နိုင်ငံခြားရပ်ခြားမှာ ကိုယ့်ကိုယ်ကိုယ်ရှင်သန်ခြင်း အနုပညာ (The Art of Surviving and Thriving Abroad)

နိုင်ငံခြားရပ်ခြားမှာ ကိုယ့်ကိုယ်ကိုယ်ရှင်သန်ခြင်း အနုပညာ (The Art of Surviving and Thriving Abroad)

This article is also available in [English]

ဒီစာကိုဖတ်နေတဲ့သူတိုင်းရဲ့ ရင်ထဲမှာ နိုင်ငံခြားမှာ ပညာသွားသင်မယ်၊ အလုပ်သွားလုပ်မယ်၊ ဘဝတစ်ခုကိုထူထောင်မယ်ဆိုတဲ့ ကြီးမားတဲ့အိပ်မက်တွေ၊ ရည်မှန်းချက်တွေရှိနေမယ်ဆိုတာ ကျနော်သိပါတယ်။ လေယာဉ်ပေါ်ကနေ ကိုယ်ရောက်မဲ့မြို့ကို လှမ်းမြင်လိုက်ရတဲ့မြင်ကွင်း၊ အေးစိမ့်စိမ့်လေကို ပထမဆုံးထိတွေ့လိုက်ရတဲ့ ခံစားမှု၊ အရာရာတိုင်းက အသစ်အဆန်းဖြစ်နေတဲ့ ပထမဆုံးရက်သတ္တပတ်တွေက ဘယ်တော့မှမေ့လို့ရမှာမဟုတ်တဲ့ အမှတ်တရတွေပါ။

ဒါပေမဲ့ အဲ့ဒီလိုလှပတဲ့အိပ်မက်တွေရဲ့နောက်ကွယ်မှာ ကျနော်တို့ကြိုမမြင်ထားတဲ့ စိန်ခေါ်မှုတွေ၊ မျက်ရည်ကျရတဲ့ညတွေ၊ တစ်ယောက်တည်း ထီးထီးကျန်ခံစားရတဲ့နေ့ရက်တွေဆိုတာ ရှိနေတတ်တယ်။ ဒီစာက သင့်ကိုခြောက်လှန့်ဖို့မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် လဲကျခဲ့တဲ့နေရာတွေ၊ မှားခဲ့တဲ့အမှားတွေ၊ ငွေနဲ့ရင်းပြီး သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို အရင်းခံပြီးရေးထားတဲ့ "လက်တွေ့ကျမ်း" တစ်စောင်အနေနဲ့ မျှဝေပေးချင်တာပါ။

ကြိုပြောချင်တာကတော့ ဒါတွေက ကျနော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေမို့ လူတိုင်းနဲ့ တစ်ထပ်တည်းကျချင်မှကျပါလိမ့်မယ်။ ဒါပေမဲ့ ဒီအထဲက အချက်တစ်ချက်လောက်ကပဲ သင့်အတွက် အားဖြစ်စေခဲ့ရင်၊ ဒါမှမဟုတ် အမှားတစ်ခုကိုရှောင်နိုင်ခဲ့ရင်တောင် ကျနော်ဒီစာကိုရေးရကျိုးနပ်ပါပြီ။


အခန်း (၁)။ ငွေကြေးကင်းလျှောက်ခြင်း- "ချွေတာခြင်း" နှင့် "ရင်းနှီးမြှုပ်နှံခြင်း" မျှခြေ

နိုင်ငံခြားရောက်ပြီဆိုတာနဲ့ ကျနော်တို့အားလုံးရဲ့ ပထမဆုံးတိုက်ပွဲက ငွေကြေးနဲ့စပါတယ်။ အထူးသဖြင့် မြန်မာငွေဈေးက တရိပ်ရိပ်ကျနေပြီး၊ ပေါင်ဈေး၊ ဒေါ်လာဈေးက တက်နေတဲ့အချိန်မှာ ကိုယ့်မိဘတွေဆီက ပိုက်ဆံတောင်းရတိုင်း၊ ကိုယ့်စုထားတဲ့ငွေကို သုံးရတိုင်း ရင်ထဲမှာဆစ်ခနဲဖြစ်ရတယ်။ "မဖြစ်ပါဘူး၊ ချွေတာမှရမယ်" ဆိုတဲ့အတွေးက အမြဲတိုင်ဦးဆောင်နေတော့တာပဲ။

ဒါပေမဲ့ "ချွေတာခြင်း" ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျနော်တို့ နားလည်မှုလွဲတတ်ကြတယ်။

ကျနော်ကိုယ်တိုင် အစားအသောက်ဖိုးကို အသားကုန်ချွေတာခဲ့ဖူးတယ်။ ဆန်ကို ၃ ပတ်တစ်ခါမှဝယ်တယ်၊ အသားကိုလျှော့စားတယ်၊ expire ဖြစ်ခါနီးအစားအစာတွေကို စွန့်စားပြီးစားတယ်။ ရလဒ်ကဘာလဲ? ခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရမရတော့ ကျောင်းမှာစာလိုက်နိုင်ဖို့ခက်ခဲလာတယ်၊ အားအင်ကုန်ခမ်းလာတယ်၊ နောက်ဆုံးမှာ အစာအိမ်ထိခိုက်ပြီး ဆေးခန်းပြရတဲ့အထိဖြစ်လာတယ်။ အဲ့ဒီအခါကျမှ "ဪ... ငါချွေတာလိုက်တဲ့ ပေါင်အနည်းငယ်က ဆေးဖိုးဝါးခနဲ့ ပြန်ကုန်တာပဲ၊ ငါ့ရဲ့ကျန်းမာရေးနဲ့ ပညာရေးအခွင့်အလမ်းတွေနဲ့เทียบရင် ဘာမှမပြောပလောက်ပါလား" လို့ နားလည်ခဲ့ရတယ်။

ဒါက ကျနော့်အတွက် သင်ခန်းစာကြီးတစ်ခုပဲ။ ပစ္စည်းဝယ်တဲ့အခါမှာလဲ ဒီအတိုင်းပဲ။ ဈေးအပေါဆုံးကိုပဲလိုက်ရှာရင်း နှစ်ခါပြန်ဝယ်ရတာတွေ၊ ပိုဆိုးတဲ့အခြေအနေနဲ့ကြုံရတာတွေ မနည်းပါဘူး။ စက်ဘီးဦးထုပ်တစ်လုံးကို £35 ပေးရမှာနှမြောပြီး မဝယ်ခဲ့ရင်၊ အကြိမ်ကြိမ်စက်ဘီးမှောက်ခဲ့တဲ့ ကျနော့်ခေါင်း ဘာဖြစ်နေမလဲမတွေးရဲဘူး။ တစ်ခါ စကူတာစီးရင်း ကားတက်ကြိတ်သွားတဲ့ဖုန်း၊ ဈေးများပေမဲ့ အရည်အသွေးကောင်းတဲ့ Screen Protector ကပ်ထားလို့သာ အကောင်းပကတိကျန်ခဲ့တာ။

The Strategist's Blueprint: သင်ပိုက်ဆံသုံးတော့မယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေးပြန်မေးကြည့်ပါ- "ဒါက ကုန်သွားမဲ့ 'အသုံးစရိတ်' လား? ဒါမှမဟုတ် ကိုယ့်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ နဲ့ အောင်မြင်ရေးအတွက် ပြန်ရလာမဲ့ 'ရင်းနှီးမြှုပ်နှံမှု' တစ်ခုလား?" အာဟာရပြည့်တဲ့အစားအစာက သင့်ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်။ လုံခြုံရေးပစ္စည်းက သင့်အသက်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်။ ဒီလိုခွဲခြားနိုင်သွားရင် သင်ဟာ ငွေကိုပိုပြီး ပညာရှိရှိသုံးစွဲတတ်လာပါလိမ့်မယ်။


အခန်း (၂)။ ခြေမိုင်းဗုံးများကြားက ကမ္ဘာ- သူခိုး၊ အလိမ်အညာနှင့် ကိုယ်ရေးလုံခြုံရေး

ဒီမှာကိစ္စတော်တော်များများက online ပေါ်ကနေလုပ်ရတော့ ဒီအချက်ကိုအသုံးချပြီး လိမ်လည်မှုတွေက ပုံစံမျိုးစုံနဲ့လာပါတယ်။ ပစ္စည်းခိုးတယ်ဆိုတာမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ရဲ့ Identity တစ်ခုလုံးပါ ပါသွားနိုင်ပါတယ်။

Digital နှင့် Identity Theft:

  • ပထမအဆင့် အလိမ်အညာများ: ကျနော်တို့ဆီကို ဖုန်းနံပါတ်တွေကနေ tracking information ဆိုပြီး link တွေပို့တာ၊ Wise တို့ Revolut တို့ကနေ money request လုပ်တာ၊ "သင် အိုင်ဖုန်းကံထူးသည်" ဆိုတဲ့ SMS တွေ၊ Gmail တွေက အခြေခံအဆင့်တွေပဲရှိပါသေးတယ်။
  • Identity ခိုးယူခြင်း: ဒါက ပိုပြီးน่ากลัวပါတယ်။ သူတို့က သင့်ရဲ့ကိုယ်ရေးအချက်အလက်၊ document တွေကိုသုံးပြီး သင့်နာမည်နဲ့ credit loan တွေလျှောက်နိုင်တယ်၊ ငွေချေးနိုင်တယ်။ ကုန်ကုန်ပြောရရင် ကိုယ့်ဘာသာနေရင်း အချုပ်ထဲရောက်သွားနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဒါမှမဟုတ် သင့်နာမည်၊ သင့်ပုံနဲ့ တခြားသူတွေကို လိုက်ပြီးလိမ်လည်တာတွေလဲလုပ်နိုင်ပါတယ်။

The Practical Safety Checklist:

  • အမည်မသိတဲ့ link တွေ၊ လိုင်းပေါ်တွေ့သမျှကို လုံးဝမနှိပ်ပါနဲ့။
  • တွေ့ကရာနေရာမှာ ကိုယ့်ရဲ့ပင်မဘဏ်ကတ်ကိုမသုံးပါနဲ့။ Revolut လို app တွေကနေ တစ်ခါသုံး Virtual Card တွေဖန်တီးပြီးသုံးတာက ပိုလုံခြုံပါတယ်။
  • သင့်ရဲ့ account အားလုံးမှာ Two-Factor Authentication (2FA) ကိုမဖြစ်မနေဖွင့်ထားပါ။
  • BRP (Biometric Residence Permit) ကတ်ကို အသက်နဲ့လဲပြီးသိမ်းပါ။ မိတ္တူကူးပြီးဖြစ်စေ၊ ဖုန်းထဲမှာဖြစ်စေ ဓာတ်ပုံရိုက်သိမ်းထားပြီး အပြင်သွားရင် အဲ့ဒါကိုပဲသုံးပါ။ ပျောက်သွားရင် ပြန်လျှောက်ရတာ အလွန်ခက်ခဲပါတယ်။
  • တစ်ခုခုမသင်္ကာရင်၊ ပစ္စည်းပျောက်ရင် ချက်ချင်းသက်ဆိုင်ရာကို တိုင်ကြားပါ။

ရုပ်ပိုင်းဆိုင်ရာ ခိုးယူမှုများ နှင့် ရဲတပ်ဖွဲ့: ဒီနိုင်ငံက ကိုယ့်ပြည်ထက် အစစအရာရာပိုလုံခြုံတယ်ဆိုပေမဲ့ ပစ္စည်းအခိုးမခံရဘူးလို့တော့ အာမမခံနိုင်ပါဘူး။ ကျနော်ကိုယ်တိုင် စက်ဘီးမီးသီးအခိုးခံရဖူးတယ်။ စက်ဘီးပေါ်မှာ တပ်လျက်သားထားခဲ့တာ၊ ညနေပြန်လာတော့မရှိတော့ဘူး။ သူငယ်ချင်းတွေရဲ့ စက်ဘီးတစ်စီးလုံးအခိုးခံရတာလဲ မကြာခဏပါပဲ။

ဒီလိုဖြစ်တဲ့အခါ "ရဲတိုင်လိုက်ရင် ပြန်ရမှာပဲ" လို့မျှော်လင့်တတ်ကြတယ်။ တကယ်တမ်းမှာတော့ ဒီကလုပ်ထုံးလုပ်နည်းအရ ခိုးခံရတဲ့ပစ္စည်းရဲ့တန်ဖိုး၊ သင့်ရဲ့ထိခိုက်မှုအတိုင်းအတာ၊ ပြီးတော့ သက်သေအထောက်အထားပြည့်စုံမှုပေါ်မူတည်ပြီးမှ ဒီ case ကို လိုက်သင့်မလိုက်သင့် ဆုံးဖြတ်ကြတာပါ။ ကျနော့်ကိစ္စမှာ သက်သေမပြည့်စုံတော့ ရှာမတွေ့ခဲ့ပါဘူး။

ဒါဆို "UK က မြန်မာပြည်လောက်တောင် စိတ်မချရဘူးလား?" ဆိုတော့ အဲ့ဒီလိုလည်းမဟုတ်ပြန်ဘူးဗျ။ ဒီကရဲတွေကို ကြောက်စရာမလိုသလို၊ သူတို့ကလည်း အလုပ်လုပ်ကြပါတယ်။ ဟိတ်ဟန်မများဘူး၊ လာဘ်ထိုးစရာမလိုဘူး၊ ငွေမတောင်းဘူး။ ဒါပေမဲ့ သူတို့မှာလဲ သူတို့ရဲ့စနစ်နဲ့သူတို့ပဲရှိတယ်ဆိုတာကို နားလည်ထားဖို့လိုပါတယ်။ သိပ်တန်ဖိုးကြီးတဲ့ပစ္စည်းမျိုးဆိုရင်တော့ သတိနဲ့သိမ်းဆည်းပါ။


အခန်း (၃)။ နေ့စဉ်ဘဝရဲ့ ရုန်းကန်မှု- သွားလာရေးနှင့် ပတ်ဝန်းကျင်သစ်

ကျနော်က Oxford လိုမြို့ကျဉ်းကျဉ်းလေးမှာ ကျောင်း၊ အလုပ်၊ အိမ်ကို စက်ဘီးတစ်စီးနဲ့ ပတ်ချာလည်သွားနေရသူပါ။ စရောက်စကတော့ bus ပဲစီးတတ်တယ်၊ ဒါမှမဟုတ် လမ်းလျှောက်တယ်။ တစ်ခါက ပစ္စည်းတွေအများကြီးဝယ်ပြီး မှတ်တိုင်မှာ bus စောင့်နေတုန်း ဖုန်းအားကုန်သွားတယ်။ Bus ကလဲ delay ဖြစ်နေတော့ အထုပ် ၃-၄ ထုပ်ဆွဲပြီး အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ရတယ်။ တော်တော်ကိုခက်ခက်ခဲခဲပါပဲ။

ကိုယ့်ပြည်မှာ ကားလေးတစ်စီးနဲ့ ကျော့ကျော့မော့မော့သွားလာနေကျသူတွေအတွက် ဒီမှာလမ်းအရမ်းလျှောက်ရတဲ့အခါ အစပိုင်းမှာ တော်တော်လေးခက်ခဲပါလိမ့်မယ်။ ကျနော်ဆို ပျမ်းမျှတစ်နေ့ကို ခြေလှမ်းပေါင်း ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထက်မှာပဲရှိတယ်။ ဒီလိုအချိန်မှာ ငွေချွေတာချင်ဇောနဲ့ အစားအသောက်ပါလျှော့လိုက်ရင် ကျန်းမာရေးထိခိုက်ပြီး ပိုဆိုးသွားနိုင်ပါတယ်။

ဒါပေမဲ့ စိတ်ချရတဲ့အချက်ကတော့ သွားလာရေးက လုံခြုံတယ်ဆိုတာပါပဲ။ ကျနော် Oxford မှာ နေ့ရောညရော အပြင်ထွက်နေတာပါပဲ။ Bus တွေက ည ၁၂ နာရီလောက်ဆို ရပ်သွားတတ်တော့ လမ်းလျှောက် ဒါမှမဟုတ် စက်ဘီးနဲ့ပဲပြန်ရတာများတယ်။ တစ်ခါတစ်လေ လမ်းမှာ ဆေးထိုးအပ်တန်းလန်းတွေတွေ့တာ၊ မူးပြီးအော်ဟစ်နေတဲ့သူတွေတွေ့တာမျိုးကလွဲရင် ဘာအခက်အခဲမှမရှိပါဘူး။ အဲ့လိုလူတွေတွေ့ရင် ရှောင်သွားလိုက်ရုံပါပဲ။ ကိုယ်က ဒုစရိုက်ပေါများတဲ့နေရာကို တမင်သွားတာမဟုတ်ရင်၊ ကိုယ်ဘာအမှားမှမလုပ်ရင် ဘာမှစိုးရိမ်စရာမရှိပါဘူး။


အခန်း (၄)။ မမြင်နိုင်သော တိုက်ပွဲ- နာမကျန်းမှု၊ အထီးကျန်မှုနှင့် စိတ်ကျန်းမာရေး

နိုင်ငံရပ်ခြားမှာ အခက်ခဲဆုံးအချိန်က နေမကောင်းဖြစ်တဲ့အချိန်ပါပဲ။ အဲ့ဒီအချိန်မှာ ကိုယ့်ကိုဂရုစိုက်မယ့်သူမရှိဘူးဆိုတဲ့အသိက ရောဂါဝေဒနာထက် ပိုပြီးလူကိုပင်ပန်းစေပါတယ်။

ကျနော်က တော်ရုံနေမကောင်းဖြစ်တတ်တဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ Dislocated Jaw ဖြစ်ပြီး ဆေးရုံရောက်ခဲ့တယ်။ အဲ့ဒီဒဏ်ကြောင့် ရက်ပိုင်းလောက်နေမကောင်းဖြစ်တော့တာပဲ။ အဲ့ဒီအချိန်မှာ ကိုယ့်ကိုကူညီမယ့်သူ၊ အနားမှာလုပ်ပေးကိုင်ပေးမယ့်သူက ဟိုးအဝေးကြီးက ၆ လက်မ ဖန်သားပြင်ထဲမှာပဲရှိနေတယ်။ နေမကောင်းလို့ တစ်ခုခုစားချင်ရင် မှာလို့ရတယ်၊ ဒါပေမဲ့ delivery လာရင် ထယူပေးမယ့်သူ၊ ပန်းကန်ထဲထည့်ပေးမယ့်သူမရှိဘူး။ ဆေးသောက်ဖို့ ရေသောက်ချင်ရင် ကိုယ့်ဘာသာထခပ်ရတယ်။ ချော်လဲရင် ထူပေးမယ့်သူမရှိဘူး။ ဒီလိုအချိန်မျိုးက စာများနေတဲ့ကာလ၊ အလုပ် stress များနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားရင် ပိုပြီးဆိုးပါတယ်။

တစ်ခါကလည်း စက်ဘီးစီးရင်း အရှိန်နဲ့မှောက်ကျဖူးတယ်။ ခေါင်းနဲ့လမ်းဘေးပလက်ဖောင်းနဲ့ တည့်တည့်ပဲ။ ဦးထုပ်ဆောင်းထားလို့သာ ဘာမှမဖြစ်ခဲ့တာ။ ဒီလို အေးစက်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့အခြေအနေတွေက ကိုယ့်ကိုခံနိုင်ရည်ပိုရှိလာစေပေမဲ့ တစ်ဖက်မှာလည်း အလွန်ပဲခက်ခဲလှပါတယ်။ ဒါကြောင့်...

ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်၏။

  • GP Register အရင်ဆုံးလုပ်ပါ: သင်ဒီကိုရောက်ရောက်ချင်း ပထမဆုံးလုပ်ရမဲ့အလုပ်က GP Register လုပ်ဖို့ပါ။ နေမကောင်းမှ၊ အရေးပေါ်ဖြစ်မှဆိုတဲ့အတွေးကို လုံးဝမထားပါနဲ့။
  • သွားဆေးခန်း ကြိုပြခဲ့ပါ: ဒီမှာ သွားနဲ့ခံတွင်းကျန်းမာရေးစရိတ်က အလွန်ကြီးပါတယ်။ မြန်မာပြည်ကမထွက်လာခင်မှာ သွားစစ်ဆေးတာ၊ ဖာသင့်တာဖာတာ၊ နုတ်သင့်တာနုတ်တာတွေကို တစ်ခါတည်းလုပ်ခဲ့ပါ။
  • အသုံးများတဲ့ဆေးဝါးတွေ ယူလာပါ: ကိုယ်နဲ့တည့်တဲ့ အကိုက်အခဲပျောက်ဆေး၊ အစာကြေဆေး၊ ဓာတ်မတည့်တာအတွက်ဆေး စတာတွေကို ဆောင်ခဲ့ပါ။

နေမကောင်းမဖြစ်အောင်နေပါ။ ဖြစ်လာခဲ့ရင်တောင် ကိုယ့်စိတ်ကို အရင်ဆုံးဂရုစိုက်ပါ။ ဘေးနားမှာ သူငယ်ချင်းမိတ်ဆွေတွေရှိရင်တောင် ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူလောက် ဘယ်သူကမှကိုယ့်စိတ်ကို နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။


နိဂုံးချုပ်။ စိတ်ဓာတ်ခွန်အားကို ပြန်လည်တည်ဆောက်ခြင်း

ဒီအရာကတော့ အားလုံးကိုပေးချင်တဲ့ နောက်ဆုံး message ပါ။ မိတ်ဆွေတို့တစ်ဦးချင်းစီတိုင်းရဲ့နောက်မှာ မိတ်ဆွေတို့ကိုယ်တိုင်ရှိတယ်၊ မိတ်ဆွေတို့ကိုချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေရှိတယ်။

ကျနော်က နဂိုကတည်းက အရမ်းနွေးထွေးတဲ့ family ကမလာခဲ့တော့ သိပ်ပြီးမနွေးထွေးမကြင်နာတတ်ဘူး။ ဒါပေမယ့် အားငယ်တတ်တယ်။ ဒီလိုမျိုးအရာတွေကိုနားလည်ပေးပြီးကျနော့်ဘေးမှာအမြဲတမ်းရပ်တည်ခဲ့တဲ့ အမျိုးသမီးတစ်ဦးအမြဲရှိခဲ့တယ်။​ သူ့ကြောင့်သာမဟုတ်ခဲ့ရင် ကျနော်ဒီတောင်ရောက်လာမှာမဟုတ်ဘူး။

မိတ်ဆွေတို့ကို ချစ်သူရှာခိုင်းတာမဟုတ်ပါဘူး။ ဒါပေမဲ့ မိတ်ဆွေတို့မှာ အားကိုးရာ အရင်းနှီးဆုံးသူတွေရှိတယ်ဆိုတာကို မမေ့စေချင်ဘူး။ အချိန်ကြာလာတဲ့အခါ "ငါ ဘာလို့ဒီလမ်းကိုရွေးမိခဲ့တာလဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်လာတတ်တယ်။ Self-doubt ဝင်လာတတ်တယ်။ ဒါက လူတိုင်းကြုံရတာပါပဲ။

ဒီလိုဖြစ်လာတဲ့အခါ... "Sometimes we don’t actually have to push ourselves to max constantly everyday. Everyone needs breaks."

အမြဲတမ်းကြီး push နေတဲ့အခါ productive ဘယ်ဖြစ်တော့မလဲဗျာ။

  • ငွေစုနေရလို့ပင်ပန်းနေရင် စုတာလေးနည်းနည်းလျှော့ပြီး ကိုယ်စားချင်တာလေးသုံးလိုက်ပါ။
  • ကျောင်းစာ၊ အလုပ်တွေနဲ့ပိနေရင် တစ်ရက်လောက်အကုန်လုံးကိုမေ့ထားပြီး Coffee လေးသောက်၊ Movie လေးကြည့်ပြီး အနားယူလိုက်ပါ။
  • စိတ်ဓာတ်ကျလို့ရတယ်၊ ဒါပေမဲ့ ပြန်ထနိုင်ဖို့တော့ အားမွေးထားပါ။ ကျတုန်းက ရှယ်ကျပြီး ပြန်ထတော့မှ ဖြည်းဖြည်းချင်းဆို ပိုပင်ပန်းပါတယ်။

ဒီခရီးကမခက်ပါဘူး၊ ကိုယ်ကခက်အောင်လုပ်နေလို့ခက်နေတာလို့ပဲ သတ်မှတ်ထားရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့၊ ကိုယ့်သားသမီး၊ မိသားစု၊ ချစ်သူက ပြည်ပမှာရှိနေရင် သူတို့ကိုပိုပြီးဂရုစိုက်ပေးပါ။ ကိုယ့်အတွက်ဘာမှမဟုတ်တဲ့အရာက သူတို့အတွက် တောင်လိုကြီးမားတဲ့အခက်အခဲဖြစ်နေနိုင်ပါတယ်။ ကိုယ့်ရဲ့အကြင်နာတရားအပြည့်နဲ့ရေးထားတဲ့စာလေးတွေ၊ ချစ်ကြောင်း၊ လွမ်းကြောင်းစကားလုံးလေးတွေက သူတို့အတွက် အကြီးမားဆုံးအားဆေးပါပဲ။

ပြောခဲ့သမျှတွေက ကျနော့်အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ကော ဘာတွေကြုံဖူးလဲ။ ဘယ်လိုပြင်ဆင်ထားကြပြီလဲ။ ဒီနေ့အတွက် task ကတော့ self-reflection ပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ယောင်ကြည့်ပြီး လိုအပ်တာတွေကို ချရေးထားပါ။ တဖြည်းဖြည်းချင်း ပြင်ဆင်ဖန်တီးသွားပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet