အင်္ဂလိပ်စာဘယ်လိုလေ့လာရမလဲ။

ခပ်ဆင်ဆင်စာတစ်ပုဒ်ကျနော်ရေးသားဖူးတယ်။ အခုတော့ ချဥ်းကပ်နည်းပြောင်းသွားပြီလို့ ယူဆပါတယ်။ ရိုးရှင်းပါတယ်။ စကားပြောတတ်ချင်ရင်စကားပြော စာရေးတတ်ချင်ရင် စာရေး၊ စာဖတ်တတ်ချင်ရင် စာဖတ်။
ကျနော့်မိတ်ဆွေညီမတစ်ဦးက အင်္ဂလိပ်လိုသိပ်မတတ်ဘူး။ မတတ်ဆို ငယ်ငယ်ကတည်းက Exposureလဲသိပ်မရှိခဲ့ဘူး နေထိုင်ခဲ့ရတဲ့ပတ်ဝန်းကျင်ကလဲ ထိုနည်းလည်းကောင်းပဲမို့ ပြည်ပထွက်ခါနီး လအနည်းငယ်အလိုမှ စလေ့လာရသလိုဖြစ်သွားတယ်။
သူကအင်္ဂလိပ်လို အရမ်းပြောချင်တယ်။ တစ်ဖက်ကလဲ သူ့ကိုယ်သူတတ်တယ်လို့ထင်တယ်။ တစ်ဖက်ကလဲ မတတ်ဘူးဆိုတာသိနေတယ်။ ဘယ်လောက်မတတ်လဲသူမသိဘူး။ ဘယ်လောက်ကြိုးစားမှ အဆင်ပြေမလဲသူမသိဘူး။
နိုင်ငံခြားထွက်ရခါနီးနေပြီ သူစိုးရိမ်နေတယ်။ တစ်ရက်ကျနော့်ကို လာမေးပါတယ်။ Vocabularyတွေတို့ ဒီUKမှာအသုံးပြုတဲ့အသုံးအနှုန်းတွေကို သူ့ကိုရေးပေး၊ သူလေ့လာချင်လို့ပါတဲ့။ ကျနော်ကတော့မရေးပေးလိုက်ပါဘူး။ ပိုကောင်းတဲ့နည်းလမ်းလေးတွေပေးလိုက်တယ်။
"Speaking တတ်ချင်ရင် စကားပြော၊ Listeningတတ်ချင်ရင် နားထောင်၊ Writing တတ်ချင်ရင် စာရေး"
ရွဲ့သလိုတော့ဖြစ်သွားမယ်ထင်တယ်။ ဒီကနေပဲ ရှင်းပြလိုက်ရပါတယ်
ဘာသာစကားတစ်ခုကို တတ်ကျွမ်းနေပြီဆိုတဲ့စံနှုန်းကဘာလဲ။
ကျနော့်တစ်ဦးတည်းအတွက်တော့ ဘယ်အကြောင်းအရာမဆို
- အသံနေအသံထား (Tone)
- ပြောနေစဥ် ထုတ်ဖော်ပြသနေတဲ့ခံစားချက် (Emotion)
- ရည်ရွယ်ချက် (Aim)
မိတ်ဆွေတို့ စကားပြောတတ်တယ် ဆိုတဲ့သူမျိုးတွေမြင်ဖူးမှာပါ။ တခြားဘာသာစကားမဟုတ်ဘူးနော်။ ဗမာလိုပဲကို ပြောတတ်နေတာ။ သူပြောလိုက်ရင် စီးမြောသွားတာမျိုး ငြင်းဆန်နိုင်စရာ စကားလုံးမရှိဘဲနဲ့ကို ထောက်ပြစရာမရှိဘဲနဲ့ကို ပြီးပြည့်စုံနေတာမျိုး။
မပြောတတ်တဲ့သူတွေလဲမြင်ဖူးမှာပါ။ ဘယ်စကား ဘာအဓိပ္ပာယ်ကို ဆိုလိုမှန်း ဘယ်အတိုင်းအတာထိ ရောက်သွားမှန်း သူမသိ။ ကိုယ့်ရည်းစားကိုယ်ပြောနေရင်း ချော့နေတာမှန်းမသိ ဆဲနေတာမှန်းမသိ။
ဘယ်စကားလမ်းကြောင်းကိုမဆို လိုသလိုထိန်းကြောင်းနိုင်တယ် ဘယ်လိုအခြေအနေအကြောင်းမျိုးမဆို နားလည်တယ် အသုံးပြုနိုင်တယ်။ ဒါဆို ကျနော့်အတွက် လုံလောက်တဲ့အနေအထား။ ဒီလိုအနေအထားမျိုးရောက်ဖို့ ကျနော်ဘာလိုသလဲ။
Speaking
ရေးနေစဥ်အတွင်းမှာပဲ ကျနော်နားနေခန်းတစ်ခန်းထဲထိုင်နေတယ်။ အနီးအနားမှာ ကောင်လေးကောင်မလေးတွေအကုန် အင်္ဂလိပ်လိုပြောနေကြတယ်။ တခြားဘာသာစကားတွေလဲရှိပေမယ့် အများစုကတော့ English။
အသံထွက်မျိုးစုံရှိတယ်။ တချို့က မြောက်ပိုင်းအသံ တချို့တောင်ပိုင်း တချို့ကScottish တချို့ကတော့American။ Indian accentနဲ့လဲရှိသလို Arabic Accentနဲ့လဲရှိတယ်။ ဒီလိုမျိုးအသံတွေနေ့စဥ်ကြားနေရတဲ့အခါ ဘယ်လိုစကားပြောတတ်ကြလဲဆိုတာ နားလည်လာတယ်။
ဘယ်အသံထွက်က ကောင်းတယ် ဆွဲဆောင်မှုရှိတယ် ဘယ်အသံကတော့ငါးပိသံ ဒါတွေမပြောလိုဘူး။ မိခင်ဘာသာစကားမဟုတ်တဲ့ Languageတစ်ခုကို အသုံးပြုရတဲ့အခါ အသံဝဲတယ် Accentရှိတယ်ဆိုတာရှိလာတယ်။ ဒါက သိမ်ငယ်စရာမဟုတ်ပါဘူး။
သို့ပေမယ့် တစ်ဖက်သားနားလည်အောင်ပြောတတ်ရမယ်။ ဒီအတွက်အကောင်းဆုံးလေ့ကျင့်ခန်းကတော့ စကားပြောတာပဲ။
လူတွေအများကြီးနဲ့ စကားပြောကြည့်။ ကြိုးစားပြီးပြောကြည့်။ မုန့်ဝယ်ရင်းလဲ small talkလေးတွေပြော။
"ရာသီဥတုတော်တော်အေးတယ်နော်။ ဆိုင်မှာရောလူများလား၊ ဘယ်အချိန်ဆို လူနည်းလဲ၊ ပစ္စည်းဘယ်အချိန်စုံလဲ"
Listening
အင်္ဂလိပ်လိုအသံတွေ အများကြီးနားထောင်မိနေဖို့လိုတယ်ဗျ။ သီချင်းတွေဆိုတာ အများကြီးထဲကမှတစ်ခု။ ကိုယ်စိတ်ဝင်စားတဲ့အရာလေးတွေပတ်နားထောင်ပေါ့ဗျာ။
ပြောရရင် အကုန်လုံးက ဆက်စပ်နေတာမို့လို့ တစ်ခုတတ်ရင်တခြားတစ်ခုလဲအလိုလိုတတ်သွားတာမျိုး။ လေ့လာလို့ကောင်းတဲ့နေရာတွေကတော့တူတူပဲ Audiobooksတွေ Musicတွေ Movieတွေ။
အရည်အသွေးပြည့်ဝတဲ့mediaတော့ဖြစ်ဖို့လိုတယ်နော်။ Listeningကောင်းချင်လို့ဆိုပြီး စာလဲမလုပ် ရုပ်ရှင်ကြီးပဲ အမြဲထိုင်ကြည့်နေလို့တော့မဖြစ်။
လူတွေခက်ခဲတဲ့အရာ
စာအနေနဲ့သင်ကြားလို့ရတဲ့အရာတွေရှိတယ် စာရယ်လို့သင်လို့ရကိုမရတဲ့အရာတွေရှိတယ်။ ဥပမာ ဘန်းစကားတွေ လေယူလေသိမ်းတွေ အသံနေအသံထားတွေ။
အသံအနိမ့်အမြင့် ပြောင်းလိုက်ရုံနဲ့တင် စကားလုံးတစ်ခုတည်းက အဓိပ္ပာယ်အမျိုးမျိုးပြောင်းလဲသွားနိုင်သလိုမျိုးပေါ့။
"Thanks!! လို့ အားပါးတရပြောလိုက်တာနဲ့ ကျေးဇူးအရမ်းကိုတင်နေတာ၊
"thanks လို့ ပြောသလိုလိုမပြောသလိုလိုပြောလိုက်တာနဲ့ ကျေးဇူးတော့တင်တယ် သိပ်မတင်ဘူး။
thanks လို့ ဆောင့်ကြီးအောင့်ကြီးပြောလိုက်သလိုမျိုး ဂရုမစိုက်ဘူး တာဝန်အရပြောရတာမျိုး။
သတိထားကြည့်ကြည့် ရုပ်ရှင်တွေထဲပဲဖြစ်ဖြစ်ပေါ့။ ဒါမျိုးက စာမှာသင်နေရတာမှမဟုတ်တာ။ ဒီလိုမျိုးအရာတွေအများကြီးပဲ။ ဥပမာ ဘန်းစကား။
နိုင်ငံအလိုက် ဒေသအလိုက် အသုံးပြုကြတဲ့ဘန်းစကားတွေအများကြီးပဲ။ ဘန်းစကားဆိုတာ ဥပမာ - "ဂျင်းထည့်တာ"။ သူ့ဟာနဲ့သူ လူတိုင်းနားလည်တယ်။ "တစ်စုံတစ်ဦးက ပြဿနာတစ်ခုခုလုပ်တာ စနောက်တာ၊ အတုအယောင်ဖြစ်တာ" စသဖြင့်ပေါ့။
ဒါပေမယ့် ဒီ "ဂျင်းထည့်တယ်" ဆိုတဲ့စကားလုံးကို အမြဲတမ်းသုံးစွဲလို့မရဘူး။ ဆိုပါစို့ ပြဿနာတစ်ခုခုကြီးကြီးမားမားဖြစ်သွားတယ်။ ကိုယ့်အနေနဲ့အလေးအနက်ထားပြီး တည်တည်တံ့တံ့စကားပြောရတော့မယ် ပြဿနာဖြေရှင်းရတော့မယ်။ ဒီအချိန်မှာ "ဂျင်းထည့်တယ်" ဆိုတဲ့စကားလုံးထက် ပိုသင့်လျော်တဲ့ စကားလုံးဝေါဟာရတွေကို သုံးရတော့မယ်။ ဒါမျိုးပေါ့။
အမြဲတမ်းကြီးသုံးတတ်နေဖို့တော့မလိုဘူး။ သုံးတတ်တော့လဲ စကားပြောရဆိုရတာကောင်းတယ် နားလည်လွယ်တယ်ပေါ့ဗျာ။
ဒီတော့"၆လအတွင်း အင်္ဂလိပ်ဘန်းစကားအကုန်တတ်ရမယ်" ဆိုပြီးလဲ သင်လို့မရဘူး။ သင်ကြားလို့ရတဲ့အရာမှမဟုတ်တာ။ ဒီလိုမျိုးစကားလုံးတွေကို နားလည်တတ်ဖို့ အသုံးပြုတတ်ဖို့ ဘာလုပ်လို့ရလဲ။
Vocabulary
Vocabularyဆိုတာက စကားလုံးကြွယ်ဝတာ။ လိုအပ်တဲ့စကားလုံးကို အခြေအနေ၊ အချိန်အခါ၊ အကြောင်းအကျိုး သင့်လျော်စွာအသုံးပြုနိုင်တဲ့သူက Vocabularyကြွယ်ဝတဲ့သူပဲလို့ သတ်မှတ်ချင်တယ်။
ဘယ်လိုသူမျိုးတွေက Vocabularyကြွယ်ဝကြလဲ။
- အမြဲတမ်းစူးစမ်းလေ့လာတတ်မြောက်ချင်နေတဲ့သူတွေ
- စာအုပ်စာပေဖြစ်စေ Online articleတွေဖြစ်စေ Contentတွေဖြစ်စေ စာပေပုံစံမျိုးစုံကို ဖတ်တတ်တဲ့သူတွေ
- တခြားသူတွေ ပြောတာ နားထောင်တတ်တဲ့သူတွေ။
ဆိုပါစို့ "Bad"ဆိုတဲ့စကားလုံး။
၁။ "စားလို့မကောင်းဘူး၊ ရာသီဥတုမကောင်းဘူး၊ သူမကောင်းဘူး။" ဒီလိုသုံးနှုန်းမယ့်အစား
၂။ "စားလို့သိပ်အဆင်မပြေဘူး၊ ရာသီဥတုကစုတ်ပြတ်နေတာပဲ၊ သူကအကျင့်စာရိတ္တပျက်စီးနေတာ"
အဓိပ္ပာယ်ချင်းတော့တူပေမယ့် ဘယ်စာကြောင်းက ပိုပြောလို့ကောင်းလဲ။ ထိုနည်းလည်းကောင်း "Bad"ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်ဆင်တဲ့စကားလုံးတွေက
Negativity - Poor, negative, unfavourable.
Inferior Quality - Defective, faulty, mediocre.
Unpleasant - Awful, terrible, unpleasant.
သင့်လျော်တဲ့စကားလုံးတွေ အသုံးပြုတတ်ဖို့ အရေးကြီးပုံပါ။ ဒီတော့ ဘယ်လိုလေ့လာရမလဲ။ ဖြတ်လမ်းလဲမရှိဘူး။ အလွတ်ကျက်နေလို့လဲမရဘူး။ 24/7 အင်္ဂလိပ်သီချင်းတွေ နားထောင်နေရုံနဲ့လဲမရဘူး။ ဒီတော့.....
အကောင်းဆုံးကတော့ Expose yourself to a wide range of media (နယ်ပယ်အစုံက စာမျိုးစုံ ပုံစံမျိုးစုံကို လေ့လာပါ။)
- ရုပ်ရှင်တွေ ဇာတ်လမ်းတိုတွေ ဗီဒီယိုတွေ။
- Fiction, non-fiction booksတွေPodcastsတွေ Audiobooksတွေ
- Youtubeတို့ Spotifyတို့လိုမျိုးAppsတွေ။
လေ့လာရုံနဲ့လဲမပြီးဘူး ပြောကြည့်ပါ။ ပြောတယ်ဆိုတာကလေ တစ်မိသားစုလုံးမှာ ကိုယ်တစ်ယောက်တည်း နဲနဲပြောတတ်လို့ အကုန်လုံးကို အင်္ဂလိပ်လို ပတ်ပြော ပတ်မှုတ်ခိုင်းတာမဟုတ်ဘူးနော်။
ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာမျိုးလုပ်စေချင်တာ။ ဥပမာ - ကိုယ့်လိုလေ့လာနေတဲ့သူတွေအချင်းချင်း ပြောကြည့်။ အပြင်မှာ စကားပြောလို့ရမယ့် အခြေအနေမျိုးဆို မရှောင်နဲ့ ရအောင်ပြော။ ရှက်လဲပြော မရှက်လဲပြော။
သူများနဲ့မပြောရဲလဲ အခုခေတ်ဆိုVoice recognitionနည်းပညာလဲတွင်ကျယ်လာပြီမို့ AIနဲ့စကားတွေပြောဆိုကြည့်။ သူလဲပြောကိုယ်လဲပြော။ Gemini, Chat GPT စတဲ့သူတွေကလဲ ကိုယ့်မိတ်ဆွေကောင်းဖြစ်လာနိုင်တာပဲဥစ္စာ။
အဆင့်တွေ
ကျနော့်အတွက်တော့ အင်္ဂလိပ်စာကို အဆင့်ရယ်လို့မသတ်မှတ်ချင်ပေမယ့် နားလည်လွယ်အောင် အဆင့်နဲ့တွဲပြီးပြောပြချင်တယ်။
CEFR Scaleဆိုတာသိကြမှာပါ။ A1, A2, B1, B2, C1,C2 စသဖြင့်ပေါ့။ ကလေးတုန်းကအင်္ဂလိပ်စာသင်တန်းထားဖူးဖြေဖူးတဲ့သူတွေဆိုသိကြမှာပါ။
A1, A2 (IELTS 2.0-4.0)
လုံးဝအခြေခံကျတဲ့အဆင့်။ Simple past tense, simple description, basic ပါ။
- "I am John." , "This is a cat." , "The weather is sunny today"
B1ဆိုတာ Intermediate (IELTS 4.0 - 5.0)
- I have been studying English for two years. (Present Perfect tense)
- He told me he was going to the cinema. (Reported Speech)
စာကြောင်းလေးတွေဖွဲ့တတ်လာပြီ။ အသုံးအနှုန်းတော့မကြွယ်ဝသေးဘူး။ ကြောင်အမ်းအမ်းနဲ့ဖြစ်နေလောက်ဦးမယ်။
B2 ဆိုတာ Upper intermediate. (IELTS 5.5 - 6.5)
ကျောင်းသားအများစုရှိတတ်တဲ့နေရာ။ ဒီလောက်ထိက လွယ်တယ်လို့ပဲ သတ်မှတ်ချင်တယ်။ နိုင်ငံတကာက တက္ကသိုလ်အများစုရဲ့ ဝင်ခွင့်လိုအပ်ချက်ကို ပြည့်မီတယ်။ အရမ်းတော့မကျော်သေးဘူး။
နိုင်ငံခြားမှာ တစ်ဦးတည်းအလည်ခရီးထွက်လို့ရတယ်။ ရွာရိုးကိုးပေါက်လျှောက်သွားလို့ရတယ်။ သို့သော် ဒီဘာသာစကားတစ်ခုတည်းကို အသုံးပြုပြီး အလုပ်လုပ်ဖို့ ရှင်သန်ရပ်တည်နိုင်ဖို့ မလုံလောက်ဘူး။
- It is essential to consider the implications of our actions (Formal Language)
C1 Advanced. (IELTS 7.0 - 8.0)
International schoolကိုပိစိလေးကတည်းက တက်လာတဲ့သူတွေ လေ့လာနိုင်စွမ်းကောင်းတဲ့သူတွေ ရှိတတ်တဲ့နေရာလေးတစ်ခု။
နားထောင်နေတဲ့သူပေါ်မူတည်ပြီး စကားလုံးအပြောအဆိုလိုက်ရောညီထွေ အသုံးပြုနိုင်တယ်။ Sophisticated languageအသုံးပြုနိုင်တယ်။
C2 Proficient (8.5-9.0)
ဆရာ့ဆရာကြီးအဆင့်ပေါ့ဗျာ။
ဒါပေမယ့် ကြိုမှာစရာရှိတာက စာမေးပွဲတိုင်း အဆင့်တိုင်းက ကိုယ့်ရဲ့ အင်္ဂလိပ်စာအခြေအနေကို အတိအလင်းမဖော်ပြနိုင်ဘူး။ Guideတစ်ခု ဘောင်တစ်ခုအနေနဲ့ပဲသတ်မှတ်စေချင်တယ်။
သာဓကကတော့ IELTSစာမေးပွဲ။ အင်္ဂလိပ်လိုသင်တဲ့ဘယ်ကျောင်းမဆို တောင်းလေ့ရှိတဲ့ရမှတ်တစ်ခု။
တချို့သူတွေ ဘာမှသိပ်မတတ်ဘူး။ သို့သော် ၆လ တစ်နှစ် အရမ်းကြိုးစားတယ်။ စာမေးပွဲတွေ အထပ်ထပ်အခါခါဖြေ စာအုပ်တွေ အများမှအများကြီးဖတ် အမှတ်ပေးစည်းမျဥ်းကို နားလည်သထက်နားလည်အောင် လေ့ကျင့်ရင်း အမှတ်တွေ အရမ်းကိုကောင်းသွားတယ်။ တကယ်တော့ ထင်သလောက်မတတ်ကြဘူး။
တချို့ကျပြန်တော့ စာမေးပွဲအတွက် ပြင်ကိုမပြင်ဆင်ဘူး။ ဒါပေမယ့် အမှတ်ရတော့လဲ အမြင့်ကြီးမှာ။
တချို့တွေ အရမ်းကိုတော်တယ်။ မြန်မာလိုထက် အင်္ဂလိပ်လိုကို ပိုကျွမ်းကြတဲ့သူတွေ။ ကျနော့်သူငယ်ချင်းတွေထဲမှာဆိုလဲ အများကြီးပဲ။ သို့သော် confidenceမရှိလို့ မပြောရဲလို့ နေမကောင်းလို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့် အမှတ်တွေဗြောက်သောက်ဖြစ်ကုန်ကြတာ။ ဒါမျိုးတွေပါ။
ကဲ ဒီနေ့တော့ဒီလောက်ပဲကိုယ့်လူတို့။ နေသိပ်မကောင်း စာတွေပိနေလို့ စာသိပ်မရေးဖြစ်ဘူး။ သိချင်တာရှိရင် chat boxမှာဖြစ်စေ Commentထဲဖြစ်စေမေးလို့ရတယ် အချိန်ရရင်ဖြေပေးပါမယ်။ လေးစားမှု(respect)တော့ရှိပါစေ။
ပိစ်(Peace)ပါဗျာ