ကျောင်းတက်ဖို့ပြင်ဆင်ခြင်း စာလေးတစ်ခု

ဒီအချိန်ဟာ UK ကိုလာဖို့ပြင်ဆင်နေကြတဲ့ ကျောင်းသားတွေအတွက် အလုပ်အရှုပ်ဆုံးကာလဖြစ်မှာပါ။ September Intake ဆိုတဲ့ လှိုင်းလုံးကြီးထဲမှာ လူတိုင်းက ကိုယ့်အိပ်မက်နဲ့ကိုယ်၊ ကိုယ့်ပြင်ဆင်မှုနဲ့ကိုယ် ရင်ခုန်စိတ်လှုပ်ရှားနေကြမှာပေါ့။ သို့သော် အဲ့ဒီပြင်ဆင်မှုတွေထဲမှာ ပညာရေးဆိုင်ရာအချက်အလက်တွေအပြင်၊ သင်မသိသေးတဲ့၊ ဒါပေမဲ့ သင့်ရဲ့ UK ကဘဝအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလာမယ့် လက်တွေ့အခြေအနေတွေအကြောင်းကို ကျနော့်ရဲ့အတွေ့အကြုံကနေ မျှဝေချင်ပါတယ်။
အပိုင်း (၁) - တက္ကသိုလ်ရွေးချယ်ခြင်း- Ranking ဇယားများနောက်ကွယ်က လက်တွေ့ဘဝ
ကျောင်းရွေးတော့မယ်ဆိုရင် အများစုက ဘာကိုကြည့်ကြလဲ။
- QS Ranking က ဘယ်လောက်လဲ?
- London မှာလား? မြို့ကြီးလား?
- ကျောင်းလခ သက်သာရဲ့လား?
ဒီအချက်တွေက အရေးပါပေမယ့်၊ ဒါတွေတစ်ခုတည်းနဲ့တော့ ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်ကြီးကို မချလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ သင်ရွေးချယ်နေတာက နောက်တစ်နှစ်၊ သုံးနှစ်စာတက်မယ့် "ကျောင်း" တစ်ခုတည်းမဟုတ်ဘဲ၊ သင်နေထိုင်မယ့် "အိမ်"၊ သင်ကျင်လည်မယ့် "ပတ်ဝန်းကျင်" (Environment) တစ်ခုကိုပါ ရွေးချယ်နေတာဖြစ်လို့ပါပဲ။
Ranking ထက်အရေးကြီးတဲ့ "Vibe"
အဓိကပြောချင်တာက "Vibe" ပါ။ မြို့တစ်မြို့နဲ့တစ်မြို့၊ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းက ပေးတဲ့ခံစားချက်၊ လူနေမှုပုံစံ၊ ရာသီဥတုကအစ လုံးဝမတူပါဘူး။
- မြို့ကြီး vs မြို့ငယ်: Manchester လို အမြဲတမ်းလူစည်ကားပြီး တက်ကြွနေတဲ့မြို့ကြီးရဲ့ Vibe နဲ့ Bath လို သမိုင်းဝင်အဆောက်အအုံတွေကြားမှာ အေးအေးဆေးဆေး လမ်းလေးလျှောက်ပြီး ကော်ဖီသောက်လို့ကောင်းတဲ့ မြို့ငယ်လေးရဲ့ Vibe က တစ်ခြားစီပဲ။ သင်က တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့သူလား၊ မြို့ပြရဲ့ အငွေ့အသက်ကို ခံစားချင်သူလား?
- ကျောင်းသားများတဲ့မြို့ vs ကျောင်းသားနည်းတဲ့မြို့: Bristol တို့၊ Leeds တို့လိုမြို့တွေက ကျောင်းသားတွေအတွက် part-time အလုပ်တွေ၊ ပွဲတွေ၊ discount တွေ ပိုများနိုင်တယ်။ ဒါပေမဲ့ တစ်ခါတလေ ကိုယ့်လိုကျောင်းသားတွေပဲ ဝိုင်းနေတော့ ဒေသခံတွေရဲ့ Culture အစစ်အမှန်နဲ့ နည်းနည်းအလှမ်းဝေးသွားတတ်တယ်။
- Campus University vs City University: ကျောင်းဝင်းတစ်ခုတည်းမှာ အဆောင်၊ စာသင်ခန်း၊ အားကစားရုံ အကုန်ရှိတဲ့ Campus ကျောင်းတွေက ပိုလုံခြုံပြီး အသိုင်းအဝိုင်းတစ်ခုလို ခံစားရတယ်။ ဒါပေမဲ့ မြို့ပြရဲ့ လူနေမှုဘဝနဲ့တော့ နည်းနည်းအဆက်ပြတ်နိုင်တယ်။ မြို့ထဲမှာနေရာအနှံ့ပျံ့နေတဲ့ City University တွေကတော့ ပိုလွတ်လပ်ပြီး မြို့ရဲ့အစိတ်အပိုင်းတစ်ခုလို ခံစားရစေမှာပါ။
အခုချိန်မှာတော့ ဒါတွေက သိပ်မကွာဘူးလို့ထင်ရနိုင်ပေမယ့်၊ တကယ်ဒီရောက်လာတဲ့အခါ သင့်ရဲ့နေ့စဉ်ဘဝ၊ စိတ်ကျန်းမာရေးနဲ့ ပျော်မပျော်ဆိုတာကို တိုက်ရိုက်လာပြီးသက်ရောက်မှာနော်။ ကိုယ်နဲ့မကိုက်ညီတဲ့ Vibe ရှိတဲ့နေရာမှာနေရတာက Ranking ဘယ်လောက်ကောင်းတဲ့ကျောင်းဖြစ်ဖြစ် စိတ်ဆင်းရဲစေနိုင်တယ်ဆိုတာတော့ မမေ့ပါနဲ့။
အပိုင်း (၂) - အချိန်ဇယားနှင့် လက်တွေ့ပြင်ဆင်မှု (Timeline & Practical Preparation)
က။ သင်၏ UK ခရီးစဉ်အတွက် ပုံမှန်အချိန်ဇယား (A Typical Timeline)
လူတိုင်းက ဒီအဆင့်တွေကိုတော့ ဖြတ်ရမှာပဲ။ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ "တတ်နိုင်သလောက် စောစောစလုပ်ဖို့" ပါပဲ။ နောက်ကျလေ၊ ရွေးစရာနည်းလေ၊ ဖိအားများလေပဲ!
- အဆင့် ၁: ကျောင်းလျှောက်ခြင်း (အောက်တိုဘာ - ဇန်နဝါရီ): ကျောင်းလျှောက်လွှာတွေတင်ရမယ်။ Personal Statement နဲ့ Reference Letter တွေက ဒီအဆင့်မှာ အသက်ပဲ။
- အဆင့် ၂: Conditional Offer ရရှိခြင်း (နိုဝင်ဘာ - ဧပြီ): ကျောင်းက "မင်းကိုတော့ သဘောကျတယ်၊ ဒါပေမဲ့ IELTS အမှတ်လေးတော့ လိုသေးတယ်နော်" ဆိုပြီးပေးတဲ့စာပေါ့။
- အဆင့် ၃: Unconditional Offer သို့ ပြောင်းလဲခြင်း (မေ - ဇူလိုင်): သူတို့တောင်းတာတွေ (IELTS result, ဘွဲ့လက်မှတ်) အကုန်ပြည့်စုံပြီဆိုရင်တော့ "မင်းအတွက် နေရာသေချာပြီ" ဆိုတဲ့ Unconditional Offer ရပြီ။
- အဆင့် ၄: CAS Letter တောင်းခံခြင်း (ဇွန် - ဩဂုတ်): ကျောင်းလခ Deposit နည်းနည်းသွင်းပြီးတာနဲ့ Visa လျှောက်ဖို့အတွက် အရေးအကြီးဆုံးစာရွက်ဖြစ်တဲ့ CAS Letter ကို ကျောင်းဆီကတောင်းရမယ်။
- အဆင့် ၅: Visa လျှောက်ထားခြင်း (ဇူလိုင် - ဩဂုတ်): CAS Letter နဲ့ ဘဏ်စာရင်းအထောက်အထားအပြည့်အစုံနဲ့ Visa လျှောက်ပြီ။ ဒီအဆင့်ကိုတော့ တတ်နိုင်သလောက် စောစောလုပ်သင့်တယ်!
- အဆင့် ၆: ခရီးစဉ်အတွက် ပြင်ဆင်ခြင်း (ဩဂုတ် - စက်တင်ဘာ): Visa ရပြီဆိုတာနဲ့ လေယာဉ်လက်မှတ်ဝယ်၊ အဆောင်ရှာ၊ ခရီးအတွက်ပြင်ဆင်လို့ရပြီ။
ခ။ အထုပ်အပိုး ဘယ်လိုပြင်မလဲ? (Packing Light)
အရေးကြီးတာတစ်ခုပြောမယ်၊ မှတ်ထားနော်။ သင်တို့လာနေတာက ဘဝအသစ်တစ်ခုကို လာစတာ။ ဘာမှဝယ်စရာမရှိတဲ့ တောထဲကိုလာတာမဟုတ်ဘူး! UK ဆိုတာ လိုချင်တာအကုန်ရတဲ့နိုင်ငံမို့လို့ အိမ်ကပစ္စည်းအကုန်လုံးကို ထမ်းလာစရာမလိုဘူး။
- ဝန်ထုပ်ဝန်ပိုးဖြစ်တယ်: အထုပ်တွေများလေ လေဆိပ်မှာရော၊ ဘတ်စ်ကားပေါ်မှာရော၊ ကိုယ့်အခန်းကိုသွားတဲ့လမ်းမှာရော ကိုယ့်အတွက်ဝန်ပိုးပဲ။
- UK က တောမဟုတ်ဘူး!: အိုး၊ ခွက်၊ ပန်းကန်ကအစ စောင်၊ ခေါင်းအုံး၊ မီးပူအဆုံး အကုန်ဝယ်လို့ရတယ်။ Primark, Wilko, IKEA, Argos လိုနေရာတွေမှာ စျေးသက်သက်သာသာနဲ့ရတယ်။
- Quality ပိုကောင်းတယ်: အိမ်ကသယ်လာတဲ့ ပစ္စည်းတချို့က ဒီကရာသီဥတု၊ ဒီကမီးပလပ်ပေါက်တွေနဲ့ အဆင်ပြေချင်မှပြေမှာ။ ဒီမှာက ပိုကောင်းတဲ့ Quality၊ ပိုများတဲ့ရွေးစရာတွေနဲ့ အရာရာကို ဝယ်လို့ရတယ်။
- ပေါ့လေ ပိုလွတ်လပ်လေပဲ: အဝတ်အစား၊ Laptop နဲ့ ကိုယ်ပိုင်ပစ္စည်းနည်းနည်းလောက်နဲ့ ပေါ့ပေါ့ပါးပါးသာလာခဲ့။ နေရာအသစ်ကို ပေါ့ပါးတဲ့စိတ်နဲ့စတာက ပိုပြီးလွတ်လပ်တယ်။ အိမ်ကသယ်လာတဲ့ ပစ္စည်းဟောင်းတွေက ကိုယ့်ကိုအတိတ်မှာပဲ သံယောဇဉ်တွယ်နေစေနိုင်တယ်။
မတတ်သာလို့သယ်ရမယ်ဆိုရင်တောင် ကိုယ့်ရဲ့အိမ်ကို Cargoနဲ့လှမ်းပို့ခိုင်းတာမျိုးတို့လုပ်လို့ရတယ်။ လေယာဥ်လက်မှတ်ထက်သက်သာပါတယ်။
အပိုင်း (၃) - ရုပ်ဝတ္ထုပစ္စည်းများထက် သာလွန်သော ပြင်ဆင်မှု
Luggage ထဲ အဝတ်အစားတွေထည့်နေတုန်း ကိုယ့်စိတ်ထဲမှာလည်း ဒါလေးတွေထည့်သွားဖို့မမေပါနဲ့ဗျိုး။
က။ သင်၏ "စိတ်ပိုင်းဆိုင်ရာ ဘက်ထရီ" ကို အားအပြည့်သွင်းပါ။ UK မလာခင် ကျန်တဲ့အချိန်လေးတွေမှာ စာတွေချည်းဖိလုပ်၊ သင်တန်းတွေပတ်တက်နေတာထက် ပိုအရေးကြီးတာတစ်ခုရှိတယ်။ အဲ့ဒါက ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းဖို့ပဲ။
- မိသားစုနဲ့ သူငယ်ချင်းတွေ: သူတို့နဲ့ အချိန်များများပေးပါ။ အတူတူသွား၊ အတူတူစား။
- သင်ကြိုက်တဲ့ အစားအစာတွေ: မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲကအစ လမ်းဘေးကအကြော်စုံအဆုံး၊ ကြိုက်တာအကုန် အားမနာတမ်းစားခဲ့! ဒီအရသာတွေ၊ ဒီအမှတ်တရတွေက ဒီမှာတစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တွေမှာ ကိုယ့်အတွက်အားဆေးတစ်ခွက်ဖြစ်လာလိမ့်မယ်။
ခ။ သင်၏စိတ်ကို အတွေးအခေါ်ဖြင့် ပြင်ဆင်ခြင်း ပျော်စရာတွေတွေးထားသလို၊ အခက်အခဲအတွက်လည်း ပြင်ဆင်ထားဖို့လိုတာပေါ့။ ဒါပေမဲ့ အခက်အခဲကိုတွန်းလှန်ဖို့ချည်းပဲမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့အတွက် ပြင်ဆင်တာမျိုးဖြစ်သင့်တယ်။
- သင်၏ မူလရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ခြင်း: "ငါဘာလို့ ဒီခရီးကို စခဲ့တာလဲ?" ဆိုတဲ့အဖြေက ကိုယ့်အတွက်ကျောက်ဆူးပဲ။ လမ်းပျောက်တိုင်း၊ စိတ်ဓာတ်ကျတိုင်း ဒီအဖြေက ကိုယ့်ကိုပြန်ဆွဲခေါ်နိုင်ရမယ်။
- အနာဂတ်ဖြစ်တည်မှုအား ကြိုတင်တွေးဆခြင်း: "ငါဖြစ်နိုင်ခြေရှိတဲ့ အကောင်းဆုံးပုံစံက ဘာလဲ?" ဆိုတာကို စိတ်ကူးထဲမှာပုံဖော်ကြည့်။ ဒီခရီးက အဲ့ဒီကိုရောက်အောင် ပို့ပေးနိုင်မှာလား? ဒါမှမဟုတ် တစ်နှစ်လောက်ကြာသွားရင် အဲ့ဒီစိတ်ကူးထားတာထက်တောင် ပိုကောင်းတဲ့၊ ကိုယ်တိုင်တောင်မထင်ထားတဲ့ လူတစ်ယောက်ဖြစ်နေနိုင်မလား? ဆိုပြီး ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြည့်။ ဒီလိုတွေးခေါ်တတ်တာက နေ့စဉ်အခက်အခဲတွေအတွက်တင်မဟုတ်ဘဲ ကိုယ့်ဘဝတစ်ခုလုံးအတွက် လမ်းညွှန်ပေးမယ့် အတွေးအခေါ်အုတ်မြစ်ဖြစ်လာလိမ့်မယ်။
- မိမိကိုယ်ကို စီမံအုပ်ချုပ်ခြင်း: လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှုက အမြဲတူတူလာတာပဲ။ သွေးဆောင်မှုတွေကြားထဲမှာ ကိုယ့်ပန်းတိုင်ကို မထိခိုက်အောင် ကိုယ့်ကိုယ်ကိုထိန်းနိုင်ဖို့က အရေးအကြီးဆုံးပဲ။
အပိုင်း (၄) - ဘွဲ့လက်မှတ်ဆိုတာ ပန်းတိုင်မဟုတ်၊ ခရီးလမ်းရဲ့အစ
UK တက္ကသိုလ်တစ်ခုမှာ ကျောင်းဝင်ခွင့်ရပြီဆိုတာနဲ့ အရာအားလုံးပြီးသွားပြီ၊ ပန်းတိုင်ရောက်ပြီလို့ထင်သွားနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ဒါဟာ ပန်းဝင်ခါနီး နောက်ဆုံးခြေတစ်လှမ်းမဟုတ်ဘူး။ မာရသွန်တစ်ခုရဲ့ ပထမဆုံးခြေလှမ်း၊ သင်စထွက်ရမယ့် "Start" လိုင်းတစ်ခုပဲရှိသေးတယ်။
လမ်းကြောင်းပုံသေဆိုတာ မရှိပါဘူး၊ ကိုယ်တိုင်ထွင်းဖောက်ရမယ့် နယ်ပယ်သစ်များ
ဒါကိုတော့ သေချာမှတ်ထားပါ။ သင်နဲ့အတူတူ ကျောင်းစတက်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ သင်ဟာ တူညီတဲ့ဘာသာရပ်၊ တူညီတဲ့ဆရာ၊ တူညီတဲ့မြို့မှာ ရှိနေနိုင်တယ်။ ဒါပေမဲ့ တစ်နှစ်၊ သုံးနှစ်ကြာသွားတဲ့အခါ နှစ်ယောက်လုံးရလာမယ့် အတွေ့အကြုံ၊ အခွင့်အလမ်းနဲ့ နောက်ဆုံးရလဒ်တွေက လုံးဝကွဲပြားသွားနိုင်တယ်။
- တစ်ယောက်က စာတော်ပြီး First Class နဲ့ဘွဲ့ရသွားနိုင်တယ်။ နောက်တစ်ယောက်ကတော့ စာမှာသာမန်ပဲဖြစ်နိုင်ပေမယ့် Student Union မှာဝင်လုပ်ရင်း၊ Volunteer တွေလုပ်ရင်း ခေါင်းဆောင်မှုအရည်အသွေးနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ Network တွေရသွားနိုင်တယ်။ နှစ်ခုလုံးလဲတွဲလုပ်လို့ရနိုင်တယ်။ အားလုံးက အရည်အချင်းတွေချည်းပါပဲ။
- ဘာမှကြိုတင်တွက်ထားလို့မရဘူး။ ဥပမာ၊ သင်က ဗိသုကာ (Architecture) တက်နေပေမယ့် ဝါသနာက ဓာတ်ပုံရိုက်တာ၊ Video Edit လုပ်တာဖြစ်နေနိုင်တယ်။ ကျောင်းတက်ရင်းနဲ့ပဲ ဒီဝါသနာကို ပိုကျွမ်းကျင်အောင်လုပ်၊ Freelance အလုပ်လေးတွေရှာလုပ်ရင်းနဲ့ ဘွဲ့ရတဲ့အခါ ဗိသုကာတစ်ယောက်ဖြစ်လာမယ့်အစား နာမည်ကြီး Creative Director တစ်ယောက်ဖြစ်သွားနိုင်တယ်။ ကျောင်းတက်တယ်ဆိုတာ ကိုယ့်ရဲ့မူလလမ်းကြောင်းအတိုင်းပဲသွားရမှာမဟုတ်ဘဲ၊ ကိုယ်မထင်ထားတဲ့ ကိုယ့်အရည်အသွေးအသစ်တွေ၊ နယ်ပယ်သစ်တွေကိုရှာပြီး လမ်းကြောင်းအသစ်တွေဖောက်နိုင်တဲ့အချိန်ပဲ။
သင်ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသောအရာ- သင်၏ကြိုးစားမှု
အခွင့်အလမ်းတွေက မသေချာဘူး၊ လမ်းကြောင်းတွေက ပုံသေမရှိဘူးဆိုရင် ကျွန်တော်တို့ ဘာကိုအားကိုးရမလဲ။ အဖြေကရှင်းရှင်းလေးပဲ- ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ ကြိုးစားမှု (Mindset & Effort) ပါပဲ။
ဒါကြောင့် ဘာပဲလုပ်လုပ်၊ အဲ့ဒီအလုပ်မှာ အကောင်းဆုံးဖြစ်အောင်၊ အကြိုးစားဆုံးသူဖြစ်အောင်လုပ်ဖို့လိုတယ်။
- စာသင်ခန်းထဲမှာ: Assignment တစ်ခုကို "ပြီးပြီးရော" ဆိုတာထက်ပိုတဲ့စိတ်နဲ့ချဉ်းကပ်ပါ။ "ဒီဘာသာရပ်ကို ငါတကယ်နားလည်အောင်လုပ်မယ်၊ ဒီ Project ကနေ လက်တွေ့သုံးလို့ရတဲ့ Skill တစ်ခုရအောင်ယူမယ်" ဆိုတဲ့ Mindset ရှိရမယ်။
- Part-time အလုပ်မှာ: စားသောက်ဆိုင်တစ်ဆိုင်မှာ ပန်းကန်ဆေးနေရပါစေ၊ အဲ့ဒီနေရာမှာ အချိန်အလေးစားဆုံး၊ အလုပ်အသန့်ရှင်းဆုံး၊ အားအကိုးရဆုံးလူတစ်ယောက်ဖြစ်အောင်ကြိုးစား။ Personal နဲ့ Professional ခွဲသိပါစေ။ ဒီစိတ်ဓာတ်က သင့်ကို ဘွဲ့လက်မှတ်ထက်ပိုတန်ဖိုးရှိတဲ့ အလုပ်ကျင့်ဝတ် (Work Ethic) ကိုသင်ပေးလိမ့်မယ်။
- လူမှုရေးမှာ: ကျောင်းပွဲတစ်ခုမှာ ပစ္စည်းကူသယ်ပေးရတဲ့ Volunteer အလုပ်ပဲဖြစ်ပါစေ၊ စိတ်အားထက်သန်စွာလုပ်။ သင်မထင်ထားတဲ့လူတွေနဲ့ ခင်သွားနိုင်တယ်။
အနှစ်ချုပ်ရရင်တော့ တက္ကသိုလ်ဆိုတာက သင့်ကိုအခွင့်အလမ်းတွေပေးနိုင်တဲ့ "နေရာ" တစ်ခုပဲ။ အဲ့ဒီအခွင့်အလမ်းတွေကို တကယ်လက်တွေ့ဖြစ်အောင်လုပ်ရမယ့်သူက သင်ကိုယ်တိုင်ပဲ။ ဘွဲ့လက်မှတ်က စာရွက်တစ်ရွက်ပဲ၊ သင်ဘယ်သူလဲဆိုတာကို သက်သေပြသွားမှာကတော့ သင်ဖြတ်သန်းခဲ့တဲ့ခရီးတစ်လျှောက်က ကြိုးစားမှုတွေပဲဆိုတာ အမြဲတမ်းအမှတ်ရနေစေချင်ပါတယ်။
နောက်ဆုံးအနေနဲ့ မှာချင်တာကတော့၊ တခြားသူအတွက်အဆင်ပြေတဲ့ကျောင်းနဲ့မြို့က သင့်အတွက်အဆင်ပြေချင်မှပြေမှာပါ။ သူများတွေ London သွားလို့ လိုက်သွားတာမျိုး၊ သူငယ်ချင်းတက်လို့ လိုက်တက်တာမျိုးထက်၊ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်၊ ကိုယ်တကယ်လိုချင်တဲ့ဘဝပုံစံနဲ့ကိုက်ညီမယ့်နေရာကို အချိန်ယူပြီး သေချာလေ့လာရွေးချယ်ပါ။
ခရီးဆောင်အိတ်ထဲက အဝတ်အစားတွေထက် သင်နှလုံးသားထဲက အမှတ်တရတွေနဲ့ စိတ်ထဲက ကြံ့ခိုင်မှုတွေက တိုင်းတစ်ပါးက သင့်ဘဝခရီးလမ်းကို ပိုပြီးအထောက်အကူပြုပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေချောမွေ့တဲ့ ခရီးလမ်းဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။