ငလျင်အလွန် - မှန်ကန်တဲ့အကူအညီများမရရှိခြင်း

အခု ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ စေတနာရှင်တွေ၊ အလှူရှင်တွေ ပေါများတာ ဝမ်းသာစရာပါ။ ကိုယ့်ပြည်သူအချင်းချင်း ဒုက္ခရောက်ချိန်မှာ လက်မနှေးဘဲကူညီတယ်။ သိပ်ကောင်းပါတယ်။ သို့သော် ဒီစေတနာတွေ၊ အလှူငွေတွေက တကယ်လိုအပ်တဲ့ ထိရောက်မယ့်နေရာကို ရောက်ရဲ့လားဆိုတာကို စဉ်းစားဖို့ လိုပါတယ်။
၁။ အတိတ်က အကူအညီများနှင့် သင်ခန်းစာ အတွေ့အကြုံများ
အရင်က အတွေ့အကြုံတွေကို ပြန်ကြည့်ရင် တော်လှန်ရေးအစပိုင်းကာလတွေ၊ ရေဘေးကာလတွေမှာလည်း ဒီလိုပဲ။ အစပိုင်းမှာတော့ အားလုံးက တက်တက်ကြွကြွ၊ ဟိုနားလှူ ဒီနားကူနဲ့ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ကြတယ်။ နာမည်ကြီး အနုပညာရှင်တွေ၊ ဆယ်လီတွေ၊ မီဒီယာတွေကလည်း ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြတယ်။ သူတို့ရဲ့ ပါဝင်မှုက လူအများရဲ့ ပိုမိုပါဝင်လာအောင် လှုံ့ဆော်နိုင်ခဲ့တာ မှန်ပါတယ်။
သို့သော် အများစုရဲ့ အကူအညီတွေဟာ ရေတိုသက်ရောက်မှုလောက်ပဲ ရှိခဲ့တယ်။ တချို့ဆိုရင် နာမည်ရဖို့၊ လူသိဖို့သက်သက် (ပေါ်ပင်) လုပ်ခဲ့ကြတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
အကူအညီတွေဟာ တကယ်လိုအပ်နေတဲ့ အောက်ခြေပြည်သူတွေဆီကို ထိထိရောက်ရောက် မရောက်ခဲ့ဘဲ ကြားထဲမှာ ပျောက်ပျက်သွားတာတွေ၊ လိုအပ်တာထက် ပိုပြီး အထောက်အပံ့တွေ စုပုံသွားတဲ့နေရာတွေ ရှိခဲ့သလို၊ လုံးဝမရောက်သွားတဲ့ နေရာတွေလည်း ရှိခဲ့ပါတယ်။ အချိန်တစ်ခုကြာသွားတဲ့အခါမှာတော့ အရှိန်တွေလျော့၊ သူ့အလုပ်နဲ့သူ ပြန်ဖြစ်သွားကြတာပါပဲ။
အခု ငလျင်အခြေအနေမှာလည်း အဲ့ဒီလို အဖြစ်မျိုးတွေ ထပ်မဖြစ်စေချင်ပါဘူး။ အထူးသဖြင့် ဒီလိုသူတွေရဲ့ပါဝင်မှုကို အားကျအတုယူပြီး လိုက်လှူ/ကူကြတဲ့အခါ
- သူတို့ရဲ့ အလှူတွေက တကယ်ထိရောက်ရဲ့လား၊
- ဘယ်အဖွဲ့အစည်းတွေကနေတစ်ဆင့် ပေးပို့နေတာလဲ
- သူတို့ရဲ့ ကူညီမှုတွေက တကယ်စေတနာပါရဲ့လား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပုံရိပ်ကောင်းဖို့အတွက်လား
ဆိုတာကို ပြည်သူတွေအနေနဲ့ ခွဲခြားသိမြင်ဖို့ အရေးကြီးပါတယ်။
Disclaimer: အထူးသဖြင့် တော်လှန်ရေးကာလလိုအချိန်မျိုးမှာ အချက်အလက်အတိအကျ မှတ်တမ်းတင်ဖို့ ခက်ခဲတာတွေ၊ အလှူငွေ စီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှု အားနည်းတာတွေကြောင့် သာဓကတိတိကျကျ ပြဖို့ခက်ခဲပါတယ်။ ဥပမာ ပေးပါမယ်။
တော်လှန်ရေးအစပိုင်းကူညီမှုများ
၂၀၂၁အစပိုင်းကာလမှာ ပြည်တွင်းပြည်ပကနေ အလှူငွေတွေ အမြောက်အမြား စုဆောင်းခဲ့ကြပါတယ်။ ဘာနည်းလမ်းတွေ ရောင်းချမှုတွေ ရှိုးပွဲတွေမှမပါဘူး။ လက်ထဲငွေရှိတယ်။ ရော့ ဆိုသလိုပါပဲ။ အဲ့ဒီအချိန်က အရေးပေါ်အခြေအနေကြောင့် စနစ်တကျ ဖြန့်ဝေဖို့ထက် အမြန်ဆုံးကူညီနိုင်ဖို့ကို ဦးစားပေးခဲ့ကြရပါတယ်။
သို့သော်ပြဿနာတွေရှိခဲ့တယ်။
- ဖြန့်ဝေမှု အခက်အခဲ: တချို့နေရာတွေမှာ အလှူငွေတွေ စုပုံနေတယ်။ တကယ်လိုအပ်တဲ့ ရှေ့တန်းနေရာတွေ၊ အင်တာနက်လိုင်း မကောင်းတဲ့ ဒေသတွေဆီကို ရောက်ရှိဖို့ ခက်ခဲခဲ့ပါတယ်။ လုံခြုံရေး အခြေအနေတွေကြောင့် သယ်ယူပို့ဆောင်ရေး ခက်ခဲတာ၊ ဆက်သွယ်ရေး အခက်အခဲတွေ ရှိခဲ့ပါတယ်။
- ပွင့်လင်းမြင်သာမှု အားနည်းခြင်း: အရေးပေါ်အခြေအနေမှာ အလှူငွေ စီမံခန့်ခွဲမှု၊ စာရင်းဇယား တိတိကျကျ ပြနိုင်မှု အားနည်းခဲ့တဲ့ အဖွဲ့တွေ၊ တစ်ဦးချင်းတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အလှူငွေတွေ ဘယ်လောက်ရပြီး ဘယ်လောက်သုံးစွဲခဲ့တယ်ဆိုတာ တိတိကျကျ မသိနိုင်ဘဲ အလွဲသုံးစားလုပ်မှု သံသယတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကိုယ့်အကျိုးစီးပွားအတွက် တော်လှန်ရေးကို ခုတုံးလုပ်ခဲ့တဲ့သူတွေလဲ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေကြရတာပဲဥစ္စာ။ လုံခြုံရေးဆိုတဲ့အကြောင်းပြချက်နဲ့ လူမသိခဲ့ကြဘူး။ တချို့တစ်ဝက်သာ ပေါ်ပေါ်ထင်ထင်လူသိများခဲ့ကြတယ်။
ရေဘေး
သွားရေးလာရေး လွယ်ကူသောနေရာများတွင် စုပုံခြင်း: သွားလာလို့ လွယ်ကူတဲ့ ကယ်ဆယ်ရေးစခန်းတွေ၊ မြို့ပေါ်ရပ်ကွက်တွေကို အဖွဲ့အများစုက သွားရောက်လှူဒါန်းကြပါတယ်။ နာမည်ကြီး အနုပညာရှင်တွေ၊ မီဒီယာတွေ အများဆုံး ရောက်ရှိခဲ့တဲ့ နေရာတွေမှာ အစားအသောက်၊ အဝတ်အထည်တွေ လိုအပ်တာထက် ပိုလျှံပြီး စုပုံနေတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေပေါ့။
သွားလာရခက်ခဲတဲ့ ကျေးရွာတွေ၊ ဝေးလံတဲ့ ဒေသတွေက ရေဘေးသင့်ပြည်သူတွေဆီကို အကူအညီတွေ အချိန်မီ မရောက်တာ၊ လုံလောက်အောင် မရတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။
နာမည်ကြီးများ၏ "ပေါ်ပင်" လှူဒါန်းမှု (ဝေဖန်မှုများ): အနုပညာရှင်အချို့ရဲ့ အလှူပေးအပ်ပွဲတွေကို 'မီဒီယာ' တွေက အသားပေးဖော်ပြခဲ့ကြတယ်။
သူတို့ရဲ့ အကူအညီတွေဟာ တကယ်ထိရောက်ရဲ့လား၊ ရေရှည်အတွက် ဘယ်လောက်အကျိုးရှိလဲ ဆိုတဲ့မေးခွန်းတွေထွက်လာတယ်။ သူတို့ရဲ့ ပုံရိပ်မြှင့်တင်ရေးဆန်တယ်လို့ ဝေဖန်မှုတွေ များပြားခဲ့တယ်။ ဥပမာ - စစ်ကောင်စီနဲ့အချေအတင်မဖြစ်နိုင်တဲ့ အလွယ်တကူသွားရောက်ကူညီနိုင်တဲ့ လူမှုကူညီရေးအသင်းတွေ စခန်းတွေကို အကြိမ်ကြိမ်လှူဒါန်းခဲ့တာမျိုး။
အခု လက်ရှိငလျင်ဒဏ်သင့် ဒေသတွေကိုကူညီရာမှာလည်း အတွေ့အကြုံတွေကို သင်ခန်းစာယူဖို့ လိုပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီး တစ်ဦးဦးက နေရာတစ်ခုကို သွားလှူကြောင်း တင်လိုက်တဲ့အခါ၊ တခြားအလှူရှင်တွေကပါ အဲ့ဒီနေရာကိုပဲ ဦးတည်ပြီး လှူဒါန်းကြတာမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ အဲ့ဒီနေရာမှာ လိုအပ်ချက် ပြည့်စုံသွားပြီလား၊ ဒါမှမဟုတ် အခြား ပိုလိုအပ်နေတဲ့၊ လူသိနည်းတဲ့ နေရာတွေ ရှိနေသေးလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်။ ယုံကြည်စိတ်ချရပြီး ဒေသဆိုင်ရာ အခြေအနေကို ကောင်းကောင်းသိတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လှူဒါန်းသင့်ပါတယ်။
"ပရဟိတ/စေတနာ့ဝန်ထမ်း" ခေါင်းစဉ်များနှင့် ပွင့်လင်းမြင်သာမှု
ပရဟိတတို့ Volunteerတို့ 'တိုက်ရိုက်လှူဒါန်းပေးမယ်' တို့ဆိုတာက အင်မတန်ခေါင်းစဥ်တပ်ရလွယ်ပါတယ်။
တကယ်တော့ "ပရဟိတ"၊ "စေတနာ့ဝန်ထမ်း"၊ "တိုက်ရိုက်လှူဒါန်းပေးမယ်" ဆိုတဲ့ ခေါင်းစဉ်တွေက လူအများရဲ့ စေတနာကို လှုံ့ဆော်ဖို့၊ ပါဝင်လာအောင် ဆွဲဆောင်ဖို့ သုံးရလွယ်ကူတဲ့ စကားလုံးတွေ။ ဒီလို ခေါင်းစဉ်တပ်ထားတိုင်းလည်း အကူအညီတွေဟာ စနစ်တကျနဲ့ အထိရောက်ဆုံး ဖြစ်လိမ့်မယ်လို့ အာမခံချက် မရှိပါဘူး။
အလှူရှင်တွေအနေနဲ့ ဒီခေါင်းစဉ်တွေရဲ့ နောက်ကွယ်က အဖွဲ့အစည်းရဲ့ လုပ်ဆောင်ပုံ၊ ပွင့်လင်းမြင်သာမှုနဲ့ တကယ်လိုအပ်တဲ့နေရာကို ရောက်အောင် ပို့ဆောင်နိုင်စွမ်း ရှိ/မရှိကိုပါ သတိပြု ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
ထို့အပြင် အလှူရှင်များ အထူးသတိပြုသင့်သည်မှာ အဖွဲ့အစည်းများအနေဖြင့် ရရှိလာသော အလှူငွေအားလုံးကို အပြည့်အဝ (၁၀၀%) လှူဒါန်းခြင်း ရှိ၊ မရှိ ဖြစ်တယ်။ အချို့အဖွဲ့အစည်းများတွင် အလှူငွေများထဲမှ သွားလာစရိတ်၊ လွှဲပြောင်းခ၊ လုပ်ငန်းလည်ပတ်မှုစရိတ် (Operation Cost)၊ စီမံခန့်ခွဲမှုစရိတ် (Management Cost) စသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ရာခိုင်နှုန်းတစ်ခုကို ဖြတ်တောက်ထားတတ်ကြသည်။
စိုးရိမ်စရာကောင်းတာက ထိုသို့ဖြတ်တောက်ပြီးနောက် အမှန်တကယ် လှူဒါန်းသည့် ငွေပမာဏမှာ ရရှိခဲ့သော စုစုပေါင်းအလှူငွေရဲ့ ထက်ဝက်(သို့) အနည်းငယ်သာ ဖြစ်နေတာမျိုး (ဥပမာ - အလှူငွေ သိန်း ၁၀၀ လက်ခံရရှိသော်လည်း ကုန်ကျစရိတ်များ ဖြတ်တောက်ပြီးနောက် တကယ်လိုအပ်သူများထံ သိန်း ၅၀ သာ ရောက်ရှိသွားခြင်းမျိုး ဖြစ်သည်။)
ထိုသို့ ကုန်ကျစရိတ်များမှာ အမှန်တကယ် လိုအပ်၍ သုံးစွဲခြင်းလား၊ သို့မဟုတ် အကြောင်းပြချက်အမျိုးမျိုးဖြင့် အလှူငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ကာ "အိတ်ကပ်ထဲ ထည့်နေခြင်း" မျိုးလား ဆိုသည်ကို အလှူရှင်များအနေဖြင့် သေချာစိစစ်ပြီးမှ လှူဒါန်းသင့်ပါသည်။
အလှူငွေ စီမံခန့်ခွဲမှု ပွင့်လင်းမြင်သာရေး လမ်းညွှန်ချက်များ (စေတနာ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွက်)
ကိုယ်တိုင် Volunteer လုပ်နေသူများ၊ အလှူခံစုဆောင်းနေသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း အလှူရှင်များ၏ ယုံကြည်မှုကို တည်ဆောက်ရန်နှင့် စေတနာငွေများ အမှန်တကယ် အကျိုးရှိစေရန် အောက်ပါအချက်များကို လိုက်နာသင့်သည်ဟု အကြံပြုလိုပါတယ်။
၁။ လက်ခံမှု မှတ်တမ်း (Receiving Record)
- ရရှိသမျှ အလှူငွေ၊ အလှူပစ္စည်း အားလုံးကို အလှူရှင်အမည် (သို့မဟုတ် အလှူရှင်ကိုယ်တိုင် သဘောတူသည့် အမှတ်အသား/နံပါတ်) နှင့်အတူ စနစ်တကျ စာရင်းပြုစု ရေးမှတ်ထားပါ။
- ထိုစာရင်းကို လူအများ အလွယ်တကူ မြင်နိုင်၊ သိနိုင်မည့်နေရာတွင် အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာစွာ အတိအကျ ဖော်ပြပါ။
- တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာ စတဲ့စာရင်းရှင်းတမ်းများတင်ပြပါ။
- အလှူရှင်များ တောင်းဆိုမှ ပြခြင်းမျိုး မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် ပုံမှန်ချပြသင့်ပါတယ်။ မည်သည့်ပမာဏအနည်းအများမဆိုပါ။
၂။ ကုန်ကျစရိတ်များ (Overhead Costs)
အလှူငွေ/ပစ္စည်းများ တကယ်လိုအပ်သူထံ ရောက်ရှိရန် ကြားထဲတွင် ကုန်ကျစရိတ်များ (သွားလာစရိတ်၊ သယ်ယူပို့ဆောင်ခ၊ လွှဲပြောင်းခ၊ စီမံခန့်ခွဲမှုစရိတ်၊ လူအင်အား စသည်) ရှိနိုင်သည်မှာ မှန်ပါသည်။ အထူးသဖြင့် ခက်ခဲကြမ်းတမ်းသော ဒေသများသို့ ပို့ဆောင်ရာတွင် ပိုမိုကုန်ကျနိုင်ပါသည်။
သို့သော် ထိုကုန်ကျစရိတ်များသည် မဖြစ်မနေ လိုအပ်ပြီး၊ ကျိုးကြောင်းဆီလျော်မှု ရှိကာ၊ လူအများ လက်ခံနိုင်သော ပမာဏအတွင်း ရှိနေရန် အရေးကြီးပါသည်။ အဆိုပါ ကုန်ကျစရိတ်အားလုံးကိုလည်း အလှူရှင်များထံ အပွင့်လင်းဆုံး ချပြရှင်းလင်းနိုင်ရပါမည်။
(ဥပမာ - စုစုပေါင်း အလှူငွေ၏ x% ကို ကုန်ကျစရိတ်အဖြစ် သုံးစွဲကြောင်း၊ ဘာအတွက်သုံးစွဲကြောင်း တိတိကျကျတင်ပြခြင်း)။
၃။ ပေးအပ်မှု စိစစ်ခြင်း (Distribution Verification)
မိမိတို့၏ အကူအညီကို လက်ခံရရှိမည့်သူ/အဖွဲ့အစည်းသည် တကယ်အကူအညီလိုအပ်ပြီး အကျိုးရှိရှိ အသုံးချမည့်သူ ဟုတ်/မဟုတ် သေချာစိစစ်ပါ။
- ကြားခံနာမည်ခံ အဖွဲ့အစည်းတစ်ခုလား၊ သို့မဟုတ် တိုက်ရိုက်အကျိုးခံစားခွင့်ရှိသူ ဘေးဒဏ်သင့်ပြည်သူလား ဆိုသည်ကို သတိပြုပါ။
- လက်ခံသူသည် မည်မျှအထိ အခက်အခဲရှိနေသလဲ၊
- မိမိတို့၏ အကူအညီကို မည်သို့ အသုံးပြုမည်လဲ၊
- ထိုသို့အသုံးပြုမှုကို မည်မျှ ပွင့်လင်းမြင်သာစွာ ပြန်လည်ရှင်းလင်း တင်ပြနိုင်မည်လဲ (ဥပမာ - ဘယ်နေရာမှာ ဘာသုံးလိုက်သည်ကို အထောက်အထားဖြင့် ပြန်လည်ချပြနိုင်ခြင်း) စသည်တို့ကိုပါ ထည့်သွင်းစဉ်းစား သဘောတူညီမှု ရယူသင့်ပါသည်။
ဒီကိစ္စတွေအကုန်လုံးဖြေရှင်းပြီးမှသာ စတင်လုပ်ဆောင်သင့်ပါတယ်။ ပိုက်ဆံပမာဏနည်းနည်းများများ ဒီလိုကိစ္စတွေက စဥ်းစားရပါတယ်။ ဘာလို့ဆို ဒီဟာက ကိုယ့်ငွေမဟုတ်တော့ပါဘူး။ လူအများရဲ့ငွေဖြစ်သွားပြီမို့ တစ်ပြားကအစ တန်ဖိုးရှိပါတယ်။
မည်သူ့ကို ကူညီမည်လဲ - ဦးစားပေး ရွေးချယ်မှုဆိုင်ရာ စဉ်းစားစရာများ
နောက်ထပ် အရေးကြီးပြီး အလွန်သိမ်မွေ့တဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။ ငလျင်လို သဘာဝဘေးဒဏ်ဆိုတာ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ၊ နိုင်ငံရေး ယုံကြည်ချက် မခွဲခြားဘဲ လူတိုင်းကြုံတွေ့ခံစားရနိုင်တာပါ။ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေလည်း ထိခိုက်ခံစားရနိုင်သလို၊ ဒီတော်လှန်ရေးကို ထောက်ခံတဲ့ ပြည်သူတွေလည်း အတိဒုက္ခရောက်ကြရပါတယ်။ ဒီတော့ အကူအညီတွေကို ဘယ်လိုလူမျိုး၊ ဘယ်လိုအခြေအနေရှိသူကို ဦးစားပေး ကူညီသင့်သလဲ။
ထိုနည်းတူစွာပဲ အကူအညီပေးအပ်မယ့်သူ/အဖွဲ့အစည်းကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်မလဲ။
- ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ကြည့်မလား။
- လက်ရှိ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှု အခြေအနေကို ကြည့်မလား။
- ဒါမှမဟုတ် နိုင်ငံရေးရပ်တည်ချက်ကို ကြည့်ပြီး ရွေးချယ်မလား။ ဒါတွေက လက်တွေ့မှာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေပါ။
ဦးစားပေး ကူညီသင့်သည့် အမှန်တကယ် လိုအပ်နေသော နယ်မြေများ
ပိုပြီး စိုးရိမ်စရာကောင်းတာက ပြည်တွင်း အခြေစိုက် အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်း အလှူရှင်တွေရဲ့ အကူအညီတွေဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိပြီး သွားရေးလာရေး အတန်ငယ်လွယ်ကူတဲ့၊ အန္တရာယ် နည်းပါးတယ်လို့ ယူဆရတဲ့ မြို့ပြနဲ့ အနီးတဝိုက် ဒေသတွေကိုပဲ ဦးတည်နေတာကို တွေ့ရတတ်ပါတယ်။ ဒါဟာအတော်များများဖြစ်ပါတယ်။
နားလည်ပေးနိုင်စရာ အကြောင်းပြချက် (ဥပမာ - သွားလာခွင့်၊ လုံခြုံရေး) ရှိနိုင်ပေမယ့် တကယ့် အဖြစ်မှန်မှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အကူအညီ အမှန်တကယ် အရေးတကြီး လိုအပ်နေတဲ့ နေရာတွေကို မေ့လျော့ထားသလို ဖြစ်နေပါတယ်။
ဒါကြောင့် မေတ္တာရပ်ခံချင်ပါတယ်။ အထူးသဖြင့် ဒီတော်လှန်ရေးမှာ တစ်သားတည်း ရပ်တည်နေကြတဲ့ ပြည်တွင်းပြည်ပက "ကိုယ့်ဘက်က ပြည်သူတွေ" ကိုပါ။ ကိုယ်တွေရဲ့ စေတနာနဲ့ အကူအညီတွေကို လမ်းကြောင်းမှန်မှန်နဲ့ စနစ်တကျ စီစဉ်ပြီး တကယ် ဒုက္ခရောက်နေတဲ့၊ အကူအညီ အလိုအပ်ဆုံးဖြစ်နေတဲ့ NUG နဲ့ EAO ထိန်းချုပ်နယ်မြေတွေထဲက ငလျင်ဒဏ်သင့် ပြည်သူတွေဆီကို ဦးစားပေး ပို့ဆောင်နိုင်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။
ဒီလိုနေရာတွေကို ရောက်ဖို့အတွက် အခက်အခဲတွေ ရှိမှာမှန်တယ်။ ယုံကြည်စိတ်ချရတဲ့ အတွေ့အကြုံရှိတဲ့ ကွန်ရက်တွေလဲ အများကြီးပါပဲ။ သူတို့နဲ့ ချိတ်ဆက်ပြီး၊ ကိုယ့်ရဲ့ အလှူငွေနဲ့ ပစ္စည်းတွေဟာ အာဏာရှင်ရဲ့ လက်အောက်က လွတ်မြောက်ဖို့ ကြိုးစားရင်း သဘာဝဘေးဒဏ်ကိုပါ ခါးစည်းခံနေရတဲ့ ကိုယ့်ပြည်သူအချင်းချင်းဆီ တကယ်ရောက်ရှိသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းကြရအောင်လို့ မေတ္တာရပ်ခံအပ်ပါတယ်။
ခက်ခဲသော်လည်း ပြောသင့်သော စကားများ
ဒီလို အရေးပေါ်အခြေအနေ လူတိုင်း စိတ်ထိခိုက် ပူဆွေးနေရချိန်မှာ ဒီလို စိစစ်ရွေးချယ်မှုတွေ၊ ပွင့်လင်းမြင်သာမှု တောင်းဆိုမှုတွေအကြောင်း ပြောရတာဟာ နှလုံးသားမရှိတဲ့သူလို၊ အေးစက်စက်နိုင်လွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မုန်းနိုင်ပါတယ်။ ပြောရတာစိတ်လဲမကောင်းဘူး။
သို့သော် ဒီလိုစကားတွေကို ရင်နာနာနဲ့ မပြောဘဲ၊ မဆွေးနွေးဘဲ၊ မဆင်ခြင်ဘဲ နေလိုက်တဲ့အခါမှာ အတိတ်က အမှားတွေ ထပ်ခါထပ်ခါ ဖြစ်နေဦးမှာပါ။ စေတနာရှင်တွေရဲ့ အဖိုးတန်လှူဒါန်းမှုတွေဟာ တကယ်လိုအပ်သူတွေဆီ ထိထိရောက်ရောက် မရောက်ဘဲ အလဟဿ ဖြစ်ရနိုင်သလို၊ တချို့ရဲ့ ကိုယ်ကျိုးရှာမှုအတွက် အသုံးချခံ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် စိတ်မကောင်းခြင်းများစွာနဲ့အတူ စေတနာမှန်တွေ တကယ်အကျိုးရှိစေဖို့၊ အလိုအပ်ဆုံးသူတွေဆီ အရောက်ဆုံးဖြစ်စေဖို့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားကြဖို့ တိုက်တွန်းနှိုးဆော်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ လွယ်ကူတဲ့လမ်းကိုပဲ မရွေးဘဲ တကယ်လိုအပ်နေတဲ့သူတွေကို အခက်အခဲကြားကနေ ကူညီခြင်းကသာ တန်ဖိုးအရှိဆုံး ဖြစ်ပါလိမ့်မယ်။ ကိုယ့်နာမည်တော့ ကဗျည်းအထိုးခံချင်မှ ခံရနိုင်တယ်။ သို့သော် ပီတိဖြစ်ရပါလိမ့်မယ်။