လက်ရှိရေဘေးနဲ့လူတွေရဲ့အကျင့်
တစ်ခါတစ်လေလဲဗျာ ကျနော်လဲကျောင်းကိစ္စတွေမရေးချင်ဘူး။ လူတွေကို ခြေတစ်လှမ်းဆုတ်ပြီး ကြည့်ဖြစ်တယ်။ အခုနောက်ပိုင်းမြင်လာရတဲ့အခြေအနေတွေပေါ့။
အခုရေဘေးဖြစ်တယ်။ လူတွေဒုက္ခရောက်ကြရတယ်။ နေရာအရပ်ရပ်ကသူတွေ အရုပ်ကြိုးပြတ်နဲ့ ပင်ပန်းဆင်းရဲသွားကြရတယ်။
ခက်တာကဒီအခြေအနေက ၂၀၂၁ တော်လှန်ရေးအစတုန်းကအခြေအနေနဲ့ အင်မတန်ဆင်တယ်။ မတူတာက အခုရေဘေးက သဘာဝဘေးအန္တရာယ်(ဟုတ်ချင်မှလဲဟုတ်မှာ)။ ၃နှစ်လုံးလုံး အဆက်မပြတ်ရေဘေးရှိမနေဘူး။ ကူလို့ဆိုပြီးလဲ ဖမ်းမယ့်သူရှိမနေဘူး။ တော်လှန်ရေးက ကိုယ့်ကို ဖမ်းမယ့်သူရှိတယ်။ လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်နေရတယ်။
ဒီနေရာမှာ နာမည်ခံလူတန်းစားတစ်ရပ်ရှိလာတယ်။
နာမည်ခံလူတန်းစား
ဘယ်နေရာလေးက ဘယ်လိုရေဘေးဖြစ်နေလို့၊ မနေတတ်လို့ ဒုက္ခရောက်နေတာကြည့်လို့မရလို့။
ကူညီချင်ရုံ မျှဝေခံစားပေးချင်ရုံဆိုတဲ့ ဖြူစင်ရိုးသားတဲ့စိတ်တစ်ခုတည်းနဲ့ ကူညီပေးချင်ကြတဲ့သူတွေရှိတယ်။ ခက်တာက ဒီလိုသူတွေကအင်မတန်နည်းတယ်။
ဘာကိုကျနော်ကြည့်ပြီးပြောသလဲ?
ဘာသာရေးအရပ်အဝန်းတွေ
တခြားအရာတွေကျနော်မဆိုဘူး။ ဘုန်းကြီးကျောင်းတွေ စေတီပုထိုးတွေကိုပဲကြည့်စေချင်တယ်။ လှူဒါန်းချင်တယ် ကူပေးချင်တယ် လုပ်အားပေးချင်တယ် ကုသိုလ်ယူချင်တယ်။ ဟော ပြီးတော့ နာမည်ကဗျည်းတွေနဲ့ တသီတတန်းကြီးတွေ ရှိချင်ကြပြန်တယ်။
အခုခေတ်ကတော့ ကဗျည်းထိုးတဲ့ခေတ်မဟုတ်တော့ဘူး။ Facebook postလေးတွေနဲ့အလှူမှတ်တမ်းတင်တဲ့ခေတ်။ လူဝင်ဆံ့အောင် ငွေနဲ့ ပေါင်းတဲ့ခေတ်။
ဘုန်းကြီးကျောင်းတွေမှာဆိုလဲဗျာ ရှိပါတယ်။ အလှူအများဆုံးလှူပေးတဲ့သူက နေရာအရဆုံးအရေးအပါဆုံး။ ဘာပွဲလုပ်လုပ် ဘာကိစ္စရှိရှိ သူသာထိပ်ဆုံးက။ ဘုန်းကြီးတွေတောင်ကြောက်ရတာမျိုး။ အရမ်းတော်လွန်းလို့ ဒီလိုရာထူးရထားတာလဲမဟုတ်။
အလှူငွေတွေလို့ ခေါင်းစဥ်တပ်ပြီး ရင်းနီးမြှုပ်နှံမှုတစ်ခု၊ ငွေနဲ့ဝယ်ထားတဲ့ statusလို့ပဲပြောရမှာ။
အကျိုးဆက်ကဘာလဲဆိုတော့ ဘုန်းကြီးတွေကအစ လူတွေလို "ငါအခုလိုလုပ်ရင် ဘယ်လိုသက်ရောက်မလဲ၊ အလှူငွေကော ရပါဦးမလား စသဖြင့် ဒီလို အလှူရှင်တွေကို favorပေးဖို့ စဥ်းစားလာရတယ်။
ဘုန်းကြီးတွေလဲလွတ်လပ်မှုမရှိ၊ တရားရိပ်ခိုနားဖို့ လာတဲ့ဧည့်သည်တွေလဲ တရားရိပ်မရတော့ဘူး။ ဒီလိုမျိုး ဘုန်းကြီးကျောင်းရဲ့အရိပ်အာဝသအထိပါ သက်ရောက်မှုရှိလာတယ်။
တော်လှန်ရေးနဲ့ဆက်စပ်မှု
တော်လှန်ရေးအစတုန်းကဆို လူတွေ ဟိုးလေးတစ်ကျော်ကျော်ပဲ။ တော်လှန်ချင်တဲ့စိတ်နဲ့ စတုန်းကတော့စခဲ့ကြတာပဲ။ ဒါပေမယ့် လူတိုင်းက တော်လှန်ချင်တဲ့စိတ်တစ်ခုနဲ့ တော်လှန်ခဲ့ကြတာမဟုတ်ဘူး။
လူတိုင်းတော်လှန်နေတယ်။ သွေးဆူလာတယ်။ မနေတတ်တော့ ဝင်ပြီးတော်လှန်ပြလိုက်တယ်။
အနုပညာရှင်တွေinfluencerတွေဆိုလဲ လူအုပ်ကြီးအတိုင်း လိုက်ပြီးစီးမျောတယ်။ လော်စပီကာတွေနဲ့အော်လိုက် ပုံတွေရိုက်တင်လိုက် စကြနောက်ကြလိုက်။ ဟောလူတွေကလဲအားပေးကြတယ်။ ဒီအချိန်အထိ တော်လှန်ချင်စိတ်ရှိလို့ တော်လှန်နေတုန်းလို့ ထင်မှတ်ထားတုန်း။
အချိန်တစ်ခုကြာပြီးတဲ့နောက် အကြမ်းဖက်ဖြိုခွင်းမှုတွေဖြစ်လာတဲ့အခါ အကုန်လုံးက ပျောက်ချင်းမလှပျောက်ကွယ်သွားကြတယ်။
ပျောက်ကွယ်သွားတဲ့ဆိုတဲ့နေရာမှာ အဓိကကတော့ကိုယ်မထိခိုက်ချင်လို့ ဟုတ်တယ်။ ဒီထက်အလေးအနက်ထားစဥ်းစားရင်တော့ စကတည်းက တော်လှန်ချင်စိတ်ရှိလွန်းလို့ တော်လှန်ခဲ့တာမဟုတ်ဘူး။ ကိုယ်အပြောခံရမှာစိုးလို့။
ရေဘေးအသုံးချခြင်း။
ဘာထူးလဲ။ အကုန်လုံးဒုက္ခရောက်ကြတယ်။ စစချင်း အင်မတန်ဝမ်းနည်းပူဆွေးသောကရောက်တယ်။ ကူညီပေးချင်တဲ့သူတွေ တသီတတန်းကြီးထွက်ပေါ်လာကြတယ်။ ဒီလိုကူတဲ့သူတွေမှာ တကယ်ကူချင်စိတ်ရှိလို့ ကူတာလား နာမည်statusတစ်ခုအတွက်နဲ့ ကူညီပေးတာလားဆိုတာ စဥ်းစားစရာဖြစ်လာတယ်။
အရေးပါလို့လားဆိုတော့ ကျနော့်အတွက်တော့အရေးပါတယ်။ ရည်ရွယ်ချက်မှားနေခဲ့ရင် လမ်းလွဲကိုတွန်းပို့နိုင်တယ်။
အခုနေ ကူညီချင်တယ်ဆိုပြီး ကူညီတယ်။ ဒီစေတနာဆိုတဲ့thoughtကအများကြီး။ ဒီလိုကူညီမှုတွေကနေ တစ်ဆင့် ရရှိလာတဲ့လူတွေရဲ့ လေးစားမှုတွေ အားကျမှုတွေ ဒါတွေရလာတယ်။ မလိုအပ်ဘဲနဲ့ပေါ့။
(Inspirational ဖြစ်တာမျိုး မဟုတ်ဘူးနော်။ )
အသုံးချချင်စရာကောင်းတာက ဒီလိုမျိုးခက်ခဲနေတဲ့သူတွေကို နည်းနည်းလေးကူညီလိုက်တာနဲ့ နာမည်ဆိုးထွက်ထားတဲ့သူတောင် နာမည်ကောင်းရသွားကြတယ်။
ဥပမာ တစ်ခု။
တော်လှန်ရေးမှာ ကြားနေအမြဲနေခဲ့လို့ ဘောမခဲ့လို့ဆိုပြီး ဖယ်ကျဥ်ခံထားရတဲ့သူတွေအများကြီးပါ။ အခုနေ ရေဘေးဖြစ်တော့ အဲ့လိုသူတွေအများမှကြီးပြန်ပြီး ထွက်လာကြတယ်။ ဖယ်ကျဥ်တာကလဲ တစ်ခဏပဲ နောက်တော့လဲ အမှတ်မရှိလက်ခံကြပြန်တယ်။
ပြောရရင် လူတွေရဲ့ အားပေးမှုကို ငွေကြေးနဲ့ဝယ်လိုက်တာပဲ။ မလေးစားတာပေါ့။ ရည်ရွယ်ချက်မှားယွင်းသွားတဲ့အခါ လုပ်တဲ့ဘယ်အရာမဆိုမထိရောက်နိုင်ဘူး။ ဒီလိုပါ။
သာမန်ပြည်သူတွေဘယ်လိုကူညီနိုင်လဲ
ရေဘေးအတွက် ကူညီချင်တယ်ဆိုရင် သာမန်အာသာဖြေရုံလေး မကူညီပါနဲ့လို့။ Statusတစ်ခုအတွက်နဲ့ သူများယောင်လို့လိုက်ယောင်သလိုမျိုးတော့မလုပ်ပါနဲ့လို့။
တကယ်ကူညီချင်ရင် တကယ်ကူညီပါ။ အဓိက ကိုယ်ကူညီချင်တာက လိုအပ်တဲ့သူတွေအဆင်ပြေစေဖို့ပဲမလား။ ကဗျည်းထိုးဖို့တို့၊ လူတွေဆီက statusရချင်လို့တို့ အာသာဖြေရုံလေးတို့မှမဟုတ်တာ။
(အော် အာသာဖြေတယ်ဆိုလို့ တစ်မျိုးမထင်နဲ့နော်။ ကျနော်ဆိုလိုတာ ဥပမာ - ရေဆာလို့ ရေအာသာဖြေရုံလေးသောက်တာဆိုလိုတာပါ)
Give and takeလို့မသတ်မှတ်ထားတဲ့အခါ ပြန်ရရှိတဲ့အရာတိုင်းက zeroထက်တော့သာတယ်လေ။
ဒီစာလေးရေးတာတခြားမဟုတ်ပါဘူးဗျာ။ Statusလိုချင်လို့ လုပ်နေတာမှန်းအရမ်းသိသာတဲ့ သူတွေ မြင်တာများသထက်များလာလို့ပါ။
ရပ်တည်ချက်တိုင်းမှာ အဂတိကင်းပါစေ။
မှန်းဆထားတဲ့လက်ရှိအခြေအနေ
လူတစ်ယောက် နာမည်ကြီးပြီဆိုရင် သူကောင်းတာမကောင်းတာဆိုတာမသိ။ သူ့ဘက်ရပ်တည်လိုက်မိတတ်ကြတယ်။ Heroမျှော်တဲ့အဆင့်ထိဖြစ်သွားတတ်ကြတယ်။
အထူးသဖြင့် အခုလိုအချိန်။
ဘယ်သူဘာဖြစ်မလဲဆိုတာမသိဘူး(သိလဲ အထိအခိုက်မခံလို့ မပြောသေးဘူး)။ အမြဲတမ်းသတိချပ်စေချင်တာကတော့ ရေဘေးမတိုင်ခင်နဲ့ ရေဘေးအလွန်မှာ ပြောင်းလဲသွားတဲ့ လူတွေရဲ့
လှူဒါန်းသမျှငွေတွေရဲ့စီးဆင်းမှု။
ဒီငွေတွေက တကယ်လိုအပ်တဲ့သူတွေဆီရောက်မရောက်ဆိုတာအမြဲဆန်းစစ်ပါ။
အလှူငွေစီးဆင်းမှုကဘယ်လိုလဲ။ ကိုယ်ပေးလိုက်တဲ့ သူတွေကကော ဘယ်လို ဆက်ပြီးစီးဆင်းစေတာလဲ။ ကြားထဲမှာကော ဘယ်လို စစ်ဆေးရေးတွေ ရှိသေးလဲ။
ဆိုပါစို့ - ကိုယ်လှူလိုက်တယ်ဆိုတဲ့ငွေတွေက ကိုယ်တော့လှူလိုက်ပါရဲ့ ပေးလိုက်ပါရဲ့။ ရောက်သွားတဲ့သူတွေက ကိုယ့်ပြည်သူတွေကို မျိုးစုံသတ်ဖြတ်နေတဲ့သူတွေနဲ့ သူတို့မိသားစု၊ သူတို့ပိုင်ဆိုင်မှု၊ဆို ဘယ်အဆင်ပြေပါ့မလဲ။
(နဂိုကတည်းက စစ်ဘေးရှောင်ဒေသတွေ၊ စစ်ပွဲတိုက်ခိုက်မှုပြင်းထန်နေတဲ့ ဒေသတွေဆီကို အကူအညီရောက်လာဖို့ ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီလိုဒေသတွေမှာ ရေဘေးပါ ထပ်ဖြစ်လိုက်တော့ ပိုဆိုးပြီပေါ့။ ခက်တာက ဒီလိုနေရာတွေကို မိမိလှူလိုက်တဲ့ငွေတွေရောက်ဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ တိုက်ရိုက်ကူညီတာမှလွဲ၍ မဖြစ်နိုင်သလောက်ပါပဲ။)