ပြည်ပမှာကျောင်းတက်တဲ့အခါ စာတွေ ခက်တယ်ဆိုတာဘာကြောင့်လဲ။
တစ်နေရာရာမှာတွေ့ဖူးတယ်။ High schoolဆိုတာ စာလုပ်ရင်လုပ်သလောက် အားထည့်ရင်ထည့်သလောက်ရတယ်။ Grade C ကနေ Grade Aရတယ်။ Universityမှာတော့ အစွမ်းကုန်အားထည့်ရင်တောင် ရချင်မှရတယ်။ ဒီတော့ စာခက်တယ်ဆိုတာဘာကိုပြောတာလဲ။ ဘယ်လိုမျိုးကြိုးစားဖို့အဆင်ပြေနိုင်လောက်မလဲ။
တစ်နေရာရာမှာတွေ့ဖူးတယ်။ High schoolဆိုတာ စာလုပ်ရင်လုပ်သလောက် အားထည့်ရင်ထည့်သလောက်ရတယ်။ Grade C ကနေ Grade Aရတယ်။ Universityမှာတော့ အစွမ်းကုန်အားထည့်ရင်တောင် ရချင်မှရတယ်။ ဒီတော့ စာခက်တယ်ဆိုတာဘာကိုပြောတာလဲ။ ဘယ်လိုမျိုးကြိုးစားဖို့အဆင်ပြေနိုင်လောက်မလဲ။
နိုင်ငံခြားကို မြန်မာသင်ရိုးချည်းသင်ထားတဲ့သူတစ်ဦးသွားရင် အဆင်ပြေနိုင်မလား။
မြန်မာနိုင်ငံမှာ သင်လာတာရတာကြောင့်ဆိုပြီး ယိုးမယ်မဖွဲ့ခြင်းတော့ဘူး။ သင်ရိုးတွေရဲ့အကြောင်းကို သိပြီးသားဖြစ်ကြမှာပါ။
- သေသေချာချာ နားလည်လို့ တတ်မြောက်လို့ သင်ကြားပေးနိုင်တဲ့ ဆရာဆရာမအရည်အတွက်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးနဲ့ပဲယှဥ်ယှဥ် ရန်ကုန်အနေနဲ့ပဲယှဥ်ယှဥ် သိပ်ကိုနည်းပါးတယ်။ Private schoolတွေပဲဖြစ်ဖြစ် နိုင်ငံခြားသင်ရိုးနဲ့သင်တဲ့ကျောင်းတွေတောင် သိပ်ကိုကောင်းမွန်တဲ့ ကျောင်းတွေမှအပ ပညာတစ်ခုကို ကောင်းကောင်းမွန်မွန်လဲသင်နိုင်တယ် သူကိုယ်တိုင်ကလဲ ဒီနယ်ပယ်နဲ့ ဆက်စပ်ကျွမ်းကျင်နေတဲ့သူ စသဖြင့် ဒီလိုမျိုးဆရာဆရာမအင်အား နည်းပါးလွန်းတယ်။
- နိုင်ငံတကာနဲ့ တန်းတူသတ်မှတ်လို့ရတဲ့ ကျောင်းဆိုတာ မရှိဘူး။ တစ်နည်းအားဖြင့် နိုင်ငံတကာအသိအမှတ်ပြု စာသင်ကျောင်းတွေဆိုတာ သိပ်ရှားတယ်။ ဒီတော့ လိုအပ်တဲ့teaching materialsတွေ၊ လိုအပ်တဲ့ quality control၊ ကောင်းမွန်တဲ့teaching facilities၊ စာကောင်းကောင်းသင်ကြားနိုင်ဖို့လိုအပ်တဲ့ environment ဘာတစ်ခုမှမရှိဘူး။ ရှိခဲ့လျှင်လဲ ဒီလိုမျိုးကျောင်းတွေကိုတက်နိုင်တဲ့ လူတန်းစားဆိုတာ အင်မတန်ရှားပါးတယ်။
- သင်ကြားပေးတဲ့သင်ရိုးပုံစံက အလွတ်ကျက်တာကို ဦးစားပေးတဲ့စနစ်၊ ကြောက်ရွံ့ခြင်းကို ရိုသေမှုလို့ ဝင်္ကဝုတ္တိအင်္လကာမြောက်အောင်သင်ကြားပေးတဲ့ပုံစံ၊ ဆရာဆရာမ မိဘ ဒီသူတွေကိုအမြဲမှန်တယ်လို့ သမုတ်တဲ့ခေတ်။ ဒီလိုအခြေအနေမျိုးကို ရာစုနှစ်တစ်ဝက်ထက်ကျော်တဲ့အထိ ဖန်တီးလာခဲ့တာမို့လို့ ဒီလိုစနစ်နဲ့မသင်ကြားဖူးခဲ့သူ တစ်ဦးမှမရှိဘူး။
- ဒီဟာတွေအကုန်လုံးက ပုံမှန်အတိုင်း စာကိုစာတစ်ပုဒ်လို သင်နေမယ့်အခြေအနေမျိုးနဲ့ဆက်စပ်ပြီးပြောပြတာပါ။ ခက်တာက ဒီလိုမျိုး တွက်ဆချင့်ချိန်လို့မရတဲ့အထိ နိုင်ငံရဲ့ခေတ်ပျက်ကြီးအခြေအနေကြားထဲ ယိုယွင်းပျက်စီးလာတဲ့ ကျောင်းအခြေအနေတွေက မျက်မြင်ကိုယ်တွေ့ပါပဲ။
ဒီလိုအခြေအနေတွေနဲ့ကို နိုင်ငံတကာအဆင့်မီကျောင်းမျိုးမှာတက်မယ်ဆိုရင်တော့ ဘယ်လိုအဆင်ပြေပါ့မလဲ။
နိုင်ငံခြားဆိုတိုင်းကောင်းနေတာပဲလား။
မြန်မာနိုင်ငံကကျောင်းတွေကို စံတစ်ခုအနေနဲ့သတ်မှတ်ရင်တော့ နိုင်ငံခြားကျောင်းတွေတိုင်းက ကောင်းနေမှာပေါ့။ ကျောင်းတစ်ကျောင်းရဲ့အဆင့်အပေါ် တိုင်းပြည်ရဲ့ အခြေအနေအလုံးစုံကလဲဲ သက်ရောက်မှုရှိတာကိုး။
နိုင်ငံတကာက ကောင်းတဲ့ကျောင်းတွေကို စံတစ်ခုအနေနဲ့သတ်မှတ်မယ် ပေတံတစ်ခုအနေနဲ့တိုင်းဆမယ်ဆိုရင်တော့ မကောင်းနိုင်ပါဘူး။
ကျောင်းတွေကောင်းမကောင်းကြည့်တဲ့ အဆင့်တွေရှိပါတယ်။
- စာသင်တာနဲ့ပတ်သက်တဲ့သင်ကြားတဲ့experience
- အလုပ်ရနိုင်မရနိုင်အခြေအနေ/အလုပ်အတွက် ဘယ်လောက်ထိ ready ဖြစ်နိုင်မလဲ
- အလုပ်ရှင်ဘက်ကနေ ဒီgraduateတွေကိုမြင်တဲ့ အဆင့်။
- နိုင်ငံတကာကျောင်းသားတွေနဲ့ ပြည်တွင်းက ကျောင်းသားတွေရဲ့ ratio
- ကျောင်းသားနဲ့ ဆရာမရဲ့ ratio
- ဘယ်လောက်ထိ Sustainabilityကို ဦးစားပေးလဲ။
- Campusနဲ့ facilityကကော ဘယ်လောက်ထိ ကောင်းလဲ။
ဒီအဆင့်တွေနဲ့သာတိုင်းတာလိုက်ရင် ဘယ်ကျောင်းက ကောင်းတယ်ဘယ်ကျောင်းကမကောင်းဘူး ဒါတွေအကုန်လုံးခွဲခြားသိနိုင်သွားပါလိမ့်မယ်။
ကျောင်းတွေအများကြီးပါပဲ။ သို့ပေမယ့် တစ်နိုင်ငံတည်းမှာတင်ပဲကို ဘယ်employerမှလက်မခံတဲ့ဘွဲ့မျိုးပေးတဲ့ ကျောင်းမျိုးလဲရှိတယ်။ ထိုနည်းလည်းကောင်း employerတိုင်းက လိုလိုချင်ချင်နဲ့လက်ခံတဲ့ကျောင်းမျိုးလဲရှိတယ်။
စာခက်တိုင်း ကျောင်းကောင်းတယ်လို့ မသတ်မှတ်စေချင်ဘူး။ စာကို စာလိုချည်းပဲ မခက်ခက်အောင်သင်နေလား ခက်တဲ့ပညာတစ်ခုကို အလွယ်ကူဆုံးဖြစ်အောင်နည်းလမ်းအမျိုးမျိုးနဲ့သင်ကြားနေလား။ ဒီအပေါ်မှာလဲမူတည်တယ်။
နိုင်ငံခြားမှာ သင်ကြတဲ့သင်ရိုးပုံစံ
ကျောင်းကောင်းကောင်းမှာပဲတက်တယ်လို့ဆိုပါစို့။ နိုင်ငံခြားမှာတောင်ကောင်းတဲ့ကျောင်းမျိုး၊ အဆင့်ဆိုရင်တောင် ကောင်းတဲ့နိုင်ငံမျိုးမှာတောင် ကောင်းပေ့ဆိုတဲ့ကျောင်းမျိုး။
ဒီလိုကျောင်းမျိုးမှာတက်မယ်ဆိုရင် သင်ရိုးကွာခြားမှုကို သိရမြင်ရမှာပါ။ စာကို စာသင်ခန်းထဲမှာတင်သင်မနေတော့ဘူး။ လက်တွေ့လောကနဲ့ဆက်စပ်ပေးပါတယ်ဆိုပြီး အပေါ်ယံလေးမလုပ်ပေးတော့ဘူး။ ကျောင်းသားတွေ အတွေ့အကြုံရအောင်ဆိုပြီး တွေ့ကရာcompanyတွေ အလုပ်ခွင်တွေကို ခေါ်မသွားတော့ဘူး။
ကျောင်းသားကိုယ်တိုင် စာသင်ရတာကို ပျော်ရွှင်လာအောင် ဖန်တီးပေးတယ်။ ကျေနပ်််လာအောင်လမ်းပြပေးတယ်။ စာသင်ရလို့ စိတ်ညစ်ရတယ်ဆိုတာမျိုးမရှိတော့ဘဲနဲ့ စာကို တဖြည်းဖြည်းသိလာရင်းသိလာရင်း အောင်ဖို့ဆိုတာအရေးကြီးတယ်ဟုတ်တယ်။ သို့ပေမယ့် စာဆိုတာ အမှတ်တစ်ခုထက်ပိုတယ်ဆိုတာသိလာတယ်။
ဘေးဘီမှာရှိတဲ့ ကျောင်းသားတွေဆိုတာ ရန်သူမဟုတ်တော့ဘူး မိတ်ဆွေဖြစ်သွားတယ်။ စာဆိုတာ အရမ်းကြီးနေတဲ့ကိစ္စမျိုးမဟုတ်တော့ဘူး။ သူ့ဟာနဲ့သူ ကြိုးစားပြီးလုပ်ရင်းလုပ်ရင်းအဆင်ပြေသွားမယ်ဆိုတဲ့confidenceမျိုးလဲရှိလာတယ်။ တဖြည်းဖြည်းနဲ့အလုပ််ခွင်မှာဘယ်လိုမျိုးလုပ်ကြလဲဆိုတာကိုပါရင်းနီးလာတယ်။ ဘဝကြီးနဲ့ ကျောင်းသားlifeကိုညှိနှိုင်းတတ်လာတယ်။ အလုပ်၊ ကျောင်း၊ ဝါသနာပါတဲ့ ကိစ္စရပ်နဲ့ နားနေချိန်စတာတွေအကုန်လုံးကိုmanageတတ်လာတယ်။
ဒီတော့ ဒီလိုenvironmentမှာသင်ရတဲ့ကျောင်းသားတွေအတွက် စာခက်တယ်မှန်ပေမယ့် စာရဖို့လဲ အရမ်းကြီးမှမခက်ခဲတော့တာ။
စာလုပ်တဲ့ပုံစံကွာဟချက်
စာခက်တယ်ဆိုတာက တကယ်ခက်တဲ့ အခြေအနေမျိုးတွေလဲရှိတယ်။ တမင်ခက်အောင်လုပ်ထားလို့ ခက်နေတာလဲရှိတယ်။
ကျနော်တို့ Architectureကို စစချင်းထိတွေ့ခဲ့စဥ်တုန်းကဆို ရေးသားထားတဲ့စာတွေက ဂြိုလ်သားစကားတွေလို့ ခေါင်းစဥ်တပ်ခဲ့တယ်။ ဘာကိုရေးထားမှန်းကိုမသိတာ။ ဘာလိုချင်လို့လိုချင်နေမှန်းမသိ။ ဒီလိုမျိုးပေါ့။
နောက်ပိုင်းတဖြည်းဖြည်းနဲ့ သိသထက်သိ ရင်းနီးသထက်ရင်းနီးလာတဲ့အချိန်မျိုးကျ ဒီModule Handbookတွေ Worksheetတွေဆိုတာက သိပ်လွယ်တဲ့အပိုင်း၊ ဒီဟာကိုဖြေရှင်းဖို့ အဖြေရှာဖို့ကမှ သိပ်ခက်ခဲတဲ့အပိုင်းလေးတစ်ခုဖြစ်သွားပြန်ရော။
ဒီလိုမဟုတ်ဘဲနဲ့ တခြားတစ်နည်းနဲ့ခက်နေတာမျိုးလဲရှိတယ်။ ဆယ်တန်းတုန်းကစာလေးလိုပေါ့။ စာက နားလည်ရလဲမခက်ဘူး ဘာစာမှကိုမခက်တာ။ စာအုပ်ပါဝင်တဲ့စာလေးတွေကလဲ သေသေချာချာသာ ဖန်တီးထားမယ်ဆိုရင် သူ့ဟာနဲ့သူ အသုံးပြုလို့ရနိုင်တဲ့ ပြဌာန်းလို့ရနိုင်တဲ့စာအုပ်တစ်အုပ်။ ဒီလိုစာမျိုးကို အကုန်အလွတ်ကျက်ခိုင်းတယ်။ ဘာမှမဟုတ်တဲ့ စာလေးတွေကအစ သိပ်ကိုခက်ခဲတဲ့အရာမျိုးဖြစ်သွားလေကော။
ဖြစ်ချင်တော့ စာတွေကို ဘယ်လောက်ကြီးပဲရေးသားခဲ့ရေးသားခဲ့ စာအုပ်တွေကို အမြောက်အများထုတ်လုပ်တယ်ရတယ်ဆိုပြီး ပုံဆိုတာ အဖြူအမဲပုံမှလွဲပြီး ဘာမှပါမလာ။ စာတွေဆိုတာကလဲ ရှင်းပြထားတယ်ဆိုရုံသာရှိတယ် အကုန်လုံးကို ပေါင်းစည်းထားတာမျိုး။ ဒီလိုမျိုးစာတွေကိုသာ ကောင်းကောင်းမွန်မွန်နဲ့သာ ချပြနိုင်မယ် representလုပ်နိုင်မယ်ဆို စာသင်ရတာဆိုတာ အင်မတန်လွယ်တယ်ဖြစ်သွားပြီ။
ပုံလေးတွေထည့်လိုက်ရုံ၊ အရောင်လေးထည့်လိုက် font လှလှလေးတွေသုံးလိုက်ရုံနဲ့တော့ စာအုပ်က ကောင်းသွားတာမှမဟုတ်တာ။ သိသင့်သိထိုက်တဲ့ ပညာတွေကို သင်ကြားဖို့ စာအုပ်ဆိုတာ ကြားခံနယ်ပေါင်းများစွာထဲက ကြားခံနယ်တစ်ခုသပ်သပ်။ ကြားခံနယ်ပေါင်းများစွာကို အသုံးချနိုင်ဖို့ဆိုတာ သိပ်ကိုလိုအပ်တယ်။ နိုင်ငံခြားကသင်ရိုးတွေနဲ့အဓိကကွာဟချက်ပေါ့။
ပြည်ပကသင်ရိုးတွေ ကျောင်းတွေက စာအုပ်တွေအပြင် အခြားသော medium ပေါင်းများစွာ အသုံးပြုကြတယ်။ ဥပမာ- Real world experience၊ Youtube, TedX,... ဒါကို သေချာအသုံးပြုခဲ့ဖူးတဲ့ manageခဲ့ဖူးတဲ့သူက ကောင်းကောင်းနားလည်တယ်။ နားမလည်တဲ့သူတွေအတွက်တော့ စာကြီးက ဘယ်ကနေဘယ်လို ကျက်ရမှန်းမသိဖြစ်နေတာပေါ့။ မြန်မာသင်ရိုးတွေမှာ စာသင်တဲ့ အဓိက sourceက ဆရာမတွေရယ် အဖြူအမည်းစာအုပ်တွေရယ်။
စာသင်တဲ့အချိန်သင်ထောက်ကူ ဘာtoolsလေးတွေအသုံးပြုရလဲဲ
မြန်မာကျောင်းမှာ ဘာသုံးကြရလဲ။ စာရွက်တွေလား ခဲတံတွေလား။ ဖုန်းလေးယူတာပဲဖြစ်ဖြစ် သုံးတာပဲဖြစ်ဖြစ်
"လိုင်းပေါ်က ဟာတွေစာမေးပွဲမှာဖြေလို့မရဘူး။ လိုင်းပေါ်ကဟာတွေကြည့်ရင် မှားကုန်လိမ့်မယ်။"
ဘယ်စာအုပ်ပဲသုံးသုံး ဘယ်နိုင်ငံခြားက ဘယ်လောက်ကောင်းတဲ့studiesတွေပဲ အသစ်ထွက်ထွက် ဖြေရင်မှားတယ်။ ပြဌာန်းစာအုပ်ထဲကပဲဖြေရမယ်။ ကိုယ်တွေသုံးရတဲ့စာအုပ်က ၈၀ခုနှစ်လောက်ကတည်းကနေစလို့ ၂၀၀၀ပြည့်လောက်ထိ အချက်အလက်တွေနဲ့ အသုံးပြုထားတဲ့စာအုပ်မျိုး။ နောက်ပိုင်းအချက်အလက်တွေကလဲ ထိန်ချန်ချင်တာတွေထိန်ချန် ထည့်သင့်တယ်လို့ယူဆတာတွေထည့်။
ဒီလိုမျိုးtoolsလေးတွေအသုံးပြုခဲ့ရတဲ့ စာတွေနဲ့
သိချင်တာရှိရင် ဆရာမတွေကိုမေး၊ googleမှာresearchလုပ်ကြည့်၊ Libraryက အဆင်ပြေတဲ့စာအုပ်မှာလဲဖတ်လို့ရသလို မလုံလောက်ရင်လဲ ကြိုက်တဲ့libraryမှာ library cardလုပ်ပြီး ဖတ်လို့ရတယ် ဘာလို့ဆိုကိုယ်ကကျောင်းသားမို့လို့။ ကျောင်းသားတစ်ဦးရဲ့အထူးခံစားခွင့်တွေဆိုတာရှိတယ်။
ခက်တာက ဒီလိုမျိုးအသုံးပြုနိုင်တဲ့အချိန်ကျမှ ခက်တယ်ဆိုတာဘာမှန်းသိတာ။ တစ်ခါတစ်လေ ကျောင်းက taskတစ်ခုပေးလိုက်တယ် ဘယ်ကနေဘယ်လိုရှာရမှန်းမသိဘူး။ ဒီတော့တစ်ဆင့်ပြီးတစ်ဆင့်ရှာရင်းရှာရင်းနဲ့ ဘယ်ကစာတွေဘယ်လိုပေါ်လာမှန်းကိုမသိဘူး ရှုပ်လာတယ်။ တစ်ခုသိတာနဲ့ ၂ ခုသိစရာပိုပေါ်လာတယ်။ ဒီလိုမျိုးတွေပေါ့။
ဒီတော့ ရန်ကုန်မှာတုန်းက စာခက်ပုံနဲ့ ဒီကစာခက်ပုံနဲ့ မတူပါဘူး။
ကျောင်းနဲ့အတူ အခြားသောကိစ္စရပ်တွေကြောင့် ၂ ဆပိုခက်။
အရေးကြီးတဲ့အချက်တစ်ခုကိုကျနော်တို့မေ့နေကြတယ်။ အများစုသော ကျောင်းသားတွေက နိုင်ငံခြားက ထိပ်တန်းကျောင်းတွေကိုjoinကြတဲ့အခါ ၁ဦးတည်းထွက်လာရတဲ့သူတွေ။
ဒီတော့စားတာသောက်တာတွေကအစ အကုန်လုံးတစ်ဦးတည်းmanageရတယ်။ ငွေကြေးစီးဆင်းမှုတွေ၊ သုံးစွဲမှုတွေ၊ သွားလာတာ၊ သောက်စားတာအကုန်လုံး ဒီသူတစ်ဦးတည်းကပဲလုပ်နေရတယ်။
ဒီကြားထဲ part timeပဲဖြစ်စေ internဖြစ်စေ volunteerပဲဖြစ်စေ လုပ်တာမျိုးလဲရှိဦးမယ်။ ဒီလိုကိစ္စတွေအကုန်လုံးကို တစ်ဦးတည်းကmanageရတဲ့အခါမျိုး အခုမှ ခြေတစ်လှမ်းလှမ်းဖူးတဲ့ ဘယ်သူနဲ့မှလဲသိတာမျိုးမရှိတဲ့နိုင်ငံမှာ သွားပြီးဘဝကို ပြန်စရတာမျိုးက ပိုလို့တောင်ခက်ခဲစေပါသေးတယ်။
UKမပြောပါနဲ့ ဘယ်နိုင်ငံသွားသွား ကျနော့်အသိမိတ်ဆွေရယ်လို့မရှိပါဘူး။ တဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါမှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သိခဲ့ရတဲ့မိတ်ဆွေတွေ ခင်မင်ရတဲ့သူတွေ အများမှအများကြီးပါ။ ဒီလိုသူတွေကြောင့် လွယ်ကူသွားတဲ့ကိစ္စရပ်တွေလဲအများကြီးပေါ့ဗျာ။ ရင်ထဲကနေ အမြဲကျေးဇူးတင်နေမိမှာပါ။
စစရောက်ရောက်ချင်းသူတစ်ဦးအတွက်တော့ ဘယ်နိုင်ငံမဆို ခက်ခဲနေမှာပါ။ ဒေသဆိုင်ရာအခေါ်အဝေါ်ပဲဖြစ်ဖြစ် စကားပဲဖြစ်ဖြစ် သတင်းနဲ့မီဒီယာအခြေအနေပဲဖြစ်ဖြစ် အကုန်လုံးနဲ့ရင်းနီးနေဖို့ဆိုတာ သိပ်ကိုခဲယဥ်းတယ်။ နေလာရင်းနေလာရင်းမှသိမယ့်ကိစ္စရပ်လေးတွေ။ ဘယ်ဘာသာရပ်မဆို တကယ်ရောက်တဲ့အချိန်မှ သေချာသင်လို့ရတာမျိုးပါ။
ရန်ကုန်ကနေရင်း နိုင်ငံခြားကဘွဲ့ရအောင်တက်မယ်ဆိုတာ ဒီလိုနေရာမှာစကားပြောသွားတာပါ။ နိုင်ငံခြားရောက်လို့ခက်ခဲလို့ မလာတော့ဘူးဆိုတာမျိုး မလုပ်စေချင်ဘူး။ ပိုလို့တောင်ခက်ခဲနိုင်မယ့်အခြေအနေပါ။ ဟုတ်တယ် မိဘအိမ်ကနေပြီးတော့ စာသင်နေရုံပဲမို့အဆင်ပြေတယ်။ သို့ပေမယ့် ခက်ခဲပုံချင်းမတူညီပါဘူး။
ပြည်ပမှာခက်ခဲတာက ကိုယ့်ကိုလက်တွေ့ဘဝအတွက်ပြင်ဆင်ပေးတဲ့ ကောင်းမွန်တဲ့ခက်ခဲမှုလို့ဆိုရင် ရန်ကုန်မှာခက်ခဲတာက ဘာတစ်ခုမှကိုမပြင်ဆင်ပေးတဲ့ လက်တွေ့မဆန်တဲ့ ခက်ခဲမှုလို့ဆိုရမှာပါ။ ခက်ခဲချင်လို့ဆိုပြီးတော့ မကောင်းတဲ့diploma မကောင်းတဲ့အတန်းမျိုး တက်တဲ့သူမရှိပါဘူး။
Universityမှာ အောင်ရင်ရပြီဆိုတာဟုတ်လား။
Universityမှာစာသင်ရတဲ့အခါ အပေါ်မှာရေးခဲ့တဲ့ အချက်အလက်တွေကြောင့် ခက်ခဲနေတဲ့ကြားထဲကနေပြီးတော့ A ပဲရချင်တယ် distinctionပဲရချင်တယ်ဆိုတာမျိုးက ဖြစ်နိုင်ဖို့ခဲယဥ်းပါတယ်။ အထူးသဖြင့် ခက်တဲ့subjectမျိုးတက်ဖြစ်တဲ့အခါ မရင်းနီးတဲ့ဘာသာရပ်မျိုးနဲ့အသက်မွေးဖို့ကြိုးစားတဲ့အခါမျိုးပါ။
ဒီတော့pressureတွေပိလာတယ်။ A အမြဲရနေတဲ့သူက Cတွေ Dတွေရလာတော့ မနေတတ်တော့ဘူး။ Perfectionistများတဲ့ ကျနော်တို့လိုarchitecture majorဆိုရင် ပိုဆိုးပါတယ်။ တချို့သောprojectတွေဆို ပုံဆွဲရတာကနေစလို့ Modelရေးဆွဲပြီး ပုံကြမ်းတစ်ခုထွက်တဲ့ထိ အပြင်မှာတည်ဆောက်လို့ရရုံ Modelလှလှလေးတစ်ခု ဖန်တီးရတာမျိုးပါ။ ဒီလိုမျိုးအဆင့်တွေသိပ်များတဲ့majorကို အလုံးစုံperfectဖြစ်ရမယ်ဆိုပြီး လုပ်ကြတဲ့ဘယ်သူမဆို perfectမဖြစ်ကြတော့ပါဘူး။
အောင်ရင်ရပြီဆိုတဲ့အခြေအနေကို ရဖို့တောင် ကျနော်တို့မှာကြိုးစားရတာတွေက ဆက်တိုက်ပါပဲ။ မနက်အစောကြီးထရင်လဲထရတယ်။ ညဥ့်နက်မှအိပ်ရင်လဲအိပ်ရတယ်။ မအိပ်ရတဲ့နေ့တွေလဲရှိတယ်။ ဒီလိုပဲ နားလည်ဖို့ကို ကြိုးစားနေရတဲ့အခါခက်ခဲမှုတွေ၊ ကိုယ့်ကိုလာမေးကြတဲ့အခါ ဘာမှမဖြေနိုင်တဲ့အခါမျိုးမှာဆို မနေတတ်ဘူး။ သာမန်အောင်ရုံအခြေအနေလေးအတွက်ပဲ ကြိုးစားတာမျိုးတောင် ခက်ခဲပါတယ်။
ဒီတော့ အောင်ရုံထက်ပိုတဲ့အခြေအနေလေးတစ်ခုရဖို့ဆိုတာ တော်ရုံသူအတွက်ခက်ခဲပါတယ်။ အကယ်၍သာmastersဆက်တက်မယ်ဆိုရင်တော့ GPAအနည်းဆုံးဘယ်လောက်ရထားရမယ်ဆိုတာမျိုးရှိပါတယ်။ Mastersဆက်တက်ချင်ရင်တော့ အောင်ရုံထက်ပိုလိုအပ်မှာပါ။
Conclusion
စာခက်တယ်ဆိုတာ တခြားကိစ္စတွေအကုန်လုံးပေါင်းစပ်လိုက်ရင် ခက်သွားတာမျိုးပါ။ သတိနဲ့ချဥ်းကပ်ပါ။ မရည်ရွယ်ဘဲ ကိုယ့်ကြောင့်ပိုခက်ခဲနေတာမျိုးလဲ ရှိတတ်ပါတယ်။ အချိန်ကုန်သင့်သလောက်သာကုန်ပါ။ ရင်းသင့်တာရင်းပါ စတေးသင့်တာစတေးပါ။
နိုင်ငံခြားသင်ရိုးနဲ့ပဲသင်သင် မြန်မာပြည်ရဲ့ပျက်စီးနေတဲ့သင်ရိုးနဲ့ပဲသင်သင် မြန်မာပြည်မှာသင်ခဲ့ရတဲ့experienceနဲ့ နိုင်ငံခြားမှာကျောင်းတက်ရတဲ့အခါ ကြုံတွေ့ရတဲ့experienceနဲ့မတူညီနိုင်ပါဘူး။ သူများတွေပြောတဲ့ခက်တယ်ဆိုတာ ကိုယ့်အတွက်လွယ်ချင်လွယ်နေလိမ့်မယ်။ သူများတွေလွယ်တဲ့ကိစ္စဆိုတာ ကိုယ့်အတွက်ခက်ချင်ခက်ခဲနေလိမ့်ပါလိမ့်မယ်။
လွယ်ချင်ရင်တော့ကောင်းကောင်းလေးပြင်ဆင်လာခဲ့ပါ။ စာတစ်ခုတည်းတင်မဟုတ် အရာအားလုံးကိုဆိုလိုတာပါ။