မိဘနဲ့သားသမီးကြားပြဿနာဘယ်လိုဖြေရှင်းရမလဲ
နေ့လည်တုန်းက ကျနော့်မိတ်ဆွေတစ်ဦးရဲ့မိဘနဲ့စကားပြောဖြစ်လိုက်တယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး UKမှာ ကျောင်းတက်ရင် ဘယ်လိုမျိုးလဲ၊ ကျောင်းရွေးသင့်မရွေးသင့်၊ ငွေဘယ်လောက်လောက်ကုန်ကျနိုင်လဲ၊ ရေရှည်ဘာဖြစ်နိုင်လဲစသဖြင့်။
ဖြစ်ချင်တော့ ဒီကိစ္စတွေအကုန်လုံးက ပြဿနာဖြစ်မနေဘူး။ ငွေရှိရင်အဆင်ပြေတယ်။ ကျနော်ကလဲ ကျနော့်သူငယ်ချင်းမို့လို့ တခြားသောပျက်စီးမယ့်ကိစ္စတွေဘာတစ်ခုမှမဖြစ်ဘူးဆိုတာလဲ သေချာတယ်။ အဓိကပြဿနာက သူ့ကိုမယုံကြည်နိုင်တာ။
သားသမီးကလဲလိမ္မာတယ်။ သူလုပ်ချင်တာအတွက် သူ့ကိုယ်သူယုံကြည်တယ်။ ဒါပေမယ့်အနေအေးတယ်။ စကားမပြောချင်ဘူး။ မရှင်းပြချင်တော့ဘူး။ နားမထောင်ပေးကြလို့။
မိဘကလဲ အကောင်းဆုံးအခြေအနေဖြစ်ချင်တယ်။ ဖြစ်စေချင်လွန်းလို့ စိတ်မချတော့ဘူး။ ဒီတော့ အစစအရာရာလုပ်ပေးမိတယ်၊ ဒီလိုပဲ လုပ်ပေးရင်း တစ်ဦးတည်းမရပ်တည်နိုင်မှာ စိုးရိမ်မိနေတယ်။ သံသရာလည်နေတယ်။
ကြာလာတော့ နှစ်ဖက်လုံးအတွက် အဆင်မပြေတော့ဘူး။ ဒီတော့ ဒီလိုပြဿနာမျိုးကို ဘယ်လိုညှိနှိုင်းရမလဲ။
အခြေအနေကို အရှိအတိုင်းနားလည်လက်ခံပါ။
ရှိရင်းစွဲအကြည့်နဲ့ကြည့်ဖြစ်ကြတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုမှကြည်လင်နိုင်မှာမဟုတ်ပါဘူး။ တစ်ဖက်က ဘယ်လောက်ပဲကြိုးစားပြီးပြုပြင်ပြုပြင် မမြင်နိုင်တဲ့အခါ ပြဿနာက ဆက်ဖြစ်နေဦးမှာပဲ။
တစ်ခါတစ်လေလဲ ဒီပြဿနာဆိုတဲ့စက်ကွင်းထဲကနေ စည်းပြင်ထွက်ရပ်ပြီးကြည့်ရတယ်။
- Take a step back, ခြေတစ်လှမ်းနောက်ဆုတ်။
- See it from the sidelines, တခြားသူတစ်ဦးအနေနဲ့ အခြေအနေကို ကြည့်ကြည့်။
အမှားဆိုတဲ့အရာကိုသေချာလေးမြင်တတ်လာလိမ့်မယ်။ ဘဝကြီးက ဘယ်ဖြစ်ရပ်မဆို အင်မတန်ရိုးရှင်းလွယ်ကူစွာဖြေရှင်းလို့ရနိုင်တယ်။ ဒါပေမယ့်ခံစားချက်(emotion)တွေ သိပ်ပြင်းထန်နေတဲ့အခိုက် သေးတဲ့ကိစ္စရပ်လေးတောင် အင်မတန်ကြီးကျယ်လာနိုင်တယ်။
လူသားတွေဆိုတာတကယ်တော့ emotional creatures(ခံစားချက်များနဲ့လူ)တွေကိုး။ ကြုံကြမှာပဲ။ အကောင်းဆုံးအသုံးချတတ်ဖို့လိုတာပါ။
ခုနဖြစ်တဲ့ပြဿနာမျိုးမှာ နှစ်ဖက်လုံးက အရှိအရှိအတိုင်းသဘောပေါက်လက်ခံတတ်ဖို့လိုတယ်။ ဝန်ခံတတ်ဖို့လိုတယ်။
"အမေ ဖြစ်စေချင်ဇောများပြီး အတင်းတိုက်တွန်းမိရင်း မထွက်သင့်တဲ့ ဆိုးတဲ့စကားလုံးတွေထွက်တတ်တယ်။ လုပ်ရပ်တွေလုပ်မိတတ်တယ်။ အမှန်ကတော့ သားဘဝပဲလေ။"
"ကျနော်လဲ ဖြစ်ချင်တာတွေအကုန်လုံး ကျနော့်ဆန္ဒ ကျနော့်အမြင်ကို အမေလက်ခံမှာမဟုတ်ဘူး ဆိုတဲ့စိတ်ကြီးက ဝင်နေပြီးသားမို့လို့ စကားနည်းလာတယ်။ တိတ်ဆိတ်လာတယ်။ အဖြေမထုတ်ဘဲ ရှောင်ပြေးတတ်လာတယ်"
ရှောင်ကြဥ်ရမှာတွေက
- စွပ်စွဲတာ ကောက်ချက်ချတာ
- တစ်ယူသန်တာ၊ ignoreတာ၊ တစ်ပါးသူရဲ့ခံစားချက်ကို ထည့်မတွက်တာ။
- ခံစားချက်အရမ်းထည့်ပြီး အော်ဟစ်သောင်းကျန်းတာတွေ၊ စကားလုံးကြမ်းကြမ်းတွေနဲ့ပြောဆိုတာ၊ ပစ္စည်းတွေ ကောက်ပစ်တာ။
- အတိတ်ကဖြစ်ရပ်တွေကို ပစ္စုပ္ပန်နဲ့ဆက်စပ်တာ။
Communicateပါ။
စကားပြောပါ စကားပြောပါ။ communicationဆိုတာအင်မတန်မှအရေးပါတယ်။ ချစ်ကြတဲ့သူတွေအချင်းချင်းဖြစ်ကြတဲ့ပြဿနာရဲ့ အခြေခံအုတ်မြစ်က ပြောဆိုဆက်ဆံရေး။
"မိဘနဲ့သားသမီးကြား ဘာစည်းဘောင်မှထားစရာမလိုဘူး၊ သူစိမ်းမှမဟုတ်တာ ဆက်ဆံချင်သလိုဆက်ဆံလို့ရတယ်၊ တစ်ချိန်ပြန်အဆင်ပြေသွားမှာပဲ မိသားစုမို့လို့။"
စကားဆိုတာက လူတစ်ဦးနဲ့တစ်ဦးဆက်ဆံရေးမှာ အဓိကကြားခံနယ်။ စာပို့တာ၊ ဖုန်းပြောတာ၊ လက်တွေ့စကားပြောကြတာ အကုန်လုံးက Communicationပဲ။ ဒီလိုဟာမျိုးကိုမလုပ်တတ်လို့ရပါ့မလား။
တစ်နေရာရာမှာ ကြားဖူးတယ်။ တန်ဖိုးရှိတဲ့စကားတစ်ခွန်းဖြစ်လာဖို့ မှန်ရုံနဲ့တင်မပြီးဘူး။ မှန်ရမယ်။ အကျိုးအကြောင်းဆီလျော်ရမယ်။ အချိန်အခါအခြေအနေသင့်ရမယ်။ ဒီစကားရဲ့အကျိုးဆက်ကို စဥ်းစားထားရမယ်။ အကျိုးရှိတဲ့စကားဖြစ်ရမယ်။
ဘယ်လောက်ကြီးပဲမှန်နေပါစေ အချိန်အခါမသင့်ရင် ဒီစကားသည် စကားဆိုးပဲ။ ဥပမာ - ပြဿနာတက်နေရင်း ပြဿနာဖြစ်စရာအကြောင်းတွေချည်းပဲ ပြောဆိုနေမယ်ဆိုရင် ဒါမီးလောင်ရာလေပင့်တာပဲ။
(စကားတိုင်း တိုက်ရိုက်အကျိုးရှိမှာတော့မဟုတ်ဘူး။ ကုန်ကုန်ဗျာ ကျနော်တို့အလပဿလပ သူငယ်ချင်းတွေနဲ့ပြောကြတယ်ဆိုရင်လဲ ဘာတန်ဖိုးမှမရှိဘူး ဘယ်သူမှလဲအကျိုးမရှိဘူးဆိုရင်တောင် တစ်ဖက်နဲ့တစ်ဖက် အချိန်တူတူဖြုန်းခွင့်ရကြတယ်။ ဒါဆိုလဲတန်ဖိုးရှိတာပဲလေ။ )
ဘေးလူ
စကားဆိုတာ 'ကား' သွားတတ်တဲ့အမျိုးဗျ။ အထူးသဖြင့် အခုလိုမျိုး တစ်နေရာစီရောက် အလုပ်တွေမျိုးစုံနဲ့ ရုန်းကန်နေရတဲ့သူတွေအဖို့ စကားတွေအများကြီး ပြောနေနိုင်မှာမဟုတ်။ ဒါရဲ့အကျိုးဆက်က misunderstanding (နားလည်မှုလွဲခြင်း)။
ချစ်သူရည်းစားမှမဟုတ် မိသားစုဝင်အချင်းချင်းကြားမှာတောင် ဘေးလူဆိုတာရှိသေးတာပဲ။ ကိုယ်က အခက်အခဲတွေ၊အဆင်မပြေမှုတွေ ပွင့်ပွင့်လင်းလင်းပြောတယ်။ ဘေးလူတွေက "အကြောင်းပြချက်တွေ" ဆိုပြီးကိုယ့်မိဘကို သွေးထိုးတယ်။ အကျိုးရလဒ်ကတော့ မိဘနဲ့သားသမီးကြားအဆင်မပြေမှု။
အမြဲတမ်းတော့ဘေးလူက မကောင်းတာတော့မဟုတ်ဘူး။ တချို့အခြေအနေတွေမှာတော့ mediatorဆိုတဲ့ကြားဝင်ဖြန်ဖြေပေးမယ့်သူမျိုးကလိုအပ်တာပဲ။ ဥပမာ - သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ အတိုင်ပင်ခံ၊...။ အကျိုးလဲရှိကြနိုင်ပါတယ်။
အမြဲတော့မရှိနိုင်ဘူး။ ကိုယ့်အမေနဲ့အဆင်မပြေလို့ ကိုယ့်အဘိုးအဘွား၊ ကိုယ့်အဒေါ်တွေ၊ ဦးလေးတွေကို ပြောပြကြည့်တယ်။ ခခယယအကူအညီတောင်းကြည့်တယ်။ အကူအညီဆိုတာ ရှိမလာဘူး။ ကျနော်ကြုံခဲ့ရတာပေါ့။ အပြစ်တော့မတင်ရက်ဘူးလေ သူတို့ကိစ္စမှမဟုတ်တာ။
အဓိကပြဿနာဖြစ်ကြတဲ့သူတွေအချင်းချင်း အေးအေးဆေးဆေးဖြေရှင်းနိုင်သွားရင် ဘယ်ဘေးလူမှသွေးမခွဲနိုင်သလို လိုလဲမလိုအပ်ပါဘူးလို့။
Example scenario
ကျနော်လား UKစလာတုန်းကဆို ဘာတစ်ခုမှကိုမသိတာ (အပွင့်လင်းဆုံးပြောပြတာ)။ ကျောင်းလျှောက်တာကစလို့ ဒီရောက်လာသည်အထိ agentတွေရယ် အိမ်ကလုပ်ပေးတာမျိုးပဲ။
အိမ်ကတော့ ခုနပြောသလိုပဲ
"...ဖြစ်စေချင်လွန်းလို့ စိတ်မချတော့ဘူး။ ဒီတော့ အစစအရာရာလုပ်ပေးမိတယ်၊ ဒီလိုပဲ လုပ်ပေးရင်း တစ်ဦးတည်းမရပ်တည်နိုင်မှာ စိုးရိမ်မိနေတယ်။ သံသရာလည်နေတယ်။..."
အချိန်နောက်ပြန်လှည့်ခွင့်ရမယ်ဆိုရင်
- မိဘတွေဘက်ကလဲ စကားအပြောအဆိုဆက်ဆံရေးမှာ ဆင်ဆင်ခြင်ခြင်ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောပေး၊ ကိုယ့်သားသမီးကိုယ်ယုံကြည်ပေး၊။
- သားသမီးဘက်ကလဲ ဖြစ်ချင်တဲ့အရာကို အပွင့်လင်းဆုံးပြောပြ၊ ကိုယ်နဲ့generationချင်း ကွာတယ်ဆိုတာကို အမြဲမှတ်ထား၊ ကိုယ်တိုင်ကြိုးစားကြည့်။
ဒါဆိုရင်တော့ ဒီထက်ပိုမိုhealthy ဖြစ်တဲ့relationshipနဲ့ ဘဝကြီးကို ဒီထက်အများကြီးရှေ့ဆက်နိုင်ဦးမှာအသေအချာပါပဲ။
၁၀မိနစ်ခြားပြီး မွေးလာတဲ့အမွှာတွေတောင် ပြဿနာဖြစ်ကြသေးတာပဲ ကိုယ်တွေအားလုံးက လူတစ်ကိုယ်စိတ်တစ်ခုပဲလေ။ မမေ့လျော့ဖို့က
- ကိုယ့်အမှားကိုယ်နားလည်ပြီး တာဝန်ယူတာဝန်ခံမှုရှိဖို့။
- စိတ်ရှည်သည်းခံ ဉာဏ်ကိုလွှာပြီး ဖြေရှင်းဖို့။
- ပူးပေါင်းစုစည်းအဖြေရှာဖို့
- communicateဖို့။
ဒီလိုနဲ့ ပြဿနာလေးတွေဖြေရှင်းသွားစေလိုပါကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ဗျိုး။