ဘာသာရေးနဲ့လူငယ်
သင့်ရဲ့ ဘာသာကိုမကိုးကွယ်တာနဲ့တင် ဘာကိုမှအယုံအကြည်မရှိတာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ ဂရုဏာတရား၊ အကြင်နာတရား၊ ရိုးသားမှု၊ ကိုယ်ကျင့်တရား၊ တန်းတူညီမျှမှု.. ဒါတွေအားလုံးကိုယုံကြည်ပါတယ်။
ဘာသာရေးဆိုတာ အလုံးစုံမှန်ကန်နေတဲ့အရာလို့ပြောရင် မှားလိမ့်မယ်။ တကယ်တော့ ဓလေ့ထုံးတမ်းတွေနဲ့ပေါင်းစပ်ထားတဲ့အရာတစ်ခုလို့ပြောရင်ပိုမှန်တယ်။
အမှန်အမှားဆိုတာခွဲခြားဖို့ ဘာသာရေးမလိုအပ်ပါဘူး။ အမှန်အမှား မခွဲခြားတတ်ရင် ကိုယ်ချင်းစာတရားမရှိလို့ပါ ဘာသာတရားမဲ့နေလို့မဟုတ်ဘူး။
သင့်ရဲ့ ဘာသာကိုမကိုးကွယ်တာနဲ့တင် ဘာကိုမှအယုံအကြည်မရှိတာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ ဂရုဏာတရား၊ အကြင်နာတရား၊ ရိုးသားမှု၊ ကိုယ်ကျင့်တရား၊ တန်းတူညီမျှမှု.. ဒါတွေအားလုံးကိုယုံကြည်ပါတယ်။
ဘာသာရေးအပေါ် ကျနော့်ခံယူချက်
ကျနော်ဘာဘာသာဝင်လဲလို့မေးရင် ဘာဘာသာဝင်မှမဟုတ်ပါဘူး။ ဘာသာဆိုတာကို ဂိုဏ်းတစ်ခုလို အဖွဲ့တစ်ခုလို ကျနော်မသတ်မှတ်ဘူး။ အကုန်လုံးကိုလေးစားတယ်။ သို့သော် လက်ခံသင့်တာကိုမှလက်ခံတယ်။ လက်မခံသင့်တဲ့အရာဆိုရင် ငြင်းပယ်တယ်။
ဘာသာရေးအကြောင်းတွေ ဘယ်ဘုန်းကြီးကဘယ်လိုပြောခဲ့တာတွေ ဘယ်ဘုရားကဘယ်လိုတွေ ကျနော်မပြောတတ်ဘူး။ ကိုယ်တိုင်သိရင်တောင်မှ ဒီအပြောအဟောတွေကိုအခြေခံပြီး မပြောချင်ဘူး။
သေချာတာတစ်ခုကတော့ ဒီဘာသာတွေ religionတွေရဲ့ရည်ရွယ်ချက်က လူတွေကို ကွဲပြားစေဖို့ ခြားနားစေဖို့ဆိုတာထက် အချင်းချင်းကူညီရိုင်းပင်းတတ်ကြဖို့ စည်းလုံးစေဖို့လိုပဲမြင်တယ်။ မရှိသင့်တဲ့အတွေးအခေါ်တွေ အယူဝါဒတွေကို ပယ်ဖျောက်ဖို့အရေးကြီးတယ်လို့မြင်တယ်။
ဘာသာရေးနဲ့ပတ်သက်တဲ့ ကိစ္စ
ဘာသာရေးလို့ဆိုလိုက်ရင် လူတွေက စပ်စပ်ထိမခံကြဘူး။ ကာကွယ်ပေးရမယ့်အရာလို့မြင်တယ်။ ထိန်းသိမ်းစောင့်လျှောက်ပေးရမယ်။ ငါရန်မဖြစ်ပေးရင် ဒါကြီးရှိတော့မှာမဟုတ်ဘူး။ ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်တွေဖြစ်ပွားလာကြတယ်။
ပတ်ဝန်းကျင်မှာရှိခဲ့ဖူးတဲ့ကြုံခဲ့ဖူးတဲ့ ဒီဘာသာရေးအပေါ်ထားတဲ့စိတ်ကို ပြောပြချင်တယ်။ အိမ်အပါအဝင် အမျိုးတွေအပါအဝင် ပတ်ဝန်းကျင်ကသူတွေ အများစုက ဗုဒ္ဓဘာသာဝင်တွေ။
တချို့ကတော့ အရမ်းold traditionဆန်တယ်။ အစွဲပေါ့ဗျာ။ ဘုရားမရှိခိုးရင် ငရဲကျမယ်တို့ ပိုက်ဆံရှိရပါ၏တို့ စတဲ့ဆုတောင်းတွေနဲ့ အကြိမ်ကြိမ်ရှိခိုးနေကြတယ်။ ဘုရားဆိုတာ ထက်မြက်တဲ့လူသားတစ်ဦး Enlightenment ဆိုတဲ့ ဉာဏ်အလင်းပွင့်သွားတဲ့သူတစ်ဦးလို့ မမြင်ဘူး၊ “Entity” တစ်နည်းအားဖြင့် အရာအားလုံးရဲ့ပဲ့ကိုင်ရှင်၊ နတ်ဘုရားလို့ပဲမြင်တယ်။
နားလည်အောင်ပြောရရင်တော့
- ဗုဒ္ဓရဲ့အတွေးအခေါ်တွေကို လက်ခံတယ် ချင့်ချိန်ပြီးကျင့်သုံးတယ်ဆိုတာထက် ဓလေ့ထုံးတမ်းအစဥ်အလာတစ်ခုလို ဆက်ဆံတယ်။ သဘောကတော့ မှန်တယ်မှားတယ်ဆိုတာထက် စည်းမျဥ်းတစ်ခုလိုလိုက်နာတယ်။
- ကြောက်ရွံ့မှုနဲ့ပဲအရာအားလုံးကိုရှင်သန်စေတယ်။ ငရဲကြီးမှာစိုးလို့ လူကြီးတွေရှေ့ခေါင်းငုံ့သွားတယ်။ ငရဲကြီးမှာစိုးလို့ မဆဲဆိုဘူး။ ငရဲဆိုတာ လုံးဝဆိုးရွားတဲ့နေရာတစ်ခု ဒီကိုမသွားချင်လို့ ဆိုပြီး ဒီဘာသာရေးနဲ့ပတ်သက်တဲ့စည်းမျဥ်းတွေအကုန်လိုက်နာစေတယ်။
ကလေးလေးတွေနဲ့ ဘာသာရေးအတွေးအခေါ်
ငယ်ငယ်တုန်းကဆိုဗျာ
- ယဥ်ကျေးလိမ္မာသင်တန်းထားမယ်။
- တရားပွဲတွေသွားမယ်။
- ဘုရားစာတွေရွတ်ခိုင်းမယ် အလွတ်ကျက်ခိုင်းမယ်။
- သရဲကြီးကိုကြောက်ရင် ဘုရားစာတွေ ဂါထာတွေရွတ်ခိုင်းမယ်။
ဒီလိုလုပ်ရင် ကုသိုလ်ရတယ်လို့မြင်တယ်။ လိုချင်တာရတယ်ပေါ့။ ဒီတော့ ရွတ်မယ်။ ဘာအကျိုးမှမမျှော်ကိုးဘဲ ဘုရားရဲ့အဆုံးအမတွေ ဟောကြားထားတဲ့စကားတွေကို လေးစားလို့ ကြိုက်နှစ်သက်လို့ နားလည်လို့ ရွတ်တဲ့သူဆိုတာ ခပ််ရှားရှား။
မိဘတွေရဲ့ ရိုက်သွင်းပေးတဲ့ ပုံစံ
ကလေးလေးတွေဆိုတာဗျာ နားလည်နိုင်တဲ့အရွယ်မဟုတ်ဘူး။ ဒီတော့ မိဘတွေကဘာလုပ်လဲဆိုတော့ ကလေးတွေကို ရှိိခိုးနည်းတွေသင်ပေးတယ်၊ ကန်တော့နည်းတွေသင်ပေးတယ်၊ ချစ်ဖို့တော့ကောင်းပါတယ်။ ဘာလုပ်လုပ်
“အမေကို ပြန်မပြောရဘူး။ ငရဲကြီးမယ်နော်။”
“မိဘမျက်ရည်ကျရင် သားသမီးဘဝမကောင်းဘူး၊ မြေမြိုမယ်”
“ဘုရားရှိခိုးရင် ကုသိုလ်တွေအများကြီးရမှာ လိုချင်တာတွေလဲရမှာ”
ဒီလိုမျိုးနဲ့ ထိန်းကြောင်းတယ်သင်ပေးတယ်။ သဘောကတော့ “ကြောက်ရွံ့မှု” နဲ့ “လိုချင်တပ်မက်စိတ်” ကို ဦးစားပေးသင်ပေးသလိုဖြစ်သွားတယ်။ ရိုက်သွင်းသလိုဖြစ်သွားတော့ ကလေးတွေကအသက်ကြီးလာတဲ့အခါ ရဲရင့်မှုဆိုတာမရှိတော့ဘူး။ စဥ်းစားတွေးခေါ်တယ်ဆိုတာမရှိတော့ဘဲနဲ့ လူအုပ်ကြီးအတိုင်းလိုက်ပြီးရင်းလိုက်တဲ့သူမျိုး ဖြစ်သွားတယ်။
အသက်ကြီးလာတဲ့အခါ ကြုံတွေ့လာရတဲ့ထိခိုက်မှု
အချိန်ကြာလာတဲ့အခါ ဒီလိုမျိုးကလေးက ဒီစကားတွေကိုပဲ နားထဲဝင်နေပြီးတော့ လုပ်သင့်တာနဲ့မလုပ်သင့်တာကို ငရဲကျမှာလားမကျဘူးလား ဆိုတာနဲ့ပဲ တိုင်းတာတော့တယ်။ ဒီလိုနဲ့ ဘယ်ကိစ္စမဆို
စဥ်းစားနည်းအမှန်
- ငါလုပ်သင့်လား၊
- လုပ်လိုက်ရင်ဘာဖြစ်သွားမလဲ၊
- ဘယ်သူထိခိုက်နိုင်လဲ ဘယ်သူအကျိုးရှိနိုင်လဲ၊
- ဒီကိစ္စက ငါတစ်ဦးတည်း သို့မဟုတ် ငါ့မိသားစုအတွက်ပဲ အကျိုးရှိမှာလား၊ လူ့ပတ်ဝန်းကျင်ကိုကောအကျိုးရှိလား၊ နောင်လာနောင်သားတွေအတွက် အကျိုးရှိလားဆိုတာတွေ မစဥ်းစားတော့ပါဘူး
စဥ်းစားပုံအမှား
- ငါဒီလိုလုပ်လိုက်ရင် ဘယ်သူ့အတွက်မှတော့မကောင်းဘူး။ ဒါပေမယ့် ငါငရဲမကြီးဘူး။ ဒီတော့လုပ်မယ်။
- မှားနေတာကိုသိလျက်နဲ့ ငါမပြောပြတော့ဘူး။ သူ့ကိုမပြုပြင်ပေးတော့ဘူး။ သူဘာပြောပြော ဘယ်သူ့အကျိုးထိခိုက်ထိခိုက် မှန်တယ်လို့သတ်မှတ်မယ်။ ငရဲမကြီးဘူးလေ။
- ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ပြန်ခံမပြောတော့ဘူး။ ငါ့ဆန္ဒ ငါ့အမြင်ဆိုတာ နောက်ကိုဖယ်ထားလိုက်မယ်။ ငရဲကြီးမှာစိုးလို့။
အကျိုးဆက်တွေ
ဒီလိုနဲ့ အမှန်အမှား မဝေဖန်မပိုင်းခြားတတ်တော့ဘူး။ လမ်းတွေလွဲလာတယ်။ အသက်တဖြည်းဖြည်းရလာတာနဲ့အမျှ ကိုယ်သိခဲ့တာတွေ ကြုံတွေ့ခဲ့တာတွေ ယုံကြည်ခဲ့တာတွေ အားလုံးက ကိုယ်အပါအဝင် ဘယ်သူအတွက်မှအကျိုးမရှိခဲ့ဘူးဆိုတာသိလာတယ်။
လေးစားရတဲ့ပုဂ္ဂိုလ်တစ်ဦးကို အမြဲတစေ ဂါဝရပြုနေချင်လို့ကော ခေါင်းထဲမှာစွဲနေအောင်ကော သူပြောထားခဲ့တဲ့စကားတွေကို နေ့စဥ်နေ့တိုင်း ပြန်ပြန်ရွတ်ဖတ်နေတာမျိုးဆိုတာ သိပ်မရှိ။ အများစုက လုပ်နေကြဖြစ်နေတဲ့အရာတစ်ခုကို မပျက်မကွက်လုပ်မယ်။ ဒါဆိုရင် ငါလိုချင်တာရမယ်။ ဒီလိုမျိုးသူတွေများတယ်။ ပတ်ဝန်းကျင်မှာ ကြည့်ကြည့်ရင် မြင်ရပါလိမ့်မယ်။
ခုခေတ်လူငယ်တွေရဲ့အတွေး၊ ကျနော့်ရဲ့အမြင်။
ကျနော့်ရဲ့အတွေးတွေက လွတ်လပ်တယ်။ ချုပ်ထိန်းထားတာမျိုးမရှိဘူး။ ဒီအတွက် အကြောင်းမဲ့လုပ်ခိုင်းတဲ့ကိစ္စမျိုးဆိုရင် “ဘာကြောင့်လဲ”၊”ဘာအတွက်လဲ”၊ ”လက်တွေ့မြင်ရပြီးပြီလား” ဒါတွေမေးတယ်။ အထူးသဖြင့် ဒီဘာသာရေးကိစ္စ။
“ဘုရားရှိခိုးရင် ကုသိုလ်တွေအများကြီးရမှာ”
“ ဘုရားမရှိခိုးရင် နင်ငရဲအိုးထဲကျမှာ”
“ငါဘုရားရှိခိုးတာကိုအနှောက်အယှက်ပေးရင် နင်ငရဲအိုးထဲကျမှာ။
အမြင်ကျယ်လာကြတဲ့အခါမှာဆိုရင်တော့ ဒီဟာတွေကို မေးခွန်းထုတ်လာတယ်။ ဘုရားက တကယ်ကောဟောခဲ့လို့လား။ ဟောခဲ့တယ်ဆိုရင်တောင် ဟောခဲ့တဲ့အတိအကျအတိုင်း ရေးသားပြုစုထားခဲ့လို့လား။ ဆိုလိုတာကဗျာ ဘုရားဆီကနေတိုက်ရိုက်မဟုတ်ဘဲနဲ့ အဆင့်ပေါင်းများစွာဖြတ်ကျော်ပြီးမှ ကိုယ်တွေနားထဲရောက်လာတာ။ ဒီအတွက် မေးခွန်းတွေတသီတတန်းကြီးထုတ်စရာဖြစ်လာတယ်။
ခေတ်ရဲ့ရိုက်ခတ်မှုဒဏ်ကြောင့်ပဲဖြစ်ဖြစ် ဓလေ့ထုံးတမ်းအရပဲဖြစ်ဖြစ် အခြေအနေပေါ်မူတည်ပြီး modifyခဲ့ရတာတွေလဲရှိကြမှာပဲ။ ဒီလိုပဲ လက်ရှိခေတ်နဲ့ ကိုက်ညီချင်မှကိုက်ညီတော့မယ့် နားလည်ထားတဲ့ပုံစံတွေကို ပြောင်းလဲရမယ့်adaptရမယ့် အခြေအနေတွေလဲရှိခဲ့မှာပဲ။ မေ့ထားလို့မှမရတာ။ ဒါကိုမြင်လို့ မေးခွန်းထုတ်ကြတော့
“နင်ဘုရားအကြောင်းဘာသိလဲ တစ်နေ့ဘယ်နခါဘုရားရှိခိုးလဲ”
“ငါနင့်ထက်အသက်ကြီးတယ် ဘုန်းကြီးတရားတွေအများကြီးနာဖူးတယ်။ ဒီအတွက်ငါမှန်တယ်”
“မေးခွန်းထုတ်စရာလား။ ငရဲကြီးမယ်။ မြေမြိုမယ်”လို့ဖြေကြတယ်။
ဒီလိုမျိုးဖြေကြားခဲ့မယ်ဆိုရင်ကော။
“သားရေ ဒီဟာကတော့ ဒီလိုရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီစာအုပ်ထဲမှာဖတ်ဖူးတယ်။ ဒီကိစ္စကိုတော့ ဒီဆရာတော်ဟောကြားဖူးတာနာဖူးတယ်။ ဒါကို အမေကတော့ ဒီလိုလေးမြင်တယ်။ သားလေ့လာချင်ရင် ဒီစာအုပ််လေးဖတ်ကြည့် ဒီတရားလေးနားထောင်ကြည့်။” ဒီလိုမျိုးသာဖြေပေးမယ်ဆိုရင် ပိုကောင်းနိုင်မယ်လို့ယုံကြည်တယ်။
“ငါက ဘုရားနဲ့တရားနဲ့နေတာ” ဆိုပြီးလဲ ရန်မဖြစ်ကြတော့ဘူးပေါ့ဗျာ။
ငယ်ငယ်တုန်းက ဒီဘာသာရေးနဲ့interaction
ကျနော်တို့အတွက်တော့ ဘုန်းကြီးကျောင်းဆိုတာ အလှူတွေ သိပ်ပေါများတဲ့နေရာ။ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းဆိုတာ ပျော်စရာလို့သတ်မှတ်တာမှမဟုတ်တာ။ နေချင်သလိုလဲနေလို့မရဘူး။ ပြောချင်တာလဲပြောလို့မရဘူး။
လူတွေက တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ဒါနတွေနဲ့ ဆွမ်းကပ်ကြတယ် ကုသိုလ်ယူကြတယ်ပေါ့။ မြို့ပေါ်မှာကြီးလာတဲ့ ကျနော်တို့အတွက်တော့ သိပ်ချုပ်တည်းထားရတယ်။ တော်ရုံ တစ်နှစ်မှတစ်ခါတောင်မသွားဖြစ်တဲ့နေရာမျိုးပေါ့။
ငယ်ငယ်တုန်းက သွားဖူးခဲ့တဲ့ယဥ်ကျေးလိမ္မာသင်တန်းကျောင်းတွေရှိတယ်။ ဘုန်းကြီးတွေကနေပြီးတော့ ဘုရားဟောထားတာတွေကို သင်ပေးတာမျိုးပါ။ အိမ်က နွေရာသီဆို ပို့တယ်ပို့တယ်။
ကျနော်က လုံးဝမသွားချင်ဘူး။ ပျင်းဖို့ကောင်းတာကတစ်ကြောင်း စာတွေချည်းပဲသင်နေတာကတစ်ကြောင်း ကိုယ်မလုပ်ချင်တဲ့အရာတစ်ခုကို အတင်းအကြပ်လုပ်ခိုင်းလို့သာလုပ်ရတာလေ။
ဒီတော့ ကျနော်ဒီဟာကြီးကိုမလုပ်ချင်ဘဲနဲ့ လုပ်နေရတော့ စိတ်ပျက်လာတယ်။ ကြာလာတော့ အိမ်က ထိန်းကြောင်းတဲ့ပုံစံရဲ့အမှားလို့မမြင်တော့ဘဲ ဒီဘာသာရဲ့အမှား ဘုရားရဲ့အမှားလို့မြင်လာတယ်။ တကယ်တော့ လူကြီးတွေက ဘာသာကိုတော့ဆက်လက်ထိန်းသိမ်းချင်တယ်။ နည်းလမ်းမကျတော့ ဗုဒ္ဓကြောင့်ထိခိုက်ရတယ်ဆိုတာမျိုးတွေ မြင်လာတယ်။
အိမ်ရဲ့ဖိအားပေးတဲ့ဒဏ်တွေ။
ကျနော့်အိမ်ကလူကြီးတွေကတော့ အတော်လေးအစွန်းရောက်တဲ့ထဲပါတယ်။ ဘာသာရေးအကြောင်း ဘုရားအကြောင်းသူတို့မသိတာမရှိဘူး။ သူတို့က ငါးပါးသီလလုံတဲ့သူတွေ ဘုရားဟောကျင့်စဥ််အတိုင်း နေထိုင်နေတဲ့သူတွေ။
ရန်ကုန်မှာနေခဲ့တဲ့တောက်လျှောက် ကျနော့်ရဲ့routineကိုပြောပြချင်တယ်။
ကျနော့်ပတ်ဝန်းကျင်
ကျနော်တို့နေတဲ့အခန်းက တိုက်ခန်းကျဥ်း။ ပထမထပ်မှာနေတာ။ မနက်အိပ်ရာမနိုးခင် ဆွမ်းတော်ဗျိုးကို လော်စပီကာကြီးနဲ့ လမ်းထဲလာကြတယ်။ အဲ့မှာတင်နိုးပါလေရော။ နောက်တော့ အိမ်ကလဲနိုးလာတယ်။
ဟော ဘုန်းကြီးတရားတစ်ပုဒ်တည်းကို နေ့တိုင်းအသံmaximumနဲ့ဖွင့်တယ်။ ဖြစ်ချင်တော့ TVနဲ့ကျနော်နဲ့က ၃မီတာလောက်ပဲကွာမယ်။ ပြီးရင် အကျယ်ကြီးဘုရားတွေ ရှိခိုးနေမယ်။ ဘုရားစာတွေရွတ်နေမယ်။
နေ့စဥ်နေ့တိုင်းဖြစ်လာတော့ အနှောက်အယှက်တစ်ခုလိုဖြစ်လာတယ်။
ပြဿနာအခြေအနေတွေ
ညဥ့်နက်တိုင်း အသံအကျယ်ကြီးနဲ့ ဘုရားစာတွေရွတ်တယ်၊ ရွတ်ဖတ်ချင်စိတ်အပြည့်နဲ့ အားလုံးကို နားထောင်စေချင်လို့ အသံချိုချိုလေးနဲ့ အသံသြဇာပြည့်ဝအောင် ရွတ်ဖတ်နေတာမျိုးမဟုတ်ဘဲနဲ့ အနှောက်အယှက်ဖြစ်လောက်တဲ့ထိ ဖတ်တယ်။
စာလုပ်တာဖြစ်စေ စာဖတ်နေတာဖြစ်စေ တခြားတစ်ခုလုပ်နေတဲ့ဘယ်သူမဆို အသံတိုးတိုးဖတ်စေချင်ကြတယ်။ တိုးပေးဖို့ပြောတယ်။ ပြောမရဘူး။
နဲနဲလေးပြောလိုက်တာနဲ့ကို ဒေါသတွေအကြီးအကျယ်ထွက်တယ်။ ဆဲဆိုတာတွေ ကြိမ်းမောင်းတာတွေ လက်သီးလက်မောင်းတန်းလာတာမျိုးတွေထိ ဖြစ်တယ်။
ဒီလိုဖြစ်ရပ်မျိုးတွေကို လူငယ်တွေကြုံဖူးကြပါလိမ့်မယ်။
ကြာလာတော့ ကျနော့်အတွက် ဒီဘာသာရေးဆိုတာ toxicဖြစ်တဲ့ အတွေးအခေါ်တွေ ဓလေ့ထုံးတမ်းဖုံးလွှမ်းနေတဲ့အရာတစ်ခုလို့ မြင်လာပြီး ဗုဒ္ဓ ဆိုတဲ့ကိစ္စနဲ့ပတ်သက်တာ ဘယ်ဟာမဆို ရှောင်ကျဥ်ဖြစ်ခဲ့တယ်။
ဘာဖြစ်လို့ ကျနော် ဘယ်ဘာသာမှမကိုးကွယ်တော့တာလဲ။
အချိန်ကြာလာတဲ့အခါမှာ ဒီဘာသာရေးနဲ့ပတ်သက်ပြီးလူတွေနေထိုင်တဲ့ပုံစံ၊ ပြောဆိုတဲ့သဘောသဘာဝ၊ ခံယူထားတဲ့ အခြေအနေကို နားလည်လာတာနဲ့အမျှ ခံစားချက်များပြားလွန်းလှတဲ့ အစဥ်အလာတစ်ခုလို့မြင်ယောင်လာတယ်။
အဆုံးအမသြဝါဒ သီးသန့်မဟုတ်တော့ဘဲ ဂိုဏ်းဂဏခွဲခြားသလို ခံစားမိလာတယ်။ လူတွေကို ပေါင်းစည်းစေတဲ့အရာတစ်ခုမဟုတ်တော့ဘဲ ဘာသာမတူ တို့ရန်သူ ပုံစံမျိုး ဆက်ဆံလာကြတယ်။
ဘာသာရေးအပေါ်အလွဲသုံးစားအသုံးပြုမှုများ
ဘယ်သူမဆို မကောင်းတဲ့ကိစ္စလေးတစ်ခုလုပ်လိုက်ပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းဆီသွားကြတယ်။ လူတွေကလဲ မကျေမနပ်ဖြစ်နေတာတွေအကုန်လုံးကို ပယ်ဖျောက်ပေးလိုက်တယ်။ သူတို့ကိုယ်တိုင်လဲ အပြစ်တွေကျေသွားပြီလို့ ခံယူကြတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်လဲမပါ တော်လှန်ရေးဘက်လဲမပါဝင်တဲ့သူတွေ နာမည်ပျက်ထားတဲ့ Celebrityတွေ ဘုန်းကြီးဝတ် သီလရှင်ဝတ်ကြတာ သက်သေပေါ့။ တကယ်စိတ်ပါဝင်စားလို့ ဝတ်ကြတဲ့သူတွေကောင်းရှိလောက်လိမ့်မယ်။ သို့ပေမယ့် သိသာနေတဲ့အချက်အလက်ကိုတော့ ငြင်းဆန်လို့မရတာအမှန်ပဲ။
စစ်ကောင်စီကနေပြီးတော့ ထုတ်လွှင့်ထားတဲ့ ဘာသာရေးမှိုင်းတွေကြား ဘာသာရေးဟာအကျည်းတန်းလာတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေကြား တစ်ဦးနဲ့တစ်ဦးက မတူညီတဲ့အမြင်တွေနဲ့ တကွဲတပြားစီဖြစ်လာကြတယ်။
ကျနော့်ရဲ့ အတွေး
ကျနော်ဒီအခြေအနေကိုမကြိုက်နှစ်သက်ဘူး။ ကျနော်ကိုယ်တိုင်လဲ toxicဖြစ်တဲ့ လူတစ်ယောက်ဖြစ်သွားမှာစိုးရိမ်တယ်။ ကျနော့်နောင်လာနောင်သားတွေ ကလေးတွေအတွက်စိုးရိမ်တယ်။ ဒီလိုနဲ့ ကျနော် ကိုးကွယ်တာမျိုးမလုပ်တော့ဘူး။
မကန်တော့တော့ဘူး။ ဘုရားစာတွေဘာတစ်ခုမှမရွတ်ဖတ်တော့ဘူး။ သို့ပေမယ့် ကျနော်UKရောက်လာတယ်။ ပြောရရင် အရင်ထက်ပိုပြီးတော့ သိနားလည်လာတယ်။
ဘာသာဝင်တစ်ဦးလို့ မခံယူခြင်းရဲ့ အကျိုးဆက်
အကျိုးဆက်ကတော့ အိမ်ကနေပြီးတော့
“အောက်လမ်းနဲ့လုပ်ထားတာ”
“မှိုင်းတိုက်ခံထားရတာ brain washခံထားရတာ”
ဒီလိုမျိုးတော့အပြောခံရတာပေါ့ဗျာ။ ဒါပေမယ့် ဘာတွေကောင်းသွားလဲဆိုတော့ အကုန်လုံးပဲ။
အကျိုးဆက် - ဗုဒ္ဓဝိဟာရသို့ အလည်တစ်ခေါက်နဲ့အထက်
ကျနော်Oxfordရောက်ပြီးတဲ့နောက် အောက်စဖို့ဗုဒ္ဓဝိဟာရ ဘုန်းကြီးကျောင်းမကြာခဏသွားဖြစ်တယ်။ စစချင်းကတော့ တရားထိုင်ချင်ရုံသီးသန့်ပဲ။
တရားထိုင်တဲ့အခါ နိုင်ငံခြားသားတွေကနေပြီးတော့ ဗုဒ္ဓအကြောင်းသိချင်လို့ မေးကြမြန်းကြတဲ့အခါမျိုးမှာ ဘုန်းဘုန်းတွေက သေသေချာချာလေးရှင်းပြတယ်။ သိပ္ပံနည်းကျဖြစ်စေ ဟောထားတဲ့ ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေ နားလည်လွယ်အောင်ရှင်းပြတယ်။ ဒီလိုနဲ့ တော်ရုံ မကြားဖူးတဲ့အရာလေးတွေ မမြင်ဖူးတဲ့အရာတွေ မြင်လာတယ်။
ဘုန်းကြီးတွေအပေါ်အမြင်
ဘုန်းကြီးတွေနဲ့ပတ်သက်ပြီးတော့ခံယူထားတာက လူတွေလိုမျိုး ရှုပ်ထွေးနေမှုတွေမရှိဘူး။ ကိုယ့်ကို ချောက်တွန်းမှာ၊ မကောင်းကြံစည်မှာ၊ နောက်ကွယ်မှာ မကောင်းပြောမှာ စတာတွေစိတ်ပူနေဖို့မလိုအပ်ဘူး။
လူ့လောကကြီးကို အကျိုးပြုဖို့သီးသန့် ကြိုးစားနေကြတဲ့သူတွေလို့မြင်လာတယ်။ ဒီလိုနဲ့ ကူညီပေးဖြစ်လာတယ်။ ဒီဘုန်းကြီးကျောင်း ဒီဘုန်းကြီးတွေအနား နေရတာစိတ်အေးချမ်းသလိုခံစားလာရတယ်။ လူ့လောကရဲ့အညစ်အကြေးတွေမရှိတဲ့နေရာတစ်ခုလို့မြင်လာတယ်။
ငါမှ ဟုတ်ကောဟုတ်ရဲ့လား
ဒီလိုနဲ့ ရန်ကုန်မှာတစ်နှစ်နေလို့ တစ်ခါမရောက်ဖြစ်တဲ့ကျနော် ဒီရောက်တော့ အားတိုင်းသွားဖြစ်တယ်။ ဘုန်းဘုန်းတွေနဲ့ hang outတယ် စကားတွေပြောလိုက် မေးခွန်းတွေမေးလိုက်နဲ့ပေါ့။ ဟင်းတွေချက်တာကူဖို့လိုလဲကူတယ်။ ပန်းကန်တွေဆေးတယ်။ တရားထိုင်တယ်။ တရားထိုင်ဖြစ်ရင်းနဲ့သိလာတာတွေအများကြီးပါပဲ။
တကယ်တော့ ကျနော်က ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး ဘာသာမဲ့၊ ဒါပေမယ့် ဗုဒ္ဓရဲ့အတွေးအခေါ်တွေ အဆုံးအမတွေကို အင်မတန်နှစ်သက်တဲ့ သူတစ်ဦး။ ဒါဆိုရင်ဘာဖြစ်မလဲ။
လူတွေကထင်ကြတယ် ကျနော်အရမ်းပဲ ဘာသာတရားကိုင်းရှိုင်းနေလို့လားပေါ့။ မဟုတ်ဘူးဗျ။ မိစ္စာဝါဒီလို့လဲအပြောခံရဖူးပါတယ်။
ဘယ်ဘာသာမှမကိုးကွယ်ဘဲနေတဲ့သူတွေက မိစ္စာဝါဒီတွေလား၊။
မြန်မာနိုင်ငံရဲ့ အခြေအနေ
ဘယ်ဘာသာမှမကိုးကွယ်ဘူးဆိုတာ လူတွေလက်ခံနိုင်တဲ့အရာမျိုးမဟုတ်ဘူး။ အနီးစပ်ဆုံး မှတ်ပုံတင်ထဲမှာ ဗမာ၊ ဗုဒ္ဓ လို့ထည့်ထားမှ မှတ်ပုံတင်လျှောက်ရတာမျိုးတို့ passportတို့ရတာလွယ်တယ် မဟုတ်ရင် မလွယ်ဘူး။ ရကိုမရတာမျိုးအထိရှိတယ်။ ဥပမာ ရှမ်း/တရုတ်တို့လို သွေးနှောတို့ ခရစ်ယာန်တို့ အဲလိုမျိုးပေါ့။
ဘာသာရေးမှိုင်းဆိုတာ ဒါပေါ့ဗျာ။
ဒီတော့ မိမိဘာသာကိုမကိုးကွယ်တာနဲ့ ဘယ်ဘာသာမှမကိုးကွယ်တာနဲ့တင် မိစ္စာဝါဒီလို့ပြောဖို့မဖြစ်နိုင်ဘူးဗျ။ လူအများစုကတော့ ထင်ကြတာ ဘာသာမဲ့ဆိုတာ ယုံကြည်လို့မရဘူး။ ကြောက်ရွံ့မှုမရှိဘူး၊ လမ်းညွှန်မရှိ အဆုံးအမမရှိဘူးလို့ကိုထင်ကြတယ်။
ဘာသာမဲ့ဆိုတာဘာလို့မြင်လဲ
ဘာသာမဲ့ဆိုတာက အကျယ်ဖွင့်ရင် နတ်ဘုရားတွေတည်ရှိကြောင်း ယုံကြည်မှုမရှိတာ။ တိမ်တိမ်လေးတွေးရင်တော့ ဘာဘုရားမှမရှိကြောင်း ငြင်းဆန်တာ။ လေးစားမှုမရှိတာလဲမဟုတ်ဘူး။
ဘာသာမဲ့တယ်ဆိုတာက နှစ်ပေါင်းထောင်ချီကြာမြင့်နေတဲ့ ဘယ်ကျမ်းမှ ဘယ်တရားကိုမှ အခြေတည်ပြီးဖြစ်လာတာမဟုတ်ဘူး။ မေးခွန်းမဲ့ ယုံကြည်မှုတွေနဲ့ အမှန်အမှားကိုခွဲခြားမတတ်ဘဲ မျက်စိစုံမှိတ်ယုံကြည်တာမျိုးလဲမရှိဘူး။ ထုံးတမ်းအစဥ်အလာဆိုတာလဲမရှိဘူး။ ကြောက်ရွံ့မှုလဲမရှိဘူး။
ဘယ်ဘာသာမှမကိုးကွယ်တဲ့သူတွေ မြင်ဖူးတယ် သူငယ်ချင်းတွေထဲပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်။ လူတွေအားလုံးက ဘယ်သူ့ကိုကိုးကွယ်မယ် ဘာကိုကိုးကွယ်မယ်ဆိုတာ ရွေးချယ်ခွင့်ရှိကြတာပဲလေ။ ဒီဘာသာရေးကိုးကွယ်မှုတွေထက် အရေးကြီးတာက ကိုယ်က လူကောင်းလား လူဆိုးလား။
ဘုရားဘုရားဆိုပြီးသာ ပြောနေတာ တကယ့်တကယ်အကျင့်မကောင်းတဲ့သူတွေ အများကြီးရှိတာပဲလေ။ ဒါမျိုးကျတော့ …🙂
(မပြောရဲပါဘူးဗျာ သူတို့မှာ ဘယ်လောက်ထိမှန်ကန်ကြောင်း အတင်းငြင်းရင်အာရုံနောက်လို့)
ခေတ်ကာလနဲ့ ဗေဒင်၊ အစီအရင်၊ tarot။
ပြောင်းလဲလာမှုတွေဘယ်လောက်ကြီးပဲရှိနေရှိနေ လူတွေရဲ့ လိုချင်တပ်မက်စိတ်၊ နိဗ္ဗာန်ရောက်လိုစိတ်၊ အနာဂတ်ကို ကြိုတင်သိမြင်လိုစိတ် ဒါတွေက ဘယ်တုန်းကမှဖျောက်ဖျက်လို့ရနိုင်တဲ့ကိစ္စတွေမဟုတ်ဘူး။
ရွေးချယ်စရာမရှိတော့လို့ ဗေဒင်ကိုရွေးလိုက်ရတယ်။ ဘာလုပ်ရမှန်းမသိတော့လို့ အားကိုးရာမဲ့နေလို့ အစီအရင်ကိုပဲအားကိုးလိုက်တယ်။ နတ်တွေကိုပဲ အားကိုးလိုက်တယ်။
ဒါတွေကကောင်းတယ်မကောင်းဘူး မှန်တယ်မမှန်ဘူး ဒါတွေကိုကျနော်မပြောလိုဘူး။ ကျနော်ကြုံတွေ့ခဲ့ရတဲ့ထိခိုက်မှုကတော့ အင်မတန်ကြီးမားလွန်းလှတယ်။
ဒီလို ရှေ့ဖြစ်ဟောကိန်းတွေနဲ့ ကျနော့်အတွေ့အကြုံ
ပထမဦးဆုံးဗေဒင်ဆရာဆီသို့
ကျနော်အသက် ၁၆ နှစ်။ အိမ်က ကျနော့်ကို ဗေဒင်ဆရာဆီခေါ်သွားတယ်။ မေးမြန်းတယ်။ ဘာတဲ့ “အိမ်ထောင်ကျကိန်းရှိတယ်” တို့ “သေဆုံးနိုင်ချေရှိတယ်” တို့ “အောက်လမ်းနဲ့လုပ်ထားတယ်” တို့ ပြောတယ်။ မာရဏဆိုလားပဲ။ ဒါနဲ့ အိမ်ကတော့ ယတ္တရာတွေလုပ် အစီအရင်တွေလုပ်ပေါ့။ ကလေးတစ်ယောက်ရဲ့စိတ်ထဲကို ဝင်သွားတာက ကြောက်ရွံ့မှု။
နောက်တော့ လိုင်းတွေပြောင်းကုန်တယ်။ ကိုယ့်အိမ်ကိုယ် ယုံကြည်ခဲ့မိလို့ ကူကယ်ရာမဲ့တစ်ဦးလို ခံစားနေရတဲ့သူတစ်ဦးအတွက် ထွက်ပေါက်ဆိုတာ Tarotတွေ ဗေဒင်တွေ zodiac signတွေ ဒါတွေဖြစ်လာတယ်။ ကျောက်တုံးတွေဆိုတာ ကိုယ့်ကို ကူပေးမယ့်အရာတစ်ခုလို့ပါမြင်လာတယ်။ ဒီလိုနဲ့ လမ်းမှားရောက်လာတယ်။
Zodiac Signတွေနဲ့ toxicity
ရည်းစားကိစ္စဖြစ်စေ ကိုယ့်အနာဂတ်ဖြစ်စေ ပညာရေးဖြစ်စေ စတဲ့အရေးကြီးကိစ္စတွေကို သိချင်စိတ်နဲ့ zodiac signတွေ astrologyဆိုတာတွေကို ကြည့်တတ်လာတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ရောက်မှာကို ကြောက်လာတယ်။
Zodiac sign က ကိုယ့်ကို အကျအချိန်ရောက်နေပြီလို့ ပြောတာနဲ့ အလိုလို စိတ်ကြီးက “ငါကျတော့မှာပါလား။ ငါအန္တရာယ်ကြုံရတော့မှာပါလား” ဒီလိုမျိုး အတွေးတွေဝင်လာတယ်။ အချိန်ကြာလာတဲ့နောက် လုံးဝ စိတ်နဲ့confidenceကိုပါ လုံးလုံးထိခိုက်လာတဲ့အထိကို ဖြစ်လာတယ်။
ကျနော်စဥ်းစားတယ်။
ကျနော့်Reflection
ဒီလိုကိစ္စတွေသာ မရှိမဖြစ်လိုအပ်တဲ့essentialတွေဖြစ်ခဲ့ရင် ဆင်းရဲတဲ့သူတွေဘယ်လိုလုပ်မလဲ။ ငွေကို စားဖို့သောက်ဖို့မှအပ Spareမလုပ်နိုင်တဲ့သူတွေ မချန်နိုင်တဲ့သူတွေကျတော့ရော သူတို့ဘဝပျက်စီးတာကို ဘာမှမပြုပြင်နိုင်ဘဲ ထိုင်ကြည့်ရုံသပ်သပ်ပဲလား။
နောက်တော့ အကုန်လုံးကိုဖယ်ရှားပစ်ခဲ့တယ်။ ကျနော်ရပ်တန့်ခဲ့တယ်။ Appတွေအကုန်လုံးဖျက်လိုက်တယ်။ အိမ်မှာ ချိတ်ဆွဲထားတဲ့ အင်းချပ်တွေ၊ စာအုပ်တွေ၊ အဆောင်တွေ၊ လက်ပတ်တွေ အကုန်လုံးလွှင့်ပစ်သင့်တာလွှင့်ပစ်၊ မြှုပ်သင့်တာမြှုပ်၊ လှူသင့်တာလှူခဲ့တယ်။
မိတ်ဆွေတို့ကိုလဲ အကြံပေးချင်တာက ဒီပညာတွေဆိုတာက မှန်တာလဲရှိမယ် မှားတာလဲရှိမယ်။ သိပ်ရှေးကြတဲ့ပညာတွေမို့ တကယ်တတ်မြောက်တဲ့သူလဲရှိချင်မှရှိမယ်။ မတတ်မြောက်တဲ့သူတွေ ပိုက်ဆံရချင်ရုံသီးသန့် လုပ်နေတဲ့သူတွေ အလိမ်တွေလဲရှိမယ်။ ကိုယ့်ဟာကိုယ်သတိထားကြဖို့ပါ။
ဘယ်လို ကူညီပေးရမလဲ။ ဘယ်လိုကောင်းမွန်အောင်ထိန်းကြောင်းသင့်လဲ
- မိမိကိုးကွယ်နေတဲ့ဘာသာကို မိိမိကိုယ်တိုင်ရွေးချယ်ခဲ့တဲ့သူနဲ့
- အိမ်ကဒီဘာသာဝင်မို့လို့ မိမိလဲ ဒီဘာသာဝင်ဖြစ်သွားတဲ့သူ
ဒုတိယတစ်ခုက အဆပေါင်းများစွာပိုများပါလိိမ့်မယ်။
ဒီpostက ဘာသာမဲ့ဖြစ်အောင် နှိုးဆော်နေတဲ့postတစ်ခုလဲမဟုတ်ပါဘူး။ မိမိစိတ်တိုင်းကျမိမိဘဝကိုတည်ဆောက်စေချင်တာပါ။ အခုနောက်ပိုင်း လူငယ်တွေအတော်များများက ဗုဒ္ဓအကြောင်း ဘုရားအကြောင်း ပြောဆိုကြတာကို coolမဖြစ်ဘူးလို့ထင်လာကြတယ်။
ဘုရားသွားတယ်ဆိုတာ အတွဲတွေချိန်းတွေ့ဖို့၊ မြန်မာဝတ်စုံလေးတွေနဲ့ ပုံလှလှလေးတွေရိုက်ဖို့၊ တချို့ကြတော့လဲ ဒီစေတီပုထိုးကို ဖူးခွင့်ရရင်ကို ကျေနပ်ကြတဲ့သူမျိုး။
တကယ်တော့ ဗုဒ္ဓဘာသာအပါအဝင် ဘယ်ဘာသာမဆို မိမိစိတ်တိုင်းကျလေ့လာကြည့်၊ ဖတ်ကြည့်၊ ပြီးကျမှ မိမိစိတ်တိုင်းကျ ကိုးကွယ်ချင်တာကိုးကွယ်လို့ရတယ်။ ဘယ်ဟာမှ လက်တွေ့မကျဘူးလို့ခံစားရရင်လဲ ဘာတစ်ခုမှမကိုးကွယ်နဲ့။
ကလေးလေးတွေကိုဆိုရင်လဲ ကောင်းတာတွေ မကောင်းတာတွေကို ပြောပြနိုင်တယ် ရှင်းပြနိုင်တယ်။ ဝေဖန်ခွဲခြားတတ်ဖို့သင်ပေးနိုင်တယ်။ “ဒေဝေါကြီး” တို့ “သရဲကြီး” တို့ “ငရဲကြီး” တို့ ခြောက်တာမျိုးထက် “သားသား ဒီလိုလုပ်လိုက်လို့ သားသူငယ်ချင်းနာသွားရင် ဘယ်လိုလုပ်မလဲ” အဲ့လိုမျိုးပေါ့
Conclusion
ဓလေ့ထုံးတမ်းဆိုတာ ပျောက်ကွယ်ဖို့အင်မတန်လွယ်ကူပါတယ်။ အဆုံးအမနဲ့ အသင်အပြကတော့ ပျောက်ကွယ်ဖို့ခက်ခဲလိမ့်မယ်။
ကိုယ့်ရဲ့ လုပ်ရပ်တွေက ကိုယ်ဘယ်လိုသူမျိုးဆိုတာ ဖော်ပြပါတယ်။ ကောင်းတဲ့အရာတစ်ခုလား ဆိုးတဲ့အရာတစ်ခုလားဆိုတာ ဝေဖန်ဆုံးဖြတ်ဖို့ ဘာသာတရားကို အထူးတလည်မလိုအပ်ပါဘူး။
သိချင်တာတွေ လေ့လာချင်တာတွေရှိရင်တော့
- ဒေါက်တာဖြိုးသီဟ (Phio Thiha)ရဲ့ စာတွေ
- အောက်စဖို့ဆရာတော်
- ပါမောက္ခချုပ်ဆရာတော်
ဒါတွေဖတ်ကြည့်လို့ နာကြည့်လို့ရပါတယ်။ ဆရာတော်ဆိုလို့ ဗုဒ္ဓဘာသာအကြောင်းကို အမွှန်းတင်ပြီးပြောတာမျိုးထက် အကုန်လုံးနားလည်နိုင်မယ့်အခြေအနေမျိုးနဲ့ ရှင်းပြတာမို့လို့ လူငယ်တွေအတွက်ပိုပြီး နားလည်လွယ်ပါတယ်ဗျ။
ခံစားချက်တွေ တစ်ယူသန်အစွဲတွေ ဖျောက်ပြီး သေချာမြင်အောင်ကြည့်ရင်မြင်ပါလိမ့်မယ်ဗျ။