ဘယ်လောက်ပိုက်ဆံရှိမှ နိုင်ငံခြားလွှတ်ဖို့စဥ်းစားသင့်လဲ။
တစ်နှစ်ကို သိန်း ၂၀၀ သိန်း ၃၀၀ လောက်ဆိုတက်လို့ရနေတဲ့ လူသွားအများဆုံး ကုန်ကျစရိတ်အဆင်ပြေဆုံးဆိုတဲ့ ထိုင်းနိုင်ငံတောင် အနည်းဆုံး သိန်း ၆၀၀ လောက်မှအဆင်ပြေပါတော့မယ်။ ပြည်ပထွက်ဖို့က အင်မတန်ခက်ခဲလာတယ်။ ငွေဘယ်လိုတွက်ဆရမလဲ။ အခုနောက်ပိုင်း agentတွေကြေညာနေတဲ့ ကျောင်းတွေပြောပြောနေတဲ့ စျေးနှုန်းတွေ၊ လူတွေထင်ထားခဲ့တဲ့ စျေးတွေတော့ဖြစ်မှာမဟုတ်ဘူး။
မဖြစ်နိုင်တဲ့ ကုန်ကျစရိတ်တွေကိုလဲ ကျနော်ဖော်ပြပေးမှာမဟုတ်ဘူး။ Scholarshipတွေလဲမပါဝင်ဘူး။ လူကြိုက်တော့နည်းမယ်။ မှန်တော့မှန်လိမ့်မယ်။ နိုင်ငံခြားသွားဖို့ ငွေတွက်ပုံတွက်နည်းပါဝင်တဲ့ postထဲမှာတော့ အသေးစိတ် ဘယ်လိုမျိုးနေရာတွေကုန်နိုင်မလဲ၊ လူတွေမှန်းထားတာနဲ့ လက်တွေ့မှာ ကွာဟတဲ့ပုံစံတွေ ဒါတွေကို ကျနော်ရေးသားပြီးခဲ့ပြီ။
ကျပ်ငွေတန်ဖိုးကျဆင်းနှုန်း
အမှန်တိုင်းပြောရရင် ငွေစျေးတက်တဲ့ပုံစံနဲ့အခြေအနေက ကျနော်အပါအဝင်ဘယ်သူမှခန့်မှန်းနိုင်တဲ့အခြေအနေမဟုတ်ဘူး။ မေလ ၂၀၂၄ ကနေ ယခု သြဂုတ်လ ၂၀၂၄အထိ ၃/၄လအတွင်း မည်သည့်နိုင်ငံခြားငွေမဆို၂ဆလောက်တက်သွားတယ်။ ယမန်နှစ် သြဂုတ်လ ၂၀၂၃ ယခုအချိန်အထိ တစ်နှစ်တာကာလအတွင်းမှာတော့ ယမန် ၃/၄လလောက်ရဲ့ ၄ပုံတစ်ပုံလောက်သာ ငွေအတက်နှုန်းရှိခဲ့ပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းလာမှုအကြောင်း သတင်းဌာနတွေရဲ့သုံးသပ်ချက်အရ လုပ်ငန်းရှင်တွေတဖြည်းဖြည်းနိုင်ငံခြားသို့ထွက်ခွာကုန်ကာ ပြည်တွင်းမှာလျော့နည်းလျက် ပြည်ပမှာ ရင်းနီးမြှုပ်နှံမှုတွေ များပြားလာတာ၊ ပို့ကုန်သွင်းကုန်မမျှတတာကြောင့် ဆိုကြပါတယ်။
နှစ်အလိုက် ငွေလဲနှုန်းတက်တဲ့အချိန်ရယ်လို့ရှိပေမယ့် သေချာတာတစ်ခုကတော့ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ်ကျပ်ငွေတန်ဖိုး မလွဲမသွေကျဆင်းလာမှာကတော့သေချာလျက်ပါပဲ။ ဒီတော့ ဒီနေ့အကြောင်းအရာတွေကို ပိုမိုမှန်ကန်မယ့် USDနဲ့ပြောပြပါမယ်။
အခု သြဂုတ်လ ၁၃ရက်နေ့ ၂၀၂၃ ညပိုင်းမှာတော့
1 USD = ၇၀၀၀ ကျပ်
1 Baht = ၂၀၀ ကျပ်
1 GBP = ၈၄၀၀ ကျပ်
နိုင်ငံအလိုက် ဘယ်လောက်အကြမ်းဖျင်းကုန်ကျတတ်လဲ။
- မိမိရှိရင်းစွဲအခြေအနေကနေ နိုင်ငံခြားကျောင်းလျှောက်လို့ရတဲ့ သင်တန်း/ကျောင်း/စာမေးပွဲအမျိုးမျိုး ကုန်ကျစရိတ်။ (OSSD, A level, GEDစတဲ့ ပြင်ဆင်စရိတ်နဲ့ စာမေးပွဲကြေး၊ IELTS, SATစတဲ့ ပြင်ဆင်စရိတ်နဲ့ စာမေးပွဲကြေး)
- ပြည်ပထွက်ဖို့ ပြင်ဆင်ချိန် ကုန်ကျစရိတ်။ (လေယာဥ်လက်မှတ်၊ အိမ်လခကျောင်းလခစရံခ၊ agentခ၊ visaနဲ့အခြားသော စာရွက်စာတမ်း အာမခံကုန်ကျစရိတ်၊...)
- ကျောင်းစရိတ် (College or Universityစရိတ်ကွာဟချက်၊ Language School သို့မဟုတ် English Second Language ကဲ့သို့ အခြားသော သင်တန်းတစ်ခုခုတက်ရမည့်အခြေအနေ)
- နေစရိတ် (ကျောင်းအဆောင်ဖြစ်ဖြစ် လူနေအိမ်ဖြစ်ဖြစ် Shared roomဖြစ်ဖြစ် အစစအရာရာ ကုန်ကျစရိတ်၊ ပြင်ဆင်စရိတ်၊...)
- စားစရိတ် (ချက်ပြုတ်မှာလား၊ မှာစားမှာလား၊ ဝယ်စားမှာလား၊ အချင်းချင်းတူတူချက်ပြုတ်ကြမှာလား၊ အလကားရတာမျိုးရှိလား၊...)
- အထွေထွေကုန်ကျစရိတ် (သာမန် ဟိုပြင် ဒီသွား ကုန်ကျစရိတ်ကနေ ဖုန်းတစ်လုံး၊ laptopတစ်လုံး၊ ကားတစ်စီး၊ ဆေးရုံဆေးခန်းအထိရှိနိုင်၊...)
အကြောင်းအရာတွေအများကြီးပေါ်မှာမူတည်ပါတယ် တွက်ဆဖို့တော့ခဲယဥ်းပါတယ်။ နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ မြို့အလိုက်၊ မိမိရှိရင်းစွဲအခြေအနေနဲ့ major အကုန်လုံးပေါ်ကွာခြားနိုင်ပါတယ်။ ကွာခြားချက်တွေကတော့ ကျောင်းမတက်ခင် ပြည်ပမရောက်ခင် သိရနိုင်သလိုမျိုး မိမိရောက်မှသိရတာလဲရှိတာမို့ ပျမ်းမျှစရိတ်ကို အများဆုံးမတွက်ဆထားဖို့ အနည်းဆုံးလို့မတွက်ဆထားဖို့ အရေးကြီးပါတယ်။ ပိုကုန်တာပဲသေချာပေါက်ရှိမှာပါ။
ပြည်ပမသွားခင် ကျောင်းစရိတ် ဘယ်လောက်ကုန်ကျလဲ။
- OSSDဆို USD 10000ကျော်လောက်ကနေ စလောက်မယ်။
- IGCSEဆို တစ်လ ၅ သိန်းအနည်းဆုံးကနေစလို့ တစ်လ သိန်း ၃၀/၄၀လောက်ထိ ကျောင်းတွေရှိတယ်။ တချို့တွေ ဒေါ်လာနဲ့တွက်ယူကြတယ်။ ၁နှစ်ခွဲ ကနေ ၂ နှစ်တက်ကြတယ်။ လူကုံထံအသိုင်းအဝိုင်းတက်ကြတဲ့ ကျောင်းတွေဆိုရင်တော့ တစ်နှစ် သိန်း၁၀၀၀ ကျော်ထိရှိမှာပေါ့။
- GEDဆို စာမေးပွဲသီးသန့်မို့လို့ Self studyလို့ရတယ်။ သင်တန်းလဲတက်လို့ရတယ်။ တစ်လကို ၂သိန်း ၃ သိန်းသို့မဟုတ် Courseတစ်ခုလုံးကို ၁၀ သိန်း သိန်း ၂၀။ သင်တန်းပေါ်လုံးလုံးမူတည်တယ်။
- US diploma၊ IB၊ AP စတာတွေကျတော့ ကျနော်နဲ့သိပ်မရင်းနီးတဲ့အတွက် ခန့်မှန်းခြေပြောရခဲယဥ်းပါတယ်။ Creditအလိုက် ကျောင်းအလိုက် ယူသလောက်ပေါ့။
ကျောင်းသားတစ်ဦး နိုင်ငံအလိုက် တစ်နှစ်ကို ဘယ်လောက်ကုန်ကျမလဲ။
- Canadaမှာ ကျောင်းစရိတ် Universityကို CAD 38000(USD 27000) or Collegeကို CAD 20000 (USD 15000), Cost of living - USD 11000 လို့ပျမ်းမျှတွက်လို့ရပါတယ်။
- USမှာ ကျောင်းစရိတ် USD 30000 or college USD 15000-20000 ပေါ့။ နေစရိတ်စားစရိတ်ကတော့ USD 10000-15000။ ပိုဖို့ပဲရှိတယ်။
- UKမှာ ကျောင်းစရိတ် Universityကို GBP(£) 15000-20000၊ နေစရိတ်စားစရိတ် GBP(£)12000-15000. (ကျနော့်Oxfordတိို့ Londonတို့ပိုကြီးနိုင်။)
- ထိုင်းမှာ ကျောင်းစရိတ် Baht 150,000 ကနေ Baht 400,000 ထိရှိနိုင်တယ်။ နေစရိတ်စားစရိတ် Baht 250,000 per year, Baht 20000 per month အနည်းဆုံးပါ။
ကျောင်းစရိတ်က သေချာပေါက် ၃/၄နှစ်စာ ထောက်ပံ့နေရဦးမယ်။ ဒီလိုပဲ နေစရိတ်စားစရိတ်ဆိုတာလဲ ဘယ်လောက်ကြီးပဲ Part timeရှာနိုင်မယ်/အလုပ်လုပ်နိုင်မယ်/အလုပ်ရှာနိုင်မယ် ပြောပြော အသုံးမပြုရင်တောင် ကိုယ့်ဆီမှာ လိုအပ်လာရင်ပေးနိုင်ဖို့အတွက် သေချာပေါက်ရှိထားရဦးမှာပါ။ ဒီစရိတ်ကို ၃/၄နှစ် အနည်းဆုံးထောက်ပံ့ရပါဦးမယ်။
ဘယ်လောက်ကြာတဲ့အထိ ထောက်ပံ့ပေးရဦးမှာလဲ။
အနည်းဆုံးတွက်ကြည့်ရရင်တော့
- ကျောင်းတက်တဲ့ ၃/၄နှစ်အတွက် နေစရိတ်စားစရိတ်ကျောင်းလခအပြည့်အစုံပါ။
- Full timeအလုပ်မရခင်အထိ နေစရိတ်စားစရိတ်
- Full timeအလုပ်ရခဲ့ရင်တောင် မလုံလောက်တဲ့အခါထောက်ပံ့စရိတ်
- Masters သို့မဟုတ် လိုင်စင်ရသည့်အချိန် ၅/၁၀နှစ် ကြာတဲ့အထိ တက်မယ့်သူ (သို့မဟုတ်) တက်ရမယ့်majorဆိုရင် ပိုထောက်ပံ့ပေးရပါမယ်။ ဘယ်လောက်ကြီးပဲ အလုပ်ရနိုင်တယ်ပြောပြော အတိုင်းအတာဆိုတာရှိပါတယ်။
ဘာတွေအပိုကုန်ကျနိုင်မလဲ။
- သင်ထောက်ကူပစ္စည်းဖိုး(စာအုပ်ဘောပင်ကအစ Laptopနဲ့ PCတစ်စုံစာ အထိ)
- အထွေထွေကုန်ကျစရိတ် (သာမန်ဆင်းကတ်ဖိုးလောက်ကစ ဆေးရုံဆေးခန်းဖိုး၊ Semesterကျတဲ့အတွက် ပြန်လည်တက်ရမယ့်courseတန်ဖိုး၊ အဲ့ကနေ ကျောင်းtripဖိုး ဆိုင်ကယ်တစ်စီး ကားတစ်စီးဖိုးအထိ)
- မဖြစ်မနေကြုံလာသဖြင့် အသုံးပြုရမည့်ငွေ (Visaသက်တမ်းကုန်သဖြင့် visaဖိုး၊ ဆေးရုံဆေးခန်းဖိုး၊ ဆေးဖိုး၊ လျော်ကြေး၊ စာရွက်စာတမ်းဖိုး၊ မဖြစ်မနေပြည်ပထွက်ရတာမျိုး ရန်ကုန်ပြန်လာရတာမျိုးအတွက်အဖိုးအခ)
Part timeကိုမီခိုထားလို့ရနိုင်မလား။
Part timeကနေ ရနိုင်တဲ့limitဆိုတာရှိပါတယ်။ UKမှာ part time ဝင်ငွေချည်းပဲ တစ်လကို £800 လောက်ရနိုင်တယ်။ အဲ့လိုပဲ ကုန်ကျစရိတ်ကျပြန်တော့ တစ်လကို £1300လောက်ရှိတယ် အဲ့လိုဆိုမကာမိဘူးလေ။ Part timeက သေချာပေါက်ရမယ်ဆိုတာအာမခံထားတာမျိုးမရှိတဲ့အတွက် အတိအကျပြောလို့မရဘူး။ ထိုနည်းလည်းကောင်း Part timeလုပ်လို့ အချိန်ပြည့်လုပ်ခွင့်ရနိုင်မယ်၊ ဝင်ငွေအကုန်လုံးက လက်ထဲကျန်မယ် Part timeကြောင့်ထွက်ငွေရှိမရှိဆိုတာပြောလို့မရဘူး။
Scholarshipကော ရရှိနိုင်မလား
Scholarshipရဖို့မှန်းဆကြတယ်။ Scholarshipဆိုတာ လူတွေကို
“သွားသွားနင်တော်လို့ နင့်အတွက် အလကားငွေပေးမယ်” မဟုတ်ပါဘူး။ ဘယ်သူမှငွေကို အလကားမပေးပါဘူး။
အမျိုးမျိုးသော ကုန်ကျစရိတ်တွေ၊ လက်ထဲငွေရှိထားရတာတွေ၊ scholarshipဆီက ရနိုင်တဲ့ငွေကြေးအတိုင်းအတာနဲ့ ပြန်ပြီးပေးဆပ်ရမယ့် စည်းမျဥ်းစည်းကမ်းလိုက်နာမှုတွေရှိပါတယ်။ ဥပမာ Full scholarshipဆိုပြီး ကုန်ကျစရိတ်လုံးဝမရှိဘဲ ဘယ်သူမဆိုတက်လို့ရနိုင်မယ်လို့ ထင်တဲ့scholarshipမျိုးဆို
- မဖြစ်မနေမြန်မာနိုင်ငံပြန်လာရမယ်
- Part timeလုပ်ခွင့်မရှိတာမျိုးတို့ Part timeလုပ်ရင် ငွေလျှော့ပေးမယ်တို့
- အပြည့်အဝဆိုပေမယ့် ရှိသေးတဲ့exceptionတွေတို့
- တစ်ခုခုဖြစ်ခဲ့လျှင် ပြန်လျော်ပေးနိုင်မယ့်ငွေကြေး ရှိကြောင်းသက်သေတို့
- Scholarshipမှာပါဝင်တဲ့ terms and conditionsတို့စတဲ့
မိမိအတွက် လိုက်နာနိုင်လောက်တဲ့ စည်းကမ်းနည်းနည်းလေးကနေစလို့ အထိအခိုက်သိပ်များပြီးsensitiveဖြစ်လွန်းလှတဲ့ စည်းကမ်းတွေရှိတတ်ပါတယ်။ အဆင်မပြေလှပါဘူး။
လူတိုင်းရနိုင်မလား
လူတိုင်းကိုမပေးပါဘူး။ ပိုပြီးအကျိုးအမြတ်များလေလေ ရရှိဖို့ ပိုပြီးတော့ အခွင့်အရေးနည်းလေလေပါ။ အထူးသဖြင့် ဘယ်သူမဆို ဘယ်လိုမျိုး အောင်လက်မှတ်လေးရလိုက်တာနဲ့ လူတိုင်းကို နေစားကျောင်းစရိတ် အကုန်လုံးအငြိမ်းမဟုတ်ပါဘူး။ နာမည်အကြီးဆုံး လျှောက်တဲ့သူအများဆုံး ရရအခက်ဆုံးဆိုတဲ့scholarshipတွေတောင် ကိုယ့်ဘက်ကနေ စိုက်ရတာမျိုးတွေ ရှိထားရတာမျိုးတွေရှိပါတယ်။
ကျောင်းတိုင်းမရနိုင်ပါဘူး
ဒီအကြောင်းအရာလေးက စျေးအပေါဆုံးမှအပေါဆုံးဆိုတဲ့ ကျောင်းနဲ့မြို့တွေသွားကြမယ့်သူတွေနဲ့သက်ဆိုင်ပါတယ်။ စစချင်းကျောင်းတက်ချိန်မှာတော့ စျေးနည်းပါလိမ့်မယ်။ နောက်ပိုင်းကျမှ မိမိပေးရတဲ့ငွေနဲ့မတန်တဲ့ အလုပ်မဖြစ်တဲ့ ဘွဲ့မျိုးပေးတဲ့ကျောင်းဆိုတာ သိပါလိမ့်မယ်။ ဥပမာ - Architectureဆိုပြီး ကျောင်းပြီးခါနီး Final yearလိုမျိုးကျမှ Laptopစကိုင်တဲ့ကျောင်းမျိုးနဲ့တွေ့မှာပါ။ ၄နှစ်သင်သင် ၁၀ နှစ်သင်သင် မထူးခြားတဲ့ ကျောင်းတွေလိုမျိုးပေါ့ဗျာ။
ပိုက်ဆံဘယ်လောက်ရှိမှ လွှတ်သင့်လဲ။
လုပ်သင့်တယ်လို့ယူဆတာကတော့ ပြည်တွင်းက ဝင်ငွေရနေတဲ့သူတွေဆိုရင် နိုင်ငံခြားမှာ အခြေချဖို့ စဥ်းစားပါအကောင်အထည်ဖော်ပါ။ ထိုင်းဘတ်တောင် မြန်မာငွေထက် အများကြီးပိုတည်ငြိမ်ပါသေးတယ်။ အဲ့ကနေမှ ဆက်လက်စဥ်းစားလို့ရပါတယ်။ လုပ်ငန်းတွေပြောင်းရွှေ့လုပ်ကိုင်ပါ။ ချဲ့ထွင်ပါ။
ပြည်ပမှာ အခြေချပါ။ ပိုက်ဆံကို ရှိရင်းစွဲကုန်ကျမယ်လို့ ယူဆထားတဲ့ ငွေကြေးပမာဏထက်ပိုမိုများပြားတဲ့ပမာဏရှိမှ လွှတ်ပါ။
ဥပမာ -
လက်ရှိ ပေါင်(£) 1=8000 MMKလို့ဆိုပါစို့။ ကျောင်းလခ နေစရိတ်စားစရိတ်အပြီးအစီး UKမှာ £30000/yearကုန်မယ်ဆို 240,000,000 MMK သို့မဟုတ် သိန်း ၂၄၀၀/year။
ဒီထက် ပိုများတဲ့ပမာဏလောက်ရှိမှသာ ဒီလမ်းရွေးသင့်တယ်လို့ယူဆပါတယ်။ ဘယ်လောက်များသင့်လဲကျနော်မပြောတတ်ပါဘူး။ ခုနေ £1= ၈၀၀၀ကျပ်, နောက်လ မှာ ၁သောင်း ကျပ်ဖြစ်မလား ၂သောင်းဖြစ်မလား ကျနော်မပြောတတ်ပါဘူး။ ဒီတော့ ကိုယ့်ဘက်ကနေများနိုင်သလောက်သာများစေချင်မိပါတယ်။ သိန်း ၂၄၀၀ မို့ သိန်း ၂၄၀၀ ပဲရှိတယ် ဒီထက်မရှာနိုင်တော့ဘူးဆို ပြန်ချင့်ချိန်စေချင်ပါတယ်။
မိမိချိန်ထားရမယ့် သေချာပေါက်ပေးရမယ့်အချိန်က ၃နှစ်ဆိုလဲ ဟုတ်တယ် ၄ နှစ်ဆိုလဲဟုတ်ပါတယ်။ ဒီလိုပဲ ဒီထက်လဲကြာရင်ကြာသွားနိုင်ပါတယ်။ ဒီအချိန်အတွင်း ကျပ်တန်ဖိုး ဘယ်လောက်ကျဆင်းမလဲ ကျနော်မပြောတတ်ပါဘူး။ ဒီအခြေအနေလေးကိုချင့်ချိန်ထားဖို့ပါ။
ငွေမရှိဘဲလွှတ်တဲ့အခါ
အခြေအနေအမျိုးမျိုးပါပဲ။ ထိန်းထားလို့ရနိုင်တဲ့အခြေအနေလဲ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ထိုနည်းလည်းကောင်း ဒီ ၃/၄လအတွင်း ကျဆင်းသလောက်တော့ ကျဆင်းမှကျဆင်းလိမ့်မယ်။ အဆိုးဆုံးကတော့ တစ်ဝက်တစ်ပျက်နဲ့ ရန်ကုန်ပြန်လာရမှာပါ။ အထူးသဖြင့် ထွက်ပြီးသွားတဲ့အခါမှာ ဘယ်သူမှပြန်လာချင်ကြတာမှမဟုတ်တာ။
နိုင်ငံခြားမသွားသင့်ဘူးလား
ပြောရရင် မြန်မာနိုင်ငံရဲ့လူနေမှုအဆင့်အတန်း၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာကျဆင်းနေချိန် နိုင်ငံခြားဘာကြောင့်သွားသင့်လဲဆိုတာ အကုန်အသိပါ။ ဒီအချိန်မှာ လူတွေရဲ့demandပေါ်မူတည်ပြီး ကျောင်းတွေသင်တန်းတွေ၊ ကျောင်းagent၊ အလုပ်agent စတဲ့နိုင်ငံခြားထွက်ဖို့ ကူညီပေးကြမယ်ဆိုတဲ့သူတွေအများကြီးပေါ်ပေါက်လာတယ်။ ဒီအချိန်မှာ ပြည်ပထွက်ရတာကို
“ငွေတပြားမှမရှိလဲ ထွက်လို့ရတယ်”
“ပြည်ပအလုပ်အကိုင်ရှာဖွေပေးတယ်”
“နိုင်ငံခြားက ဘယ်ကျောင်းမဆိုတက်လို့ရတယ် scholarshipတွေလဲရတယ်”
စတဲ့ မက်လုံးတွေနဲ့ လူတွေကို လိမ်လည်လှည့်ဖြားနေတာတွေ အများကြီးမြင်ရပါတယ်။ နိုင်ငံခြားပိုထွက်ချင်ကြလေလေ သူတို့လဲအကျိုးအမြတ်ပိုရလေလေပေါ့။
- တချို့သော စကားလုံးတွေက တကယ်ကိုလိမ်လည်တာပါ။ ပြည်ပကိုထွက်လို့ရမယ်ဆိုပြီး ငွေတွေအတင်းယူ လူတွေကိုစည်းရုံး။ ပြီးကျမှ လိမ်လည်နေတာဖြစ်တယ်။
- တချို့ကြတော့ တကယ်နားမလည်ဘဲနဲ့ agentလုပ်တာတွေ အတွေ့အကြုံသိပ်မရှိဘဲနဲ့ကို အကုန်လုံးကို ရတယ်လို့ဆိုပြီး လက်၂လုံးခြားနဲ့ လူတွေကို လှည့်စားနေတာတွေလဲ ထိုနည်းလည်းကောင်းပဲ။
- လူတွေကိုနိုင်ငံခြားထွက်လို့ရမယ်ဆိုပြီး တကယ်တော့ပို့ပေးပါရဲ့။ ဟိုရောက်တော့မှ ကျောင်းကမကောင်းတာမျိုးဖြစ်စေ၊ အလုပ်ကမကောင်းတာမျိုးဖြစ်စေ မြန်မာနိုင်ငံမှာ ဘာမှမကုန်ကျဘဲနေနေရင်တောင် ပိုကောင်းမယ်ဆိုပြီးပြောရလောက်တဲ့ထိ မကောင်းတာမျိုးတွေပေါံ့ဗျာ။
ဘာလို့ဒီလိုတွေရေးသားနေလဲ
စာဖတ်သူတစ်ဦးပြောသလိုပဲ “…တော်ရုံတန်ရုံလူတွေ ရေးလေ့ပြောလေ့မရှိတဲ့ အကြောင်းအရာတွေ....” ဖြစ်နေတာပေါ့ဗျာ။” ချစ်စရာကောင်းတဲ့ vlogလေးတွေတို့ ဘယ်လောက်ကြီးကို နိုင်ငံခြားရောက်လို့ အဆင်ပြေသွားတာတွေတို့ အထင်ကြီးအောင်တော့ မရေးချင်ဘူးဗျ။
သူများအားကျရုံကလွဲ ဘယ်သူ့အတွက်မှမှ အကျိုးမှမရှိတာ။ ပိုအကျိုးရှိလောက်မယ့်အရာလေးတွေစဥ်းစားပြီးရွေးတင်ရတာပေါ့ဗျာ။ ပြည်ပထွက်ရတာ မခက်ခဲပါဘူး။ ထိုနည်းလည်းကောင်းမလွယ်ကူပါဘူးဗျ။ ချင့်ချိန်နိုင်ကြပါစေဗျ။
ဒီPostလေးတွေကတော့ဆက်လက်ဖတ်ရှုလို့ကောင်းပါလိမ့်မယ်။