ဖုန်းတစ်လုံးနဲ့ ကျနော့်ဘဝ။
Controversial ဖြစ်တဲ့topicတစ်ခုလို့ ကျနော်ခေါင်းစဥ်မတပ်ချင်ပါဘူး။ ကျနော့်ဘဝမှာ ဖုန်းတစ်လုံးက ဘယ်လောက်ထိအရေးပါခဲ့လဲ။
ပြောရရင် ကျနော်ဟိုးအရင်တုန်းလေးကတည်းက ဖုန်းတစ်လုံးကို သေချာမယ်မယ်ရရသုံးခဲ့ဖူးတာမဟုတ်ဘူး။ ၁၀နှစ်လောက်မှာ ဖုန်းတစ်လုံးစကိုင်ဖူးတယ်။ နောက်တော့ ၁၆နှစ်လောက်ထိကို လုံးဝမကောင်းတဲ့ ဖုန်းတစ်လုံးကျနော်သုံးခဲ့တယ်။ သိပ်လဲမကောင်းပါဘူးဗျာ Samsungရဲ့ စျေးအနည်းဆုံးဖုန်း seriesတွေပေါ့။
အဲ့ကနေမှ ကျနော့်အဖေဆီက ဖုန်းအကျလေးတစ်လုံးရတယ်။ ပြီးကျမှ ကိုယ့်ဟာကိုယ် ဖုန်းလေးတစ်လုံးရသွားတယ်။ iPhone လေးတစ်လုံး။ သူ့ခေတ်သူ့အခါတုန်းကတော့ တစ်နှစ်လောက်ရှိပြီထွက်တာ။ iPhone 12 proလေးပေါ့။
ဖုန်းသုံးခွင့်
ဖုန်းတွေသာရှိခဲ့တာဗျ သုံးခွင့်မရှိခဲ့ဘူး။ အိမ်ကလဲ ပေးမှမသုံးတာ။
"ကျောင်းသား စာပဲလုပ်ရမယ်။"
ဒီလိုနဲ့ ဖုန်းတွေသိမ်းတယ်ဖွက်တယ်။ ခွင့်ပြုမထားဘဲနဲ့လဲ အမြဲခိုးကြည့်တယ်။ ဖုန်းနံပါတ်တွေ conversationတွေ ယူကြည့်တယ်။ သူတို့အမြင်မှာတော့ မိဘတစ်ဦးမို့ ကလေးနဲ့ ပတ်သက်တာအကုန်သိခွင့်ရှိတယ်။
ဒီလိုလုပ်သင့်မလုပ်သင့်ဆိုတာ လူတိုင်းသိကြမှာပါ။ ကျနော်လဲဒါကို emphasizeပြီးမပြောချင်တော့ဘူး အဓိကပြောချင်တာက ကျနော်ဖုန်းသုံးခွင့်မရှိခဲ့ဘူး။
ဖုန်းရဲ့ဆိုးကျိုး
ဖုန်းစတင်အသုံးပြုမယ့်သူတစ်ဦး digital devicesတွေနဲ့ပတ်သက်တဲ့ knowledgeသိပ်မရှိတဲ့ကျနော့်လိုသူတစ်ဦးအတွက် အဆင့်တွေရှိတယ်။
၁။ မျောက်အုန်းသီးရတဲ့အဆင့်။
၂။ သုံးချင်စိတ်ကိုမနည်းထိန်းချုပ်ရင်း မုန်းလာတဲ့အဆင့်။
၃။ သေချာသုံးတတ်တဲ့အဆင့်။
ပထမအဆင့်။ မျောက်အုန်းသီးရတဲ့အဆင့်။
မျောက်အုန်းသီးရတဲ့အဆင့်ဆိုတာက ဖုန်းရရခြင်း ပုံတွေပတ်ရိုက်၊ ဖုန်းတွေသုံး၊ ဂိမ်းတွေဆော့၊ ဖုန်းတွေပြောနဲ့ ပျော်နေတဲ့အဆင့်။ အားရင်အားသလို ဖုန်းသုံးတယ်။ ၂၄/၇ လဲသုံးချင်သုံးတယ်။ YouTubeထိုင်ကြည့်တယ်။ ဒါတွေပတ်လုပ်နေတယ်။
ကားသွားရင်းလဲဖုန်းကြည့်၊ ဘတ်စ်ကားပေါ်လဲဖုန်းကြည့်၊ လမ်းသွားလဲကြည့်နဲ့ အဆက်မပြတ်ဖြစ်လာတယ်။ အလုပ်ရယ်လို့ ကျောင်းကိစ္စရှိလို့ရယ်လို့သုံးတာမဟုတ်ဘဲ မလိုအပ်ဘဲနဲ့ အရမ်းကြာလာတယ်။
မျက်ရိုးတွေကိုက်လာတယ်။ နေ့စဥ်လူနေမှုဘဝပါထိခိုက်လာတယ်။
ဒုတိယအဆင့်။ ဖုန်းကို မုန်းလာတယ်။
ဖုန်းတွေမကြာခဏကြည့်ဖြစ်ရင်းနဲ့ ဖုန်းသုံးချင်စိတ်ကိုထိန်းချုပ်ရတော့မယ်ဆိုတာသိလာတယ်။ ခက်တာက ဘာလုပ်လို့လုပ်ရမယ်မှန်းကိုမသိသေးဘူး။ ဟိုဟာလဲစမ်းကြည့်တယ် ဒါလေးလဲစမ်းကြည့်တယ်။ ခက်တာက ဘာနည်းလမ်းကမှ အထာမကျဘူး။
တစ်ရက်လုံးမသုံးဘဲနေကြည့်တယ် သုံးချင်စိတ်ကဖြစ်နေတယ်အမြဲ။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကို စွဲနေပြီဆိုတာသိလာတယ်။
ခေါင်းတွေမကိုက်ချင်တော့ဘူး။ စောစောအိပ်ချင်လာတယ်။ စကားတွေမပြောချင်တော့ဘူး။ social media ရဲ့ toxicityကိုလဲ နားလည်လာတဲ့အခါ ဖုန်းနဲ့ကင်းကွာချင်လာတယ်။
တတိယအဆင့်။ သေချာသုံးတတ်လာတယ်။
လူပဲဗျာ လိုက်ရောညီထွေနေတတ်တာပေါ့။
ဖုန်းကြည့်လို့အဆင်မပြေရင်မကြည့်ဘူး။ လိုအပ်မှကြည့်တယ်။ တွေ့ကရာvideoတွေ တွေ့ကရာသူတွေနဲ့ စကားမပြောတော့ဘူး။ လိုအပ်တဲ့သူတွေနဲ့ လိုအပ်တဲ့စကားတွေပဲပြောတော့တယ်။
ကျောင်းကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ ပြောဖို့လိုအပ်မှပဲသုံးတော့တယ်။
ဟုတ်တယ်Facebookတော့ကြည့်နေဦးမယ်။ Youtube လဲကြည့်နေဦးမှာပဲ။ ဒါပေမယ့်ထိန်းချုပ်တတ်လာတယ်။ လုပ်သမျှခြေလှမ်းတိုင်းကို mindfulဖြစ်လာတယ်။
ကျနော့်ရဲ့ ဖုန်းသက်ရောက်မှု
ကျနော်က လက်ထဲရောက်လာတဲ့ဘယ်အရာမဆို အကောင်းဆုံးအသုံးချတတ်သလို သူတို့ရဲ့အကောင်းဆုံးတွေကိုလဲဖန်တီးပေးတတ်တယ်။
သုံးနေကြဖြစ်လာတော့ ကျနော်စမ်းသပ်ကြည့်ချင်လာတယ်။ အကောင်းဆုံးဖြစ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက
- EBookတွေဖတ်တယ်။ မြန်မာစာအုပ်တွေ နိုင်ငံခြားဖြစ်စာအုပ်တွေအကုန်ဖတ်ဖြစ်တယ်။
- သင်တန်းတွေတက်တယ်။ နယ်ပယ်ပေါင်းစုံကပညာဒါနသင်တန်းတွေကစလို့ skillshareတို့ဘာတို့က အသက်မွေးဝမ်းကြောင်းသင်တန်းလေးတွေကော အကုန်ပေါ့.
- ဒီဖုန်းကနေပဲ အခုအချိန်ထိ သိမြဲသိနေခဲ့တဲ့contactတွေ၊ ခင်မင်ရင်းနီးရတဲ့မိတ်ဆွေတွေရယ် ချစ်ရတဲ့သူပါရှိခဲ့တယ်။
ဖုန်းနဲ့ စကားပြောတာကစလို့ အဲ့ဖုန်းလေးတစ်လုံးနဲ့ပဲကို video edit တွေလုပ်၊ စာတွေရေး၊ စာတွေသင်တဲ့ထိပဲ။ အော် ကျနော်ပြောတာ သာမန်သီချင်းလေးတွေနဲ့cap cutမှာeditတာမျိုးမဟုတ်ဘူးနော်။ LumaFusionတို့ Premiere Rushတို့လိုဟာတွေမှာ 4k footageတွေနဲ့ ထိုင်editတာ။
Digital literacyဆိုတဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အသိပညာကို နားလည်လာခဲ့တယ်။
ဖုန်းတစ်လုံးကနေစလို့ laptop တွေ iPadတွေ အိုးအစုံပါပဲ။ ပြောရရင် မြန်မာနိုင်ငံလိုမျိုးနိုင်ငံအခြေအနေက ဘာပဲအသစ်အဆန်းသိချင်ချင် ခွဲထွက်ချင်ရင် ဖုန်းတစ်လုံးက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းပဲ။
အပြင်လောကနဲ့အဆက်ပြတ်သွားမှာပေါ့.
စာအုပ်ပဲဖတ်ချင်ချင်၊ စကားပဲပြောချင်ချင်၊ ဂိမ်းပဲဆော့ချင်ချင် ဘာပဲသင်ချင်ချင် ဖုန်းကအလွယ်ကူဆုံးပဲလေ။
အခုလိုခေတ်မှာ စာအုပ်ဆိုလို့ ကောင်းကောင်းဆိုးဆိုး ဆင်ဆာမိနေတဲ့ခေတ် နိုင်ငံခြားဖြစ်စာအုပ်ဆိုတာဝေလာဝေးပေါ့။
စကားပြောချင်လို့ အပြင်မှာ သွားတွေ့လို့ စစ်မှုထမ်းခေါ်ခံရတာနဲ့ အဖမ်းခံရတာနဲ့ ခါးပိုက်နှိုက်ခံရတာနဲ့ convenientလဲဖြစ်မှမဖြစ်တာ။ သွားတိုင်းဖြစ်တာတော့မဟုတ်ပေမယ့် လွယ်ကူမှုကိုဆိုလိုတာ။
စာအုပ်မပြောပါနဲ့။ ဒီဖုန်းတွေသာမရှိခဲ့ရင် connectionသာမရှိခဲ့ရင် လမ်းထဲက ၁၀တန်းဖြေမယ့်အမကြီးလဲ ညကြီးမိုးချုပ်စာတွေအော်ဆိုနေဦးမှာဖြစ်သလို အလွတ်ကျက်ခြင်းဆိုတဲ့အဆင့်ကပဲရှိပါဦးမယ်။ Biology is the study of living thingဘဝကနေတက်လာဦးမှာမဟုတ်ပါဘူး။
ရန်ကုန်တက္ကသိုလ်တက်ရတာ ဆေးကျောင်းတက်ရတာကို အိမ်မက်ကြီးတစ်ခုဖြစ်လာသလို ခံစားနေရဦးမှာဖြစ်သလို ကမ္ဘာ့နိုင်ငံခြားတက္ကသိုလ်တွေထဲက အဆင့် ၁သောင်းဆိုတာ သိဦးမှာမဟုတ်ပါဘူး။ အထင်ကြီးစရာကောင်းတဲ့အလုပ်ဖြစ်တဲ့ဘွဲ့မျိုး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုတာ သိမှာမဟုတ်ပါဘူး။
ဖုန်းသုံးကြပါသုံးကြပါသုံးကြပါ။ အထိန်းအကွပ်တော့ရှိပေါ့။
ကိုယ့်ကလေးအသက်က ၁၆နှစ် အရွယ်ကောင်း၊ ဖုန်းလေးလိုချင်လို့ဆိုလို့ ဝယ်ပေးလိုက်တယ်။ လိုင်းပေါ်က တွေ့ကရာသူနဲ့ပတ်ကြိုက်ပြီး ကန်တော့ ပတ်အိပ်နေတယ်။ ကလပ်မှာဆေးရှူလိုက် ကွဲလိုက်နဲ့ ပြဲနေတယ်။
ဒီလိုအခြေအနေမျိုးဆိုရင်တော့ စကားကို ရအောင်ပြောကြည့် နားလည်လွယ်အောင်ပြောကြည့် တချို့အရွယ်တွေက သူတို့ဘာလုပ်လုပ်မှန်တယ်ထင်ကြတာကိုး။
တစ်ဖက်ကနေပြန်စဥ်းစားရင်လဲ အထင်အရမ်းမသေးနဲ့ သူတို့အခြေအနေကို ဘေးကနေပဲစောင့်ကြည့် ပါသင့်မှပါ။ ကိုယ်ကိုယ်တိုင်လဲ အမြဲမှန်နေတာမှမဟုတ်တာ။
ဖုန်းဝယ်ပေးလိုက်လို့ ဒီလိုဖြစ်ရတယ်လို့ သတ်မှတ်လို့ရလောက်တဲ့ထိ ဆိုးရွားနေတဲ့အခြေအနေမျိုးဆိုရင်တော့ ပွဲကြမ်းပစ်ဗျိုး။ ဒါပေမယ့် ဒါကအဖြေမဟုတ်ပါဘူး။
အများအားဖြင့် ဒီလိုကလေးတွေက ဖုန်းဝယ်ပေးပေးမပေးပေးလုပ်မှာပါပဲ။ ဓါးဆိုတာ လူသတ်လက်နက်လဲဟုတ်တယ်။ မီးဖိုချောင်ထဲက အသုံးအဝင်ဆုံးအရာတစ်ခုဆိုလဲမမှားပါဘူးနော်။
ကျနော့်အတွက်တော့ ကျနော်ဖန်တီးချင်တဲ့အရာတွေအားလုံးရဲ့ကနဦးအစက ဖုန်းဝယ်ယူခြင်းကစတင်ခဲ့တာမို့ Best purchaseတစ်ခုလို့ပဲသတ်မှတ်ပါရစေဗျာ။
💘ကျနော့်အတွက်တော့ ကျနော်ဖန်တီးချင်တဲ့အရာတွေအားလုံးရဲ့ကနဦးအစက ဖုန်းဝယ်ယူခြင်းကစတင်ခဲ့တာမို့ Best purchaseတစ်ခုလို့ပဲသတ်မှတ်ပါရစေဗျာ။ အခုဆို သူ့နဲ့ပတ်သက်သမျှတွေအကုန်လုံးဝယ်ရင်းသုံးရင်းနဲ့ ကျနော်ဘဝတစ်ခုလုံး ဒါတွေနဲ့ပဲလည်ပတ်ထားတယ်ဆိုပါရစေ။