အချိန်ပိုင်းအလုပ်အတွက်မဟုတ်၊ သင့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

အချိန်ပိုင်းအလုပ်အတွက်မဟုတ်၊ သင့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

ပြည်ပသွားဖို့ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားအများစုကြား မေးတတ်တဲ့မေးခွန်းကတော့ 'ငါဘာ part-time အလုပ်လုပ်ရမလဲ၊ ကျောင်းမတက်ခင် ဘာပြင်ဆင်သွားရမလဲ' ဆိုတာပါပဲ

ဒီအတွေးတွေဟာ လက်တွေ့ကျပေမယ့် အလွန်တိုတောင်းတဲ့ ပန်းတိုင်တစ်ခုကိုပဲ ဦးတည်နေပါတယ်။ အထက်တန်းအောင်ပြီး တက္ကသိုလ်မတက်ခင်ကြားက အချိန်ဟာ ရွှေထက်တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုပါ။ ဒီအချိန်ကို "ဖြစ်နိုင်ခြေ" ရှိတဲ့ အလုပ်တစ်ခုအတွက် ပြင်ဆင်ရင်း ဖြုန်းတီးမယ့်အစား၊ ကိုယ့်အနာဂတ်အတွက် ခိုင်မာတဲ့အုတ်မြစ်ကို တည်ဆောက်သင့်ပါတယ်။


၁။ အချိန်ပိုင်းအလုပ်ရဲ့ ထောင်ချောက်

လက်တွေ့ကျကျပြောရရင်၊ သင်ဟာ မြန်မာပြည်မှာ ဈေးကြီးတဲ့ barista သင်တန်းတစ်ခု တက်ခဲ့ပေမယ့် UK က ကိုယ့်ကျောင်းနားက ကော်ဖီဆိုင်တွေမှာ လူမခေါ်တာ၊ သူတို့ဆိုင်ရဲ့စံနှုန်းအတိုင်း ကိုယ်တိုင်သင်ပေးရတာကို ပိုသဘောကျတာမျိုးနဲ့ ကြုံနိုင်ပါတယ်။ ဒီလို သီးခြားအလုပ်လေးတွေအတွက် သင်သုံးလိုက်ရတဲ့ အချိန်နဲ့ငွေဟာ ကိုယ့်ရဲ့ အင်ဂျင်နီယာဘွဲ့အတွက်ဖြစ်ဖြစ်၊ ဗိသုကာပညာအတွက်ဖြစ်ဖြစ် အထောက်အကူမပြုနိုင်ပါဘူး။ ဒါဟာ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့အချိန်နဲ့စွမ်းအင်ကို အကျိုးနည်းတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံလိုက်တာပါပဲ။

သူငယ်ချင်းတစ်ဦးကို ကျနော်ပြောလိုက်သလိုပါပဲ။

"မင်းဟာမင်း ဘာဟင်းချက်သင်တန်းပဲတက်ခဲ့တက်ခဲ့ စားသောက်ဆိုင်ရဲ့chef positionကိုလျှောက်တဲ့အချိန်ကလွဲ ဘယ်သူမှဒီဟာကို တန်ဖိုးထားမှာမှမဟုတ်တာ၊ မင်းကျောင်းမှာ First class honours (A)နဲ့အောင်တာ Aရလောက်တဲ့အထိ အတွေ့အကြုံတွေဆည်းပူးနိုင်တာ ဒီAရလောက်တဲ့အထိကို ကြိုးစားနိုင်တဲ့အရည်အချင်း/အတွေ့အကြုံ/Skills ရှိတာ ဒါကမှမင်းဘဝကိုသေချာတကယ်အကျိုးပြုတာ။ "


၂။ တကယ့်အုတ်မြစ် - သင်၏အဓိကဘာသာရပ်အတွက် ရင်းနှီးမြှုပ်နှံခြင်း

ယာယီအလုပ်တစ်ခုအတွက် ပြင်ဆင်မယ့်အစား၊ သင်ရဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုလုံးအတွက် ပြင်ဆင်ပါ။ တက္ကသိုလ်မှာ သင်ရဲ့အဓိကတာဝန်က ထူးချွန်ဖို့ပါပဲ။ First Class Honours ဘွဲ့တစ်ခုရစေမယ့် ကျွမ်းကျင်မှုတွေဟာ အနိမ့်ဆုံးလုပ်ခရတဲ့ အချိန်ပိုင်းအလုပ်တစ်ခုရစေမယ့် ကျွမ်းကျင်မှုတွေထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိပါတယ်။

ဒီနေရာမှာ သင်ပိုပြီး နက်နက်နဲနဲ အာရုံစိုက်သင့်တဲ့အရာတွေကို ဖော်ပြလိုက်ပါတယ် -

က။ ကိုယ့်နယ်ပယ်ဆိုင်ရာ Software များကို ကျွမ်းကျင်အောင်လေ့လာပါ - သင်၏ ပညာရှင်သုံးကိရိယာတန်ဆာပလာများ

ဒါဟာ သင့်ကို တခြားသူတွေထက် သာစေမယ့် အတိုက်ရိုက်ဆုံးနည်းလမ်းပါပဲ။ လုပ်ငန်းတိုင်းမှာ သီးသန့်သုံးစွဲတဲ့ software တွေရှိပြီး၊ အဲဒါတွေကို ကြိုတင်သိထားခြင်းဟာ ပြိုင်ပွဲတစ်ခုကို ကျွမ်းကျင်စွာပြင်ဆင်ပြီးသား ပြိုင်ကားတစ်စီးနဲ့ ဝင်ပြိုင်ရသလိုပါပဲ။

ဆိုပါစို့ သင်က ကျနော့်လိုArchitecture Student. UK မှာ သင်တက်နေတဲ့ ဗိသုကာပညာ ပထမဆုံးအပတ်မှာ သင်တန်းဆရာက "နောက်အပတ်အတွက် SketchUp နဲ့ 3D site model အကြမ်းတစ်ခု၊ AutoCAD နဲ့ 2D floor plan တစ်ခုလုပ်ခဲ့ပါ" လို့ တာဝန်ပေးလိုက်တယ်။ ဒီ program တွေကို တစ်ခါမှမသုံးဖူးတဲ့ ကျောင်းသားဟာ အခြေခံ command တွေကိုလေ့လာဖို့ tutorial တွေကြည့်ရင်းနဲ့ပဲ တစ်ပတ်လုံး အလန့်တကြားဖြစ်နေမှာပါ။

သူတို့ဟာ စိတ်ဖိစီးပြီး နောက်ဆုံးထွက်လာတဲ့လက်ရာဟာလည်း အလျင်စလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ နွေရာသီမှာ ဒီ tool တွေကို လေ့လာထားတဲ့ကျောင်းသားကတော့ assignment ရဲ့ ဖန်တီးမှုပိုင်း ကို ချက်ချင်းစတင်နိုင်ပါပြီ။ သူဟာ "မျဉ်းတစ်ကြောင်းဘယ်လိုဆွဲရမလဲ" ဆိုတာကို အချိန်ကုန်ခံမယ့်အစား၊ ဒီဇိုင်းပိုင်းကိုပဲ အာရုံစိုက်နိုင်ပါပြီ။ သူဟာ တခြားသူတွေထက် ရက်သတ္တပတ်ပေါင်းများစွာ ရှေ့ရောက်နေပါပြီ။

အခြေခံ barista ကျွမ်းကျင်မှုတစ်ခုနဲ့မတူဘဲ၊ အဆင့်မြင့် software ကျွမ်းကျင်မှုတွေဟာ သင့်မေဂျာနဲ့သက်ဆိုင်ပြီး ကျွမ်းကျင်မှုလိုအပ်တဲ့ အချိန်ပိုင်းအလုပ် ဒါမှမဟုတ် freelance အလုပ်တွေ ရရှိစေနိုင်ပါတယ်။ ဥပမာ - သင်ဟာ Adobe Suite ကိုကျွမ်းကျင်မယ်ဆိုရင်၊ ကျောင်းကအသင်းအဖွဲ့တွေ ဒါမှမဟုတ် ဒေသခံစီးပွားရေးလုပ်ငန်းတွေအတွက် video editing, graphic design ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်။ ဒါက သင့်ကို ပိုက်ဆံရစေရုံသာမကဘဲ၊ သင်ဘွဲ့မရခင်ကတည်းက သင့်ရဲ့ professional portfolio ကို တည်ဆောက်ပေးနိုင်ပါတယ်။

ဘာတွေလေ့လာသင့်လဲ (အကျယ်တဝင့်):

  • ဗိသုကာ/အင်ဂျင်နီယာ:

AutoCAD, Revit, Rhino တို့ကို လေ့လာရုံနဲ့မပြီးပါဘူး။ သင့်ရဲ့လက်ရာကို ဘယ်လိုလှပအောင်ပြသမလဲဆိုတာကိုပါ လေ့လာပါ။ Architectural visualization ကိုလေ့လာပါ။ သင့်ဒီဇိုင်းတွေကို တကယ့်လက်တွေ့ဆန်အောင် V-Ray, Enscape လို rendering software တွေသုံးကြည့်ပါ။ Dezeen နဲ့ Behance လို website တွေပေါ်က professional portfolio တွေကိုလေ့လာပြီး သင်ဘယ်အဆင့်ကို ရည်မှန်းသင့်လဲဆိုတာကို နားလည်အောင်လုပ်ပါ။

  • အနုပညာ/ဒီဇိုင်း:

Adobe Creative Suite (Photoshop, Illustrator, Premiere Pro, After Effects) ကို ကျွမ်းကျင်အောင်လုပ်ပါ။ ဒါပေမဲ့ ပိုနက်နက်နဲနဲလေ့လာပါ။ ရုပ်ရှင်ဘက်စိတ်ဝင်စားရင် DaVinci Resolve မှာ colour grading ကိုလေ့လာပါ။ Animation ဘက်ဝါသနာပါရင် Blender ကိုလေ့လာပါ။ သင့်ရဲ့ထူးခြားတဲ့ဟန်ပန်ကိုပြသနိုင်တဲ့ ခေတ်မီတဲ့ online portfolio တစ်ခုတည်ဆောက်ပါ။

အောက်ကနယ်ပယ်တွေကတော့ ကိုယ်ပိုင်အတွေ့အကြုံမရှိဘူး။ လေ့လာထားသလောက်တင်ပြလိုက်ရပါတယ်။

  • စီးပွားရေး/ဘဏ္ဍာရေး:

ခေတ်သစ်စီးပွားရေးလုပ်ငန်းတွေဟာ data အပေါ်မှာလည်ပတ်နေတာပါ။ အခြေခံ Excel ထက်ပိုပြီးလေ့လာပါ။ Advanced functions, Pivot Tables, Macros တွေကိုလေ့လာပါ။ Tableau, Microsoft Power BI လို data visualization tool တွေရဲ့ online course တွေတက်ပါ။ Data analysis အတွက် Python လို programming language တစ်ခုကို လေ့လာခြင်းက သင့်ကို စီးပွားရေးဘွဲ့ရတွေထဲမှာ ထိပ်ဆုံး ၁% ထဲရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ အဖွဲ့လိုက် project တွေမှာ data set တစ်ခုကို သုံးသပ်ပြီး ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတစ်ပုဒ်ဖန်တီးနိုင်တဲ့သူဖြစ်ခြင်းက သင့်ကို အလိုလိုခေါင်းဆောင်တစ်ယောက်ဖြစ်စေပါတယ်။

  • ကွန်ပျူတာသိပ္ပံ:

သင့်ဘွဲ့က အခြေခံတွေကိုသင်ပေးမှာဖြစ်ပေမယ့်၊ နည်းပညာလောကက အလွန်လျင်မြန်စွာပြောင်းလဲနေပါတယ်။ ကိုယ်ပိုင် project တွေတည်ဆောက်ပါ။ ရိုးရှင်းတဲ့ mobile app တစ်ခု၊ database ပါတဲ့ website တစ်ခု၊ ဒါမှမဟုတ် GitHub ပေါ်က open-source project တစ်ခုမှာ ပါဝင်လုပ်ဆောင်ပါ။ ဒီလက်တွေ့အတွေ့အကြုံတွေက နည်းပညာကုမ္ပဏီတွေက သင့်အဆင့်ထက်တောင် ပိုပြီးအလေးထားရှာဖွေတဲ့အရာတွေပါ။

  • လူမှုဘာသာရပ်များ (သမိုင်း၊ နိုင်ငံရေးသိပ္ပံ):

သင့်ရဲ့ "software" ကတော့ သုတေသနနဲ့ စာရေးသားခြင်း tool တွေပါပဲ။ Zotero ဒါမှမဟုတ် Mendeley လို reference management software တွေကို ပထမဆုံးနေ့ကတည်းက ကျွမ်းကျင်အောင်သုံးပါ။ ဒါက သင့်ရဲ့ကျမ်းပြုစာတမ်းရေးတဲ့အခါ နာရီပေါင်းရာနဲ့ချီတဲ့အချိန်ကို သက်သာစေပါလိမ့်မယ်။ Google Scholar နဲ့ JSTOR လို online academic database တွေမှာ အဆင့်မြင့် search နည်းလမ်းတွေကို လေ့လာပါ။ သတင်းအချက်အလက်ကို ထိထိရောက်ရောက် ဘယ်လိုရှာဖွေ၊ စီစစ်၊ ကိုးကားရမလဲဆိုတာသိခြင်းဟာ သင့်ရဲ့နည်းပညာပိုင်းဆိုင်ရာ အားသာချက်ပါပဲ။

  • ဇီဝသိပ္ပံ (ဆေးပညာ၊ ဇီဝဗေဒ):

သင့်နယ်ပယ်ဟာ စမ်းသပ်ချက်တွေကရတဲ့ data တွေနဲ့ လည်ပတ်နေပါတယ်။ SPSS ဒါမှမဟုတ် R programming language ရဲ့အခြေခံလိုမျိုး စာရင်းအင်း software တွေကိုလေ့လာပါ။ သင့်ရဲ့ဓာတ်ခွဲခန်းရလဒ်တွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး လှလှပပမြင်သာအောင်ပြသနိုင်ခြင်းက သင့် report တွေကို သိသိသာသာထူးခြားသွားစေပါလိမ့်မယ်။


ခ။ သင်၏ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ပါ - စာမေးပွဲအောင်ရုံမှသည် စကားဝိုင်းကိုဦးဆောင်နိုင်သည်အထိ

ကျောင်းသားအများစုဟာ IELTS အမှတ်ရပြီးတာနဲ့ ဘာသာစကားပြင်ဆင်မှုပြီးသွားပြီလို့ ထင်တတ်ကြပါတယ်။ ဒါဟာ ကြီးမားတဲ့အမှားတစ်ခုပါ။ IELTS ဆိုတာ တံခါးဖွင့်ဖို့သော့တစ်ချောင်းသာဖြစ်ပြီး၊ အိမ်ထဲမှာ ဘယ်လိုသွားလာလှုပ်ရှားရမလဲဆိုတာကို သင်ပေးတာမဟုတ်ပါဘူး။

ဒီမြင်ကွင်းကို စိတ်ကူးကြည့်ပါ- သင်ဟာ UK တက္ကသိုလ်က ကျောင်းသား ၁၀ ယောက်ပါတဲ့ seminar အဖွဲ့လေးထဲမှာရှိနေတယ်။ သင်တန်းဆရာက ဖတ်စာအုပ်ထဲက စိန်ခေါ်မှုရှိတဲ့မေးခွန်းတစ်ခုမေးလိုက်တယ်။ "IELTS အင်္ဂလိပ်စာ" အဆင့်ပဲရှိတဲ့ကျောင်းသားဟာ စကားလုံးတွေကိုနားလည်ပေမယ့်၊ ဝေဖန်ပိုင်းခြားတဲ့အမြင်တစ်ခုကို ချက်ချင်းမဖော်ထုတ်နိုင်၊ ရှင်းရှင်းလင်းလင်းမပြောပြနိုင်ဘဲ တိတ်ဆိတ်နေပါလိမ့်မယ်။

ဒါပေမဲ့ နွေရာသီမှာ ဆောင်းပါးတွေဖတ်၊ ဟောပြောပွဲတွေကြည့်၊ ဆွေးနွေးမှုတွေလေ့ကျင့်ထားတဲ့ကျောင်းသားကတော့ အဆင်သင့်ဖြစ်နေပြီ။ သူဟာ မေးခွန်းကိုဖြေနိုင်ရုံသာမက၊ တခြားကျောင်းသားတစ်ယောက်ရဲ့အမြင်ကိုလည်း ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်လည်စိန်ခေါ်နိုင်ပါလိမ့်မယ်။ သင်တန်းဆရာက ဘယ်သူ့ကိုပိုသတိထားမိပြီး participation အမှတ်ပိုပေးမလဲဆိုတာ စဉ်းစားကြည့်ပါ။

ပညာရပ်ဆိုင်ရာ ဘာသာစကားဟာ မတူညီတဲ့အရာတစ်ခုပါ။ ဒါဟာ သိမ်မွေ့ခြင်း၊ ဝေဖန်ပိုင်းခြားသုံးသပ်ခြင်း၊ နဲ့ ရှုပ်ထွေးတဲ့အကြောင်းအရာတစ်ခုကို တည်ဆောက်တင်ပြခြင်းနဲ့သက်ဆိုင်ပါတယ်။ အခြေခံအင်္ဂလိပ်စာကိုပဲ အားကိုးခြင်းဟာ ပင်လယ်ကမ်းစပ်ကသဲတွေနဲ့ မိုးမျှော်တိုက်ဆောက်ဖို့ကြိုးစားနေသလိုပါပဲ။ သင့်မှာ ပိုခိုင်မာတဲ့အုတ်မြစ်တွေလိုအပ်ပါတယ်။

ဘာတွေလုပ်သင့်လဲ

  • ပညာရှင်တစ်ယောက်လို ဖတ်ပါ:

အပျော်ဖတ်ရုံသက်သက်မဟုတ်ဘဲ သင်ယူဖို့ဖတ်ပါ။ ကိုယ့်နယ်ပယ်က ထိပ်တန်း professional magazine တွေ၊ academic journal တွေကိုရှာပါ။ ဆေးပညာအတွက်ဆို The Lancet က အနှစ်ချုပ်တွေကိုဖတ်ပါ။ စီးပွားရေးအတွက်ဆို The Economist ကိုဖတ်ပါ။ ဗိသုကာအတွက်ဆို Architectural Review ကိုဖတ်ပါ။ တစ်ပတ်ကို ဆောင်းပါးတစ်ပုဒ်ဖတ်ပြီး အကျဉ်းချုပ်ရေးကြည့်ပါ။ ဒါက သင့်ရဲ့ဝေါဟာရကိုရော၊ သင့်နယ်ပယ်ကကျွမ်းကျင်သူတွေ ဘယ်လိုစကားပြောကြသလဲဆိုတာကိုပါ တိုးတက်စေပါတယ်။

  • ကြည့်ရှုလေ့လာပါ:

YouTube ပေါ်တက်ပြီး MIT, Oxford, Stanford လိုထိပ်တန်းတက္ကသိုလ်တွေက သင်စိတ်ဝင်စားတဲ့ဘာသာရပ်အပေါ် ဟောပြောပို့ချချက်တွေကိုရှာဖွေပါ။ အစပိုင်းမှာ အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်ပြီး၊ နောက်ပိုင်းမှာ စာတန်းထိုးမပါဘဲကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ။ ဒါက သင့်နားကို လေယူလေသိမ်းအမျိုးမျိုးနဲ့ ပညာရပ်ဆိုင်ရာစကားပြောအရှိန်အဟုန်ကို အကျင့်ဖြစ်စေပါတယ်။

  • တက်ကြွစွာဆွေးနွေးလေ့ကျင့်ပါ:

သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် online language exchange group တစ်ခုရှာပါ။ ရိုးရိုးစကားပြောရုံမဟုတ်ဘဲ၊ BBC ဒါမှမဟုတ် The Guardian က သတင်းဆောင်းပါးတစ်ပုဒ်ကိုရွေးပြီး အပြန်အလှန်ငြင်းခုံဆွေးနွေးပါ။ ရည်ရွယ်ချက်က "အနိုင်ရဖို့" မဟုတ်ဘဲ၊ ကိုယ့်အမြင်တစ်ခုကိုဖော်ထုတ်ဖို့၊ သက်သေအထောက်အထားရှာဖွေဖို့၊ နဲ့ ဖိအားအောက်မှာ ကိုယ့်အတွေးအခေါ်တွေကို ရှင်းလင်းစွာတင်ပြနိုင်ဖို့ လေ့ကျင့်တာဖြစ်ပါတယ်။ ဒါဟာ သင် tutorial တိုင်းမှာ လုပ်ရမယ့်အရာတွေနဲ့ တစ်ထပ်တည်းကျပါတယ်။

ဒီလိုနက်ရှိုင်းပြီး အခြေခံကျတဲ့ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်၊ သင်ဟာ တက္ကသိုလ်အတွက်ပြင်ဆင်နေတာသာမကဘဲ၊ အောင်မြင်ထူးချွန်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုအတွက်ပါ ပြင်ဆင်နေတာဖြစ်ပါတယ်။


၃။ တက္ကသိုလ်ပညာရေးကို ကျော်လွန်၍ - သင်၏ဝါသနာနှင့် ‘Personal Brand’ ကို ပျိုးထောင်ခြင်း

"ဘွဲ့တစ်ခုရပြီးရင် အလုပ်အလိုလိုရမှာပဲ" ဆိုတဲ့ အန္တရာယ်ရှိတဲ့စိတ်ဓာတ်ကို ကျောင်းသားအများစု မွေးမြူထားတတ်ကြပါတယ်။ ဒီနေ့ခေတ် ပြိုင်ဆိုင်မှုပြင်းထန်တဲ့လောကမှာ ဒီအချက်ဟာ အာမခံချက်မရှိတော့ပါဘူး။ တကယ်တမ်း အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့အဓိကသင်ရိုးညွှန်းတမ်းပြင်ပမှာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို တည်ဆောက်ထားတဲ့သူတွေပါ။ ဒီနေရာမှာပဲ သင်ရဲ့ဝါသနာက အရေးပါလာပါတယ်။

ဒါဟာ ပိုက်ဆံအတွက်သက်သက်မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ပိုင်Brand တစ်ခုကို ပျိုးထောင်ရမယ့်အချိန်ပါပဲ။ ဒါဟာ သင့်ရဲ့ IQ (ဉာဏ်ရည်ဉာဏ်သွေး), EQ (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်), နဲ့ Digital Literacy တို့ကို တစ်ပြိုင်နက်တည်း တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင်၊ ကျနော်ဆိုရုပ်ရှင်ရိုက်ကူးရေး (Filmmaking)ကို နှစ်သက်ပါတယ်။ သိပ်ကြိုက်တာပါ။ ကျွန်တော့်ရဲ့ဗိသုကာပညာသင်ကြားမှုနဲ့အတူ၊ ကိုယ်ပိုင်အချိန်နဲ့ငွေကိုသုံးပြီး ကင်မရာပစ္စည်းတွေဝယ်၊ editing software တွေလေ့လာခဲ့တယ်။ ဒါဟာ ဝါသနာတစ်ခုသက်သက်မဟုတ်ပါဘူး။ ဒီအရာက ကျွန်တော့်ကို -

  • လက်တွေ့ကျွမ်းကျင်မှု (IQ):

Premiere Pro နဲ့ DaVinci Resolve လို software တွေကို ကျွမ်းကျင်စွာအသုံးပြုတတ်လာတယ်၊ ဇာတ်လမ်းတည်ဆောက်ပုံ၊ visual composition နဲ့ colour theory တွေကို နားလည်လာတယ်။ ဒီနည်းပညာပိုင်းဆိုင်ရာဗဟုသုတဟာ တန်ဖိုးရှိတဲ့အရင်းအနှီးတစ်ခုပါ။

  • စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EQ):

ရုပ်ရှင်တစ်ကားရိုက်ဖို့ဆိုရင် လူတွေနဲ့ဆက်ဆံရတယ်၊ သူတို့ရဲ့ဇာတ်လမ်းတွေကို နားလည်ပေးရတယ်၊ ပြီးတော့ ပရိသတ်ကို ခံစား စေမယ့်အရာတစ်ခုကို ဖန်တီးရပါတယ်။ ဒါဟာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ရဲ့ အစွမ်းထက်တဲ့ပုံစံတစ်ခုပါပဲ။

  • လက်တွေ့အသုံးချ Digital Literacy:

ဗီဒီယိုတည်းဖြတ်တတ်တာက တစ်ပိုင်းပါ။ ဒါပေမဲ့ ကိုယ့်ရဲ့လက်ရာတွေအတွက် "Moe Notes" လိုမျိုး social media page တစ်ခုတည်ထောင်တာ၊ စာတွေရေးနိုင်တာ၊ အွန်လိုင်းပေါ်က တခြားဖန်တီးသူတွေနဲ့ ချိတ်ဆက်နိုင်တာ၊ ကိုယ်တတ်ထားတဲ့အနုပညာနဲ့ တော်လှန်ရေးကို တစ်ထောင့်တစ်နေရာကကူညီနိုင်တာ ဒါကမှ ဝါသနာတစ်ခုကို ခိုင်မာတဲ့ portfolio တစ်ခုနဲ့ professional network တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တာပါ။

သင်ရဲ့ဝါသနာက စာရေးခြင်း၊ graphic design၊ coding၊ ဒါမှမဟုတ် ဂီတဖြစ်နိုင်ပါတယ်။ Blog တစ်ခုစတင်ပါ။ App တစ်ခုတည်ဆောက်ပါ။ Instagram မှာ ခိုင်မာတဲ့ portfolio တစ်ခုဖန်တီးပါ။ ဒီ "side hustle" က သင့်ရဲ့ရည်မှန်းချက်၊ ဝါသနာနဲ့ လက်တွေ့ကျွမ်းကျင်မှုကို ပြသရာရောက်ပြီး၊ အလုပ်ရှင်တွေက စားပွဲထိုးလို အချိန်ပိုင်းအလုပ်တစ်ခုထက် အများကြီးပိုပြီး အထင်ကြီးစေမှာဖြစ်ပါတယ်။


၄။ သင်၏ဘွဲ့တံဆိပ်၏ တန်ဖိုးအမှန် - အဆင့်သတ်မှတ်ချက်တစ်ခုထက် ပိုသော

ဒီအချက်က နောက်ဆုံးအရေးကြီးတဲ့မေးခွန်းတစ်ခုဆီကို ဦးတည်သွားစေပါတယ် - တက္ကသိုလ်မှာ အမှတ်ကောင်းကောင်းရတာ တကယ်ပဲအရေးကြီးလို့လား။ အလုပ်ကောင်းကောင်းရဖို့ တကယ်ပဲ အထောက်အကူပြုလို့လား။

အဖြေကတော့ ရှုပ်ထွေးသလိုနဲ့ ရိုးရှင်းပါတယ်။ ဒီနေ့ခေတ်မှာ အလုပ်ရှင်တစ်ယောက်ဟာ သင့်ရဲ့လက်မှတ်ပေါ်က "A" ဆိုတဲ့စာလုံးတစ်လုံးထက် သင်ရဲ့ portfolio ဒါမှမဟုတ် လုပ်ငန်းအတွေ့အကြုံကို ပိုပြီးတန်ဖိုးထားနိုင်ပါတယ်။ အမှတ်တစ်ခုတည်းကိုကြည့်ပြီး အလုပ်ခန့်ဖို့ ရွေးချယ်ချင်မှလည်း ရွေးချယ်ပါလိမ့်မယ်။

ဒါပေမဲ့ ဒီအမြင်ဟာ ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ ထူးချွန်အောင်ကြိုးစားရခြင်းရဲ့ တကယ့်အနှစ်သာရကို လွဲချော်သွားစေပါတယ်။

တောင်းဆိုမှုမြင့်မားတဲ့ တက္ကသိုလ်တစ်ခုမှာ အမှတ်ကောင်းကောင်းရဖို့ဆိုတာ မလွယ်ကူပါဘူး။ အချိန်၊ ငွေ၊ လူမှုရေးဘဝတွေကို စတေးရပါတယ်။ သင်ရရှိလိုက်တဲ့အမှတ်ဟာ အဆုံးစွန်ဆုလာဘ်မဟုတ်ပါဘူး။ အဲ့ဒီအမှတ်ကိုရရှိအောင် ကြိုးစားခဲ့တဲ့ဖြစ်စဉ် ကသာလျှင် တကယ့်တန်ဖိုးအစစ်အမှန်ဖြစ်ပါတယ်။ ဒါဟာ သင်ဘယ်လိုလူတစ်ယောက်ဖြစ်လာသလဲဆိုတာရဲ့ သက်သေပါပဲ။

အနာဂတ်အလုပ်ရှင်ကသင့်ကို "တက္ကသိုလ်တက်ခဲ့တုန်းက အကြောင်းလေး ပြောပြပါ" လို့မေးလာတဲ့အခါ၊ သင်ဘယ်လိုဇာတ်လမ်းမျိုးကို ပြောပြမှာလဲ။ "ကျွန်တော် First Class ရခဲ့ပါတယ်" လို့ ရိုးရိုးလေးပဲပြောမှာမဟုတ်ပါဘူး။

ဒီအစား၊ သင့်မှာပြောပြစရာ ကုံလုံကြွယ်ဝတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိနေပါလိမ့်မယ်။ အဲ့ဒီဇာတ်လမ်းကတော့ -

  • Resilience (အခက်အခဲဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း) နှင့် စိတ်နှစ်မြှုပ်မှု: သင်တကယ်စိတ်အားထက်သန်ခဲ့တဲ့ project တစ်ခုရဲ့ deadline ကိုမီဖို့ အိပ်ရေးပျက်ခံပြီး ကြိုးစားခဲ့ရတဲ့ညတွေအကြောင်းကို သင်ပြောပြနိုင်ပါလိမ့်မယ်။
  • Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း) နှင့် ယုံကြည်မှု: သင့်ရဲ့ဆရာတွေနဲ့ အပြင်းအထန်ငြင်းခုံဆွေးနွေးခဲ့ရပြီး၊ ကိုယ့်ရဲ့အတွေးအခေါ်တွေကို သက်သေအထောက်အထားခိုင်လုံစွာနဲ့ ကာကွယ်ပြောဆိုတတ်လာပုံကို သင်ပြန်ပြောင်းဖော်ပြနိုင်ပါလိမ့်မယ်။
  • Problem-Solving (ပြဿနာဖြေရှင်းနိုင်စွမ်း): သင်ရင်ဆိုင်ခဲ့ရတဲ့ ကျရှုံးမှုတွေ၊ သင်မအောင်မြင်နိုင်တော့ဘူးလို့ထင်ခဲ့တဲ့ အခိုက်အတန့်တွေ၊ ပြီးတော့ အဲ့ဒီစိန်ခေါ်မှုတွေကို သင်ဘယ်လိုကျော်လွှားခဲ့တယ်ဆိုတာကို သင်ပြန်ပြောပြနိုင်ပါလိမ့်မယ်။
  • Excellence (ထူးချွန်ပြောင်မြောက်မှု) နှင့် အသိအမှတ်ပြုခံရခြင်း: ဆုတံဆိပ်အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ သင့်ရဲ့ project တွေအကြောင်း၊ သင့်နယ်ပယ်ကကျွမ်းကျင်သူပညာရှင်ဖြစ်တဲ့ ပါမောက္ခတွေဆီက ချီးကျူးဂုဏ်ပြုစကားတွေရခဲ့တဲ့အကြောင်းကို သင်ဂုဏ်ယူစွာပြောပြနိုင်ပါလိမ့်မယ်။

ဒါတွေကမှ တကယ့်အတွေ့အကြုံအစစ်အမှန်တွေပါ။ အိပ်ရေးပျက်ခဲ့တဲ့ညတွေ၊ စိတ်ပျက်အားငယ်ခဲ့ရတဲ့အချိန်တွေ၊ အဖြေတစ်ခုကိုရှာတွေ့သွားလို့ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာတွေ၊ ကိုယ်တကယ်ဂုဏ်ယူရတဲ့အရာတစ်ခုကို ဖန်တီးလိုက်ရလို့ ခံစားရတဲ့ပျော်ရွှင်မှုတွေ—ဒါတွေအားလုံးဟာ သင်ရဲ့တက္ကသိုလ်ဘဝပါပဲ။ ဒါတွေကမှ လူတစ်ယောက်ရဲ့ပင်ကိုစရိုက်ကို တည်ဆောက်ပေးတာပါ။

သင်နောက်ဆုံးရလိုက်တဲ့အဆင့်(Grade)ဆိုတာ အဲ့ဒီကြိုးစားအားထုတ်မှုတွေ၊ ရုန်းကန်လှုပ်ရှားမှုတွေ၊ နဲ့ ကြီးပြင်းရင့်ကျက်မှုတွေအားလုံးအတွက် သင်ရလိုက်တဲ့ "ပြေစာ" တစ်ခုလိုပါပဲ။ ဒါဟာ အလုပ်ရှင်တစ်ယောက်ကို သင်ဟာ စိန်ခေါ်မှုတစ်ခုကနေ ထွက်ပြေးတဲ့သူမဟုတ်ဘဲ၊ အဲ့ဒါကို ရင်ဆိုင်တက်လှမ်းတဲ့သူတစ်ယောက်ဖြစ်ကြောင်း ပြသလိုက်တာပါပဲ။

ဒါကြောင့် နောက်ဆုံးမှာ သင့်အမှတ်စာရင်းမှာ "A" မရခဲ့ရင်တောင်၊ သင့်ရဲ့ကြိုးစားအားထုတ်မှုအတွက်တော့ A+ထက်မက ပေးနိုင်အောင်ကြိုးစားပါ။ အဆုံးစွန်ပန်းတိုင်ကတော့ လက်မှတ်တစ်ရွက်တည်းနဲ့ ဘွဲ့ရသွားဖို့မဟုတ်ပါဘူး။ ပြောပြစရာဇာတ်လမ်းတွေ၊ အခက်အခဲတွေထဲကနေ ထုဆစ်ခဲ့ရတဲ့ကျွမ်းကျင်မှုတွေ၊ ပြီးတော့ ကိုယ်အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာကိုသိနေတဲ့သူတစ်ယောက်ရဲ့ မတုန်မလှုပ်တဲ့ယုံကြည်မှုတွေနဲ့ ဘွဲ့ရသွားဖို့ပါပဲ။ အဲ့ဒီတန်ဖိုးကတော့ သင့်ဆီကနေ ဘယ်သူမှလုယူသွားလို့မရတဲ့အရာပါပဲ။


နိဂုံးချုပ်

ဒါကြောင့် အနှစ်ချုပ်အနေနဲ့ပြောရရင် - အချိန်ပိုင်းအလုပ်ရဲ့ထောင်ချောက်ကို ရှောင်ပါ။ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက် နက်ရှိုင်းတဲ့ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြှုပ်နှံပါ။ သင့်ကိုထူးခြားစေတဲ့ ဝါသနာကို ပျိုးထောင်ပါ။ ကိုယ်ပိုင်Personal Brandတစ်ခုတည်ဆောက်ပါ။ နောက်ဆုံးမှာတော့ သင့်ရဲ့ကြိုးစားမှုဇာတ်လမ်းကို တည်ဆောက်ပါ။ ဒါမှသာ တကယ့်ကိုအောင်မြင်တဲ့ အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်မှုပါပဲ။


Read more

မြန်မာ့ဒီဂျစ်တယ်စစ်မြေပြင်- ထိန်းချုပ်မှု၊ ခုခံတော်လှန်မှု နှင့် တိုးတက်ပြောင်းလဲလာမှုများ

မြန်မာ့ဒီဂျစ်တယ်စစ်မြေပြင်- ထိန်းချုပ်မှု၊ ခုခံတော်လှန်မှု နှင့် တိုးတက်ပြောင်းလဲလာမှုများ

"၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပထမတစ်ပတ်အတွင်း မြန်မာစစ်တပ်သည် ဒစ်ဂျစ်တယ်ယဉ်ကျေးမှုဖြတ်ကျော်ပေါင်းစပ်ခြင်းကို မည်သို့အနှောင့်အယှက်ပေးရန် ကြိုးပမ်းခဲ့သနည်း၊ ထိ

By Moe Htet
ယူကေလူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများအတွက် အဆိုပြုထားသော အပြောင်းအလဲများ (မေ ၂၀၂၅ White Paper မှ)

ယူကေလူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများအတွက် အဆိုပြုထားသော အပြောင်းအလဲများ (မေ ၂၀၂၅ White Paper မှ)

မြန်မာကျောင်းသားများနှင့် ယူကေတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားသူများအတွက် အရေးကြီးသော အပြောင်းအလဲများဖြစ်လို့ အားလုံးသိရှိနိုင်ရန် ဝေမျှလိုက်ပါ

By Moe Htet
ခေါင်းစဉ်- UK ပညာရေးအိပ်မက်- "Top-up" နှင့် "Master's" ဘွဲ့များ၏ ဖြတ်လမ်းနောက်ကွယ်က အမှန်တရား

ခေါင်းစဉ်- UK ပညာရေးအိပ်မက်- "Top-up" နှင့် "Master's" ဘွဲ့များ၏ ဖြတ်လမ်းနောက်ကွယ်က အမှန်တရား

အာဏာသိမ်းမှုနောက်ပိုင်း၊ အမေရိကန်ဗီဇာကန့်သတ်ချက်တွေနဲ့အတူ၊ မြန်မာကျောင်းသားတွေနဲ့ မိဘတွေအတွက် UK ဟာ အိပ်မက်သစ်တစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် "

By Moe Htet
မိတ်ဆွေတို့အတွက် သတင်းကောင်းနောက်တစ်ခု။

မိတ်ဆွေတို့အတွက် သတင်းကောင်းနောက်တစ်ခု။

အမှန်တော့ ဒီသတင်းလေးက အရင်တစ်ခေါက် Exhibition အကြောင်းရေးတဲ့ထဲမှာ ပါသွားခဲ့ပေမယ့် စာတွေများသွားတော့ သတိမထားလိုက်မိမှာစိုးလို့ သီးသန့်အနေနဲ့ ပြန်တင်ပေးတာပါ။ ကျနော့်ရဲ့ "

By Moe Htet