အချစ်

အချစ်

လောကကြီးတစ်ခုလုံးမှာ ရှိနေတဲ့အရာတွေအကုန်လုံးက နှလုံးသားခံစားချက်ကနေ မြစ်ဖျားခံလာတယ်။ ဒီအချိန်မှာ အချစ်ဆိုတာ လူတိုင်းကို ကိုင်လှုပ်နိုင်တဲ့အရာတစ်ခု။ အချစ်ကြောင့် ကြိုးစားတယ်။ အချစ်ကြောင့် တွန်းလှန်တိုက်ခိုက်တယ်။ အချစ်ကြောင့် ကြေကွဲတယ်။ ဒီအချစ်။

ကျနော်တို့ဗျာ ဆယ်ကျော်သက်အရွယ်တုန်းက အချစ်ဦး ရည်းစားဦး ဆိုတဲ့သူတစ်ဦးဦးတော့ရှိခဲ့ကြဖူးမယ်။ အသက်ကြီးလာတော့ဗျာ ရည်းစားများတဲ့သူကများ နည်းတဲ့သူကနည်း တချို့လဲ လူပျိုကြီးတွေဖြစ် တချို့လဲ မိန်းမရယောက်ျားရပေါ့။

ဒီအချိန်မှာ အချစ်ကြောင့် အင်မတန်ထိခိုက်ပျက်စီးသွားနိုင်တဲ့ ကိစ္စရပ်လေးတွေပြောပြချင်တယ်။ ဒီစာလေးက အတွေ့အကြုံနုနယ်သေးတဲ့အရွယ်တွေကိုရည်ရွယ်ပါတယ်။ ကျောင်းကိစ္စနဲ့မှမဆိုင်တာလေနော်။ အမှန်တကယ်ကလေ ကျောင်းသားကျောင်းသူတွေလို ဆယ်ကျော်သက်အသက်အရွယ်ကမှ အချစ်ကြောင့် အများဆုံးထိခိုက်နိုင်တယ်လို့ပြောရင် မှားမယ်မထင်ဘူး.


ဘဝလက်တွဲဖော်ဆိုတာဘာလဲ။

လူတိုင်းမှာတော့ စံနှုန်းကိုယ်စီရှိကြလိမ့်မယ်။

ချစ်သူဖြစ်မယ့်သူတစ်ဦးက ဘာပညာရှိရမယ် ဘယ်အသိုင်းအဝိုင်း background၊ ဘာအလုပ်လုပ်ရမယ်၊ ဘယ်လောက်ငွေရှိရမယ် ဒါတွေကျနော်မသိချင်ဘူး။ အတိတ်တုန်းက ဘာကိစ္စတွေ ဘာအမှားတွေ အမှန်တွေပဲ ရှိခဲ့ရှိခဲ့ကျနော်မမှုဘူး။ ဒါပေမယ့် ကျနော်မှုတာက လက်ရှိပကတိအခြေအနေ။

အချစ်ဆိုတာ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ ဒါတွေ ကျနော်မသိဘူး။ ကျနော်ချစ်မယ်ဆိုရင် မြင်မြင်ချင်းအချစ်လဲဖြစ်နိုင်တယ် နှစ်တွေအကြာကြီးနေမှ ချစ်တယ် ဒါလဲဖြစ်နိုင်တယ်။ ချစ်ပြီဆိုရင်တော့ ဆုံးစမဲ့အောင်ချစ်တယ်။

နှစ်နှစ်ကာကာချစ်တယ်။ လောကကြီးကကြိုက်တဲ့အချစ်သီချင်းတွေ ဖွင့်ပြလိုက်။ အဲ့ထဲကအရာတွေအကုန်လုံး ကျနော်လုပ်ဖူးတယ် ခံစားဖူးတယ်ဆိုတာ တပ်အပ်ပြောရဲတဲ့အထိချစ်တယ်။

သူများအတွဲတွေကိုအားကျနေစရာမလို၊ မနာလိုဖြစ်စရာမလိုဘူး။ နှိုင်းယှဥ်စရာမလိုလောက်တဲ့အထိကိုချစ်တယ်။

ရင်ဘတ်ကြီးနဲ့ကို ရင်းချစ်တယ်။ သူ့ကြောင့် ကျနော်နာကျင်စွာခံစားရမလား ကျနော်ခံစားမယ်။ ဘဝမှာရှိတဲ့အရာတွေအကုန်လုံး ဘဝတစ်ခုလုံး ကျနော့်တည်ဆောက်ခဲ့သမျှ ဘယ်အရာမဆိုကျနော်မမှုဘူး။ သူ့ကိုပဲ ရွေးချယ်မယ်။ အဲ့လောက်ထိ မင်းကိုချစ်တယ်။

မနက်နိုးတဲ့အချိန်ကနေ ညအိပ်တဲ့အထိ သူ့ကိုအနားနားမှာရှိစေချင်တယ်။ သူရှိမနေရင်လဲ တခြားတစ်ဦးနဲ့စိတ်ပူနေစရာမလို။ မစိုးရိမ်ရ။

ဒါပေမယ့် အတ္တတော့ကြီးတယ်။ ကိုယ်ချစ်သလို ကိုယ့်ကို ပြန်ချစ်စေချင်တယ်။ အပေးအယူမျှရင် ဒါဘဝလက်တွဲဖော်ဖြစ်တယ်။ ဒီလိုခံယူတယ်။


ကိုယ်တွေခေတ်ရဲ့ တန်ဖိုးမဲ့အချစ်

ခေတ်ကြီးကကောင်းမှမကောင်းတာဗျာ လူတိုင်းက မဟုတ်တဲ့အတွေးတွေပဲ ဝင်လာကြတာဆန်းလား။ နိုင်ငံကြီးကပျက်စီး၊ နဂိုကတည်းက ရည်းစားကိစ္စဆိုတာ အသက် ၂၀ဖြစ်ဖြစ် အသက် ၃၀ ဖြစ်ဖြစ် မိဘတွေ အကိုအမတွေက ချုပ်ချယ်မြဲချုပ်ချယ်နေဆဲ။ ဒီကြားထဲ သိပ်တတ်လှပါဘိလို့ ထင်တဲ့အရွယ်တွေနဲ့ ကလေးတွေလဲရှိသေး။

ဟုတ်မဟုတ် အခုခေတ် သီချင်းတွေပဲနားထောင်ကြည့်။ ဟာ သိပ်ချစ်ပါတယ်တို့ ဘယ်လိုအနုအရွလေးတွေနဲ့ပဲ ချစ်ရကြိုက်ရပါတယ် ဆိုတဲ့သီချင်းတွေထွက်လာသလား ဒါမှမဟုတ် ဘယ်လိုအသည်းတွေခွဲသွားတာ ဘယ်လိုလေးဖလစ်ရတာ ဘယ်လိုတွေဇယားတွေ အကွက်တွေရွှေ့ရတာ စုံစိနေတာပဲ။

(သံစဥ်ဆိုတာ ခေတ်ရဲ့ပြယုဂ်ပဲလေ)

လူတစ်ယောက်နဲ့ရည်းစားဖြစ်ချင်သလား နူးနူးညံ့ညံ့တွေ လုပ်မနေနဲ့တန်ဖိုးမထားကြတော့ဘူး။ အချိန်အကြာကြီးစောင့်နိုင်လဲ တန်ဖိုးမထားကြတော့ဘူး။

အတိတ်တုန်းကလိုမျိုးခေတ်မှာနေစေချင်မိတယ်။ စကားပြောတယ်ဆိုတာ စက္ကူနဲ့စာအသွားအလာပဲရှိတယ်။ လူကြုံစာလေးထည့်ပေးရတာနဲ့ ခိုးပေးရတာနဲ့။ ဖုန်းပြောချင်ရင် ဖုန်းရှိတဲ့အိမ်မှာ တိတ်တိတ်လေးခိုးပြီးသွားပြော၊ ကိုယ့်ကို ဖုန်းဆက်လာတယ်ဆို မြန်မြန်လာပြောခိုင်းရသေးတယ်။ ဒီကြားထဲ ရန်ဖြစ်ရင်လဲ စာနဲ့ဆို လနဲ့ချီရန်ကဖြစ်ရသေးတယ်။

ကြားထဲ အကိုတွေအမတွေရှိတဲ့သူဆို သူတို့ကိုကြောက်ရသေး။ ကျောင်းအလစ် တံတားအောက်က ဆိုင်လေးမှာ ခိုးပြီးချိန်းတွေ့ရတာနဲ့ ဒိုင်ယာရီတွေရေးရတာနဲ့။ အဲ့လိုခေတ်သာပြန်ဖြစ်သွားရင် တစ်ရက်တောင်ခံနိုင်ပါ့မလားပဲ။

တကယ်ချစ်ကြတဲ့သူတွေလဲရှိပါတယ်။ ခေတ်ရဲ့ဦးတည်နေပုံလေးသပ်သပ်ပါ။


လူငယ်တွေနဲ့အချစ်

အခုခေတ်ဗျာ အချစ်ဆိုတဲ့အရာအတွက် လူတွေ သဘောထားတဲ့ပုံစံချင်းမတူလောက်ပါဘူး။ ပိုမှန်တဲ့စကားလုံးက Romantic Relationships.

ဟိုးအရင်ခေတ်ကနေစလို့ မနေ့တစ်နေ့ကအထိ လူငယ်တွေရဲ့ခံစားချက်ကို အလွှမ်းမိုးနိုင်ဆုံးက အချစ်။ ခံစားလို့လဲကောင်းတယ်။ အဓိပ္ပာယ်လဲရှိတယ်။ လက်လှမ်းမီနိုင်တဲ့ ခုခေတ်ရဲ့အနည်းအကျဥ်းသော ပျော်ရွှင်ဖွယ်အရာလေးတစ်ခု။

ခက်တာက အကြောင်းပြချက်အမျိုးမျိုးကြောင့် အချစ်နဲ့ပတ်သက်လာကြတယ်။ အဆင်မပြေဖြစ်ကြတယ်။ ဘာကြောင့်ဆိုတာမသိဘူး။

ဘာအတွက်လက်တွဲဖော်လိုချင်တာလဲ။

၁။ ဘယ်ကိစ္စမဆို ဒိုးတူဘောင်ဘက် လက်တွဲသွားချင်တယ်။ အထောက်အပံ့ဖြစ်စေချင်တယ်။ ဒါမှမဟုတ် ကိုယ့်ကွက်လပ်တစ်ခုကို ဖြည့်ချင်ရုံသပ်သပ်လား။

၂။ ရေတိုလား ရေရှည်လား။ ဦးနှောက်နဲ့နှလုံးသားကကော ထပ်တူကျရဲ့လား။ ချစ်ရဲသေးလား။

ကိုယ့်ကိုယ်ကို သေချာစွာသိပါ။

၁။ စိတ်ကစားရုံသပ်သပ်လား ရင်ခုန်နေတာလား ကြိုက်တာလား ချစ်တာလား။

၂။ ကိုယ်က ဘယ်လိုလူလဲ။ သူကကော ဘယ်လိုလူလဲ။ အချင်းချင်းကိုက်ညီမှုရှိကြရဲ့လား။

၃။ ဘယ်လိုအရာတွေက "ဒါဆိုရင်တော့ ငါနဲ့သူ ပြတ်မှရမယ်" ဆိုတဲ့ Turn off လုပ်တဲ့အခြေအနေမျိုးရှိလဲ။


အမှားအယွင်းများ

ကျောင်းသားအရွယ်မျိုးမှာ လူတိုင်းစိတ်ကစားတတ်ကြတယ်။ ဆယ်ကျော်သက်အချစ်ပေါ့ဗျာ။ ခက်တာက ဆယ်ကျော်သက်အချစ်မှာ လွဲမှားသွားနိုင်တဲ့အခြေအနေတွေ အများကြီးပဲ။ ကိုယ့်ကြောင့်ဖြစ်စေ တစ်ဖက်လူကြောင့်ဖြစ်စေ ပြင်ပက ထိန်းချုပ်မရနိုင်တဲ့အခြေအနေတွေကြောင့်ဖြစ်စေပေါ့။

အချစ်တစ်ခုမှာ ဘာလိုအပ်တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့်အခုခေတ်မှာ ရှိရင်းစွဲအရာတွေထက် ပိုလိုအပ်လာတယ်။ ကျနော်focusချင်တာ အခုခေတ် ကျနော်တို့အသက်အရွယ်။

အင်မတန်ခက်ခဲတဲ့အခြေအနေတွေနဲ့ တစ်တိုင်းပြည်လုံးရင်ဆိုင်နေရတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဘက်ဘက်က ချွတ်ခြုံကျနေတဲ့နိုင်ငံ။ ဘာလဲအမှန်တရား။ လိမ်ညာမှုတွေနဲ့ ဖြစ်တည်နေခဲ့တဲ့နိုင်ငံတစ်ခုမှာ အတွေးအခေါ်အလွဲအမှားတွေနဲ့ တန်ဖိုးမထားတတ်ကြတော့တာ ဆန်းလား။ကိုယ်ကျင့်တရားတို့ Ethicတို့ဆိုတာ ဟားတိုက်ရီစရာ။

ဒီလောက်ထိပျက်စီးနေတဲ့တိုင်းပြည်မှာ ပျက်စီးနေတဲ့သူတွေရှိတာပေါ့။ ကိုယ်က ရိုးမြေကျလက်တွဲချင်တဲ့အထိချစ်မိသွားတယ်။ ခက်တာက ကိုယ်ချစ်မိလိုက်တဲ့သူက ရည်းစားကို မှိုလို တစ်ယောက်ပြီးတစ်ယောက် ဒလဟောအဝင်အထွက်များနေတဲ့သူ။ တွဲသမျှတိုင်းနဲ့ပြတ်နေတာကလဲ သူ့ကြောင့်။ သစ္စာမရှိလို့ ပလေးလို့ အကျင့်မကောင်းလို့။ ဒါမျိုးနဲ့ကြုံရင်ရော။

အချစ်ကအရေးပါတယ်ဟုတ်တယ် ကိုယ့်ကိုယ်ကိုလဲတန်ဖိုးထားတတ်ဖို့လိုတယ်။

စဥ်းစားကြည့်ကြည့် ဘဝမှာ လုပ်စရာတွေအများကြီးပဲ။

  • မိသားစု၊ ညီအကိုမောင်နှမ၊ သူငယ်ချင်း၊ အသိမိတ်ဆွေတွေ။
  • ဝါသနာပါတဲ့အလုပ်တွေ အားလပ်ချိန်အနားယူချိန်တွေ၊
  • ကျောင်းကိစ္စ၊ အလုပ်ကိစ္စ။

ဒီအချိန်တွေအကုန်လုံးထဲကမှ ချစ်သူရည်းစားအတွက် ဆိုတဲ့အချိန်ကို ဖဲ့ပေးရမှာဖြစ်တယ်။ တစ်ဖက်ကလဲ ထိုနည်းလည်းကောင်းပဲမို့လို့ နှစ်ဦးနှစ်ဖက်လုံးရဲ့အချိန်တွေမပုပ်ဖို့အရေးကြီးတယ်။

ကိုယ့်ဘက်က အာရုံစူးစိုက်မှုအပြည့် attentionအပြည့်အဝပေးမယ်။ လိုအပ်တဲ့အချိန်တိုင်း ရှိနေပေးမယ်။ ဒါဆိုhealthy ဖြစ်တဲ့relationshipတစ်ခု။ ဘယ်သူမဆို ဘယ်လောက်ကြီးပဲ ရည်းစားကိစ္စ ရှုပ်ရှုပ်ဗျာ အတည်အတံ့ရေရှည်လက်တွဲလို့ရမယ့် လက်တွဲဖော်ကိုတော့ တောင့်တကြတယ်။ မသိစိတ်ထဲကပေါ့။


အဝေးရောက်သံယောဇဥ်တွေ

ပင်ပန်းတယ်ဗျ။ တချို့ဆို သိပ်ချစ်ကြတဲ့ချစ်သူတွေ။ အရင်တုန်းက ဘယ်လောက်ကြီးပဲချစ်ခဲ့ချစ်ခဲ့ အနေဝေးတော့လဲ သွေးအေးသွားကြတာပဲ။

ဖြစ်နိုင်ရင်တော့ ရေရှည်မတည်တံ့နိုင်ဘူးလို့ ယူဆတဲ့သံယောဇဥ်တွေကို ထားခဲ့လိုက်တာအကောင်းဆုံး။ LDRSဆိုတဲ့ Long Distance Relationship (အဝေးရောက်ချစ်သူ) အခြေအနေကို ရေရှည်လက်ခံနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်။

အဲ့တော့ဘယ်လိုလုပ်ကြလဲ။ ဖြတ်သင့်တဲ့နှောင်ကြိုးတွေကို စကတည်းကဖြတ်ထား။ သံယောဇဥ်တွေ မထားထားနဲ့။ ပြီးကျတော့မှ ပြတ်သွားပါလို့ဆိုပြီး အသည်းကွဲဦးမယ်။ မစားနိုင်မသောက်နိုင်နဲ့ လုပ်နေကြအလုပ်တွေပါပျက်ရော။

မဖြတ်သင့်ဘူးလို့ ယူဆတယ် သူ့ကိုအရမ်းချစ်လို့ဆိုရင်ရော။

မတူတဲ့အခြေအနေနှစ်ခု နေရာနှစ်ခုက စုံတွဲတစ်တွဲက သာမန်အတွဲတွေထက် ပိုပြီးလက်တွဲခိုင်မြဲထားရတယ်။ ပိုပြီး သစ္စာရှိရတယ် သည်းခံရတယ် ရိုးသားရတယ်။ ဒါမှခိုင်မြဲတယ်။ တကယ့်တကယ်ခိုင်မြဲသွားပြီဆိုရင်တော့ သေချာပါပြီ ဒီအတွဲကိုဖြတ်နိုင်တာတော်ရုံဘာမှမရှိတော့ဘူး။

တစ်ဖက်က အလုပ်သွားနေတဲ့အချိန် တစ်ဖက်က အိပ်နေချိန်၊ တစ်ဖက်က နေ့လည်ထမင်းစားနေရင် တစ်ဖက်က ညဘက်အနားယူနေပြီ။ တစ်ဖက်က စာတွေပို့ ဖုန်းတွေခေါ် စကားတွေပြောချင်နေတဲ့အချိန် တစ်ဖက်က အတန်းထဲစာသင်နေတယ် အလုပ်ထဲမီတင်တက်နေတယ်။ အခြေအနေချင်းကွာဝေးလာတော့ နားလည်ပေးရခက်လာတယ်။ ဘယ်အဆင်ပြေပါ့မလဲ။

ဒါပေမယ့် ဒါပေမယ့် ကိုယ်ကဒီလိုခံစားရတယ်ဆိုရင်ကော.

မနက်နိုးတယ် သူ့အပြုံးလေး သူ့ဖုန်းခေါ်သံလေးနဲ့နိုးထရတယ်။ သူ့မျက်နှာလေးကို အမြဲတမ်းဖန်သားပြင်ပေါ်မှာမြင်ရတယ်။ မွေးနေ့မှာ အတူဖယောင်းတိုင်မှုတ်ပေးမယ့်သူတွေရှိလဲ သူနဲ့အတူ ဟန်လုပ်ရတာလောက် အဓိပ္ပာယ်မရှိဘူး။ တစ်ချိန်ချိန်မှာ သူနဲ့တွေ့ဖို့ အတူလက်တွဲသွားဖို့ အမြဲကြိုးစားနေမယ်။

ကိုအာဇာနည်ရဲ့ "ကိုယ့်အနားရှိစေချင်" သီချင်းလေးထဲကလိုပေါ့။


ဂရုစိုက်သင့်တဲ့အရာတွေ

၁။ အပေးအယူမျှတဲ့ချစ်ခြင်းတစ်ခုဖြစ်ကိုဖြစ်ရမယ်။ ကိုယ့်ကိုတော့ အလေးအနက်ထားစေချင်တယ် ချစ်ပေးစေချင်တယ် လိုနေချိန်တိုင်းရှိနေပေးစေချင်တယ် ဒါပေမယ့် ကိုယ့်ဘက်က ဘာမှပြန်မလုပ်ပေးနိုင်ဘူး။ ရေရှည်အဆင်ပြေနိုင်မယ်ထင်လို့လား။ ကိုယ်က ဘုရင်မလိုအဆက်အဆံခံချင်ရင် တစ်ဖက်သားကို ဘုရင်တစ်ပါးလို ဆက်ဆံပေးရမယ်။

၂။ မလိုအပ်တဲ့ လိမ်ညာခြင်းတွေ မာန်မာနတွေမရှိပါစေနဲ့။ ပွင့်လင်းမြင်သာပါစေ။

၃။ အပြန်အလှန်လေးစားမှုရှိပါစေ။ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ ကလေးလိုစိတ်ဆိုးတာမျိုးလဲရှိတယ်။ တမင်အကြောင်းရှာပြီး ပြဿနာလုပ်တာလဲရှိတယ်။

တခြားအရာတွေကတော့ ကိုယ်စီသိကြပါလိမ့်မယ်။ မချစ်ဖူးတဲ့သူမှမရှိတာ။

ရေရှည်ရည်ရွယ်ချက်သေချာပါစေ။ ကိုယ့်ရဲ့တစ်ကိုယ်ရည်တိုးတက်မှုကိုအာရုံစိုက်ပါ။ ဘဝနှစ်ခုကို အချိုးအစားကျကျပေါင်းစပ်နိုင်ဖို့ကြိုးစားပါ။ အမြဲတမ်းကြီး ဘဝလက်တွဲဖော်ကိုလဲ ရှာဖွေနေစရာမလိုဘူး။

အကြောင်းအမျိုးမျိုးကြောင့် ဆုံးဖြတ်ချက်မှားခဲ့ရင်လဲ မှားပေါ့ဘာဖြစ်လဲ။ ရည်းစားဟောင်းတွေ တစ်ဦးပြီးတစ်ဦးရှိတာ ဘာဖြစ်လဲ။ အသည်းခဏခဏကွဲလဲ ဘာဖြစ်လဲ။ လူ့ဘဝမှာ Trial and Errorကတော့ရှိကြစမြဲပဲ။ အမှားကနေ အမှန်ပြန်ဖြစ်ဖို့အဓိကပါပဲ။

ဘဝလက်တွဲဖော်ကောင်းတစ်ဦးရှိတဲ့အခါ ကိုယ့်ရဲ့အမှားတွေနဲ့သူ့အမှားတွေကို အမှန်အဖြစ်ပြောင်းလဲနိုင်သွားလိမ့်မယ်။ မှောင်မိုက်နေတဲ့ ကိုယ့်ဘဝကြီးကို အလင်းရောင်လေးပေးနိုင်လိမ့်မယ်။ အရာအားလုံး ကျေနပ်ဖွယ်ကောင်းသွားလိမ့်မယ်။ ဘဝမှာ Purposeဆိုတဲ့ ရည်မှန်းချက်တစ်ခု ရှိလာပါလိမ့်မယ်။

မိတ်ဆွေကော အဲ့လိုလက်တွဲဖော်ကောင်း ရှိပြီလားဗျ။


Read more

အတွေးလေးတစ်စ

အတွေးလေးတစ်စ

ဒီနေ့ ကိုလင်းလင်းတို့ရဲ့ The Rhythm concertကြည့်ဖြစ်တယ်။ သီချင်းနာမည်တွေ spoilerတွေ ဘာတစ်ခုမှကျနော်မပြောလိုဘူး။ ကျနော်ပြောလိုတာက ကြည့်ရှုပြီးတဲ့နားထောင်ပြီးတဲ့အခါ ရတဲ့ခံစာ

By Moe Htet
ဘာမှမဟုတ်ဘူး။

ဘာမှမဟုတ်ဘူး။

ဟယ်လို ဟယ်လို မြင်ကြရဲ့လားမသိဘူး အရေးကြီးတာပြောမှာမဟုတ်လို့ ကျော်သွားလို့ရတယ်။Educationအကြောင်းလဲမဟုတ်ဘူး။ Articleလဲမဟုတ်ဘူး။ ရီစရာလဲမကောင်းဘူး။ ဘာလုပ်မှာလဲ ငါ့ဟာငါအကျိုးရှိတာ

By Moe Htet
ပြောင်းလဲခြင်းများကြား မြန်မာလူငယ်ထု

ပြောင်းလဲခြင်းများကြား မြန်မာလူငယ်ထု

ကိုယ့်ကိုယ်ကို ပျောက်ဆုံးမှု။ ကျနော်တို့ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုပျောက်ဆုံးတယ် ကမ္ဘာကြီးမှာငါတစ်ယောက်တည်းဆိုတဲ့ခံစားချက်မျိုးကိုရနေတာလဲ။ ထောင်ပေါင်းမျ

By Moe Htet