သင့်လမ်းကို သင်ကိုယ်တိုင်ဖောက်ပါ

သင့်လမ်းကို သင်ကိုယ်တိုင်ဖောက်ပါ

မိုး (Moe Notes)

ကျနော့်အကြောင်း ကျနော်ပြန်စဉ်းစားမိတယ်။ ဒီနေ့ထိတိုင်အောင် ကျနော့်ကို တကယ်ယုံကြည်တဲ့သူဟာ အလွန်နည်းပါတယ်။ လူအများစုရဲ့အမြင်မှာ ကျနော်ဟာ "ကမ္ဘာနဲ့အဆက်ပြတ်နေတဲ့"၊ "အပျော်တမ်းသမား" (Amateur)၊ "ဝါသနာအိုး" (Enthusiast)၊ အသက် ၂၀ အရွယ် ကျောင်းသားတစ်ယောက်ထက်မပိုခဲ့ပါဘူး။ သို့သော် ကျနော်လဲဂရုစိုက်နေမှာမဟုတ်ပါဘူး။ မိတ်ဆွေတို့လဲ ဂရုစိုက်နေဖို့မလိုအပ်ပါဘူး။ အရေးကြီးတာတွေကို ဦးစားပေးပါ၊ အမှိုက်တွေကို အမှိုက်အဖြစ် သဘောထားပါ။

ရပ်တန့်နေရန်မလိုအပ်ပါဘူး။ ကြိုးစားပါ၊ ကျရှုံးပါ၊ ပြီးလျှင် ပြန်လည်ကြိုးစားပါ။ လူတိုင်းအနားယူနေချိန် အလုပ်လုပ်ပါ။ လူတိုင်းနိုးထနေချိန် ပိုလို့ကိုလုပ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်လောက်ဘယ်သူမှမကြိုးစားဘူးဆိုတာမျိုး မိမိကိုယ်ကိုယုံကြည်မှုရှိရှိပြောရလောက်တဲ့အထိကို လုပ်ပါ။ အချိန်၊ လူအား၊ ငွေအား အကုန်လုံးရင်းနီးပြီး ရှေ့ဆက်ပါ။

အဲ့လိုမျိုးMindsetနဲ့ရှေ့ဆက်ကြတဲ့အခါ တဖြည်းဖြည်းနဲ့ အရာအားလုံးက ပြောင်းလဲပါလိမ့်မယ်။ သင့်ရလဒ်တွေကသာ သံသယတရားများ၏ တီးတိုးသံများထက်ပို၍ ကျယ်လောင်စွာ ဟစ်ကြွေးလာပါလိမ့်မယ်။ အရင်တုန်းက မအောင်မအောင်နဲ့ကပ်အောင်ခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်ကလဲ အကောင်းဆုံးတွေထဲကတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အင်္ဂလိပ်လိုလုံးဝမပြောရဲတဲ့သူဖြစ်နေခဲ့ရင်လဲ ထိုနိုင်ငံမှာမွေးဖွားတဲ့သူအလား Language ကိုပိုင်နိုင်သွားပါလိမ့်မယ်။ နည်းပညာမကျွမ်းတဲ့သူတစ်ဦးက လူတိုင်းအားကိုးရတဲ့ပညာရှင်တစ်ဦးဖြစ်လာပါလိမ့်မယ်။

ဒါတွေအားလုံးဖြစ်လာစေဖို့ သိပ်ကိုအရေးကြီးတဲ့အကြောင်းအရင်းက မိမိကိုယ်ပိုင်အသံကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုတတ်ဖို့။

ကိုယ့်ရဲ့ကိုယ်ပိုင်အသံကို ရှာမတွေ့နိုင်သေးတဲ့သူတစ်ယောက်ကို တွေးကြည့်ပါ။ သူဟာကလောင်အစွမ်းထက်တဲ့စာရေးဆရာတစ်ယောက်လဲဖြစ်နိုင်တယ်။ ခံစားမှုတိုင်းကို သရုပ်ဖော်နိုင်တဲ့သရုပ်ဆောင်ကောင်းလဲဖြစ်နိုင်တယ်။ ပုံလေးတစ်ပုံကနေတစ်ဆင့် လူတိုင်းရဲ့နှလုံးသားကို ဖမ်းစားနိုင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်လဲဖြစ်နိုင်တယ်။ စကားလုံးတစ်လုံးချင်း၊ ဖန်တီးမှုတစ်ခုချင်းကနေ လူထောင်ပေါင်းများစွာရဲ့နှလုံးသားကိုထိတွေ့နိုင်တဲ့၊ အသက်ဝင်နေတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်တယ်။ သို့သော် သူသည် Comfort Zone ရဲ့ လုံခြုံတဲ့တံတိုင်းတွေကြားထဲမှာပဲ ဆက်နေနေမယ်၊ လူတွေက သင် "ဘာဖြစ်သင့်တယ်" ဆိုတဲ့ ပဲ့တင်သံတွေကိုနားထောင်နေမယ်။ ဒါဆိုရင်ကော အောင်မြင်နိုင်ပါဦးမလား။ တစ်နည်း သူ့ရဲ့ ကိုယ်ပိုင်အသံကို ရှာတွေ့နိုင်ပါ့မလား။

ဒီစာက မိမိကိုယ်ကို ယုံကြည်ရမလားလို့ ဒွိဟဖြစ်နေတဲ့သူတွေတစ်ဦးချင်းတိုင်းအတွက်ပါ။ ဘဝကြီးကို လက်မြှောက်အရှုံးပေးချင်ပြီလို့ စဥ်းစားနေမယ့်သူတွေတိုင်းအတွက်ပါ။ ကိုယ့်ကိုယုံကြည်ပေးမယ့်သူမရှိဘူးဆိုတဲ့သူတွေတိုင်းအတွက်ပါ။ စာဖတ်မိတ်ဆွေတွေတိုင်းအတွက်ပါ။ သင့်ကိုယ်သင် တန်ဖိုးတစ်ခုတည်ဆောက်ချင်တဲ့အခါ ဘာလုပ်ရမလဲ။

အပိုင်း (၁) - အခြေခံအုတ်မြစ် - သင်၏အတွင်းစိတ်ကိုသာ နားထောင်ပါ

အောင်မြင်မှုရဲ့ ပထမဆုံးနဲ့ အခက်ခဲဆုံးအဆင့်ကတော့ "တခြားသူတွေ သင့်အပေါ်ဘယ်လိုထင်မြင်သုံးသပ်လဲဆိုတာကို ဂရုမစိုက်တော့ဖို့" ပါပဲ။ ဒါဟာ မိဘကိုပုန်ကန်တာ၊ ပတ်ဝန်းကျင်ကိုစိန်ခေါ်တာကို ဆိုလိုတာမဟုတ်ဘူး။ Freedom of speechဆိုပြီး စဥ်းစားဆင်ခြင်မှုမရှိတဲ့စကားတွေပြောနေတာမဟုတ်ဘူး။ My body my choiceဆိုပြီး မိမိကိုယ်ကိုတန်ဖိုးမထား လုပ်ချင်ရာလုပ်နေတာမဟုတ်ဘူး။ မာနကြီးတာ၊ ဘယ်သူ့ကိုမှလေးစားမှုမရှိတာမဟုတ်ပါဘူး။

သင့်ရဲ့တန်ဖိုး၊ သင့်ရဲ့အရည်အချင်းကို သူများတွေရဲ့ အကဲဖြတ်မှုဆိုတာပေါ် အခြေမခံတော့ဘဲ၊ ကိုယ့်ရဲ့စိတ်ဆန္ဒအစစ်အမှန်၊ ကိုယ့်ရဲ့ကြိုးစားမှုပေါ်ကို အခြေခံလိုက်ခြင်းပါ။ သို့သော် ဒီလောက်ရိုးရှင်းတဲ့ကိစ္စလေးကို လိုက်လုပ်ဖို့ခက်ခဲနေတာလဲ?

အမှန်တော့ သူတစ်ပါးရဲ့အသိအမှတ်ပြုမှုကို လိုလားတောင့်တခြင်းဟာ လူ့သဘာဝပါ။ အဲ့ဒီသံသရာကနေ ရုန်းထွက်ဖို့ဆိုတာ ကိုယ့်ရဲ့အနက်ရှိုင်းဆုံး မလုံခြုံမှုတွေကို ရင်ဆိုင်ရသလိုပါပဲ။

"ဘေးစကားကို ဂရုမစိုက်ဘူး" ဆိုတာ ကိုယ့်ရဲ့တန်ဖိုးကို တိုင်းတာတဲ့ ပေတံကို သူများလက်ထဲကနေ ကိုယ့်လက်ထဲကို ပြန်ယူလိုက်တာကိုဆိုလိုတာပါ။

  • သူတို့ရဲ့ အသံကိုတိတ်ဆိတ်စေခြင်း: လူတွေက သင့်ကို "Beginner, Loser အရှုံးသမား" လို့မြင်ပါစေ။ "မင်းနဲ့မဖြစ်နိုင်ပါဘူး" လို့ပြောပါစေ။ အဲ့ဒီအသံတွေဟာ ရေဒီယိုကလာတဲ့ ဆူညံသံတွေလိုပါပဲ။ သင်လုပ်ရမှာက အဲ့ဒီ Channel ကိုပိတ်၊ သင်တကယ်နားထောင်ရမယ့် သင့်အတွင်းစိတ်ရဲ့ Channel ကိုဖွင့်လိုက်ဖို့ပါပဲ။
  • လုပ်ရပ်ဖြင့် သက်သေပြခြင်း: သင်ကတော့ သင်လုပ်ချင်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်နေပါ။ စကားလုံးတွေနဲ့ ပြန်မရှင်းပြပါနဲ့။ အချိန်ကုန်တယ် အကျိုးမရှိဘူး။ သင့်ရဲ့လုပ်ရပ်တွေ၊ သင့်ရဲ့ဖန်တီးမှုတွေ၊ သင်တည်ဆောက်လိုက်တဲ့ ရလဒ်တွေကသာ အကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်။ သင့်ရဲ့တကယ့်တန်ဖိုးကို အကျယ်လောင်ဆုံးဟစ်ကြွေးပြသသွားနိုင်ပါလိမ့်မယ်။

လိုက်လုပ်လို့ရမယ့် အချက်: သင့်ရဲ့ ကိုယ်ပိုင် "အောင်မြင်မှု" ကို အဓိပ္ပာယ်ဖွင့်ပါ။ စာရွက်တစ်ရွက်ယူပြီး "ငါ့အတွက် အောင်မြင်တယ်ဆိုတာ..." ဆိုပြီး ခေါင်းစဉ်တပ်ပါ။ အဲ့ဒီအောက်မှာ ငွေကြေး၊ ရာထူး၊ လူမှုရေးအသိအမှတ်ပြုမှုတွေအပြင် သင်တကယ်တန်ဖိုးထားတဲ့အရာတွေကို ချရေးပါ။ (ဥပမာ - လွတ်လပ်မှု၊ ငွေကြေးလွတ်မြောက်မှု၊ သူတစ်ပါးကို ကူညီနိုင်စွမ်း၊ မိသားစုနဲ့ အချိန်ပိုပေးနိုင်ခြင်း)။ ဒီစာရွက်က သင့်ရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံဖြစ်လာပြီး၊ ဘေးစကားတွေကြောင့် လမ်းပျောက်တဲ့အခါတိုင်း ပြန်ကြည့်ဖို့ အားဖြစ်စေပါလိမ့်မယ်။

လမ်းပြမြေပုံထဲကအတိုင်း အကောင်အထည်ဖော်ပါ။ လမ်းကြောင်းဖြောင့်ချင်မှဖြောင့်မယ်။ တွက်ဆထားတဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်။ လမ်းလယ်ရောက်မှ ဘယ်သွားလို့သွားရမှန်းမသိလဲဖြစ်နိုင်ပါတယ်။ သွေဖီစရာအကြောင်းအရင်း အများကြီးပေါ်လာနိုင်ပါတယ်။ အဲ့လိုအချိန်ကျ အောင်မြင်မှုဆိုတဲ့အရာရဲ့အနက်အဓိပ္ပာယ်က အရေးအကြီးဆုံးဖြစ်သွားပါလိမ့်မယ်။

အပိုင်း (၂) - ကိုယ့်ကိုယ်ကို တည်ဆောက်ခြင်းအတွက် လက်တွေ့နည်းလမ်း (The Blueprint)

ကိုယ့်လမ်းကိုယ်ဖောက်ဖို့အတွက် ခံစားချက်တစ်ခုတည်းနဲ့မရပါဘူး။ စနစ်တကျလေ့လာပြီး လုပ်ဆောင်ဖို့လိုပါတယ်။

က။ လေ့လာပါ (Learn) - သင်၏ Mentor လေးဦးကို ရှာဖွေပါ သင်စိတ်ဝင်စားတဲ့နယ်ပယ်တစ်ခုမှာ အောင်မြင်ချင်ရင် ဒီလိုလူလေးမျိုးကို လေ့လာစောင့်ကြည့်ဖို့လိုပါတယ်။ သူတို့ကို အသည်းအသန်လိုက်ရှာနေစရာမလိုပါဘူး၊ သင်တကယ်ကြိုးစားနေရင် သင့်လမ်းမှာ သူတို့ပေါ်လာပါလိမ့်မယ်။

  1. သင်၏ Idol (စံပြုပုဂ္ဂိုလ်): ထိပ်ဆုံးက အကောင်းဆုံးပညာရှင်။ (ဥပမာ - သင်အားကျရတဲ့ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာတစ်ယောက်)။ သူတို့ဆီက သင်ရမှာက "စိတ်ကူးစိတ်သန်း" (Inspiration) နဲ့ "အိပ်မက်" ပါ။
  2. သင်၏ Professional (အတုယူနိုင်သော ပညာရှင်): လက်တွေ့နယ်ပယ်ထဲက ကျွမ်းကျင်သူ။ (ဥပမာ - လက်တွေ့နယ်ပယ်ထဲမှာ နေ့စဉ်အလုပ်လုပ်နေတဲ့ Professional ဓာတ်ပုံဆရာတစ်ယောက်)။ သူတို့ဆီက သင်ရမှာက ပညာသားပါတဲ့အတွေးအခေါ်အယူအဆတွေ အသုံးချလို့ရတဲ့အရာတွေပါ။
  3. သင်၏ အရှေ့ကလူ (တစ်လှမ်းသာသူ): သင့်ထက် ၅ နှစ်လောက်ရှေ့ရောက်နေတဲ့သူတွေ။ (ဥပမာ - သင့်ကိုတိုက်ရိုက်လမ်းညွှန်ပေးနိုင်တဲ့ Online Creator တစ်ယောက်)။ သူတို့ဆီက သင်ရမှာက "တိုက်ရိုက်ကူးချသင်ယူနိုင်တဲ့" (Copy and Learn) လုပ်ငန်းစဉ်အဆင့်ဆင့်ပါ။
  4. သင်၏ သူငယ်ချင်း (စိတ်တူကိုယ်တူ): သင်နဲ့ ဝါသနာတူ၊ အတူတူကြိုးစားနေတဲ့ မိတ်ဆွေ။ သူနဲ့ကတော့ သင် "စိတ်ဝင်စားမှုတွေကို မျှဝေ" နိုင်ပါတယ်။

သူတို့ကို ဆက်သွယ်ရမှမဟုတ်ဘူး၊ သင့်ရဲ့သင်ယူမှုခရီးလမ်းကို ပိုပြီးရှင်းလင်းပြတ်သားစေဖို့၊ အမြဲကြိုးစားနေစေဖို့ ဖြစ်ပါတယ်။

ခ။ လုပ်ဆောင်ပါ (Execute) - အောင်မြင်မှုအတွက် အဆင့်များ

  1. အဆင့် (၁) - အများကြီးလုပ်ပါ (Do in Volume): သင်ကအခုမှစလုပ်တာဆိုရင် အရေအတွက် (Quantity) ကိုအရင်လုပ်ပါ။ ဓာတ်ပုံဆိုရင် နေ့တိုင်းရိုက်ပါ။ ဖန်တီးပါ။ ဗီဒီယိုဆိုရင် တစ်ခုပြီးတစ်ခုတည်းဖြတ်ပါ။ အမှားတွေလုပ်ပါ၊ အမှားတွေကနေသင်ယူပါ။ ပန်းချီဆရာတစ်ယောက်ဟာ ပုံကောင်းတစ်ပုံရဖို့ ပုံအကြမ်းတစ်ရာဆွဲရသလိုပါပဲ။ တဖြည်းဖြည်းနဲ့ အရှိန်ရလာတဲ့အခါ Qualityကိုဂရုပြုပါ။ မိမိအသုံးပြုတဲ့ကိရိယာပစ္စည်းတွေကိုအဆင့်မြှင့်တင်ပါ။ မိမိကိုယ်ကိုလဲ မြှင့်တင်ဖို့ သင်တန်းတွေတက်ပါ၊ စာအုပ်တွေဖတ်ပါ။
  2. အဆင့် (၂) - ကောင်းသည်ထက် ပိုကောင်းအောင်လုပ်ပါ (Get Undeniably Good): သင်အများကြီးလုပ်လာတဲ့အခါ အတွေ့အကြုံကြောင့် တော်လာပါလိမ့်မယ်။ အဲ့ဒီမှာမရပ်ပါနဲ့။ လူတွေ သင့်ကို လျစ်လျူမရှုနိုင်လောက်တဲ့အထိ တော်အောင်လုပ်ပါ။ ဒီအဆင့်မှာ သင့်ကိုလူသိနည်းနေသေးရင်တောင်၊ သိတဲ့သူတိုင်းက သင့်အရည်အချင်းကို အံ့ဩမှင်သက်နေရပါစေ။ Be “So Good They Can't Ignore You”
  3. အဆင့် (၃) - စမတ်ကျပါ (Be Smart): သင်တကယ်တော်လာပြီဆိုရင် အခွင့်အလမ်းတွေလာပါလိမ့်မယ်။ သာယာမှုနောက်ကိုအရင်မလိုက်ပါနဲ့။ သင့်ရဲ့ "အချိန်" နဲ့ သင့်ရဲ့ "တန်ဖိုး" ကို ဦးစားပေးပါ။ မိမိရဲ့Ethicကိုထိခိုက်စေမယ့်အလုပ်တွေဆို ငြင်းဆန်တတ်ပါ။ မိမိကိုယ်ကိုတန်ဖိုးသတ်မှတ်ပါ။ ကိုယ့်ကိုယ်ကိုလေးစားမှုရှိပါ။ အခွင့်အရေးကောင်းကို စောင့်ပါ။ ရောက်လာရင် ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

အပိုင်း (၃) - အောင်မြင်မှုရဲ့ ဓာတ်ကူပစ္စည်း - စွန့်စားမှုနှင့် လူသားဆန်မှု

က။ စွန့်စားရဲခြင်း (Taking Risks)

လူတွေကဘယ်တော့မဆို အရေးပေါ်Back up planရှိကြဖို့၊ တွက်ဆတတ်ကြဖို့ပြောကြတယ်။ တစ်ခုခုဆိုရင်ဘယ်လိုလုပ်မလဲပေါ့။ တချို့ကိစ္စတွေမှာတော့ဆင်ခြင်နိုင်မယ်။ သို့သော် ကိစ္စတိုင်းမှာ Back Up Planထားလို့မရဘူး။ တချို့ကိစ္စတွေမှာ အကုန်လုံပုံအောပစ်မှကို ရတယ်။ All in ဝင်တယ်ဆိုတာကြားဖူးမှာပါ။ အကုန်လုံးကိုရင်းနီးပစ်လိုက်တာ။ ရရင်လဲ အများကြီးရမယ်။ ဆုံးရှုံးရင်လဲအကုန်ပဲ။ ကိုယ့်ရဲ့အိမ်မက်အတွက် ဘာမဆို စွန်းစားရဲဖို့ပါ။

စွန့်စားတယ်ဆိုတာကလေ ငါ ရုပ်ရှင်ရိုက်ချင်လို့ပါဆိုပြီး ကျောင်းထွက်၊ ကျောင်းလခနဲ့ camera တစ်လုံးဝယ်တာကို ဆိုလိုတာမဟုတ်ပါဘူးနော်။ ဒါကတော့ မိုက်ရူးရဲဆန်တာဖြစ်သွားပြီ လူတိုင်းလိုက်လုပ်ဖို့ခက်ခဲလိမ့်မယ်။

စွန့်စားတယ်ဆိုတာက ရင်းနီးတာ၊ စွန့်လွှတ်တာ၊ စတေးတာ။ ကိစ္စတစ်ခုက အဆင်ပြေချင်မှပြေမယ်၊ မပြေဖို့လဲ အလားအလာရှိတယ်ဆိုတာသိလျက် ဖြစ်မှသာဖြစ်ဆိုတဲ့စိတ်ဓာတ်နဲ့ ကြိုးစားတာ။ တစ်ဆင့်ပြီးမှတစ်ဆင့်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ချဥ်းကပ်တာ။ မှောင်မိုက်နေတဲ့အိမ်မက်လမ်းမပေါ်မှာ ပန်းတိုင်ကိုရောက်အံ့နိုးနိုးနဲ့ စမ်းတဝါးဝါးနဲ့လျှောက်တာ။ ဒါသည်စွန့်စားတာ။

ကိုယ်က ရိုက်ကူးရေးသိပ်ဝါသနာပါတယ်။ ဒီဝါသနာကစီးပွားလဲဖြစ်ချင်မှဖြစ်မယ် အလားအလာနည်းတယ်။ တစ်သက်လုံး ဝါသနာရှင်လဲဖြစ်နေနိုင်တယ်။ စားဖို့သောက်ဖို့တောင်မှ အနိုင်နိုင်ဖြစ်နေမယ်။ သို့သော် ကင်မရာလေးတစ်လုံးဝယ်လိုက်တယ်။ Wherever it takes me, ဘယ်ကိုပဲခေါ်သွားသွားပေါ့။ ကျနော့်အမြင်ဒါဟာမိုက်ရူးရဲဆန်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အနာဂတ်အရည်အချင်းအပေါ်မှာ ထားတဲ့ "ယုံကြည်မှု" နဲ့ "စွန့်စားမှု" ပါ။ တခါတလေမှာ ကိုယ့်ကိုယ်ကို အဲ့ဒီလိုဖိအားပေးလိုက်မှ ရှေ့ဆက်ဖို့လမ်းက ပိုပေါ်လာတတ်ပါတယ်။

လိုက်လုပ်လို့ရမယ့် အချက်: သင်လုပ်ချင်တဲ့အလုပ်တစ်ခုအတွက် စွန့်စားရမှာကြောက်နေရင် "Fear-Setting" လေ့ကျင့်ခန်းလုပ်ကြည့်ပါ။

  1. Worst Case Best Case Scenario: အဆိုးဆုံးဘာဖြစ်နိုင်မလဲ? (ဥပမာ - ပိုက်ဆံရှုံးမယ်) အကောင်းဆုံးကရောဘာဖြစ်နိုင်မလဲ ? ဥပမာ - Careerတစ်ခုဖြစ်သွားနိုင်တယ်။
  2. Prevention: အဲ့ဒီအဆိုးဆုံးမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ? (ဥပမာ - အသုံးစရိတ်လျှော့မယ်၊ တကယ်လိုအပ်တယ် အသုံးချလို့ရတယ်လို့ယူဆမှ ဝယ်ယူမယ်)
  3. Recovery: တကယ်လို့ အဆိုးဆုံးဖြစ်သွားခဲ့ရင် ဘယ်လိုပြန်ကုစားမလဲ? (ဥပမာ - အလုပ်ပိုလုပ်မယ်၊ ချွေတာမယ်) ဒီလိုချရေးလိုက်တာက သင့်ရဲ့စိုးရိမ်စိတ်ကို ပိုပြီးစီမံခန့်ခွဲနိုင်စေပါလိမ့်မယ်။

ခ။ လူတစ်ယောက်အနေနဲ့ ကောင်းမွန်ခြင်း (Being a Good Person)

သင်ဘယ်အဆင့်ကိုပဲရောက်နေပါစေ၊ ဘယ်လောက်ပဲအောင်မြင်နေပါစေ၊ အမြဲတမ်း စိတ်ကောင်းထားပါ။ ကျင့်ဝတ်ကိုလေးစားပါ။ ကြင်နာတတ်ပြီး ကူညီတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေ။ ဒါဟာ အောင်မြင်မှုရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အရေးအကြီးဆုံးသော အချက်ဖြစ်ပါတယ်။

ကျနော့်ကို စကားပြောပေးဖို့၊ ကြော်ညာပေးဖို့၊ Reviewရေးပေးဖို့ တိုက်ရိုက်ရောသွယ်ဝိုက်သောနည်းလမ်းနဲ့ပါ တောင်းဆိုကြတဲ့ လုပ်ငန်းတွေမိတ်ဆွေတွေရှိပါတယ်။ ယနေ့အချိန်ထိ ကျနော်ငြင်းဆန်ဆဲပါ။ အတွေ့အကြုံရော ငွေကြေးရော Networkရော အမြောက်အများရရှိနိုင်တာသိပေမယ့် ဒီသူတွေရဲ့ ရည်ရွယ်ချက်၊ ကိုယ့်အပေါ်သဘောထားတဲ့ပုံစံ၊ ကိုယ့်စာဖတ်သူတွေပေါ်သက်ရောက်သွားနိုင်တဲ့အခြေအနေ ဒါတွေကိုချင့်ချိန်ရင်းနဲ့ ငြင်းဆန်ဖြစ်ပါတယ်။

ကျနော့်ခံယူချက်ကရှင်းရှင်းလေးပါ။ ကိုယ်တတ်တဲ့ပညာနဲ့ လူ့ပတ်ဝန်းကျင်ကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့၊ အတိတ်ကမိုးထက်ဆို အားကျရတဲ့လူကောင်းတစ်ယောက်ဖြစ်စေဖို့။

  • တံတားမချိုးပါနဲ့၊ တံတားဆောက်ပါ: သင်နဲ့အလုပ်လုပ်ဖူးတဲ့သူတိုင်း၊ သင်နဲ့စကားပြောဖူးတဲ့သူတိုင်းကို လေးစားမှုအပြည့်နဲ့ဆက်ဆံပါ။ ဒီနေ့သင်ကူညီလိုက်တဲ့ အတွေ့အကြုံနည်းတဲ့သူတစ်ယောက်က နောင်တစ်ချိန်မှာ သင့်ကိုပြန်လည်ကူညီနိုင်တဲ့သူ ဖြစ်လာနိုင်ပါတယ်။ အဆက်အသွယ် (Connection) ဆိုတာ အကျိုးအမြတ်အတွက် တည်ဆောက်ရတာမဟုတ်ဘဲ၊ စစ်မှန်တဲ့လူသားဆက်ဆံရေးပေါ်မှာ အခြေခံသင့်ပါတယ်။
  • Credit ပေးရမယ့်နေရာမှာ ပေးပါ: သူများရဲ့ Idea ကို ကိုယ့် Idea အဖြစ် မယူပါနဲ့။ အဖွဲ့လိုက်လုပ်တဲ့အလုပ်မှာ ကိုယ်တစ်ယောက်တည်းကောင်းပါတယ်ဆိုပြီး မလုပ်ပါနဲ့။ အောင်မြင်မှုတစ်ခုမှာ ပါဝင်ခဲ့တဲ့သူတိုင်းကို အသိအမှတ်ပြုခြင်းက သင့်ကို လူတွေပိုပြီးယုံကြည်ကိုးစားစေပါလိမ့်မယ်။
  • အတ္တကို ဘေးဖယ်ထားပါ: သင်ဘယ်လောက်တော်နေပါစေ၊ သင့်ထက်တော်တဲ့သူ၊ သင့်ထက်ပိုသိတဲ့သူ အမြဲတမ်းရှိနေမှာပါ။ သူတို့ဆီကနေ သင်ယူလိုစိတ်၊ ဝေဖန်မှုကိုလက်ခံနိုင်စိတ်ရှိပါ။ မသိတာကိုမသိဘူးလို့ ဝန်ခံရဲတဲ့သတ္တိက သင့်ကိုပိုပြီး တိုးတက်စေပါလိမ့်မယ်။

ကျွမ်းကျင်မှု (Skills) က သင့်ကို အခန်းတံခါးဝအထိခေါ်သွားပေးနိုင်ပေမယ့်၊ ကောင်းမွန်တဲ့စာရိတ္တ (Character) ကသာ သင့်ကို အဲ့ဒီအခန်းထဲမှာ ရေရှည်ဆက်ရှိနေစေမှာပါ။ ရေတိုအောင်မြင်မှုတွေက သင့်ကိုမူးယစ်စေနိုင်ပေမယ့်၊ ရေရှည်မှာတော့ လူတွေက သင့်ရဲ့အရည်အချင်းထက် သင်ဘယ်လိုလူစားမျိုးလဲဆိုတာကို ပိုပြီးအမှတ်ရနေကြမှာပါ။

ဒါ ကျနော့်ရဲ့ခရီးလမ်းပါ။ ဒါ ကျနော်ယုံကြည်တဲ့လမ်းပါ။ သင့်မှာလည်း သင့်ကိုယ်ပိုင်လမ်းရှိပါလိမ့်မယ်။ အဓိကကတော့ အဲ့ဒီလမ်းကို ယုံကြည်မှုအပြည့်နဲ့ စပြီးလျှောက်ဖို့ပါပဲ။

Read more

ကျောင်းတက်ဖို့ပြင်ဆင်ခြင်း စာလေးတစ်ခု

ကျောင်းတက်ဖို့ပြင်ဆင်ခြင်း စာလေးတစ်ခု

ဒီအချိန်ဟာ UK ကိုလာဖို့ပြင်ဆင်နေကြတဲ့ ကျောင်းသားတွေအတွက် အလုပ်အရှုပ်ဆုံးကာလဖြစ်မှာပါ။ September Intake ဆိုတဲ့ လှိုင်းလုံးကြီးထဲမှာ လူတိုင်းက ကိုယ့်အိပ်မက်နဲ

By Moe Htet
အပိုင်း ၂- အမှောင်ကျသော ပထမ ၇ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁-၇)

အပိုင်း ၂- အမှောင်ကျသော ပထမ ၇ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁-၇)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အရုဏ်မတက်မီ နာရီများတွင် မြန်မာနိုင်ငံ၏ သိမ်မွေ့သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ရုတ်တရက် ပြိုကွဲသွားခဲ့သည်။ နိုင်

By Moe Htet
အချိန်ပိုင်းအလုပ်အတွက်မဟုတ်၊ သင့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

အချိန်ပိုင်းအလုပ်အတွက်မဟုတ်၊ သင့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

ပြည်ပသွားဖို့ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားအများစုကြား မေးတတ်တဲ့မေးခွန်းကတော့ 'ငါဘာ part-time အလုပ်လုပ်ရမလဲ၊ ကျောင်းမတက်ခင် ဘာပြင်ဆင်သွားရမလဲ' ဆိုတာပါပဲ ဒီ

By Moe Htet
မြန်မာ့ဒီဂျစ်တယ်စစ်မြေပြင်- ထိန်းချုပ်မှု၊ ခုခံတော်လှန်မှု နှင့် တိုးတက်ပြောင်းလဲလာမှုများ

မြန်မာ့ဒီဂျစ်တယ်စစ်မြေပြင်- ထိန်းချုပ်မှု၊ ခုခံတော်လှန်မှု နှင့် တိုးတက်ပြောင်းလဲလာမှုများ

"၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပထမတစ်ပတ်အတွင်း မြန်မာစစ်တပ်သည် ဒစ်ဂျစ်တယ်ယဉ်ကျေးမှုဖြတ်ကျော်ပေါင်းစပ်ခြင်းကို မည်သို့အနှောင့်အယှက်ပေးရန် ကြိုးပမ်းခဲ့သနည်း၊ ထိ

By Moe Htet