စာတော်မှ လူရာဝင်တာလား
ဒါတွေက မိမိကိိုယ်ကို အရည်အချင်းစစ်ဆေးပေးနိုင်တဲ့ ဆုံးဖြတ်ပေးနိုင်တဲ့ စာမေးပွဲတွေလား။ ပညာရေးစနစ်ကကော အလုပ်ခွင်ထဲရောက်တဲ့အခါ အဆင်သင့်အလုပ်လုပ်နိုင်စေဖို့ Work readyဖြစ်စေဖို့ သင်ကြားပေးနိုင်ရဲ့လား။
ငယ်ငယ်လေးကတည်းက ဒီသူက ဘဝမှာအောင်မြင်မယ့်သူဟုတ်မဟုတ်ဆိုတာ အတန်းပညာနဲ့ ဆက်စပ်ပြီး နှိုင်းယှဥ်ခံခဲ့ကြရတယ်။ တကယ်ကော အတန်းပညာမှာ တော်ခဲ့တဲ့သူတွေက ဘဝမှာ အောင်မြင်ကြရဲ့လား။ အတန်းပညာမှာ မအောင်မြင်ခဲ့တဲ့သူတွေကော ဘဝမှာမအောင်မြင်နိုင်ဘူးလား။
ဒါတွေက မိမိကိိုယ်ကို အရည်အချင်းစစ်ဆေးပေးနိုင်တဲ့ ဆုံးဖြတ်ပေးနိုင်တဲ့ စာမေးပွဲတွေလား။ ပညာရေးစနစ်ကကော အလုပ်ခွင်ထဲရောက်တဲ့အခါ အဆင်သင့်အလုပ်လုပ်နိုင်စေဖို့ Work readyဖြစ်စေဖို့ သင်ကြားပေးနိုင်ရဲ့လား။
- လူရာဝင်ခြင်းဆိုတာဘာလဲ
- မြန်မာနိုင်ငံရဲ့ အတန်းပညာတစ်ခုကို ဖန်တီးထားပုံ
- အလွတ်ကျက်ပညာရေးဘာလို့မကောင်းတာလဲ။
- ဘာသာအလိုက် ခက်ခဲမှုတွေ
- ဝါသနာနဲ့ထူးချွန်ရာ
- စာတော်တာ အလုပ်လုပ်ရင်ကော အသုံးဝင်လား။
- လူတွေရဲ့အကျင့်စရိုက်
- မြန်မာပြည်ပညာရေးမသင်ရင်ကို စိတ်ဓာတ်ကောင်းနေပြီလား။
- Conclusion
ငယ်စဥ်အရွယ်ကတည်းကနေစလို့ အတန်းပညာဆိုတာကို လေ့လာသင်ကြားခဲ့ရတယ်။ ဘာသာတွေအများကြီးကို Monday ကနေ Friday ကျောင်းကိုသွား၊ ဆရာမတွေကို စာတွေဆိုပြ၊ ပြီးရင် စာမေးပွဲတွေဖြေ ဒီလိုနဲ့ ဘွဲ့ရ အလုပ်ခွင်ထဲရောက်။ ဒီလိုcycleမျိုးကနေပဲ နေ့တူတကွလည်ပတ်နေခဲ့ကြရတာကြီးပဲလေ။
လူရာဝင်ခြင်းဆိုတာဘာလဲ
လူရာဝင်တယ်ဆိုတာက ဘာလဲ။ ပိုက်ဆံရှာနိုင်မှလား။ ဒါမှမဟုတ် အလုပ်အကိုင်ကောင်းကောင်းမှာ ရာထူးကြီးကြီးမားမား ရရှိထားမှလား၊ ဒါမှမဟုတ် မိသားစုကို တင့်တောင်းတင့်တယ်နဲ့ အဆင်ပြေပြေ ချမ်းချမ်းသာသာထားနိုင်မှလား။ ဒါတွေအားလုံးမဟုတ်ဘဲ ဆင်းရဲရင် ပိုက်ဆံမရှာနိုင်ရင် မဖြည့်စည်းပေးနိုင်ရင်ကော လူရာမဝင်တော့ဘူးတဲ့လား။
တကယ်တော့ လူရာဝင်တယ်လူရာမဝင်ဘူးဆိုတာက မိမိနဲ့ပဲသက်ဆိုင်တယ်။ ကိုယ်ကလူရာဝင်တယ်ဆိုတာကို ဘယ်လိုနားလည်ထားလဲ။
- လူအများနဲ့တန်းတူဆက်ဆံနိုင်တဲ့အထိ ငွေကြေးပမာဏရှိတာလား။
- အပြင်ထွက်တဲ့အခါ စျေးကြီးတဲ့အစားအသောက်တွေစားနိုင်တယ် ကားအကောင်းစားတွေစီးနိုင်တာမျိုးလား။
- သိပ်အဆင်မပြေပေမယ့် ကိုယ့်မိသားစုကို မရရအောင် ကြိုးစားကြံဆဖန်တီးပေးတာမျိုးလား။
ပိုက်ဆံရှိတိုင်းလဲ လူရာဝင်လို့လားလို့ ကျနော်မေးချင်တယ်။ လူရာဝင်တယ်ဆိုတာက
- လူအများအားကျရတယ်။
- လူအများက လေးစားရတယ် inspireဖြစ်ရတယ် အံ့သြမှင်သက်စွာနဲ့ အတုယူဖို့ ကြိုးစားကြတယ်။
- ဘယ်သူ့ကိုပဲမေးမေး “သူကတော့ သူ့နယ်ပယ်မှာ အရမ်းတော်တာ။ ဘယ်ဟာမဆို စိတ်ရှည်ရှည်နဲ့ သေသေချာချာလေးရှင်းပြပေးတယ်၊ သူ့မိသားစုဆိုလဲ သူအရမ်းဂရုစိုက်တာ”။
ပညာရေးဆိုတာက ကိုယ့်ဘဝတစ်လျှောက် ကိုယ်ရွေးချယ်တဲ့လမ်းတစ်ခုရဲ့ အထောက်အပံ့တစ်ခု၊ တခြားသော အလုပ်အကိုင်၊ အတွေ့အကြုံ၊ opportunities၊ failures ဒါတွေအားလုံးရှိသေးတယ်။
ဒီလိုပဲ ငွေကြေးဆိုတာလဲလူတွေဆီမှာရှိတဲ့ abilitiesတွေ qualitiesတွေအများကြီးထဲက တစ်ခု။ ကိုယ်ကျင့်တရား၊ စာနာစိတ်၊ trust၊ ဒါတွေအားလုံးကလဲ qualityတစ်ခုပဲလေ။
မြန်မာနိုင်ငံရဲ့ အတန်းပညာတစ်ခုကို ဖန်တီးထားပုံ
မြန်မာနိုင်ငံပညာရေးက လူတွေအရေးတကြီးလိုအပ်တဲ့ qualityတွေကိုသင်ကြားပေးနိုင်ရဲ့လား။
သင်ဖူးတဲ့သူတွေကတော့ သင်ရိုးနဲ့ပတ်သက်တာတွေအကုန်လုံးကို မမြင်နိုင်ရင်တောင် ခံစားဖူးကြမယ်လို့ ယုံကြည်ပါတယ်။ ကျောင်းတစ်ကျောင်းချင်းစီ ဆရာဆရာမတစ်ဦးချင်းစီပေါ်မူတည်ပေမယ့် လွှမ်းမိုးနေတဲ့thoughtsတွေကတော့
- ကျောင်းစာတော်ရင် ကြီးလာရင် ပညာတတ်ဖြစ်မယ် အောင်မြင်မယ်။ ညံ့ရင် အဖြစ်မရှိတဲ့ကောင်။
- အားကစားတွေ၊ Social lifeတွေ၊ စကားပြောတတ်ဖို့တွေက သူ့ဟာနဲ့သူ အသက်ကြီးရင်လုပ်ရမယ်။
- စာသင်တဲ့အရွယ်မှာ စာပဲ သင်ရမယ်။ ရည်းစားထားလို့မရဘူး။ အပျော်အပါးမက်လို့မရဘူး။ ဖုန်းသုံးလို့မရဘူး။
- ဆံပင်ဆေးဆိုးလို့မရဘူး။ စကတ်တိုတိုဝတ်လို့မရဘူး။ မိတ်ကပ်လိမ်းလို့မရဘူး။ စည်းကမ်းရှိဖို့သင်ကြားပေးနေတာ။
- ဆရာမလာရင် မတ်တပ်ရပ်ရမယ်။ အကျယ်ကြီးနှုတ်ခွန်းဆက်သရမယ်။ ခိုင်းတာလုပ်ရမယ်။ နိုင်ငံတော်သီချင်းလာရင် သံပြိုင်နဲ့ဆိုရမယ်။
- တော်တဲ့ကျောင်းသားကို ချီးကျူးရမယ်။ ဆိုးတဲ့ကျောင်းသားကို နှိပ်ကွပ်ရမယ် ဒါမှ အနှိပ်အကွပ်မခံချင်ရင်တော်လာအောင်။
ဒီလိုပုံစံမျိုးနဲ့ အတန်းငယ်ငယ်လေးကတည်းကနေ အထက်တန်းပြီးတဲ့အထိ သင်လာခဲ့ကြရတော့ Social lifeပဲဖြစ်ဖြစ် စိတ်ဓာတ်ပဲဖြစ်ဖြစ် ဘာမှသိပ်တတ်မလာတော့။ ဘာတစ်ခုမှမတတ်ရင်နေ ကျောင်းစာတော့တတ်တယ်။ ဒီလိုထင်ကြတယ်။ တကယ်ကော တတ်ကြရဲ့လား။
အလွတ်ကျက်ပညာရေးဘာလို့မကောင်းတာလဲ။
အလွတ်အကျက်နိုင်ဆုံးသူကို ဆုချမယ်တို့ အလွတ်ကျက်တဲ့အလုပ်တို့ ပေါ်လာရင်တော့ ဒီပညာရေးqualificationနဲ့သွားလျှောက်လို့ရပါတယ်။ ဒါမှအပ
ကျောင်းစာတွေရဲ့ ရည်ရွယ်ချက်က ကလေးတွေကို ပညာတတ်စေဖို့၊ လူ့ဘဝကြီးကို အကောင်းမွန်ဆုံးနဲ့ ရင်ဆိုင်နိုင်စေဖို့ ကျောင်းစာဆိုတာက အထောက်အကူတစ်ခု။ လူ့ဘဝကြီးမှာ အခက်အခဲတွေ၊ Deadlineတွေ၊ စဥ်းစားရခက်တဲ့ကိစ္စတွေ၊ ဖြေရှင်းရခက်တဲ့ပုစ္စာတွေဖြေရတယ်။ ဒီလိုပဲ ကိုယ့်ဆုံးဖြတ်ချက်တစ်ခုကြောင့် ဒုက္ခရောက်ရတယ် စာမေးပွဲတွေ ကျရတယ် ဒါမျိုးတွေလဲရှိတာပဲလေ။
ခက်တာက ဒီလိုမျိုးအဖြစ်ဦးမတည်သွားဘဲ အရာရာကို အလွတ်ကျက်ခိုင်းဖို့ကြိုးပမ်းတာ။ အလွတ်ကျက်ခိုင်းတယ် ဆိုတာကလဲ တစ်ရွက်နှစ်ရွက်ပဲလဲမဟုတ်။
တချို့ဘာသာတွေ တစ်အုပ်လုံးကျက်ရတယ်။ “၏” “သည်” မရွေး ကျက်ခိုင်းတယ်ဆိုတာ တကယ်တော့ “…ဖြစ်သည်” တို့ကအစ လွဲလို့မရလို့။ “The”တို့ “s”တို့ ပါလားမပါဘူးလား ကအစ အတိအကျ စာမေးပွဲမှာဖြေရတယ်။ မဖြေနိုင်ရင်အမှတ်မရဘူး။ ကုန်ကုန် အတန်းငယ်တုန်းကသင်္ချာတောင် စာမေးပွဲအမှတ်မရမှာစိုးလို့ အလွတ်ကျက်ရခဲ့တဲ့သူတွေလဲရှိတယ်။
ဒီတော့ စာတော်တယ်ဆိုတာ အထင်ကြီးစရာမှမရှိတာ။ လူရာဝင်ဖို့အရည်အချင်းတွေ သင်ခဲ့ကြရတာမှမဟုတ်တာ။
ဘာသာအလိုက် ခက်ခဲမှုတွေ
Englishကို အတွင်ကျယ်ဆုံးအသုံးပြုနေတဲ့အနောက်နိုင်ငံက ဘယ်သူမဆို ပြကြည့်နိုင်ပါတယ်။
“ငါတို့နိုင်ငံမှာ အင်္ဂလိပ်စာကို ဒီလိုတွေသင်တယ်။ စာမေးပွဲမှာ ဒီလိုမေးခွန်းတွေမေးတယ်၊ စာတွေက တတ်ဖို့အဆင်ပြေရဲ့လား”
စာမေးပွဲမှာ ဖတ်စာအုပ်ထဲက အကြောင်းအရာတွေမေးတယ်။ အလွတ်ကျက်ထားမှ ဖြေနိုင်မယ့်မေးခွန်းမျိုးတွေမေးတယ်။
ဥပမာ - Complete the following sentence ဆိုပြီး ဖတ်စာအုပ်ထဲက စာကြောင်းတစ်ကြောင်းကို ယူထားတယ်။ ကွက်လပ်ဖြည့်ခိုင်းတယ်။ စာအုပ်ကိုအလွတ်မကျက်ထားရင် မဖြေနိုင်ဘူးလေ။ ဒါက မြန်မာ၊ English, Biology စတဲ့ ဘာသာတိုင်း နဲနဲသာကွဲသွားမယ် ဒီအတိုင်းပဲ။ Definitionတွေကို အလွတ်ကျက်ခိုင်းတယ်။ စာတွေအကုန်လုံးအလွတ်မှတ်ခိုင်းတယ်။
တခြားsocialiseဖို့တွေဘာတွေရှိဖို့ဆိုတာအဝေးကြီး အမှတ်တွေပြိုင်ဆိုင်နေကြရင်း အချင်းချင်းကူညီပေးကြဖို့နေနေ သူ့ထက်ငါအပြိုင် ပြိုင်ဆိုင်ကြရင်း ရန်သူတွေဖြစ်ကြပေါ့။ Collaborativeဖြစ်တဲ့workတွေဆိုတာမရှိ။
ဒီတော့ ဘယ်လိုတိုးတက်မှာလဲ။ ဒီကိစ္စတွေကြောင့် မြန်မာသင်ရိုးသင်လာတဲ့ကလေးတွေ နိုင်ငံခြားသင်ရိုးပြောင်းသင်တာပဲဖြစ်ဖြစ် ပြည်ပမှာ သင်တာပဲဖြစ်ဖြစ် အင်မတန်ခက်ခဲကြတာပဲဥစ္စာ။ စာခက်ခဲတာတင်မဟုတ် ပေါင်းစည်းပြီးအလုပ်မလုပ်တတ်လို့၊ သင်ကြားပုံစနစ်တွေက မတူလို့၊ ဒီတော့ အလွတ်ကျက်တတ်ရုံမှအပ ဦးနှောက်ဖြစ်စေ နှလုံးသားဖြစ်စေ လေ့ကျင့်ခဲ့ကြရတာမျိုးမရှိ။
ဒီတော့ လူရာဝင်နိုင်ဦးမှာတဲ့လား။ ဟုတ်တယ် ဖောက်ထွက်နိုင်ရင်တော့ ဘယ်လိုသင်သင် အဆင်ပြေနိုင်တယ်။ ဒါပေမယ့်အင်မတန်ခက်ခဲတယ်။
အတန်းပညာနဲ့ဆက်စပ်တာတွေ နှလုံးသားချင်းသင်ကြားပေးနိုင်တဲ့ကိစ္စတွေလဲပါဝင်ပြီးသွားပြီ။ အလုပ်ခွင်မှာကော စာတော်ရင်အဆင်ပြေနိုင်ရဲ့လား။ အလုပ်လုပ်တာတော်ရင်ကော လူရာဝင်ရဲ့လား။
ဝါသနာနဲ့ထူးချွန်ရာ
ကိုယ်ဝါသနာပါတဲ့နေရာနဲ့ ထူးချွန်တဲ့နေရာမတူညီပါဘူး။ ငါးတစ်ကောင်ကို သစ်ပင်တက်ဖို့ဆိုတဲ့ပေတံနဲ့တိုင်းတာလို့မရသလို မျောက်တစ်ကောင်ကို ရေကူးဖို့ဆိုတဲ့ပေတံနဲ့တိုင်းတာမရသလို မြန်မာနိုင်ငံမှာရှိတဲ့ကျောင်းသားတိုင်းကို အလွတ်ကျက်တဲ့ပေတံတစ်ခုတည်းနဲ့ တော်မတော်တိုင်းတာလို့မရပါဘူး။
အလွတ်ကျက်ရသည်ဖြစ်စေ မကျက်ရသည်ဖြစ်စေ အတန်းပညာမှာမတော်တဲ့သူတစ်ဦးက အခြားနေရာမှာတော်နေနိုင်တာပဲ။
ဥပမာ - ကိုယ်က အတန်းပညာမတော်ဘူး။ ဒါပေမယ့် အတတ်ပညာတစ်ခုခုတော်တယ်။ ပန်းထိမ်လုပ်တတ်တယ်။ ဒါမှမဟုတ် စာရေးတတ်တယ်။ ဒါမှမဟုတ် တစ်ခုခုပေါ့။ ဒါတွေလဲရှိသေးတာပဲ။ ခက်တာက အတန်းပညာမှအပ ဘယ်အရာကိုမဆို ဖိနှိပ်ထားကြတဲ့ ပညာရေးဆိုတော့ မသိကြဘူးပေါ့ဗျာ။ စာမတော်တဲ့သူတွေက အညံ့ဆုံးဖြစ်သွားကော။
ဒီလိုနဲ့ Majorမရွေးတတ်တာတွေ ဝါသနာပါရာမရွေးတတ်တာတွေဖြစ်ကြတာပေါ့ဗျာ။ ထားပါတော့ လူရာဝင်တဲ့ကိစ္စလေးပဲဆက်ကြရအောင်။
စာတော်တာ အလုပ်လုပ်ရင်ကော အသုံးဝင်လား။
လက်တွေ့အလုပ်လုပ်ကြတဲ့အခါပဲဖြစ်ဖြစ် Universityရောက်တဲ့အခါပဲဖြစ်ဖြစ် ဒီပညာတွေနဲ့ လက်တွေ့ဘဝမှာရှင်သန်ဖို့ ခက်ခဲရဲ့လား။ ဒီပညာတွေတတ်ပြီးသွားရင်ကော အလုပ်ကောင်းကောင်းရမှာတဲ့လား။ ဒါကိုစဥ်းစားကြရတယ်။
ပိုက်ဆံရှာနိုင်ဖို့သင်ပေးခဲ့ကြရဲ့လား။ ဒါမှမဟုတ် အလုပ်ရှာနိုင်ဖို့၊ အလုပ်ခွင်မှာရှိကြမယ့်လူအမျိုးမျိုးနဲ့ clientတွေနဲ့ဘယ်လိုဆက်ဆံရမလဲ၊ လူတွေကို product တစ်ခုဘယ်လိုအထိရောက်ဆုံး ရောင်းချရမလဲ စသဖြင့် work readyဖြစ်ဖို့ မသင်ကြားနိုင်ခဲ့ကြဘူး။
ပိုဆိုးတာက Internshipတို့လိုမျိုး အလုပ်သင်လဲ တော်ရုံတန်ရုံဘယ်သူမှ လုပ်လေ့ရှိကြတာမဟုတ်။ လုပ်ရင်လဲ အလုပ်သမားခေါင်းပုံဖြတ်ကြတဲ့ အလုပ်ရှင်တွေ၊ လစာမပေးရတဲ့ဝန်ထမ်းလို့သတ်မှတ်ပြီး ခိုင်းကြတဲ့သူတွေနဲ့ Internshipဆိုတာ certificateတစ်ခုရရုံတမယ် လုပ်ကြရတာ။
အလုပ်ဘယ်လောက်ကြီးပဲ လုပ်နိုင်နိုင် တော်နိုင်နိုင် ကိုယ်ကျင့်တရား၊ ပေါင်းစည်းမှု၊ ကိုယ်ချင်းစာတရားဆိုတာတွေကို သေသေချာချာ မသင်ကြားမလေ့ကျင့်ခဲ့ကြရတဲ့အခါ မယုံကြည်ရနိုင်တဲ့ အလုပ်သမားတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သွားတယ်။ အရေးမပါဘူး၊ အလုပ်လုပ်တဲ့အခါ သင်ကြားရမှာပဲလို့ သတ်မှတ်ခဲ့တာတွေက မဟုတ်မှန်းသိခဲ့ရတယ်။ လူရာဝင်ဖို့ ခက်ခဲသွားတယ်။
လူတွေရဲ့အကျင့်စရိုက်
အလုပ်ဆိုတာ လူတိုင်းလုပ်ဖူးကြပါတယ်။ အလုပ်ခွင်မှာ လုံးဝစကားပြောရဆိုရအဆင်မပြေတဲ့သူတွေနဲ့လဲကြုံဖူးကြမှာပဲ။ သူတို့ပဲအရမ်းသိတယ် သူတို့ပဲ အရမ်းကျွမ်းကျင်တယ်။ တခြားသူတွေက ဘာမှမသိ။ ဒီလိုနဲ့အချင်းချင်း သွေးထိုးကြတယ် စကားတွေ လှည့်ပတ်ပြောကြတာမျိုးလဲရှိတယ်။
ဟောတစ်ခါ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့အတိုင်းပဲပေါ့။ အလုပ်ခွင်ကလဲ ၁ နှစ်တန်သည် ၁၀ နှစ်တန််သည် တိုးတက်မှုမရှိ။ အောက်ခြေသိမ်းဝန်ထမ်းကအစ management levelအထိ အဂတိလှိုက်စားတာတွေ၊ လာဘ်စားတာတွေ၊ အကျင့်ပျက်ချစားတာတွေနဲ့ လှိုက်စားလာကြတော့ work cultureဆိုတာ သိပ်ပျက်စီးလာတယ်။ ဘယ်လောက်ကြီးပဲ အလုပ်ကောင်းကောင်းရှိရှိ ဘယ်သူမှအထင်မကြီး လူရာမဝင်တော့ဘူး။
ဒါတွေက တိုင်းပြည်ပညာရေးအခြေအနေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။
- ဆရာမကို မုန့်ပုံးနဲ့ ကန်တော့ခဲ့ရတဲ့သူက အထက်လူကြီးကို အရက်ပုလင်းနဲ့ လက်ဆောင်ပေးမှာပဲ။
- ကျောင်းသားအချင်းချင်း ယှဥ်ပြိုင်ခဲ့ကြရတဲ့သူတွေက လုပ်ဖော်ကိုင်ဖက်အချင်းချင်း သွေးထိုးကြမှာပဲ။
- ပညာရေးရဲ့ဆိုးရွားပုံကို ထောက်ပြပိုင်ခွင့်မရခဲ့ကြဘူး ဆိုတော့ အလုပ်ခွင်ရဲ့ ဆိုးရွားစွာလှိုက်စားနေတဲ့ cultureကို မလုပ်မရှုပ်မပြုတ်ဘဲ နေကြတယ်။ “ငါတို့ပြောလဲ ပြောင်းလဲသွားမှာမှမဟုတ်တာ”
ဒီတော့ အလုပ်ကောင်းတိုင်း လူရာဝင်သေးရဲ့လား။
ကဲ ဒါတွေအားလုံးကမြန်မာနိုင်ငံမှာ တက်တဲ့အကြောင်းများပြီလို့ထင်ရလိမ့်မယ်။ နိုင်ငံခြားတက္ကသိုလ်က စာတော်လာရင်ကော လူရာဝင်လား။
မြန်မာပြည်ပညာရေးမသင်ရင်ကို စိတ်ဓာတ်ကောင်းနေပြီလား။
နိုင်ငံခြားမှာပဲတစ်သက်လုံးနေလာနေလာ ပြည်တွင်းမှာပဲနေလာနေလာ ဘယ်ကပဲဘွဲ့ရရ လူရာဝင်တဲ့သူက ဝင်တာပဲ၊ အကျင့်ကောင်းတဲ့သူက ကောင်းတာပဲ။ သူတစ်ပါးကိုကူညီချင်စိတ်ရှိတယ်၊ ဖေးမနိုင်စွမ်းရှိတယ်၊ မကောင်းမကြံဘူး။ ဒါတွေက တစ်ဦးတစ်ယောက်ချင်းနဲ့ပဲဆက်စပ်တယ်။ ပြည်ပရောက်တိုင်း စိတ်ဓာတ်တွေကောင်းကြတာမှမဟုတ်တာ။
ပြောရရင် အပေါ်က ပြောခဲ့တာတွေအကုန်လုံးက အများစုအတွက် အကျုံးဝင်ချင်မှဝင်မယ်။ ဒီပြည်မှာမွေး ဒီပညာနဲ့ကြီး ဒီအလုပ်ပဲလုပ်ပြီး လူတိုင်းအားကျရတဲ့သူတွေလဲရှိတာပဲ။
ဒါပေမယ့် မကောင်းတဲ့ဘက်ကို ပံ့ပိုးနေတဲ့ပညာရေး၊ အလုပ်ခွင်နဲ့ လူနေမှုပုံစံရှိတဲ့အခြေအနေမှာ စိတ်ဓာတ်ကောင်းတဲ့သူတစ်ယောက်က အကောင်းအတိုင်းရှိနေဖို့ခဲယဥ်းတယ်။ ကိုယ်ဘယ်လောက်ကြီးပဲ ကောင်းချင်နေနေ ကိုယ့်ကို မကောင်းတာလုပ်ဖို့ နှိုးဆော်နေတဲ့ အချိန်။
ဒီလိုပဲ ကောင်းတဲ့ပညာရေး၊ ကောင်းတဲ့အလုပ်ခွင်နဲ့ လူနေမှုအဆင့်အတန်းရှိနေတဲ့အခြေအနေမှာ စိတ်ဓာတ်ကောင်းတဲ့သူတစ်ယောက်က အကောင်းအတိုင်းရှင်သန်နိုင်ဖို့ ပိုမိုလွယ်ကူပါလိမ့်မယ်။ ကြိုးတော့ကြိုးစားရမှာပေါ့။
လူရာဝင်တယ်မဝင်ဘူးဆိုတဲ့ကိစ္စတွေကအကုန်လုံးနဲ့ ဆက်စပ်ပြီး ဖြစ်တည်လာကြတာချည်းပဲ။ အဓိကက သူများကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေ။ ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်လာမှာပဲလို့ ယုံကြည်ထား။
Conclusion
တကယ်တော့ လူရာဝင်တယ်မဝင်ဘူးဆိုတာ မိမိတစ်ဦးချင်းနဲ့ပဲသက်ဆိုင်တယ်။ ကိုယ့်မှာ ဘယ်လောက်ကြီးပဲ ပိုက်ဆံရှိရှိ၊ စာတော်တော်၊ ကောင်းမွန်တဲ့မိသားစုလေးပဲရှိရှိ လူရာဝင်ချင်မှဝင်မယ်။တချို့တွေအတွက် အားကျစရာ၊ တချို့တွေအတွက်တော့ အပေါ်ယံသပ်သပ်။ ဒါပေမယ့်ပေါ့လေ။
ကိုယ့်ဘက်က အကောင်းဆုံးရှင်သန်နေတယ်။ သူများကိုဒုက္ခမပေးသလို သူများကိုလဲ ကူညီပေးတယ် communityတစ်ခုလုံးကို မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ အကျိုးပြုနေတယ်။ ဒါဆိုရင် လူရာဝင်တဲ့သူတစ်ဦးလို့သတ်မှတ်လို့ရပြီ။ စာတော်မှ လူရာဝင်တာမဟုတ်ပါဘူး။ ကိုယ့်ဘဝကိုယ်အကောင်းဆုံးရှင်သန်နေတာလဲ လူရာဝင်နိုင်ပါတယ်။
အရာရောက်ဖို့မလိုပါဘူး။ ထိရောက်ဖို့ပဲလိုတာပါ။