ခြေဆွယ်ငုတ်ခြင်းနဲ့UK
ခြေဆွယ်ငုတ်တယ်ဆိုတာက အင်္ဂလိပ်လို Ingrown Toe Nail။ ပုံစံမမှန်ဘဲပေါက်လာခဲ့တဲ့ ခြေသည်း။ ကျနော်ကိုယ်တိုင်လဲ ခြေသည်းနဲ့ပတ်သက်တဲ့ပြဿနာတွေအဖြစ်များတဲ့သူ။ ခြေသည်းထူတဲ့သူ။ ကုန်သွားတာပေါင်ရာချီ။
ခြေဆွယ်ငုတ်တဲ့အကြောင်း ကျနော်မသိဘူး။ ဘာကြောင့်ငုတ်သလဲ၊ ဘယ်လိုငုတ်သွားလဲကျနော်သတိမထားမိဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျနော်ခြေသည်းညှပ်ပုံညှပ်နည်းလိုနေတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ်ညှပ်လာခဲ့တဲ့သူတစ်ဦးပဲ။ ဒါပေမယ့် မညှပ်တတ်သေးဘူး။
ကျနော့်ရဲ့ခြေသည်းတွေလက်သည်းတွေက ကောင်းတယ် မာတယ်။ ကြွပ်ဆတ်နေတာမျိုးမရှိဘူး။ ပုံမှန်လဲ သန့်ရှင်းရေးလုပ်ဖြစ်တယ်။ ပုံမှန်ဝတ်နေကြ ဖိနပ်တွေကလဲ Bootsဖြစ်ဖြစ် အားကစားဖိနပ်ဖြစ်ဖြစ်က များတယ်။ ညှပ်ဖိနပ်တို့ slideတို့လဲတော်ရုံဝတ်နေကြမဟုတ်လို့ ခြေထောက်လဲသန့်တယ်။ ထိပ်ရှူးဖိနပ်တော်ရုံမဝတ်တော့ ခြေသည်းချင်း တိုက်မိနေတာမျိုး မရှိဘူး။
ဘယ်လိုစဖြစ်တာလဲ။
ဒီလိုဗျ ကျနော်ပုံမှန်ညှပ်နေကြအတိုင်းညှပ်တယ်။ သတိထားမိလိုက်တာကတော့ ခြေသည်းညှပ်ကလဲ သိပ်မထက်တာကြောင့်ရော အချိန်လဲသိပ်မရတာကြောင့် သေချာသတိထားမညှပ်မိလိုက်တဲ့အခါတွေရှိတယ်။
အချိန်ကြာလာတော့ ခြေသည်းလေးတွေက ကုပ်သွားတယ်။
ဂစ်တာတီးတဲ့သူတိုင်းလက်သည်းရှည်မရှည် သတိထားမိနေသလိုမျိုး ပုံမှန်ဖိနပ်အကြပ်မျိုးဝတ်တတ်တဲ့သူဆို ခြေသည်းရှည်လာရင် သတိထားမိလိမ့်မယ်။ ကျနော်တော့မပါဝင်ခဲ့ဘူး။
ကျနော်ကလဲ ဒီအတိုင်းဖြစ်တာပေါ့ဆိုပြီး လက်လွှတ်စပယ်ပြုမိလိုက်တယ်။ ခြေထောက်ကလဲ မနာသေးဘူး။ ဘေးနားလေးတွေ နဲနဲလေးရဲနေတယ်။ အရမ်းမဆိုးသေးဘူး။
ဆိုးရင်လဲ အနီးအနားမှာရှိတဲ့Nail Salonမှာ တစ်ချောင်းတည်းကွက်ညှပ်ခိုင်းလိုက်မယ်။ အများဆုံး ၅ပေါင် ၁၀ ပေါင်ပေါ့ (မြန်မာငွေ ၂သောင်းခွဲ-၅သောင်း)။
မှတ်မှတ်ရရ ငွေဆောင်ကိုခရီးသွားတုန်းက E bikeစီးရင်း ခြေသည်းတစ်ခုလုံးလန်သွားဖူးတယ်။ အဲ့တစ်ခါပါပဲ။ ကျန်တာတော့မဖြစ်ဖူးဘူး။ (နောက်ထပ်စီးလဲ မလန်တော့ပါဘူး ဟီးဟီး)
ကိုယ့်ဟာကိုယ်မလုပ်ကြပါနဲ့။
အချိန်က ဒီဇင်ဘာလဆန်း။ စာမေးပွဲက တစ်ပတ်ဆိုစပြီ။ ခြေသည်းက အရမ်းနာနေတယ်။ ထိလိုက်တာနဲ့ကို ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး။ ကိုယ့်ဟာကိုယ်ကြည့်တော့လဲ ဘာမှမမြင်ရဘူး။ ရောင်နေတယ်မှန်းသိတယ်။ ပြည်တည်နေတာလေးကိုမြင်လိုက်တယ်။
အိမ်မှာရှိတဲ့ ခြေသည်းညှပ်လေးနဲ့ ခြေသည်းကို ကလော်ကြည့်တယ်၊ ဟကြည့်တယ်၊ လှမ်းညှပ်လို့ရမလားစမ်းတယ်။ ပိုးဝင်ပြီးရောင်နေတာမို့ နဲနဲလေး နှဲ့ကြည့်ရင်တောင်နာတယ်။
မထူးပါဘူးကွာဆိုပြီး မရရအောင် နှဲ့တယ်။ အသားလေးတွေပါပဲ့ပဲ့သွားတယ်။ သေမတတ်နာတယ်။ ဒါလဲ ဆက်လုပ်တယ်။ ၃နာရီ ၄နာရီလောက် ဆက်တိုက်ကြိုးစားပြီးတဲ့အခါ ဒါလုံးဝမထွက်တော့ဘူးဆိုတာသိသွားတယ်။
အလျှင်အမြန်ပဲ Beauty salonဆီကိုသွားတယ်။ မလုပ်ပေးဘူး ခြေသည်းအရမ်းတိုနေလို့ကော ရောင်ရမ်းနေလို့ကောတဲ့။ ကျနော်ဘာမှမတတ်နိုင်ဘဲ ပြန်လာခဲ့ရတယ်။
(ဒီမှာပြောချင်တာက ကိုယ့်ဟာကိုယ်မလုပ်ကြပါနဲ့။ အင်မတန်ပိုးအဝင်လွယ်သလို ထိခိုက်ဒဏ်ရာအနာတရဖြစ်ဖို့လွယ်ကူပါတယ်။ လုံးဝမတန်ပါဘူးနော်)
ဆေးခန်းသို့ အလည်
ဆေးခန်းကိုတော့ စာမေးပွဲအပြီး တစ်ပတ်လောက်မှာသွားခဲ့တယ်။
အစိုးရဆေးရုံတွေ(NHS Clinic)မှာ Ingrown Toe Nail Surgery (ခြေဆွယ်ငုတ်တာဖော်တာ) လုပ်ရင် Waiting Listထဲစောင့်ရမယ်။ အချိန်က တစ်နှစ်ကြာမယ်။ ကျနော့်ခြေထောက်ကို ၁ နှစ်ကြာတဲ့အထိမှမစောင့်နိုင်တာ။
ဒီတော့ Privateဆေးခန်း။ စစချင်းappointmentဆိုတော့ တစ်ခါတည်းလုပ်ပေးရင်လုပ်ပေးပေါ့။ ဘယ်လောက်ကုန်နိုင်မှာလဲ ဆေးခန်းမို့ ထားပါတော့ ပေါင် ၄၀/၅၀။
ခြေဆွယ်ငုတ်နေတာကို စစ်ဆေးပေးတယ်။ ပိုးသန့်ပေးတယ်။ ပြည်တည်မနေအောင်ဖောက်ပေးတယ်။ ထုတ်ပေးတယ်။ တစ်ခုလုံးသန့်ရှင်းရေးလုပ်ပြီးတဲ့အခါ သေချာလေးပတ်တီးနဲ့စည်းပေးလိုက်တယ်။
စစချင်းappointmentအတွက်က တစ်စျေး။ တကယ်surgeryလုပ်ရတဲ့အခါ တစ်စျေး။
"ခြေသည်းကတော့ အတော်လေးနက်နေတယ်။ တစ်ခြမ်းလုံးလိုလိုဝင်နေတဲ့အတွက် လုပ်ချင်ရင်တော့ အဲ့နားလေးသီးသန့် surgeryလုပ်လို့ရတယ်။ Mini surgeryလေးပဲ။ တကယ်လုပ်ရင် ၁၀ မိနစ်လောက်ပဲကြာတယ်။"
ကြားထဲမှာတော့
- ဆားရေနဲ့ အမြဲသန့်ရှင်းရေးလုပ်ခိုင်းတယ်၊ အမြဲတမ်းသန့်နေအောင်ထားခိုင်းတယ်။၊
- Inadine ဆိုတဲ့ ဘီနာဒင်းdressingလေးရယ် Surgical Dressingလေးရယ် ပတ်တီးလေးရယ် နေ့စဥ်နေ့တိုင်းလဲခိုင်းတယ်။
တကယ့်surgeryအချိန်။
နောက် ၃/၄ ပတ်လောက်အချိန်ဆွဲပြီးတော့ တကယ်လုပ်ဖို့ ငွေရတဲ့အခါ သွားပါတော့တယ်။ appointmentလုပ်မယ်ဆိုတော့ သူတို့တွေဝမ်းပမ်းတသာနဲ့ လုပ်ပေးပါတယ်။
မလုပ်ခင် လက်မှတ်ထိုးခိုင်းတယ်။ ဘာsurgeryလုပ်မယ်၊ ဘယ်လိုပစ္စည်းတွေနဲ့ ဘာဆေးတွေသုံးမယ်။ ဘယ်လိုpermissionတွေလိုအပ်တယ်။ ဒီprocedureပြီးရင် ဘာဆက်လုပ်ရမယ်။ ဒါတွေအကုန်လုံး ပြောပြပေးတယ်။ နားမလည်တာရှိရင် ပြန်မေးဖို့ အခါခါပြောလဲ ကျနော်ကတော့ အေးဆေး။ လုပ်လိုက်ပါ ကြာပါတယ်။
ရောက်တဲ့အခါ လူနာတစ်ဦးချင်းကိုပဲ ဂရုစိုက်ပေးတယ်။ တကယ့်လုပ်တဲ့အချိန်က ၁၀/၁၅မိနစ်လောက်သာကြာတယ်။ စကားပြောလိုက်ဆိုလိုက် အနားယူခိုင်းလိုက်နဲ့တင်ကို ၁နာရီလောက်အသာလေးကြာသွားတယ်။
ထုံဆေးထိုးတယ်။ ခနစောင့်တယ်။ ပြီးတော့ ကိရိယာအစုံနဲ့ ခြေသည်းညှပ်ဖို့ကြိုးစားတယ်။ လှန်လိုက် ဆွဲလိုက် ဆွလိုက် ညှပ်လိုက် ဖြဲကြည့်လိုက်။
အဆုံးသတ်မှာတော့ သေချာပတ်တီးစည်းပေးလိုက်တယ်။ ကြားထဲတစ်ခုခုဖြစ်ခဲ့လို့ dressingအသစ်လိုရင် အသစ်လဲသုံးလို့ရအောင် အပိုပေးလိုက်တယ်။ ဒီလိုနဲ့ ကျနော်အိမ်ပြန်ရောက်လာတယ်။
Post Surgery Care
ကျနော့်ကို Gymမဆော့ခိုင်းဘူးတော့။ ခြေထောက်ထိမှာစိုးလို့ လှုပ်ရှားမှုများမှာစိုးလို့ လမ်းတောင်သိပ်မလျှောက်ခိုင်းဘူး။ စက်ဘီးပဲဖြစ်နိုင်ရင်စီးပေါ့ဗျာ။
ဒီ ၃ရက်အတွင်း appointment ထပ်ချိန်းတယ်။ နောက် ၁/၂ပတ်အတွင်းလဲထပ်ချိန်းပြန်တယ်။ အဓိကကတော့ အခြေအနေစစ်ဆေးဖို့၊ သန့်ရှင်းရေးလိုအပ်ရင်လုပ်ဖို့၊ dressing ထပ်ထည့်ဖို့၊ ထပ်ပြီးငုတ်နေရင် ပြန်ဖော်ဖို့။
ဘယ်လိုခံစားရလဲဆိုတော့ ကောင်းပါတယ် experienceကတော့လေ။ ဒါပေမယ့် စျေးကတော်တော်ကြီးများသလိုခံစားရတာတော့အမှန်ပဲ။ ပေးတဲ့serviceနဲ့ကတော့ တန်ပါတယ်။ ဒါပေမယ့် ခြေဆွယ်ငုတ်တာလေးတစ်ခုတည်းအတွက် သိန်းဆယ်ချီပေးရတာကြီးကျတော့ မဟုတ်သေးဘူးလေ။
ဘယ်လိုပဲဖြစ်ဖြစ် ခြေသည်းသေချာဂရုစိုက်ညှပ်ကြပါ။ ခြေဆွယ်မငုတ်ပါစေနဲ့။ စျေးသိပ်မကြီးရင် Nail Salonမှာပဲ ညှပ်ပါ။ ညှပ်တာတစ်ခုတည်းဆို စျေးသိပ်မကြီးပါဘူး။ ခြေဆွယ်ဆိုတာမျိုးက ဖြစ်ရင်မသိသာပါဘူး။ သိသာလာတဲ့အချိန်ကျ အတော်ကြီးနက်နေပါပြီ။ အတော်ကြီးသတိထားနိုင်မှ တော်ကာကြပါလိမ့်မယ်။