ပြည်ပမှာ အခန်းဘယ်လိုရှာရမလဲ။

ပြည်ပလိုနေရာစိမ်းတစ်ခုမှာ နေစရာနေရာလေးကောင်းကောင်းမွန်မွန်ရအောင် အထူးသဖြင့် အသိမိတ်ဆွေမရှိတဲ့အခါမျိုးမှာ ဘယ်လိုရွေးချယ်ရမလဲ။ ငွေကိုဘယ်လိုအသက်သာဆုံးတွက်ချက်ရမလဲ၊ စျေးနည်းသွားရင်ကောဘာဖြစ်နိုင်မလဲ။ 

ပြည်ပမှာ အခန်းဘယ်လိုရှာရမလဲ။

ပြည်ပလိုနေရာစိမ်းတစ်ခုမှာ နေစရာနေရာလေးကောင်းကောင်းမွန်မွန်ရအောင် အထူးသဖြင့် အသိမိတ်ဆွေမရှိတဲ့အခါမျိုးမှာ ဘယ်လိုရွေးချယ်ရမလဲ။ ငွေကိုဘယ်လိုအသက်သာဆုံးတွက်ချက်ရမလဲ၊ စျေးနည်းသွားရင်ကောဘာဖြစ်နိုင်မလဲ။ 

၁. နေစရာနေရာဘာကြောင့်လိုအပ်တာလဲ၊ 

၂. နေဖို့အတွက်ရှိထားသင့်တဲ့criteriaတွေ၊ 

၃. နေစရာဘယ်လိုရှာဖွေရမလဲ(Googleကနေ တစ်ဆင့် အိမ်ငှားwebsiteတွေရှာဖွေခြင်း၊ Agent၊ စိတ်ချရတဲ့နည်းလမ်း)၊ 

၄. ဘယ်လောက်ကြိုတင်ရှာဖွေသင့်လဲ၊ 

၅. ဘယ်လိုနေရာမှာ locationရွေးချယ်ရမလဲ၊

၆. စျေးနည်းတိုင်းကောအလုပ်ဖြစ်လား(အခန်းအနေအထား၊ အာမခံပေးမယ့်သူ၊ AirBnB)၊ 

၇. နေစရာဘယ်လိုရှာဖွေရမလဲ(ကျောင်းသားဖြစ်စေ ခရီးသွားဖြစ်စေ)၊ 

၈. UKမှာရှာဖွေခဲ့တဲ့နည်းလမ်း၊ 

၉. ကြားဖြတ်ကြေညာစရာကိစ္စ။ 


နေစရာနေရာဘာကြောင့်လိုအပ်တာလဲ

နေစရာနေရာဆိုတာ ရှာဖွေရခက်ခဲ့တဲ့အရာတစ်ခုလို့ဆိုနိုင်တယ်။​ 

“အိမ်ပဲကွာ အိမ်ပွဲစားတွေရှိတာပဲ ဘာလုပ်ဖို့ရှာဖွေနေရမှာလဲ။ သူ့ဟာသူ နေစရာနေရာမရှိရင် ကပ်နေလိုက်မှာပေါ့”

ကျနော်တို့သွားမယ့်နိုင်ငံတွေဆိုတာက အိမ်ငှားထားကြောင်း အထောက်အထားပြည့်ပြည့်စုံစုံနဲ့ရှိမှ Visaပေးတဲ့နိုင်ငံမျိုး၊ အိမ်ငှားခတောင် လချင်းပေးလို့မရဘူး ငှားရင်ငှားမယ့်ကာလအတိုင်း အပြည့်ပေးချေရတယ် မပေးနိုင်ရင် တရားရုံးခေါ်မယ် အာမခံထားတဲ့သူကို ပေးခိုင်းမယ်​။ ဒီလောက်ထိတင်းကြပ်ကြပါတယ်။ 

ကမ္ဘာကြီးတစ်ခုလုံးက ဘယ်နိုင်ငံကိုပဲသွားသွား အလည်visaဆိုရင်တောင်

  • မိမိနာမည်ပါဝင်တဲ့ နေမယ့်hotel ရဲ့booking သို့မဟုတ် သူငယ်ချင်းမိတ်ဆွေတွေနဲ့နေမယ်ဆိုရင်လဲ သူတို့ရဲ့ အိမ်ငှားစာချုပ်၊ passport စတဲ့ နေထိုင်ခွင့်သက်သေ၊
  • အသွားအပြန်လေယာဥ်လက်မှတ်
  • ခရီးစဥ်အတွင်းကုန်ကျနိုင်တဲ့ ငွေကြေးပမာဏအတွက်Show money (ငါချွေတာမယ်ဆိုပြီး အနည်းဆုံးပြလို့မရပါဘူး ပုံမှန်touristတစ််ဦးကုန်ကျသလောက်ပြရပါတယ်။)
  • အမိနိုင်ငံမဟုတ်ခဲ့သော် လက်ရှိရှိနေတဲ့နိုင်ငံရဲ့ နေထိုင်ခွင့်ရှိကြောင်းသက်သေ လိုအပ်ပါတယ်။ 

ဒါအပြင်လိုတာတွေရှိပါလိမ့်ဦးမယ် ကိုယ့်passportက မြန်မာpassportပါ။ ကျောင်းသားအဖြစ်သွားမယ်တို့ အလုပ်နဲ့သွားမယ်တို့ဆို ဒီထက်ပိုမိုလိုအပ်ရင်လဲလိုအပ်မယ် လျော့ရင်လဲလျော့သွားမှာပါ။ 

အဓိကကတော့နေဖို့ပါပဲ။ စားဖို့သောက်ဖို့ရှိမယ်။ အိပ်ဖို့ရှိမယ်။ သူငယ်ချင်းတွေနဲ့အတူတူပျော်ပါးရင်လဲ ပျော်ပါးကြမယ်။ ချစ်သူရည်းစားတွေတူတူနေကြတယ် သူငယ်ချင်တွေ မိသားစုဝင်တွေနဲ့စုနေကြတယ်။ စာလုပ်ရင်လုပ်မယ် ကျောတခင်းစာနေရာထက် ပိုရင်ပိုမယ်။ 


နေဖို့အတွက်ရှိထားသင့်တဲ့criteriaတွေ

အိိမ်တစ်ခုမရှာဖွေခင် ဒီလိုcriteriaတွေရှိထားသင့်ပါတယ်

  1. မိမိနေထိုင်လိုတဲ့နေရာဒေသ (မိမိနေမယ့်မြို့ရယ် ဘယ်နေရာမှ ဘယ်နေရာအတွင်း (ဥပမာ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင် တစ်ဝိုက်))
  2. နေချင်တဲ့ အခန်း (Hotelလား Innလား ကျောင်းသားအဆောင်လား သာမန်အိမ်ခန်းလား)
  3. အတူနေထိုင်မည့်သူရှိမရှိ (ဘယ်နယောက်လဲ၊ အသက်ပြည့်ပြီလား သူငယ်ချင်းတွေလား ချစ်သူတွေလား)
  4. မိမိနေထိုင်လိုတဲ့ကာလ (ဘယ်နေ့မှ ဘယ်နေ့အထိ ရယ် ၁လတန်သည် ၆လတန်သည်ဆိုတဲ့ ပမာဏ)
  5. မိမိနေထိုင်လိုတဲ့အခန်းပုံစံ (အိမ်တစ်လုံးလုံးလား condoတစ်ခန်းလုံးလား အခန်းလေးတစ်ခန်းပဲလား
  6. မိမိလိုအပ်တဲ့facilities (ကုတင် ဘယ်နလုံးလဲ၊ square metre or feetဘယ်လောက်လဲ၊ Kitchenette ပါဖို့လိုလား၊ ရေချိုးခန်းအိမ်သာတွဲလျက်လား ဒါမှမဟုတ် သူများနဲ့ဝေမျှရမှာလား။)
  7. မိမိရဲ့budget (တစ်ရက်ကို ဘယ်လောက်ကနေ ဘယ်လောက်အထိပေးနိုင်လဲဆိုတဲ့range)
  8. မိမိပေးနိုင်တဲ့ ပုံစံ (တစ်ပတ်ချင်းလား တစ်လချင်းလား တစ်နှစ်လုံးစာလား အတိုးနှုန်းရှိခဲ့လျှင်ပေးနိုင်မှာလား)
  9. အခန်းပုံစံ (1 bedroomအခန်းလား 2 bed roomအခန်းလား ၃ထပ်တိုက်တစ်လုံးလား ဒါမှမဟုတ် လူအများနဲ့ဝေမျှရမယ့်အခန်းမျိုးလား)
  10. အာမခံပေးနိုင်မယ့်သူလိုအပ်သလား သို့မဟုတ် depositပေးနိုင်လား။

ဒါတွေစဥ်းစားပြီးမှအဖြေရှာတာကောင်းပါတယ်ဗျ။ 

ဥပမာ - ကျနော်သာUKအခုမှလာမယ့်သူဆို 

  1. Oxford မြို့ရဲ့ ပတ်ချာလည်အဆင်ပြေသော်လည်း Oxford Brookesနဲ့ စက်ဘီးmaximum မိနစ် ၂၀ လောက်နင်းရတဲ့နားပဲနေချင်တယ်။
  2. ကျောင်းသားအဆောင် 
  3. တူတူနေမယ့်သူမရှိ
  4. ကျောင်းစာသင်နှစ် ၈ လလုံး September 1 ရက်နေ့ကနေ May လ ၁ ရက်နေ့အထိရရင်ရပြီ အဲ့ထက်လိုတိုးပိုလျှော့အဆင်ပြေနိုင်ပေမယ့် ဒီလောက်တော့ရှိနေဖို့လို။ 
  5. အခန်းလေးတစ်ခန်းစရိတ်ပဲတတ်နိုင်သဖြင့် အခန်းပဲလိုအပ်၊
  6. Facilitiesကတော့ ကိုယ်ပိုင်ရေချိုးခန်း ကိုယ်ပိုင််အိမ်သာ တစ်ခန်းလုံးကိုယ်အပိုင်နေချင်တယ်၊ Kitchen ပါတဲ့ဟာမျိုးကို စျေးသက်သာရင်ကောင်းတယ်
  7. Oxfordစျေးကြီးတဲ့အတွက် တစ်ပတ် £180 - £250 လောက်ထိရတယ်။ 
  8. အနည်းတကာ့အနည်းဆုံး လိုချင်ပေမယ့် အတိုးနှုန်းမြင့်သွားမှာစိုးလို့တော့ တစ်ပတ်ချင်းတစ်လချင်းမပေးတော့ဘူး။ ၁ နှစ်လုံးစာလဲမပေးနိုင်ဘူးမို့ ၃လရစ် ၂ လရစ်တော့ပေးနိုင်တယ်။ 
  9. အကျယ်တကာ့ အကျယ်ဆုံး လိုချင်ပေမယ့် စျေးပေးသလောက်ပေါ့။ အနည်းဆုံးလျှော့ချပေးနိုင်တဲ့အခန်းပုံစံက ကိုယ်ပိုင်ရေချိုးခန်းပါရမယ်။ အခန်းလေးနဲနဲကျယ်ရမယ်။ မီးဖိုချောင်တော့ မဖြစ်မနေမှသာဝေမျှနိုင်မယ်။ 
  10. Depositပေးလို့ရရင်တော့ ကောင်းတယ်။ အာမခံပေးမယ့်သူမရှိတော့ အာမခံပေးတဲ့serviceမျိုးရရင်ရ မရရင်တော့ အာမခံပေးမယ့်သူမလိုတဲ့အဆောင်မျိုးမှရမယ်။ 

နေစရာဘယ်လိုရှာဖွေရမလဲ

နိုင်ငံတိုင်းမှာမတူညီတဲ့websiteတွေ မတူညီတဲ့ applicationတွေ နည်းလမ်းတွေရှိကြမှာပါ။ 

  1. Googleကနေ တစ်ဆင့် အိမ်ငှားwebsiteတွေရှာဖွေခြင်း

ဘယ်သူမဆို Websiteကနေရှာကြမှာပါ။ အရေးကြီးဆုံးအချက်က Legitဖြစ်မဖြစ်သေချာလေ့လာပါ။ ဘယ်လောက်ကြီးပဲ ကောင်းနေတဲ့websiteဖြစ်နေပါစေ Legitမဖြစ်ရင် အလိမ်သာဖြစ်ခဲ့ရင် ငွေကော အချိန်ကော အလဟဿဖြစ်ပါပြီ။ 

မိမိသွားမယ့်နေရာက နေဖူးတဲ့သူ အသိမိတ်ဆွေရင်းနီးတဲ့သူမျိုးကို မေးကြည့်ပါ။ 

“အိမ်တွေဘယ်လိုငှားကြလဲ Websiteလေးရှိလား” အဲ့လိုမျိုးပေါ့။ 

UKမှာ ကျနော်အိမ်ရှာဖွေခဲ့တုန်းကဆိုရင် စစချင်း facebookတွေ whatsappတွေထဲက ရှာတယ်။ နောက်တော့မှ အလိမ်တွေများမှာစိုးလို့ဆိုပြီး ရှာရင်းဖွေရင်းနဲ့ အိမ်ငှားတဲ့Websiteတွေ ကျောင်းသားတွေကိုအဆောင်ရှာပေးတဲ့ website တွေ တွေ့တယ်။

စမ်းကြည့်တယ်။ Legitဖြစ်သလိုခံစားရပေမယ့် အတင်းကြီးငှားဖို့ပြောနေသလိုမျိုး ခံစားရတယ်။ ဒီတော့ ငှားမယ့် Accomodation providerကို တိုက်ရိုက်မေးလိုက်ပါတယ်။ 


  1. Agentနဲ့ငှားရမ်းခြင်း

Agentဆိုတာက အိမ်ငှားပွဲစားပါ။ ကိုယ့်ဟာကိုယ်မရှာတတ်တဲ့အခါမျိုးမှာ အသုံးဝင်သလိုရှိတယ်။ တကယ်အသုံးဝင်တာကတော့ ကျောင်းသားအဆောင်လိုမျိုးနေရာမဟုတ်ဘဲနဲ့ ကိုယ်ပိုင်အိမ်ကိုယ်ပိုင်အခန်းမျိုးနဲ့ အိမ်ရှင်တိုက်ရိုက်ငှားတဲ့အခါမျိုးပါ။ 

ဒါက Websiteတွေမှာလဲရှိသလို မိမိအသိမိတ်ဆွေတွေထဲမှာလဲရှိတယ်။​ သဘောကတော့ သူတို့ကို အိမ်ငှားဖို့ရှိလားလို့မေးမယ်။ သူတို့က အဲ့ကမိသားစုတွေ အိမ်ပိုင်ရှင်တွေနဲ့ချိတ်ဆက်ထားမယ်။ မြန်မာအိမ်ဖြစ်စေ နိုင်ငံခြားအိမ်ဖြစ်စေပေါ့။

ဒီလိုနဲ့ငှားဖြစ်သွားကြတယ်။ UKဆို Facebook marketplace, Spareroomစတဲ့ Websiteတွေကနေလဲကြည့်နိုင်သလို နယ်မြေgroupတွေကနေလဲရှာဖွေနိုင်တယ်။ 

အသိကျတော့ ကိုယ့်ဟာကိုယ်ရှာဖွေရတာမျိုးပါ။ မြန်မာနိုင်ငံက ကိုယ်တက်ခဲ့တဲ့ကျောင်းတွေမှာလဲ အဲ့လိုမျိုးရှာဖွေပေးတဲ့ contactတွေရှိချင်ရှိမယ် ဒီလိုပဲ ကိုယ့်agentတွေမှာလဲရှိကောင်းရှိနိုင်တယ်။ အိမ်ကြည့်ပေးပါတယ်တို့ ရှာပေးပါတယ်ဆိုတဲ့သူတွေလဲရှိတယ်။​

အရေးကြီးတာကတော့ ဘယ်သူ့ကိုမှမယုံကြည်ပါနဲ့။ အထူးသဖြင့် ကိုယ်ပိုင်အိမ်ကို အငှားတင်တာမျိုးတွေက ရှာဖွေရverifyရခက်တဲ့အချိန် ကိုယ်တိုင်လဲသွားမကြည့်နိုင်တဲ့အချိန်မျိုးလဲရှိတတ်ပါတယ်။ 

ဒီအတွက် ဂရုပြုစေချင်ပါတယ်။ ကိုယ့်အမျိုးဖြစ်စေ အသိမိတ်ဆွေဖြစ်စေ ကြည့်ခိုင်းလို့ရရင်ကြည့်ခိုင်းပါ။ မလောပါနဲ့။ 


  1. စိတ်ချရတဲ့နည်းလမ်း

Universityကနေပြီးတော့ ဖန်တီးပေးထားတဲ့ studentအဆောင်တွေပါ။ ကျောင်းတက်နေတဲ့ကျောင်းသားတွေ ငှားကြတဲ့ ကျောင်းကဖွင့်လှစ်ထားတဲ့အဆောင်တွေ။ ရွေးစရာကတော့နည်းသွားနိုင်ပေမယ့် ငွေပေးချေမှုပဲဖြစ်စေ စိတ်ချယုံကြည်ရမှုပဲဖြစ်စေ အဆင်ပြေပါတယ်။

မကောင်းတာကတော့ ကိုယ်လိုချင်မယ့်အခန်းမျိုးရချင်မှရမယ်။ လူအရွေးများလို့ အချိန်အကြာကြီးကြိုတင်bookထားရတာမျိုးလဲဖြစ်နိုင်မယ်။ 

ဥပမာ - ကိုယ့်ကျောင်းက Oxford brookesဆို Oxford brookes student accomodationပေါ့ဗျာ။

ဒါဆိုရင်တော့ Scamဖြစ်ဖို့ခဲယဥ်းလိမ့်မယ်။ ဒါပေမယ့် ကျောင်းသားပါ အခန်းလေးပြန်ငှားချင်လို့ပါဆိုတာမျိုးတွေတော့ သေချာစစ်ဆေးပါ။ 


ဘယ်လောက်ကြိုတင်ရှာဖွေသင့်လဲ

Booking confirmationဆိုတဲ့ အခန်းငှားထားကြောင်းသက်သေကို visaလျှောက်ကတည်းက တောင်းလေ့ရှိပါတယ်။ 

  • စတင်စီစဥ်ပြီဆိုတာနဲ့ လိုအပ်တဲ့အချက်အလက်တွေစုဆောင်းဖို့အချိန်ရှိတယ်။ ဒါက အချိန်သိပ်ကြာတယ်။ ၁ရက်လဲဖြစ်နိုင်တယ် ၁လလဲဖြစ်နိုင်တယ်။ 
  • Visaဆိုတဲ့အရာကလဲ မရှိဆို ၁လ လောက် ကြာတတ်တယ်။
  • visaဆိုတာကလဲ နောက်ကျတတ်တာမို့ လေယာဥ်လက်မှတ်ကို visaရမယ်လို့မှန်းဆထားတဲ့ ရက်ထက် ၂/၃ ပတ်လောက်ခွာယူချင်ယူဖြစ်လောက်မယ်။

ဒီတော့ အခန်းကိုရှာဖွေမယ်ဆို ခရီးမသွားခင် ၃လလောက်ရှာဖွေပါ။ ငွေကြိုတင်ပေးချေဖို့ လိုအပ်ချင်မှလိုအပ်မှာမို့ ရှာဖွေနိုင်ပါတယ်။​ visit visaလား Student visaလား နိုင်ငံအခြေအနေ ဒါတွေပေါ်မူတည်ပြီး ကြိုတင်ကြံဆရင် ကြံဆရနိုင်တယ်။ ဒီလိုပဲ နောက်ကျပြီးမှလဲ စဥ်းစားနိုင်တယ်။​

ကြိုရှာဖွေလေလေ ရွေးချယ်စရာများလေလေ စျေးနည်းလေလေပါ။ ဘာမဟုတ်တဲ့ခရီးလေးတောင် ၆လလောက်ကြိုတင်ပြီးတော့စီစဥ်ရင် အခန်းဖြစ်စေ လေယာဥ်လက်မှတ်ဖြစ်စေ အစစအရာရာ သက်သာတယ်။ ပြီးတော့အာရုံမနောက်တော့ဘူး။ 

နီးမှသာရှာဖွေရင်တော့ အခန်းတွေကလဲlimitedဖြစ်သွားမယ်။ ရွေးစရာနည်းလို့ စျေးအနည်းဆုံးဆိုတာတွေလဲရချင်မှရတော့မယ် စျေးကြီးပေးရင်လဲပေးရနိုင်တယ်။ ဒီလိုပဲ နေချင်တဲ့နေရာလဲ ရချင်မှရတော့မယ်။ ဥပမာ - မြို့ထဲနဲ့ဝေးနေတာမျိုးတို့ စျေးကြီးသွားတာမျိုးတို့။ 


ဘယ်လိုနေရာမှာ locationရွေးချယ်ရမလဲ

ကိုယ်နဲ့ ကိုယ်နေမယ့်နေရာပေါ်ပဲမူတည်တယ်။ 

Case 1: Backpacker design

ဆိုပါစို့ ကိုယ်က အားလပ်ရက် အပန်းဖြေခရီးထွက်တယ်။

လိုအပ်ချက်

အပြင်အမြဲထွက်နေမယ်။ တော်ရုံတန်ရုံအခန်းမှာ မနေဘူး။ ဒီအတွက် viewကောင်းဖို့မလိုဘူး။ ချောင်ကျလဲရတယ်ကိစ္စမရှိဘူး။ စျေးကိုတတ်နိုင်သလောက်ချွေတာချင်တော့ မြို့နဲ့လဲ မနီး အရမ်းလဲမဝေးတဲ့နေရာမျိုး မှာနေမယ်။ ကိုယ်ပိုင်ကားမရှိဘူး။ မြို့ကြီးလို့ စက်ဘီးလဲစီးလို့မရဘူး။ အမြန်ရထားစီးရင်စီး၊ မဟုတ်ရင် တက်စီငှား၊ မဟုတ်ရင်လမ်းလျှောက်။ 

အဖြေ

ဒါဆို locationက မြို့နဲ့ မနီးမဝေးနေရာ။ အပန်းဖြေဖို့နေရာလေးတွေနဲ့ သွားရလာရလွယ်ကူတဲ့နေရာ။ viewလဲအရမ်းကောင်းဖို့မလိုဘူး။ Hotelဖြစ်ဖို့တောင်မလိုဘူး သာမန်Innသဘောမျိုး ကျောခင်းလို့ရတဲ့နေရာနဲ့တင်အဆင်ပြေတယ်။ ဘယ်ကျောင်းနဲ့မှနီးစရာမလိုဘူး။ Localတစ်ဦးလိုမျိုး သိပ်ကျွမ်းကျင်မှာမဟုတ်ဘူး။ 

မနေသင့်တဲ့အခန်း

သူမငှားသင့်တဲ့အခန်းမျိုးက မြို့အပြင်ဘက်မှာ လုံးဝမြို့ထဲနဲ့လဲဝေး လည်စရာနေရာတွေနဲ့လဲဝေး တော်ရုံတန်ရုံရထားတောင်မရောက်တဲ့နေရာမျိုး။ သူ့ဟာသူအခန်းခဘယ်လောက်ပဲရှိရှိ သွားရလာရမယ့်သူမို့လို့ စရိတ်နဲ့တင်ကာမိမှာမဟုတ်။ Unless သူက ဒီပတ်ဝန်းကျင်မှာပဲလည်မယ်ဆိုရင်တော့တစ်မျိုး?

Case 2: Student

ဆိုပါစို့ကိုယ်ကကျောင်းသား။

လိုအပ်ချက်

နေ့နေ့ညညဒီအိပ်ခန်းကို ကိုယ့်အိမ်လိုမျိုးအသုံးပြုရမယ်။ စျေးလဲ တတ်နိုင်ပေမယ့်အရမ်းတော့မတတ်နိုင်ဘူး။ ချောင်ကျလို့မရဘူး ကျောင်းသွားကျောင်းပြန်လုပ်ရမယ် ကျောင်းကလဲ အိမ်နဲ့နီးမှရမယ်။ ကိုယ်ပိုင်ကားတော့မရှိဘူး။ ကျောင်းကိုတော့ စက်ဘီးစီးအကွာအဝေး Busဆိုရင်လဲ ၂မှတ်တိုင် ၃မှတ်တိုင်စာလောက်ပဲသွားချင်တယ်။ viewလဲကောင်းရမယ် ကျောတခင်းစာထပ်ပိုရမယ်။ 

အဖြေ

ဒါဆိုရင် Locationက ကျောင်းနဲ့နီးတဲ့နေရာဖြစ်ဖို့လိုတယ်။ မြို့နဲ့နီးချင်မှနီးမယ် နီးဖို့သိပ်မလိုဘူး။ ကျောင်းအဆောင်ဖြစ်စေ Condoလိုမျိုးဖြစ်စေ apartmentလိုမျိုးဖြစ်စေ ကောင်းကောင်းလေးတစ်ခန်းလိုအပ်တယ်။ Localတစ်ဦးလိုနေမှာမို့လို့ သူ့ဟာနဲ့သူကျွမ်းကျင်သွားမှာမို့လို့ လူနေအိမ်တစ်ခုလိုမျိုးငှားလို့ရတယ်။

ဒီနေရာမှာပဲ ကျောခင်းရမှာမို့လို့ ကောင်းဖို့လိုအပ်တယ်။ အပြင်လဲအရမ်းထွက်ချင်မှထွက်မှာမို့လို့ အခန်းကို သေချာအသုံးပြုမှာမို့လို့။ Busနဲ့လဲနီးတဲ့နေရာမျိုး ကျောင်းနဲ့လဲနီးတဲ့နေရာမျိုးဆိုရင်တော့ စျေးတော့ပိုပေးရင်ပေးရလောက်တယ် ဘာလို့ဆို ကျောင်းကောင်းတွေအများစုက မြို့ထဲဘက်ဖွင့်ထားကြလို့

မနေသင့်တဲ့အခန်း

သူမနေသင့်တဲ့အခန်းမျိုးက မလိုအပ်ဘဲစျေးကြီးထားတဲ့ မြို့ထဲဘက်က spotတို့ Tourist များတဲ့spotတွေတို့။ ဒီလိုပဲ ကျောတခင်းစာလောက်ပဲလဲ နေလို့မရဘူး သူ့ဟာနဲ့သူ လူနေတဲ့အိမ်တစ်ခုနဲ့တူအောင် ဖန်တီးထားရလိမ့်မယ်။ ဒီအတွက် ပတ်ဝန်းကျင်ကလဲအရေးကြီးတယ်။ အရမ်းချောင်ကျတဲ့ပတ်ဝန်းကျင်မျိုး ညဘက်ပြန်လာရင်တောင် ကြောက်ဖို့ကောင်းတဲ့နေရာမျိုးမှာ နေလို့အဆင်မပြေဘူး။ 

ဒီလိုမျိုးပါ။ 

လူတွေအထင်မှတ်မှားကြတာက အလည်ခရီးသွားတာနဲ့ တကယ်နေတာနဲ့ပါ။ လုံးဝမတူညီပါဘူး။ အလည်နေတာက ရွေးလို့ပိုလွယ်ပေမယ့် တကယ်နေတာမျိုးကတော့ ခက်ခဲပါတယ်။ ပြောင်းရင်လဲပြောင်းရလောက်တာမို့လို့ အကုန်လုံးကိုတော့ကြိုတင်မှန်းဆမထားစေချင်ဘူး။


စျေးနည်းတိုင်းကောအလုပ်ဖြစ်လား

စျေးနည်းရင်အပေါ်ကပြောခဲ့တာတွေအကုန်ထ်ိခိုက်မှာပါ။ အထိအခိုက်ခံနိုင်ရင်တော့ ရပေမယ့် ခံသင့်မှသာခံပါ။ ကျနော်ဆိုရင်တော့ စျေးကြီးတာကြီးလဲမယူဘူး စျေးနည်းတာဆိုလဲ မယူဘူး။

နေစဥ် အဆင်မပြေတဲ့အခြေအနေများ

  • နေထိုင်ဖြစ်မယ့်နေရာဒေသက ကျောင်းနဲ့လဲဝေး မြို့ထဲနဲ့လဲဝေး ဘယ်သွားသွားဘယ်လာလာဝေးလံခေါင်ခိုက်နေလို့ စားစရာမှာဖို့ သွားဖို့လာဖို့ကအစ အကုန်လုံးပိုက်ဆံပြန်ကုန်နေလို့ မထူးပါဘူး။'
  • လူအများနဲ့ဝေမျှရတဲ့အခန်းမျိုးဆို ကိုယ်ပိုင်spaceရယ်လို့ကိုရှိမှာမဟုတ်ဘူး။
  • ဒီလိုပဲ အတူနေတဲ့အခန်းဖော်တွေက ညစ်ပတ်တိုင်း သန့်ရှင်းရေးမလုပ်တိုင်း စကားပြောဆိုရခက်ခဲတိုင်း စိတ်ညစ်နေမှာပါ။ 

ငွေမကာမိတဲ့အချိန်

တစ်နှစ်စာချုပ်နဲ့ဆိုရင် အခန်းခက တစ်လကို £800၊ ၁လချင်းဆို အခန်းခက £1000 အဲ့လိုမျိုး စျေးကကွာဟနေမှာပါ။ ဒီအတွက် ကိုယ်က စျေးတန်ချင်လို့ တစ်နှစ်စာချုပ်နဲ့ငှားတယ် စရံပေးတယ်။ ပြီးကျမှ အခန်းအဆင်မပြေလို့ ပြန်အပ်ချင်ပြီဆို စရံလဲဆုံးပါပြီ။

အိမ်ရှင်မကောင်းရင်

ကုန်ကုန် ကိုယ်နေမယ့်အခန်းမကောင်းရင် အကယ်၍ အခန်းပြန်အပ်တဲ့အခါကျမှ deposit ပြန်မပေးချင်လို့ ရစ်နေမယ်ဆိုရင်လဲ ရစ်နိုင်ပါတယ်။​ ဥပမာ - အခန်းရဲ့ထိုင်ခုံတွေညစ်ပတ်နေလို့၊ အခန်းသန့်ရှင်းရေးခ၊ ရေပိုက်စို့နေလို့ စတဲ့နေထိုင်တဲ့သူတွေရဲ့faultတွေရှာမှာပါ။ တချို့သူတွေအရမ်းညစ်ပတ်လို့ faultဖြစ်တာတွေရှိတယ်။ အဲ့လိုမှအပ။

ဂရုစိုက်ပါ။ စစချင်းdepositတောင်းရင် အကုန်ချောမွတ်နေတာပဲ။ အပ်တဲ့အချိန်ကျမှသာ ပြဿနာတက်မှာပါ။ ဒီအတွက်managementကောင်းတဲ့ အခန်းမျိုးသာ ငှားပါ။

Facilitiesမကောင်းရင်

Facilitiesတွေကောင်းမကောင်းက သိပ်အရေးပါပါတယ်။ အခန်းခကို စျေးနည်းတာလေးပေးပြီးမှ တခြားဟာတွေအကုန်စျေးကြီးနေရင် ဘာမှကိုမကွာပါဘူး။ ငွေ ၂ ခါပြန်ကုန်နေတာမျိုးမဖြစ်ပါစေနဲ့။ အကုန်ပြန်ဝယ်ရတာမျိုးမဖြစ်ပါစေနဲ့။ ကိုယ်နေမယ့်ကာလက ၁ ပတ်လား ၁လလား ၁ နှစ်လား ဒါကိုချိန်ဆပါ။


အာမခံပေးမယ့်သူ

အခန်းငှားတဲ့အခါ ဥပမာ - ၁နှစ်စာချုပ်ကို ၃လရစ်နဲ့ ၄ ကြိမ်ခွဲပေးဖို့ installment လို့ခေါ်ပါတယ်။​ အရစ်ကျပေးချေမယ်ဆိုတာ အာမခံပေးနိုင်ဖ်ို့ အာမခံပေးမယ့်သူ Guarantorလိုအပ်ပါတယ်။​ အများအားဖြင့် အိမ်ပိုင်ရှိတဲ့သူ အလုပ်လုပ်နေတဲ့သူ ဒီလိုမျိုးသူတွေက အာမခံပေးနိုင်ပါတယ်။ 

Guarantor Serviceများ

Guarantor serviceတွေက အာမခံပေးမယ့်သူအနေနဲ့လုပ်ပေးပါတယ်။ ဒီအတွက်ကိုတော့ criteriaတွေရှိတယ်။​ ရတဲ့အဆောင်နဲ့မရတဲ့အဆောင်ရှိတယ်။ serviceခပေးရပါတယ်။

ဥပမာ ကိုယ်ငှားမယ့်အခန်းရဲ့စာချုပ်က ၁နှစ်စာ၊ ကိုယ်ခွဲပေးချင်တာက ၃ရစ် ဒါဆိုရင် 10%၊ ခွဲပေးချင်တာက အပတ်စဥ် လိုမျိုး ခွဲပေးတာများသွားရင်တော့တစ်စျေး ဒီလိုမျိုးပေါ့ဗျာ။ ပုံမှန်နေတဲ့သူတွေအတွက် guarantor ခက တစ်လ £100/ တစ်နှစ် £1000 လောက်တော့ကျလောက်ပါတယ်။

မိတ်ဆွေတစ်ဦးဦးကို လုပ်ခိုင်းလို့မရဘူးလား

Serviceမယူချင်ဘူး အသိမိတ်ဆွေလိုမျိုး လုပ်ခိုင်းလို့ပြေနိုင်မလားဆိုတော့ မိသားစုဝင်မှအပ တခြားသူတော်ရုံသူမလုပ်ပေးချင်ကြပါဘူး။ အိမ်ငှားက အိမ်ငှားခမပေးနိုင်ရင် အိမ်ရှင်က အာမခံပေးထားတဲ့သူကို ဖုန်းဆက်တယ် အိမ်ငှားခတောင်းတယ်။ မပေးနိုင်ဘူးဆိုရင် အာမခံပေးတဲ့သူကော အိမ်ငှားကိုပါ တရားစွဲပါတယ်။ တရားရုံးခေါ်ပါတယ်။

အာမခံပေးလဲ ဘယ်လောက်မှမှရနိုင်တာမှမဟုတ်တာ။​ တာဝန်ယူထားရတာက အကြီးကြီး၊ ရတဲ့ငွေက £500/£1000လေ။ 


Air BnBရဲ့ အခြေအနေ

အဆင့်တွေခွဲလိုက်မယ်ဆိုရင်

  1. ထိပ်ဆုံးကတော့ Hotelတွေ Villaတွေ
  2. ကောင်းတဲ့ Hotel တွေ Residenceတွေက ဖွင့်ထားတဲ့ Serviced apartmentအခန်းတွေ။
  3. ကျောင်းသားအဆောင်တွေ
  4. AirBnBငှားတဲ့သူအများစုနေတတ်တဲ့အခန်းတွေ
  5. လူတွေကြပ်ပြည့်နေအောင်နေရတဲ့ အခန်းတွေ student dormတွေတချို့

AirBnBဆိုတာဘာလဲ

AirBnBဆိုတာက လုံးဝစျေးကြီးပြီးတော့ အမိုက်စား villaတွေလဲငှားသလို သာမန်လူတွေနေလို့ရရုံ အိမ်တွေ အခန်းတွေလဲ ငှားပေးတဲ့serviceတစ်ခု။ နိုင်ငံခြားမှာ အခန်းငှားလို့ရတဲ့websiteလေးပေါ့။ Hotelတွေမှာ စျေးကြီးတယ် ရွေးစရာနည်းတယ်ဆို Air BnBက ရွေးစရာလဲများတယ်။ မီးဖိုချောင်တို့ကအစ ပါဝင်တယ်။ စျေးလဲတန် အခန်းလဲကျယ်တယ်ပေါ့။

အခက်အခဲကတော့ ဂျင်းမိတာပါ။ ပုံမှန်အတိုင်းနေ့စဥ်ငှားမြဲငှားနေတဲ့ reviewကောင်းတဲ့ ငှားပေးတဲ့hostတွေရှိတယ်။ ဒီလိုပဲ ငှားနေကြလဲမဟုတ် reviewလဲမကောင်း reputationလုံးဝမရှိတဲ့သူတွေလဲရှိတယ်။

AirBnBငှားခဲ့လျှင်

  • ဘယ်ပစ္စည်းမဆို မိမိအိမ်တစ်ခုလို သုံးခွင့်ရချင်မှရမယ်။ 
  • သူများနေပြီးသားအခန်းမို့လို့ သန့်ရှင်းချင်မှသန့်ရှင်းမယ်။
  • ပစ္စည်းတွေစုတ်နေတာမျိုးပျက်နေတာမျိုးလဲရှိနိုင်တယ်။ 

မကောင်းတာကတော့ hotelတွေလောက်မလွတ်လပ်တာပဲ။

AirBnBနဲ့ငှားတဲ့သူတွေကြုံတွေ့ရတဲ့ပြဿနာက 

  • အိမ်ရှင်ကမကောင်းရင် နည်းအမျိုးမျိုးနဲ့ အိမ်ငှားဆီက ငွေညှစ်တာ။ 
  • မကောင်းတဲ့reviewရေးရင် ဘယ်ပစ္စည်းက ဘယ်လိုပျက်စီးသွားလို့၊ ပျောက်သွားလို့၊ ခိုးခံလိုက်ရလို့ဆိုပြီး ငွေညှစ်တောင်းတယ်။ 
  • Reviewကောင်းကောင်းရေးပေးမှဒီလိုစွပ်စွဲတာတွေကို ဖယ်ရှားပေးမယ်။ 

AirBnBကကော မကူညီပေးဘူးလား

ဖြစ်ချင်တော့ ကြားထဲက airbnbကလဲ ဘာမှသိပ်မသိ ဖြေလဲမဖြေရှင်းပေးနိုင်တဲ့အခါမျိုးတွေမှာဆို နစ်နာရတယ်။ ဒီထက်ဆိုးတဲ့အခြေအနေတွေကတော့ reviewမကောင်းတာများလာရင် အဲ့အိမ်အကြောင်းတင်ထားတဲ့အကောင့်ကိုဖျက်မယ်၊ ပြီးရင်Account အသစ်နဲ့registerလုပ်မယ်။ ဒီအိမ်ကိုပဲ ပြန်ပြီး ငှားဖို့ကြော်ငြာမယ်။ bad reviewထပ်ရမယ် ဒီလိုပဲထပ်လုပ်မယ်။ Customer တိုင်းလဲမကောင်းသလို hostတိုင်းလဲ မကောင်းပါဘူး။

AirBnBရဲ့loopholesတွေလို့ပြောရမှာပဲ။ AirBnBနေမယ့်အစားတော့ ကျနော်သာ

  • ကျောင်းသားဆိုရင် ကျောင်းအဆောင် ငှားလိုက်မယ်။​ မဖြစ်မနေမှသာ အသိမိတ်ဆွေတစ်ဦးဦးဆီက အိမ်ခန်းတစ်ခန်းငှားမယ်။​
  • Touristဆိုရင်တော့ ဟိုတယ်ပဲငှားလိုက်ပါမယ်။ ရက်ကြာရင်တော့serviced apartmentပေါ့။

နေစရာဘယ်လိုရှာဖွေရမလဲ(ကျောင်းသားဖြစ်စေ ခရီးသွားဖြစ်စေ)

ဘယ်နိုင်ငံမဆို ဘယ်နိုင်ငံသွားသွား 

  • TripAdvisor
  • Trip .com
  • Expedia

ဒါတွေကနေ လိုချင်တဲ့အချက်အလက်အကုန်ရှာလို့ရပါတယ်။​

  • နာမည်ကြီးactivitiesတွေ toursတွေ လက်မှတ်တွေ ဝယ်လို့ရပါတယ်
  • လေယာဥ်လက်မှတ်ဝယ်တာ
  • ကားစီစဥ်တာ
  • ကြိုပို့လုပ်တာ
  • အခန်းငှားတာ စတဲ့touristတစ်ဦးလိုတာအကုန်ပါပါတယ်။

 ကိုယ့်ဟာကိုယ်ပြီးကျမှသာ websiteကနေ မငှားဘဲ တိုက်ရိုက်ငှားလို့ရပါတယ်။ ကျနော်လဲအဲ့နည်းလမ်းကိုပဲrecommendချင်ပါတယ်။ အဲ့လိုနဲ့ ငှားချင်တာလေးတွေ ၁၀ခုလောက် စာရင်းပြုစုလိုက်။ ပြီးရင် sales and marketing team contactကို Internetကနေရှာဖွေပါ။ တိုက်ရိုက်ဆက်သွယ်ပါ။ စျေးနှုန်းညှိနှိုင်းတာကအစ လုပ်လို့ရပါတယ်။​

ကျောင်းသားအဆောင်တွေရှာမယ်ဆိုရင်တော့ ကျောင်းwebsiteတွေကနေရှာဖွေပါ။ “Oxford brookes student accomodation” အဲ့လိုမျိုးပေါ့။ 

အိမ်ခန်းတွေ listingတွေဆိုရင်တော့ အပေါ်က ပြောခဲ့သလိုပဲagentတွေနဲ့ရှာဖွေပါ။ scamမခံရပါစေနဲ့။


UKမှာရှာဖွေခဲ့တဲ့နည်းလမ်း

Postလေးသပ်သပ်တစ်ခုရေးသားထားပါတယ်။ 


ကြားဖြတ်ကြေညာစရာ

Oxfordမှာ ယခု 2024-2025 စာသင်နှစ်အတွက် အဆောင်ရှာဖွေနေတဲ့သူရှိမယ်ဆိုရင် Parade Greenမှာ အခန်းလွတ်တစ်ခန်းရှိပါတယ်။ လွတ်သွားတာကတော့ တခြားတစ်နေရာမှာ နေစရာရသွားလို့ပါ။ နေကိုမနေရသေးတဲ့အခန်းပါ။ 

  • Rentကတော့ £187.53 per weekပါ။ 
  • 2nd of September 2024ကနေ 23 june 2025အထိ စာသင်နှစ်တစ်နှစ်စာလုံးရှိပါတယ်။ 
  • ၅ ယောက်ကနေ ၁၀ ယောက်ကြားဝေမျှရတဲ့အခန်းတွေထဲက ၅ယောက်ခန်းပါ။ 
  • မြေညီထပ်မို့လို့ အတက်အဆင်းတော်ရုံသိပ်မလုပ်ရဘဲ ဓာတ်လှေကားပျက်တာတို့ဘာတို့ကအစအဆင်ပြေပါတယ်။ 
  • ကိုယ်ပိုင်ရေချိုးခန်းပါဝင်ပါတယ်။ မီးဖိုချောင် ဝေမျှရပါတယ်။ 
  • Gym, common room, facilitiesအပြည့်အစုံပါဝင်ပါတယ်။​
  • Oxford brookesအဆောင်တွေထဲက Locationဖြစ်စေ facilitiesဖြစ်စေ ပေးရတဲ့စျေးဖြစ်စေ အကောင်းဆုံးအဆောင်တစ်ခုပါ။ 

၂ ရက်နေ့ စက်တင်ဘာမှာ စတင်မှာမို့လို့ အခုနဲ့ဆို ၂ပတ်ပဲကျန်ပါတော့တယ်။ ယူမယ်ဆိုရင်တော့ Oxford brookesရဲ့ ကျောင်းသားနံပါတ်နဲ့ နာမည်လေးပို့ပေးနိုင်ပါတယ်ဗျ။

ငွေပေးချေမှုတွေ အကောင့်တွေနဲ့ ကိစ္စအဝဝကို Accomodation Provider(ကျောင်း) နဲ့ Tenant(နေထိုင်မယ့်သူ)ပဲ တိုက်ရိုက်ဆက်သွယ်ရမှာမို့လို့ ကျနော့်ကို ဘာတစ်ခုမှပို့ပေးစရာမလိုပါဘူးဗျ။

လူရသွားပြီဆိုရင်တော့ ဒီစာလေးဖျက်ပါမယ်ဗျ။ ဒီက ကောင်မလေးတစ်ယောက်နဲ့ပြောထားတာရှိပေမယ့် ကိုယ့်မြန်မာတွေပိုလိုအပ်မယ် ယူဆလို့ပါ။ Postသပ်သပ်တစ်ခုတင်ပါဦးမယ်။ 


Conclusion

နိုင်ငံခြားသွားတယ်ဆိုတာက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်သလို ခက်ခဲတဲ့ကိစ္စလဲမဟုတ်ပါဘူး။ အခန်းရှာဖွေတာဆိုတာ စစချင်းမှာတော့ခက်ခဲနိုင်ပေမယ့် တကယ်လုပ်နေကြဖြစ်သွားတဲ့အခါ သိပ်လွယ်ကူသွားပါတယ်။​ 

ဘယ်လိုပဲပြောပြော နေစရာနေရာလေးတွေရမယ်လို့ယုံကြည်ပါတယ်။ Oxfordကအဆောင်တွေအကြောင်း ရွေးချင်လို့ တိုင်ပင်ချင်တယ်ဆိုရင် မေးမြန်းနိုင်ပါတယ်။ ညွှန်းပေးဖို့လွယ်ကူပါတယ်။​ Websiteကနေမလုပ်ရဲလို့ ကူညီပေးပါဦးဆိုရင်လဲ ကူညီပေးပါတယ်။ 

မိတ်ဆွေတို့အတွက်ကော ဒီစာလေးက အကျိုးရှိရဲ့လား? မှတ်ချက်လေးတွေပေးသွားကြပါဦး။ 

Read more

December 2024 Life Update

ကျနော့်ရဲ့life update လေးပြောပြထားပါတယ်။ အကျဥ်းချုပ်ကတော့ Oxford Brookesရဲ့ Architecture ဒုတိယနှစ် ကျောင်းတက်ခဲ့ဖြစ်တဲ့အခြေအနေတွေ အခြားသော updateလေးတွေပါ။ videoလေးကတော့ တစ်ခုခုကိုအာရုံစိုက်နေရတဲ

By Moe Htet
မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ

နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လေ

By Moe Htet