ပြောင်းလဲခြင်းများကြား မြန်မာလူငယ်ထု
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမှု။
ကျနော်တို့ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုပျောက်ဆုံးတယ် ကမ္ဘာကြီးမှာငါတစ်ယောက်တည်းဆိုတဲ့ခံစားချက်မျိုးကိုရနေတာလဲ။
ထောင်ပေါင်းများစွာသော မြန်မာပြည်သားလူငယ်တွေအတွက် အဆင့်မြင့်ပညာရေးဆိုတာ အိမ်မက်တစ်ခုလိုဖြစ်နေပါပြီ။ အခြေခံလူ့အခွင့်အရေးတွေ ပျောက်သထက်ပျောက်ဆုံးလာတဲ့အခိုက် အိမ်မက်တွေနဲ့စိတ်ကြိုက်ပျံသန်းခွင့်မရှိတဲ့သူတွေအတွက် ပြည်ပဆိုတာ မျှော်လင့်ချက်တစ်ခု။ ထိုလူငယ်တွေအတွက် အခက်အခဲဆိုတာ အတွင်းစိတ်ထဲမှာလဲရှိနေတယ်။ အဲ့ထဲက တစ်ခုက Identity and belonging။
"Who am I and where do I belong? ငါဘယ်သူလဲ၊ ဘယ်နေရာမှာသင့်လျော်လဲ"
(ကြားဖြတ်ပြောချင်တာကတော့ သူများနိုင်ငံမှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်တို့ ဘာတို့ဆိုတာက ကိုယ်တွေလို Majorityသူမျိုးတွေက အခုမှကြုံရတာပါ။ "ဗမာဗုဒ္ဓ" မဟုတ်တဲ့ "သွေးနှော" ဆိုတဲ့သူတွေတိုင်းက နှစ်ရှည်လများခံစားခဲ့ကြရတာပါ။ ကျောင်းတွင်းဖြစ်စေ လူမှုကြီးကြပ်ရေးရုံးနဲ့သက်ဆိုင်တဲ့ကိစ္စတွေဖြစ်စေ ဘယ်နေရာမှာမဆို ကြုံနေကြရစမြဲပါ။ ဒါကိုacknowledgeကြောင်းဆိုလိုပါတယ်။ ကိုယ်ချင်းစာကြည့်ကြရအောင်။ )
ဘာပြောင်းလဲမှုတွေရှိခဲ့တာလဲ။
၂၀၂၁အာဏာသိမ်းမှုမတိုင်ခင် ခေတ်အဆက်ဆက်မှာ အခြေအနေအမျိုးမျိုးကြောင့် ပညာတတ်လူငယ်လူထုတွေ တစ်စတစ်စ ပြည်ပမှာပညာသင်ယူကြတယ်။ ကျောင်းတက်ကြတယ် အလုပ်ထွက်လုပ်ကြတယ်။ တချို့တွေက ထိုနိုင်ငံတွေမှာတင်ပဲ တစ်သက်လုံးနေလိုက်ကြတယ်။ တချို့ပြန်လာတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြန်လာဖို့ဆိုတာ လူငယ်တိုင်းရဲ့အတွေးထဲမှာ မရှိတော့ဘူး။ အခွင့်အရေးတွေ လွတ်လပ်မှုတွေရှိရာ နိုင်ငံခြားကို ထွက်'ချင်'လို့ထွက်တာမဟုတ်ဘဲ ထွက်'မှရမှာမို့' ထွက်ကြတာပါ။ ပြန်လမ်းမရှိတဲ့ ခရီးတစ်ခုကို ခြေစုံပစ်ဝင်လိုက်ရသလိုပါပဲ။
အဆင်သင့်ဖြစ်ဖြစ်မဖြစ်ဖြစ် ပိုက်ဆံရှိရှိမရှိရှိ သားသမီးရှိတဲ့မိဘတိုင်းရဲ့ အိမ်မက်က ကလေးကို နိုင်ငံခြားကိုပို့ဖို့။ အသက်ငယ်ငယ်လေးဆို နိုင်ငံခြားသင်ရိုးနဲ့ရင်းနီးအောင်လုပ်မယ်၊ တက္ကသိုလ်တက်ရတဲ့အရွယ်ဆို နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ခိုင်းမယ်၊ ဘွဲ့ရှိတဲ့သူဆို အလုပ်ထွက်လုပ်ခိုင်းမယ်။ ငွေကြေးဖိအားတွေကြား ရွေးချယ်ခွင့်ဆိုတာဘာမှမရှိ။
ပြည်တွင်းမှာဆက်ရှိနေတဲ့သူတွေကတော့ ထွေထွေထူးထူးပြောနေဖို့မလို။ ဖိနှိပ်သထက်ဖိနှိပ်ခံလာရမှတော့ ခံမြဲရင်းဆက်ခံနေရဦးမှာပါပဲ။
Survivor's Guilt
"ငါ့အဖေ၊ ငါ့အမေ၊ ငါ့မိသားစု ငါ့မိခင်တိုင်းပြည်ကို ထားခဲ့ရတယ်"
ဆိုပါစို့ စစ်ပွဲတစ်ခုမှာ တစ်မိသားစုလုံးသေသွားတယ် ကျန်ရစ်တဲ့သူက ကိုယ်တစ်ယောက်တည်းဆို ထိုသူရဲ့ရင်ထဲမှာ ပျော်နေဦးပါ့မလား။ "ငါ့ကြောင့် သေခဲ့ရတာ"၊ "ငါပါသွားရမှာ" ဆိုတဲ့စိတ်မျိုးရှိကြတယ်။ ဒါလူ့ထုံးစံပဲ။
ထိုနည်းလည်းကောင်း ကိုယ့်ကို နိုင်ငံခြားပို့ဖို့ စည်းစိမ်တွေရောင်း၊ ငွေတွေချေး၊ အခက်အခဲဒုက္ခတွေကြားမှာ အဲ့လိုအပို့ခံရတဲ့သူတွေတိုင်းကလဲ ကိုယ့်စိတ်ကိုယ်သန့်မယ်မထင်။ တချို့ကတော့ မသိကျေးကျွန်ပြုနိုင်တယ် တချို့ကတော့ တာဝန်ရှိသလိုခံစားရတယ်။
ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုဖိအားပေးလာကြတယ်။
ဟုတ်တယ် ပြည်တွင်းဘက်ကရော ပြည်ပဘက်ကသူရော ခက်ခဲကြတယ်။ ပြည်ပဘက်က သူတွေက "ငါနိုင်ငံခြားတောင်ရောက်နေပြီပဲ ငါကြိုးစားရမယ်။ ငါအနားယူနေလို့မရဘူး။ ငါအိပ်နေလို့မရဘူး။"
ပိုပြီး စိတ်ပြင်းထန်တဲ့သူတွေက ကိုယ့်ကိုယ်ကို အနားကိုမပေးတော့ဘူး။ အလုပ်ဆက်တိုက်ကြိုးစားတယ်။ ဘာလို့ဆို အနားယူနေရင် အပြစ်ရှိသလိုခံစားရလို့။ ငွေလေးနဲနဲပိုသုံးမိသွားတာနဲ့ "ငါဘာလို့ဖြုန်းလိုက်တာလဲကွာ၊ ဒါက မြန်မာငွေနဲ့ဆိုဘယ်လောက်"
ငါဘာဆက်လုပ်ရမလဲ။
Pressure to Succeed
အလုပ်လုပ်နေတဲ့သူဆို "ငါအလုပ်ကြိုးစားရမယ်"၊ ကျောင်းတက်နေတဲ့သူဆို "စာကြိုးစားရမယ်"။ ဒီpressureဝင်ရင်း ဖြစ်ချင်တဲ့အတိုင်းမဖြစ်တဲ့အခါ သိမ်ငယ်လာတယ်။
မိဘတွေဘက်က ဖိအားပေးမှုကြောင့်ဖြစ်စေ အသိုင်းအဝိုင်းကြားထဲအချင်းချင်းအယှဥ်ခံရမှုကြောင့်ဖြစ်စေ ကိုယ့်ကိုယ်ကိုဖြစ်စေ ဖိအားဖြစ်လာတယ်။ Overly Ambitious Goalsတွေရှိလာတယ်။
ငွေကြေးအခက်အခဲတွေ၊ အလွန်နည်းပါးသောအခွင့်အရေးတွေကြား အောင်မြင်မှု(Success)ကသာ လွတ်မြောက်ရာလို့မြင်လာတယ်။ ကျားကုတ်ကျားခဲကြိုးစားချင်လာကြတယ်။ ခက်တာက ကြိုးစားတိုင်း ပင်ပန်းတိုင်း မအောင်မြင်တဲ့အခါစိတ်ညစ်လာတယ်။
ဘာကြောင့်မအောင်မြင်နိုင်တာလဲ။
နှစ်ပေါင်းများစွာ စနစ်တကျဖျက်စီးခံခဲ့ရသောပညာရေး၊ ဆင်းရဲမွဲတေမှု၊ ဘာသာစကားကွာခြားမှု၊ လိင်ခွဲခြားဆက်ဆံခံရမှု၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အသိုင်းအဝိုင်းရဲ့ စိတ်ဓာတ် စတဲ့အခက်အခဲတွေကြား ကြီးပြင်းလာရတယ်။
မြေပြန့်တောင်တန်းမိသားစုတွေထဲ ကျောင်းလခ၊ စာအုပ်ဖိုး၊ ကျောင်းသုံးပစ္စည်းဖိုးတွေတောင်မတတ်နိုင်တဲ့သူတွေ မြန်မာလိုရော အင်္ဂလိပ်လိုပါ သေချာမပြောတတ်ကြတဲ့သူတွေ အများမှအများကြီးပဲ။ နိုင်ငံခြားသွားနိုင်တဲ့လူဆိုတာတစ်အုပ်စုမျှသာ။
ခေတ်နောက်ကျနေတဲ့ သင်ရိုး၊ ပျက်စီးနေတဲ့facility၊ ဆရာဆရာမအင်အားနည်းပါးမှု ဒါတွေအားလုံးအပြင် စစ်အာဏာရှင်ရဲ့ လက်နက်အနေနဲ့အသုံးချခံရမှုကြောင့် Quality educationဆိုတာအိမ်မက်တစ်ခုသာသာ။
အဲ့တော့ သူများနဲ့လိုက်မီအောင်ကို အဆပေါင်းများစွာကြိုးစားကြရပြန်ရော။ ကြိုးစားရင်း တန်လားမတန်လားဝေခွဲနေနေတယ်။ ငါဘာဆက်လုပ်ရမလဲ။
ပြည်ပရောက်သွားတဲ့အခါ ဘာဖြစ်သွားလဲ။
ကိုယ့်ရဲ့အိမ်လို့ခံစားရလောက်တဲ့အထိ နွေးထွေးတဲ့ မိသားစုနဲ့ communityထဲက ရုတ်တရက် ပြောင်းရွှေ့သွားရတဲ့အခါ အရာရာအသစ်အဆန်းဖြစ်နေတဲ့အခါ လိုက်ရောညီထွေ(adapt)လုပ်ဖို့ မလွယ်ကူကြဘူး။
ကိုယ့်မိသားစု ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့ စံနှုန်းတွေ အမိမြေရဲ့ အမွေအနှစ်တွေ (Burmese heritage)နဲ့ ကိုယ်လက်ရှိရောက်နေတဲ့ နိုင်ငံရဲ့ အခြေအနေချင်းမတူညီတဲ့အခါ အတွင်းဖိအားဖြစ်လာတယ်။
ကိုယ်အသစ်ရောက်လာတဲ့နိုင်ငံကလဲကောင်းတယ်အမှန်တော့။ လူမှုအဆင့်အတန်း၊ ပညာရေး၊ အခွင့်အရေး အစစအရာရာသာလွန်နေပေမယ့် ကိုယ့်ကိုယ်ကို ဝေးကွာသလိုခံစားလာကြရတယ်။ အင်မတန်သန့်ရှင်းလတ်ဆတ်တဲ့ပြည်ပက ကြက်ဥကြော်နဲ့ပေါင်မုန့်လေးစားနေပေမယ့် လမ်းထဲက မုန့်ဟင်းခါးဆိုင်လေးကို လွမ်းနေတာမျိုးပေါ့။
မိတ်ဆွေတို့စမ်းသပ်ကြည့်ချင်ရင် ကိုယ် ကလေးပိစိလေးတုန်းကပုံလေးတွေပြန်ကြည့်ကြည့်။ ပြီးရင် ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ကြည့်။ ကိုယ်ဘာတွေပြောင်းလဲသွားပြီလဲ ဆိုတဲ့စိတ်ကနေစလို့ ငါဘာဖြစ်လာခဲ့ပြီလဲ ဆိုတဲ့မေးခွန်းမျိုးအထိ ထုတ်လာကြပါလိမ့်မယ်။ ဒါအလှမ်းဝေးလာတာပါ။
"ငါဘာအတွက်ရုန်းကန်နေတာလဲ"
"ငါ့ရဲ့လုပ်ရပ်တွေက အမိမြေအတွက် လူ့အသိုင်းအဝိုင်းအတွက် အကျိုးရှိပါ့မလား"။
ဘယ်လိုfixရမလဲ။
နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေး စတဲ့အခက်အခဲတွေကြား ကျော်ဖြတ်ဖို့ဆိုတာက မိမိကိုယ်ကိုသိရှိမှုလိုအပ်တယ် ဥပမာ - မိမိခံနိုင်ရည်၊ မိမိဝိသေသ၊ မိမိအကြောင်။
ဘာကြောင့် ဒီလိုခံစားနေရတာလဲ။ ဘာတွေက စတင်(Trigger)စေတာလဲ။
- ရေမြေရပ်ခြားကို ပြောင်းလဲလာရတာကြောင့်လား။
- လွတ်လပ်မှုမရှိခဲ့တဲ့ အတိတ်မကောင်းခဲ့တဲ့ အမိမြေကြောင့်လား။
- မိသားစုနဲ့ လူ့အသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်(expectation)ဖိအားတွေကြား ကိုယ့်ရဲ့ purposeကို ရှာဖွေဖို့ခက်ခဲလာတာလား။
- မွေးရပ်နဲ့ဝေးကွာလာမှုကြောင့်လား။
ကိုယ့်မိသားစုဖြစ်စေ ယုံကြည်ရသောအသိမိတ်ဆွေနဲ့ဖြစ်စေ စကားပြောဆိုကြည့်ကြည့်ပါဗျ။
- မိမိကိုယ်ကိုတန်ဖိုးထားပါလက်ခံပါ
မတူညီတဲ့နိုင်ငံနှစ်ခုက cultureတွေကို ပြိုင်တူလက်ခံဖို့အင်မတန်ခက်ခဲပါတယ်။
နိုင်ငံခြားcultureကို ကြိုက်လွန်းလို့ ကိုယ့်အမိမြေမြန်မာနိုင်ငံကိုမေ့သွားတယ် မြန်မာစကားတောင်မတတ်တော့ဘူး အင်္ဂလိပ်လိုစကားလုံးတစ်လုံးမပါဘဲ စာတစ်ကြောင်းပြည့်အောင်မပြောနိုင်ဘူးဆိုတာမဖြစ်သင့်ဘူး။ ဒီလိုပဲ မြန်မာပြည်ကြီးကိုကြိုက်လွန်းလို့ နေ့တိုင်းမြန်မာဟင်းနဲ့ထမင်း ရှာစားနေလို့မှမရတာ။
အမိမြေကိုမမေ့ချင်ရင် အမိမြေနဲ့သက်ဆိုင်တဲ့ eventsတွေ (ဥပမာ - တော်လှန်ရေးရံပုံငွေပွဲ)တွေမှာ အားပေးပါ ပါဝင်ပါ။ မြန်မာဘုန်းကြီးကျောင်းတွေကိုလဲ သွားလည်၊ Onlineပေါ်က မြန်မာ့အရေးနဲ့သက်ဆိုင်တဲ့forumတွေ စကားပြောပွဲတွေဆိုလဲနားထောင်။
ကိုအံ့ကြီးတို့ စိုင်းဆိုင်မောဝ်တို့လိုမျိုး မြန်မာသံစဥ်လေးတွေဖွင့်၊ ခေတ်သစ်တို့People Springတို့ကသတင်းတွေဖွင့်၊ ကိုလင်းလင်းတို့မဖြူဖြူတို့ဖျော်ဖြေပွဲတွေဆိုလိုက်ကြည့်၊ သူတို့ပစ္စည်းလေးတွေဆို အားပေး၊ မြန်မာမှုမြန်မာ့ဓလေ့အကြောင်းကိုလေ့လာ။
- Like-minded peopleတွေနဲ့စကားပြောဆိုပါ။
ဘဝအခြေအနေချင်း အတွေးအခေါ်ချင်း ဘဝရဲ့life stageချင်း ဆင်တဲ့သူတွေ ကိုယ့်ရဲ့အခက်အခဲတွေကိုနားလည်လောက်တဲ့သူတွေနဲ့စကားပြောဆိုပါ။ ရွယ်တူဖြစ်ချင်မှဖြစ်မယ်၊ တစ်နိုင်ငံတည်းတစ်မြို့တည်းဖြစ်ချင်မှဖြစ်မယ်၊ ကိုယ်ကကျောင်းသား၊ တစ်ဖက်ကအလုပ်လုပ်နေတဲ့သူလဲဖြစ်နိုင်တယ်။
ဘဝတစ်လျှောက်လုံး တွေ့ဆုံရတဲ့သူတွေဆိုတာက တစ်ကမ္ဘာလုံးမှာရှိတဲ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းတောင်မရှိပါဘူးဗျ။
လူတွေမကောင်းဘူးဆိုပေမယ့် ကောင်းတဲ့သူတွေလဲရှိပါတယ်။ မပြောင်းလဲလိုက်ပါနဲ့။ မိုးခါးရေမသောက်ပါနဲ့။ ကိုယ်နဲ့ကိုက်တဲ့သူဆိုတာ သေချာပေါက်ရှိပါတယ်
- ကိုယ့်ကိုယ်ကို ကြင်နာပါ။
အမြဲတမ်းpushနေတိုင်း လိုချင်တဲ့ရလဒ်မရပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ရှေ့ဆက်ပါ။ လမ်းပျောက်နေလို့ရတယ်။ မှားလို့ရတယ်။ ကျရှုံးလို့ရတယ်။ တစ်ဘဝလုံးအမှားတွေလုပ်ခဲ့လို့ရတယ် နောက်မကျသေးပါဘူး။
အခုလိုမျိုးကိုယ့်ကိုယ်ကိုပျောက်ဆုံးမှုဆိုတာက လူတိုင်းဘဝအပိုင်းအခြားတွေမှာ ကြုံကိုကြုံလာရမယ့် သဘာဝဖြစ်စဥ်တစ်ခုပါ။ တခြားသူတွေနဲ့မနှိုင်းယှဥ်ပါနဲ့။
အခုလိုsocial mediaခေတ်မှာ လူတိုင်းမြင်နိုင်မှာက Unrealistic Portrayals(မစစ်မှန်တဲ့သရုပ်ဖော်ပြသမှု)တွေ။ လူတိုင်းက သူတို့ဘဝရဲ့မှတ်တိုင်တွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေကိုသာ ပြသချင်ကြတယ်။ အစစ်အမှန်အတိုင်း တော်ရုံသူမပြသဘူးဗျ။ သူများရဲ့အကောင်းဆုံးအချိန်လေးတစ်ကွက်စာလောက်ကို ကိုယ့်ရဲ့ပကတိအခြေအနေနဲ့မယှဥ်မိဖို့လိုအပ်တယ်။
- Redefine Success
မိသားစု၊ လူ့အသိုင်းအဝိုင်းရဲ့ဖိအားပေးမှုတွေနဲ့ ဖန်တီးထားတဲ့ စံနှုန်းတွေကိုမေ့လိုက်ပါ။ (ဥပမာ- ဝင်ငွေကောင်းတဲ့အလုပ်၊ ပညာရေးအောင်မြင်မှု၊...) ကိုယ့်ရဲ့ အောင်မြင်မှုစံနှုန်းကဘာလဲ။
- အနှစ်သာရရှိတဲ့ Relationshipတွေလား၊
- ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအကျိုးပြုဖို့လား၊
- ကိုယ့်ရဲ့ ဝါသနာ သို့မဟုတ် စိတ်ပါဝင်စားတဲ့အရာတွေကဘာလဲ။
အကုန်လုံးအဖြေထွက်စရာမလိုအပ်ဘူး။ အဖြေရှာစရာမလိုဘူး။ အချိန်နဲ့အမျှ သူ့အလိုလို အဖြေပေါ်သွားလိမ့်မယ်။
- Focus on the present
ပစ္စုပ္ပန်ကို အာရုံပြုပါ။ အတိတ်အကြောင်း ပူဆွေးနေတာတွေ အနာဂတ်အကြောင်း စိုးရိမ်နေတာတွေက လက်ရှိဘဝထဲကနေ ကိုယ့်ကို ဆွဲထုတ်သွားတတ်တယ်။ Mindfulnessကိုလေ့ကျင့်ပါ။ တရားထိုင်ပါ။ Journalရေးပါ။
(ကျနော်ကိုယ်တိုင်လဲ ဒါနဲ့ပတ်သက်တာတစ်ခုလုပ်ဖို့ရှိပါကြောင်း ဟီးဟီး)
- ဝါသနာကိုရှာဖွေပါ။
နိုင်ငံခြားစရောက်ကတည်းက ကျနော့်ဘေးနားမှာအစဥ်အမြဲရှိနေခဲ့တဲ့အရာတွေများများစားစားမရှိပါဘူး။ ကျနော့်ရဲ့ အချစ်ရဆုံးသူရယ် ကျနော့်ရဲ့စာဖတ်မိတ်ဆွေတွေ။
ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် အလွတ်လပ်ဆုံးနေခွင့်ရှိတဲ့အခါမှာ လူတိုင်းက ကိုယ့်အကြောင်းကိုယ်ရှာဖွေနိုင်လာကြတယ်။ အားလပ်ချိန်ဖြစ်စေ အလုပ်များချိန်ဖြစ်စေ လုပ်ချင်နေတဲ့အရာမျိုး၊ ပင်ပန်းမှန်းတောင်မသိ၊ ညောင်းကိုက်နေလဲမမှုနိုင်၊ မမောမပန်းဘဲ နေ့နေ့ညညလုပ်နိုင်နေတဲ့အရာမျိုး။
ဥပမာ - ကျနော်ဆို အခုလိုစာရေးရတာကြိုက်တယ်။ ဦးနှောက်ခြောက်တယ်၊ လက်ညောင်းတယ်၊ Computerအမြဲကြည့်ရတယ်။ ဒါပေမယ့် ကျေနပ်တယ်။ ကိုယ့်ကြောင့် လူတွေအဆင်ပြေသွားတယ်။
ဒုတိယဥပမာဆို ကျနော်ပုံရိုက်ရတာကြိုက်တယ်။ ဘယ်သူက ဘယ်နားလေးမှာ ဘာကိုတည်ထားပြီး ဘယ်လိုလေးရိုက်လိုက်တာက ကိုယ့်အတွက်အံ့ဖွယ်ပဲ။ ဒါတောင် ဝါသနာတစ်ခုလို့ ခေါ်လို့မရသေးဘူး။ ကျနော်စိတ်ဝင်စားရုံမျှသာ။
Conclusion
မြန်မာပြည်သူပြည်သားတွေအတွက် အခက်အခဲဆိုတာ အများနဲ့မတူ အစစအရာရာပိုမိုခက်ခဲတဲ့အခြေအနေတွေကို စတင်မွေးဖွားလာကတည်းက ရင်ဆိုင်ခဲ့ကြရတယ်။ တချို့တွေပိုခက်တယ် တချို့လွယ်တယ်။ ဒီအခက်အခဲတွေကပဲ ကိုယ့်ကို သူများထက်ပိုမိုထူးချွန်စေတာပါ။
သင်က ခေတ်အဆက်ဆက်ဖျက်ဆီးခံထားရတဲ့မြန်မာပြည်ကြီးရဲ့အနာဂတ်ကို ပြောင်းလဲနိုင်တဲ့ Generationထဲကလူတစ်ဦး။ သင့်လက်ထဲမှာ နောင်လာနောင်သားတွေရဲ့အနာဂတ်ရှိတယ်။ တော်လှန်တိုက်ခိုက်ပြီးဖြစ်စေ နိုင်ငံတွေယဥ်ကျေးမှုတွေကြား ပေါင်းကူးတံတားဖြစ်စေ ဘယ်နည်းနဲ့မဆို ကူညီနိုင်ရမယ်။ ကိုယ့်ကိုယ်ကိုလဲ ရှာဖွေရင်းပေါ့။
တကယ်တော့ ဘဝဆိုတာ အောင်မြင်မှုတွေနဲ့ချည်း တည်ဆောက်ထားတာမဟုတ်ဘူးဗျ။ ပြိုလဲမှု၊ ကျရှုံးမှု၊ အခက်အခဲတွေ ဆုံးရှုံးမှုတွေ ဒါတွေအားလုံးပေါင်းစပ်သွားမှ လူဆိုတာဖြစ်လာတာပါ။
ကျနော်ယုံကြည်တယ်
ဘယ်လောက်ပဲ အခက်အခဲတွေကြုံရပါစေ ဒီလူငယ်တွေက ပြိုလဲသွားမှာမဟုတ်။ ခက်ထန်ကြမ်းတမ်းတဲ့ဘဝတွေကနေ အတောက်ပဆုံးသောအနာဂတ်ကို ဖန်တီးပေးကြလိမ့်မယ်။ထိုလူငယ်တွေကပဲ သူတို့ရဲ့ပျောက်ဆုံးနေတဲ့identityကိုရှာဖွေရင်း မြန်မာပြည်ကြီးကိုလွတ်လပ်စေပါလိမ့်မယ်။