"GED က အဖြေလား" - နိုင်ငံခြားထွက်ဖို့ကြိုးစားနေကြတဲ့ မြန်မာကျောင်းသားမိဘများအတွက် သတိပေးချက်

"GED က အဖြေလား" - နိုင်ငံခြားထွက်ဖို့ကြိုးစားနေကြတဲ့ မြန်မာကျောင်းသားမိဘများအတွက် သတိပေးချက်

This article is also available in [English]

"မြန်မာနိုင်ငံက ကျောင်းတွေမှာ ဘာတွေဖြစ်နေလဲ။ ဘာတွေသတိထားသင့်လဲ။ GED ဆိုတာကော တကယ်ပဲ အဖြေလား။"

ဒီနေ့မှာတော့ ပညာရေးလမ်းကြောင်းပေါ်မှာ အခက်အခဲအများဆုံးနဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ အထူးသဖြင့် အစိုးရကျောင်းသင်ရိုးကနေ နိုင်ငံတကာပညာရေးကို ကူးပြောင်းဖို့ကြိုးစားနေတဲ့သူတွေအတွက် သတိထားစရာတွေကို အဓိကထားရေးသွားချင်ပါတယ်။


အခန်း (၁)။ လက်ရှိပညာရေးရဲ့ အကျပ်အတည်း နှင့် "GED" ထောင်ချောက်

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲများတဲ့ ပညာရေးစနစ်၊ COVID-19 ကပ်ရောဂါနဲ့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဂယက်တွေကြောင့် ကျောင်းသားလူငယ်တွေရဲ့ ပညာရေးမှာ ၂ နှစ်၊ ၃ နှစ်လောက်ကွက်လပ်တွေဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ အသက်အရွယ်တွေက တက္ကသိုလ်တက်ရမယ့်အရွယ်ကိုရောက်လာပေမဲ့ ပညာရေးအခြေခံက လိုအပ်နေဆဲ။ ဒီအခြေအနေမှာ မိဘတွေရော ကျောင်းသားတွေပါ "ချက်ချင်းထွက်လမ်း" ကိုရှာရင်း GED (General Educational Development) ကို ၄ လလောက်နဲ့ အမြန်ဖြေရှင်းပြီး နိုင်ငံခြားထွက်ဖို့ ကြိုးစားလာကြတယ်။

ဒါဟာ အလွန်အန္တရာယ်များတဲ့လမ်းကြောင်းတစ်ခုပါ။ ဘာလို့လဲ။

GED ဆိုတာ အမေရိကန်အထက်တန်းပညာရေးနဲ့ ညီမျှကြောင်း အသိအမှတ်ပြုပေးတဲ့ စာမေးပွဲဖြစ်ပြီး၊ သူ့ရဲ့မေးခွန်းတွေဟာ အမေရိကန်ရဲ့ သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးနောက်ခံအကြောင်းအရာတွေကို နက်နက်နဲနဲနားလည်ထားဖို့လိုအပ်ပါတယ်။ မြန်မာသင်ရိုးနဲ့သာလေ့လာခဲ့ပြီး အင်္ဂလိပ်စာအခြေခံအားနည်းတဲ့ ကျောင်းသားတစ်ယောက်အတွက် ဒီစာမေးပွဲကို လအနည်းငယ်အတွင်း ပြင်ဆင်အောင်မြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်ပါပဲ။ IGCSE နဲ့ တက်လာတဲ့သူတောင်မှ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူရပါတယ်။

ဒါကြောင့် အသက်ငယ်သေးပြီး အချိန်အတိုင်းအတာတစ်ခုလည်း လက်ထဲမှာရှိနေသေးတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံးနည်းလမ်းကတော့ IGCSE လိုမျိုး ခိုင်မာတဲ့ နိုင်ငံတကာသင်ရိုးတစ်ခုကို အချိန်ယူပြီး စနစ်တကျပြင်ဆင်ဖို့ပါပဲ။


အခန်း (၂)။ စနစ်ရဲ့ အက်ကွဲကြောင်းများ- သင်ရိုး၊ ဆရာ နှင့် "စာခက်တယ်" ဆိုတဲ့ပြဿနာ

မြန်မာကျောင်းသင်ရိုးကနေ နိုင်ငံတကာသင်ရိုးကိုပြောင်းတဲ့အခါ အကြီးမားဆုံးစိန်ခေါ်မှုက သင်ရိုးညွှန်းတမ်း (Curriculum) ကိုယ်တိုင်ပါပဲ။ နိုင်ငံခြားစာအုပ်တွေမှာ ပြည့်ပြည့်စုံစုံရှင်းပြထားတဲ့အကြောင်းအရာတစ်ခုကို မြန်မာသင်ရိုးမှာတော့ အဲ့ထဲကတစ်ပိုဒ်လောက်ထည့်မယ်၊ ပုံလေးနဲနဲထည့်မယ်၊ စာတွေအများကြီးပြွတ်သိပ်ထည့်ပြီး မေးခွန်းတွေဖြေခိုင်းမယ်။ ဒါဟာ သင်ပေးတဲ့စာအုပ်လို့တောင်မခေါ်ချင်ပါဘူး။ But they don’t make them better or relatable. အားလုံးလက်လှမ်းမီအောင်လုပ်ရင်း အရည်အသွေးတွေလျှော့ချလိုက်ရတဲ့ "ချွေးသိပ်ထားတဲ့ ပညာရေး" တစ်ခုပါပဲ။

ဒီစနစ်သစ်က အမေစုခေတ်မှာစကတည်းက အီရောအီရောနဲ့မလိုက်နိုင်ကြပါဘူးဆိုနေကာမှ၊ ဟော အာဏာထသိမ်းရော။ ပညာရေးကို တန်ဖိုးတစ်စက်ကလေးမှမထားတဲ့သူတွေလက်ထက်၊ စာဖြစ်ရင်ပြီးရောအခြေအနေတွေနဲ့ ဘယ်လိုမှရှေ့မရောက်နိုင်တော့ဘူးဆိုတာ လူတိုင်းသိကြမှာပါ။

ဒီအခြေအနေကို ပိုဆိုးစေတာက ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းပါ။ တကယ်တော်တဲ့ဆရာတွေရှိတာကို ကျနော်မငြင်းလိုပါဘူး။ ဒါပေမဲ့ ကျိုးပဲ့နေတဲ့ မြန်မာပညာရေးစနစ်ထဲမှာပဲ သင်ကြားကြီးပြင်းလာပြီး၊ အဲ့ဒီစနစ်နဲ့ပဲ ပြန်လည်အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ဆရာ၊ ဆရာမတွေဟာ နိုင်ငံတကာသင်ရိုးတစ်ခုကို ထိထိရောက်ရောက် ဘယ်လိုသင်ကြားပေးနိုင်မှာလဲ။

နောက်ဆုံးမှာတော့ "စာခက်တယ်" ဆိုတဲ့ ပြဿနာဟာ အောက်ပါအချက် (၄) ချက်ပေါင်းစပ်ရာကနေ ဖြစ်ပေါ်လာတာကိုတွေ့ရပါမယ်။

  1. ကျောင်းသား၏ အားနည်းသော ပညာရေးနှင့် အင်္ဂလိပ်စာအခြေခံ။
  2. သင်ရိုးကို ကျွမ်းကျင်စွာမသင်ကြားနိုင်သော ဆရာ၊ ဆရာမများ။
  3. မတည်ငြိမ်သော ခေတ်အခြေအနေ။
  4. ကျောင်းသားများနှင့် လက်လှမ်းမမီသော သင်ရိုးညွှန်းတမ်း။

အခန်း (၃)။ မိဘများအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများ

ဒီအကျပ်အတည်းကို ကျော်လွှားဖို့ မိဘတွေရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

  1. မှန်ကန်သော ပံ့ပိုးမှုပေးပါ: ကိုယ့်ကလေးရဲ့ အားနည်းချက်ကိုသိရင်၊ အဲ့ဒီအရာကိုဖြည့်ဆည်းပေးနိုင်မယ့် နည်းမှန်လမ်းမှန်ကိုရှာဖွေပါ။ လိုအပ်ရင် ငွေကြေး၊ အချိန်၊ လူအား စိုက်ထုတ်ဖို့ဝန်မလေးပါနဲ့။
  2. ကျောင်းနှင့် ဆရာကို သေချာရွေးချယ်ပါ: "စစ်မှန်တဲ့ Review" တွေကိုရှာဖတ်ပါ။ ကျောင်းတက်ဖူးတဲ့သူတွေကို တိုက်ရိုက်မေးမြန်းပါ။ များသောအားဖြင့်တော့ "You get what you pay for" ပါပဲ။
  3. တောင်းဆိုပိုင်ခွင့်ကို အသုံးပြုပါ: ကိုယ့်ကလေးက စာသင်ကြားမှုမှာ အဆင်မပြေကြောင်းပြောလာရင်၊ ဒါကိုနားထောင်ပြီး ဖြေရှင်းပေးဖို့တောင်းဆိုပါ။ မိဘတွေက ကျောင်းနဲ့ဆရာမရဲ့နာမည်ပျက်မှာစိုးလို့၊ ပြောလိုက်ရင် ကိုယ့်ကလေးကို "မဲ" မှာစိုးလို့ ကြောက်နေတတ်ကြတယ်။ မကြောက်ပါနဲ့။ စာသင်ကြားမှုကောင်းကောင်းရဖို့က ငွေပေးချေထားတဲ့ ကျောင်းသားတိုင်းရဲ့ အခွင့်အရေးပါ။

အခန်း (၄)။ ကျောင်းများ၏ Marketing ထောင်ချောက်နှင့် Online ပွဲများ

သတိထားရမယ့် နောက်ဆုံးအချက်ကတော့ ကျောင်းတွေရဲ့ မမြင်နိုင်တဲ့ Marketing နည်းလမ်းတွေပါ။

  • False Marketing: ကျောင်းလခ discount သို့မဟုတ် volunteer hours မက်လုံးတွေပေးပြီး ကျောင်းသားတွေကိုယ်တိုင် သူတို့ရဲ့ Personal Account တွေကနေ ကျောင်းအကြောင်းကောင်းကြောင်းတွေ ရေးခိုင်းတာမျိုးတွေရှိပါတယ်။
  • Online တိုက်ခိုက်မှုများ: ကျောင်းသားတစ်ယောက်က ကျောင်းရဲ့အားနည်းချက်ကို review ရေးတဲ့အခါ၊ ကျောင်းနဲ့ပတ်သက်သူတွေက အုပ်စုလိုက်ဝင်ပြီး အဲ့ဒီကျောင်းသားကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ၊ အများနဲ့တစ်ယောက် ဖိအားပေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။

ဒီလိုအခြေအနေမှာ ကျောင်းတစ်ကျောင်းရဲ့တန်ဖိုးကို ဘယ်လိုတိုင်းတာမလဲ။ တုံ့ပြန်ပုံနဲ့တိုင်းတာပါ။

  • ကျောင်းကောင်းတစ်ကျောင်းသည်: ဝေဖန်မှုကိုလက်ခံတယ်၊ တောင်းပန်တယ်၊ မှားတာကိုဝန်ခံပြီး ချက်ချင်းအရေးယူပြင်ဆင်ပေးတယ်။
  • ကျောင်းညံ့တစ်ကျောင်းသည်: မသိချင်ယောင်ဆောင်တယ်၊ ဒါမှမဟုတ် ဝေဖန်သူကျောင်းသားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြန်လည်တိုက်ခိုက်ပြီး ပုဂ္ဂိုလ်ရေးပြဿနာအဖြစ် အသွင်ပြောင်းပစ်တယ်။

နိဂုံး - ရှေ့ဆက်ရန် အားအင်

အထက်တန်းကျောင်းရွေးချယ်ခြင်းဟာ ဘဝရဲ့အရေးအပါဆုံး ဆုံးဖြတ်ချက်တွေထဲကတစ်ခုပါ။ ဒီအဆင့်ကနေ တက္ကသိုလ်၊ တက္ကသိုလ်ကနေ အလုပ်အကိုင်နဲ့ ဘဝရဲ့အနာဂတ်ကိုဆက်သွားရမှာဖြစ်လို့၊ အခုချိန်မှာ စိတ်ရှုပ်ခံပြီး သေချာစဉ်းစားရွေးချယ်ရခြင်းဟာ တန်ပါတယ်။

စိတ်အေးအေးထားပြီး ဆုံးဖြတ်ပါ။ ဘယ်ကစရမှန်းမသိရင်၊ ဒီအချက်တွေကို ပြန်သုံးသပ်ပါ-

  1. သင်၏ ပညာအရည်အချင်း
  2. သင်၏ ဘတ်ဂျက်
  3. သင်၏ အချိန်အတိုင်းအတာ
  4. သင်၏ Major
  5. သင်၏ နိုင်ငံ
  6. သင်၏ နောက်ခံအခြေအနေ

အတွေ့အကြုံရှိတဲ့သူတွေ၊ စိတ်ချရတဲ့ consultant တွေနဲ့တိုင်ပင်ပါ။ ကျနော့်ကိုလည်း လာမေးလို့ရပါတယ်။ ဘယ်အရာမှ perfect မဖြစ်ပါဘူး။ အဓိကကတော့ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို ပျော်အောင်ကြိုးစားပြီး၊ ကိုယ့်ရဲ့ခြေလှမ်းတိုင်းအတွက် ဂုဏ်ယူလိုက်ပါ။ ခွန်အားအပြည့်နဲ့ ရှေ့ဆက်နိုင်ကြပါစေ။


Read more

UKကဦးဆုံးအချိန်များ

UKကဦးဆုံးအချိန်များ

အမှန်တရားကို ဖွင့်ဟခြင်း Heathrow လေဆိပ်ပေါ်ကဆင်း၊ ကိုယ်ရောက်လာတဲ့မြို့ရဲ့ အင်မတန်သန့်ရှင်းရှုပ်ထွေးလူများတဲ့ လမ်းမတွေပေါ်မှာ ပထမဆုံးခြေချမိတဲ့စိတ်လှုပ်ရှားမှု ဒါကိ

By Moe Htet
UK ရှိ သင်၏ ပထမဆုံး ၄၈ နာရီ

UK ရှိ သင်၏ ပထမဆုံး ၄၈ နာရီ

နိဒါန်း- UK မှ ကြိုဆိုပါတယ် နောက်ဆုံးတော့ ဒီအချိန်ကိုရောက်လာခဲ့ပါပြီ။ လပေါင်းများစွာကြာအောင် လျှောက်လွှာတွေတင်၊ အင်တာဗျူးတွေဖြေ၊ အစီအစဉ်တွေဆွဲခဲ့ပြီးတဲ့နောက်

By Moe Htet
"The Digital Battleground" ကို မိတ်ဆက်ခြင်း

"The Digital Battleground" ကို မိတ်ဆက်ခြင်း

စာရေးသူ၏ မှတ်စု: Moe Notes က ကျနော့်ရဲ့အလုပ်တွေဟာ ကျောင်းသားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ခရီးစဉ်နဲ့ နက်နက်ရှိုင်းရှိုင်းချိတ်ဆက်နေတယ်ဆိုတာကို မိတ်ဆွေတို့သိကြ

By Moe Htet