခါခါစဥ်းစားပြီးမှလက်လျှော့ဖို့စဥ်းစားခဲ့ရင် Majorပြောင်းနိုင်တယ်၊ ဒီလိုပဲ ကျောင်းပြောင်းနိုင်တယ်။ ကိုယ့်ဘဝကိုယ်တော့စိတ်မပျက်ပါနဲ့။
- ကျောင်းမကောင်းတာ၊ စာမသင်တတ်တဲ့tutorတွေနဲ့စုံတွေ့တဲ့အခါ၊ နိုင်ငံမကောင်းတာ စတာတွေကြောင့်လဲ ကိုယ့်ဝါသနာကိုယ် နစ်မြုပ်ပစ်ရတဲ့အထိ ဆိုးတတ်တာမို့လို့ သတိတော့ထားစေချင်ပါတယ်။
ဝါသနာနဲ့ ဝင်ငွေ
ဝင်ငွေနဲ့ဝါသနာကို ဆက်စပ်ကြတယ်။ တကယ်တော့လေ အချိန်ဆိုတာ တစ်ခုတည်းကိုပဲအာရုံစိုက်ထားရမယ်၊ ဝင်ငွေဆိုတာက တစ်ခုတည်းကနေပဲရနိုင်တယ်ဆိုတာမျိုး မတွေးထားပါနဲ့။ ဒီလိုပဲ ၂ ခုတည်းကနေပဲရနိုင်တယ်ဆိုတာမျိုးလဲမမှတ်ထားပါနဲ့။
သုံးသင့်တဲ့အရာသုံးပါ။ ငွေကို အထိရောက်ဆုံး effectiveအဖြစ်ဆုံးအသုံးပြုပါ။ အနည်းဆုံး အကုန်အကျအသက်သာဆုံး အချွေတာဆုံးဆိုပြီးမလုပ်ပါနဲ့။
Income ကိုတစ်ခုတည်းကနေ မယူဖို့၊ အခြားသော အမျိုးမျိုးသော Streamတွေနဲ့ income ကိုရယူဖို့ဆိုပြီး Youtubeကနေပြောကြတယ်။ မှန်တော့မှန်တယ်ဗျ။
Majorနဲ့သက်ဆိုင်ရင်လဲ Majorတစ်ခုတည်းယူလိုက်လို့ ဒီmajorနဲ့ပဲတစ််သက်လုံးနေသွားရမယ်ဆိုတာမျိုးလဲတွေးမထားနဲ့။ အဓိက Majorဆိုတာက ကိုယ့်ဘဝအတွက်ဝင်ငွေရစေဖို့ဆိုရင်
- ဒီMajorကနေ ငွေရမယ်။
- ဒီငွေကို ကိုယ်ကြိုက်တဲ့အရာတစ်ခုမှာအသုံးပြုမယ်။
- ဒီလိုမျိုးနဲ့ အခြားသောအရာတွေမှာလဲ အသုံးပြုမယ်။ ပေါင်းစပ်သင့်တာပေါင်းစပ်မယ်။ တစ်ခုနဲ့တစ်ခု အပြန်အလှန်အကျိုးရှိအောင်ဖန်တီးမယ်။
ဥပမာပြောပြတာပါ။ အဓိကကတော့ ငွေရဖို့ကို ဦးမတည်စေချင်တာပါ။ ဒီနိုင်ငံခြားကျောင်းတက်ရတဲ့reasonကို ငွေရဖို့ မိသားစုအဆင်ပြေစေဖို့ ဆိုတာထက်ပိုတာလေးတစ်ခုရှိစေချင်တာ။
မိဘတွေရဲ့ကဏ္ဍ
မိဘတွေက ကောင်းတာဖြစ်စေချင်တယ်။ ဖြစ်ချင်တော့ ကိုယ့်သားသမီးက ဝါသနာပါတဲ့အရာကို သေချာခွဲမသိဘူးဖြစ်နေတယ်လို့ ကိုယ်ယူဆနေတယ်။ ဒါဆိုရင် သူ့ကို သေချာမေးမြန်းကြည့်။ သူကြုံရမယ့်အရာတွေကိုပြောပြ။ အဆိုးကောအကောင်းကောယှဥ်ပြ။ အမြင်တွေမျှဝေကြ။
ဘယ်တော့မှမလုပ်ရမယ့်အရာကတော့
- ကိုယ်က ပိုက်ဆံထုတ်ပေးရမယ့်သူဆိုသလိုမျိုးနဲ့ ဘယ်တော့မှမပြောမိစေနဲ့ ။
- ငါချပေးတဲ့wayအတိုင်းပဲသွားရမယ် မသွားချင်ရင် အိမ်ပေါ်ကဆင်းလို့ရတယ် ဆိုတာမျိုးမလုပ်မိစေနဲ့။
- ငွေကြေး၊ အခွင့်အရေး စတဲ့ မိမိအာဏာပိုင် ဘယ်ကိစ္စနဲ့မဆို မခြိမ်းခြောက်မိစေနဲ့။
- နိုင်ငံခြားရောက်သွားတဲ့အခါဖြစ်စေ အိမ်မှာရှိနေစဥ်ဖြစ်စေ ကလေးကို စိတ်ဒဏ်ရာတွေမပေးမိပါစေနဲ့။
ဘယ်လောက်ကြီးပဲနိုင်ငံခြားကိုရောက်ဖူးနေတဲ့သူ တစ်သက်လုံးနိုင်ငံခြားမှာနေလာတဲ့သူဖြစ်ပါစေ တခြားသူတစ်ဦးနဲ့အခြေအနေချင်းတူချင်မှတူလိမ့်မယ်။ နားလည်ပေးနိုင်ချင်မှနားလည်ပေးနိုင်လိမ့်မယ်။ ဒါကိုအမြဲခေါင်းထဲစဥ်းစားထားပါ။ မိဘရယ်လို့ကို မသတ်မှတ်ချင်တော့လောက်တဲ့အထိ စိတ်ဒဏ်ရာမျိုးမပေးမိပါစေနဲ့။
အတန်တန်မှာချင်ပါတယ်နော်။
အခုနောက်ပိုင်းကလေးတွေရှိတဲ့ အခွင့်အလမ်းတွေက မှန်းဆဖို့မဖြစ်နိုင်တဲ့အထိ များပြားလွန်းလှတယ်။ အရင်တုန်းကလိုမျိုး 9-5 jobလိုမျိုးနဲ့တင် ပင်စင်ယူအဆုံးသတ်ကြမယ့်သူတွေမဟုတ်ကြတော့ဘူး။ တစ်ခုစမ်းတယ်။ မရဘူးမလား နောက်တစ်ခုစမ်းသပ်တယ်။ ဒီလိုခေတ်ပါ။
ကလေးတွေရဲ့ကဏ္ဍ
ကိုယ့်မိဘကိုယ်စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပါ။ ဟုတ်တယ် မိသားစုနဲ့အဆင်ပြေတယ် ဘာissueမှမရှိတဲ့သူမျိုးမှလွဲ၍ တခြားသူတွေကတော့ အနည်းနဲ့အများ ပြဿနာတက်ရမှာပဲ။ ကိုယ့်ပိုက်ဆံမှမဟုတ်တာ သူတို့ပိုက်ဆံလေ ဘယ်လောက်ကြီးပဲ ကိုယ့်အတွက်ရှာထားတာလို့ပဲဆိုပါစေလေ။ အဓိကက ကိုယ့်ပိုက်ဆံကိုယ်မဟုတ်ဘူး။ ဒီတော့ မျက်နှာကြည့်သုံးနေရသလိုမျိုးတော့ဖြစ်မှာပဲ။ စိတ်ထဲသိပ်မထားနဲ့။
Family issueဆိုတာ လူတိုင်းမှာကိုယ်စီရှိကြတာမို့လို့ ငါ့ဟာငါမျိုသိပ်ထားမယ်ဆိုတာမျိုးမလုပ်နဲ့။
တိုင်ပင်သင့်တဲ့သူနဲ့တိုင်ပင်ပါ။ သူငယ်ချင်းတွေနဲ့လဲတိုင်ပင်လို့ရတယ်။ မောင်နှမပဲဖြစ်စေ ဆရာတွေနဲ့ပဲဖြစ်စေ ချစ်သူနဲ့ပဲဖြစ်စေ အကုန်တိုင်ပင်လို့ရပါတယ်။ ဟုတ်တယ် လူအများစုကတော့ ဖြစ်သင့်တာကိုပြောကြမှာပဲ။ အဓိကက ပြောတာတွေအကုန်လုံးလက်ခံပါ နားလည်အောင်ကြိုးစားပါ ပြီးရင်communicateလုပ်ပါ။ အရေးကြီးဆုံးအချက်က communicationပါ။
Majorကိုမကြိုက်ရင် မကြိုက်ဘူးငြင်းပါ။ ဆက်ဆံရေးသိပ်မကောင်းတဲ့ အဆင်မပြေတဲ့သူတွေဆို အပြောခံရမှာပဲ။ ကိုယ်မမှားလဲ အဆူခံရမှာပဲ။ လုံးဝကိုယ့်ဘဝကိုယ်လှည့်ကြည့်ချင်စိတ်မရှိတဲ့အထိ စိတ်ဓာတ်တွေရီုက်ချိုးခံရမှာပဲ။
လုံးဝစဥ်းစားလို့မရတော့တဲ့အခါမျိုးဆိုရင်တော့ တစ်ခုခုသာစမ်းလုပ်ကြည့်လိုက်ပါ။ စလိုက်ပါ။
Conclusion
Architectureမှာသိခဲ့ရတဲ့အရာတစ်ခုက ဘယ်ကိစ္စမဆို အစမ်းလုပ်ကြည့်ပါ။ ခေါင်းထဲသိပ်စဥ်းစားမနေနဲ့ လုပ်လိုက်ပါ။ ဘာမဟုတ်တဲ့ideaလေးတစ်ခုဆို ချရေးလိုက်၊ တစ်နေရာရာမှာမှတ်ထားလိုက်၊ ပြီးရင် တစ်ခုခုစလုပ်ကြည့်လိုက်။
ဥပမာ - ကိုယ်က Architectureအကြောင်းလေ့လာချင်တယ်ဆို Architectureလို့မှတ်ထားလိုက်။ ပြီးရင် Youtubeလေးတွေဖွင့်ကြည့်လိုက် စာအုပ်လေးတွေဖတ်လိုက်လုပ်ကြည့်။ အဆင်မပြေဘူးမလား။ ခဏချန်ထားလိုက် အနည်းဆုံးတော့ကိုယ်စမ်းသပ်ဖို့စဥ်းစားခဲ့တယ်ပေါ့။
တခြားတစ်ခုဆီဆက်သွား။ Pilot။ လေယာဥ်မှူးတွေ နေ့တူတကွဘာလုပ်နေလဲ ကြည့်ကြည့်။ လေ့လာကြည့်ကြည့် ပြီးရင်အကောင်အထည်ဖော်ဖို့အဆင်ပြေနိုင်မလား ငါစိတ်ဝင်စားမလားဆိုတာကြည့်၊ ဝင်စားရင်ဆက်သွား။ ဒီလိုနဲ့ပဲ အဆင်ပြေသွားကြတာပါဗျိုး။