နိုင်ငံခြားမှာကျောင်းတက်ဖို့ ပြင်ဆင်ချင်တယ်၊ ဘယ်ကစရမလဲ။ (A Strategic Guide)

This article is also available in [English]
"မြန်မာနိုင်ငံမှာ ဆက်နေဖို့အဆင်မပြေတော့ဘူး၊ ကျောင်းဆက်တက်ချင်တယ်၊ ဒါပေမဲ့ ဘယ်ကနေဘယ်လိုစပြီး ဘာတွေလုပ်ရမလဲ လုံးဝမသိတော့ဘူး။"
ဒီလိုမေးခွန်းတွေနဲ့ စိတ်ရှုပ်ထွေးနေကြတဲ့သူတွေ အလွန်များလာပါတယ်။ တစ်ဖက်မှာလည်း Educational Consultant တွေ၊ IGCSE သင်တန်းတွေ၊ နိုင်ငံတကာကျောင်းတွေကလည်း မှိုလိုပေါက်နေတော့ ဘယ်ဟာက အမှန်တကယ်စိတ်ချရလဲ၊ ဘယ်လမ်းကြောင်းက ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ဝေခွဲရခက်စေပါတယ်။
ဒီ Post ဟာ ကျနော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံ၊ ကျနော့်ကိုလာမေးကြတဲ့သူတွေရဲ့အခြေအနေတွေနဲ့ ကျနော့်ပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ခရီးလမ်းတွေကိုအခြေခံပြီး လူတိုင်းအတွက် တတ်နိုင်သလောက် အကျုံးဝင်နိုင်မယ့် မဟာဗျူဟာမြောက် လမ်းညွှန်တစ်ခုအနေနဲ့ မျှဝေပေးချင်ပါတယ်။
အပိုင်း (၁) - ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခြင်း- သင်၏ မဟာဗျူဟာမြောက် အစမှတ်
နိုင်ငံခြားကျောင်းလျှောက်ဖို့ မစခင်မှာ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းသိဖို့ အရေးကြီးဆုံးပါ။ ဒါဟာ သင့်ရဲ့လမ်းပြမြေပုံကို စတင်ရေးဆွဲခြင်းပါပဲ။
ကိုယ့်ကိုယ်ကိုယ်မေးရမည့် မေးခွန်း (၁၀) ချက်:
- လက်ရှိပညာအရည်အချင်း: သင်နောက်ဆုံးပြီးခဲ့တဲ့ အတန်းကဘာလဲ။ (ဥပမာ - မြန်မာဆယ်တန်း၊ IGCSE, University 1st Year)
- သုံးစွဲနိုင်မည့်ငွေကြေး: ကျောင်းစရိတ်၊ နေထိုင်စရိတ်အားလုံးအတွက် တစ်နှစ်ကို ဘယ်လောက်ပမာဏအထိ သုံးနိုင်မလဲ။ စုစုပေါင်းဘယ်နှနှစ်စာအတွက် အဆင်သင့်ဖြစ်ပြီလဲ။ (ဒါဟာ သင်အလုပ်မလုပ်ဘဲ ရရှိနိုင်မယ့် ပမာဏဖြစ်သင့်ပါတယ်။)
- ပြည်ပထွက်ခွာလိုသည့်အချိန်: ဘယ်လောက်မြန်မြန်သွားချင်တာလဲ။ (ဥပမာ - တစ်နှစ်အတွင်း၊ နှစ်နှစ်အတွင်း)
- စိတ်ဝင်စားသော Major: ဘယ်ဘာသာရပ်ကို အဓိကထားလေ့လာချင်လဲ။
- သွားရောက်လိုသည့် နိုင်ငံ: ဘယ်နိုင်ငံကို ဦးတည်နေသလဲ။
- မိသားစုနောက်ခံအခြေအနေ: မိဘလုပ်ငန်းကို ဆက်ခံဖို့အစီအစဉ်ရှိသလား၊ ဒါမှမဟုတ် ကိုယ့်ဒူးကိုယ်ချွန်ရမလဲ။
- အကူအညီပေးနိုင်မည့်သူ (လူခံ): သင်သွားမယ့်နိုင်ငံမှာ လက်တွေ့ကျကျကူညီနိုင်မယ့်သူ ရှိပါသလား။
- ရေရှည်ရည်မှန်းချက်: နိုင်ငံသားခံယူဖို့၊ အလုပ်လုပ်ပြီး အခြေချဖို့အထိ စဉ်းစားထားသလား။
- Major နှင့် နိုင်ငံရွေးချယ်မှု: သင်ရွေးချယ်တဲ့ Major က ဘယ်နိုင်ငံမှာ ပိုပြီးနာမည်ကြီးသလဲ။ (ဥပမာ- Architecture ဆို UK နဲ့ ဥရောပ)
- သင်၏ ‘အကြောင်းပြချက်’ (သင်၏ ဆန္ဒ): ဘာကြောင့် နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တာလဲ။
ကျနော့်ရဲ့ လက်တွေ့ဥပမာ
- ပညာအရည်အချင်း: မြန်မာဆယ်တန်းစနစ်ဟောင်းမဖြေခဲ့ပါဘူး၊ CDMလှုပ်ရှားမှုထဲပါဝင်ခဲ့တယ်။ ဒါကြောင့် OSSD (Ontario Secondary School Diploma) pathway ကို ရွေးချယ်ခဲ့ပါတယ်။
- ငွေကြေး: တစ်နှစ်ကို ပေါင် ၂၅,၀၀၀ မှ ၃၀,၀၀၀ အထိ သုံးစွဲနိုင်ပြီး၊ Bachelors, Masters, PhD အထိ ထောက်ပံ့နိုင်သည်။ Part-time အလုပ်ကို မဖြစ်မနေလုပ်စရာမလို။
- အချိန်: အမြန်ဆုံးထွက်ခွာရန်။
- Major: Design နှင့် ပတ်သက်သော ဘာသာရပ် (ဥပမာ - Architecture)။
- နိုင်ငံ: အင်္ဂလိပ်စကားပြောနိုင်ငံ (ဥရောပကို စိတ်ဝင်စားသော်လည်း ဘာသာစကားအခက်အခဲကြောင့်)။
- Background: မိသားစုလုပ်ငန်းမရှိ၊ ကိုယ့်ဒူးကိုယ်ချွန်ရမည်။
ဒီအချက်အလက်တွေက ကျနော့်ရဲ့ ဆုံးဖြတ်ချက်တိုင်းကို ပိုပြီးရှင်းလင်းပြတ်သားစေခဲ့ပါတယ်။
အပိုင်း (၂) - လက်တွေ့ကျသော စီမံကိန်း ရေးဆွဲခြင်း
၁။ သင်၏ ဘတ်ဂျက်ကို ရိုးသားစွာ သတ်မှတ်ပါ။
Scholarship ကို အဓိကမမှန်းပါနဲ့။ အပြည့်အဝထောက်ပံ့တဲ့ Scholarship ဆိုတာ အလွန်ရှားပါးပါတယ်။ မိဘ သို့မဟုတ် ထောက်ပံ့ပေးမယ့်သူနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး လက်တွေ့ကျတဲ့ နှစ်စဉ်ဘတ်ဂျက်တစ်ခုကို သတ်မှတ်ပါ။ ဒီဘတ်ဂျက်ကသာ သင်သွားနိုင်မယ့် နိုင်ငံနဲ့ ကျောင်းတွေကို ဆုံးဖြတ်ပေးမှာပါ။
ပျမ်းမျှကုန်ကျစရိတ်များ (တစ်နှစ်စာ၊ ခန့်မှန်းခြေ):
- အာရှနိုင်ငံများ (ထိုင်း၊ ဗီယက်နမ်): အမေရိကန်ဒေါ်လာ $8,000 - $10,000 ဝန်းကျင်နှင့်အထက်
- ဥရောပနိုင်ငံအချို့: ကျောင်းလခသက်သာနိုင်သော်လည်း ဘာသာစကားအခက်အခဲရှိနိုင်သည်။
- UK / Canada(USမပါ): တစ်နှစ် ကျောင်းလခနှင့် နေထိုင်စရိတ်ပေါင်း အမေရိကန်ဒေါ်လာ $35,000 - $40,000+ ဝန်းကျင်မှ စတင်သည်။ (ကျနော့်ဘတ်ဂျက်ဖြစ်တဲ့ ပေါင် ၃၀,၀၀၀ ဟာ လန်ဒန်မြို့ပြင်က တက္ကသိုလ်တစ်ခုအတွက် လက်တွေ့ကျတဲ့ ပမာဏတစ်ခုပါ။)
အချက်တစ်ချက်: ငွေလဲနှုန်းအတက်အကျကိုလည်း ထည့်သွင်းစဉ်းစားရန်လိုသည်။ ဥပမာအားဖြင့် ၂၀၂၃ မေလမှ ၂၀၂၄ မေလအတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာငွေလဲနှုန်းသည် ၂၅% ကျော်မြင့်တက်ခဲ့ပြီး မိသားစုများအတွက် ကုန်ကျစရိတ်ကို သိသိသာသာပြောင်းလဲစေခဲ့သည်။**
၂။ သင်၏ အထက်တန်းပညာရေးလမ်းကြောင်း (High School Qualification) ကို ရွေးချယ်ပါ။
နိုင်ငံတကာတက္ကသိုလ်အများစုက မြန်မာဆယ်တန်းကို တိုက်ရိုက်အသိအမှတ်မပြုပါဘူး။ နိုင်ငံတကာအသိအမှတ်ပြု Qualification တစ်ခု လိုအပ်ပါတယ်။
- "Gold Standard" (UK/International): IGCSE နှင့် GCE A-Levels တို့သည် UK တက္ကသိုလ်များအတွက် အလေးစားခံရဆုံးဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ အသိပညာပြည့်ဝမှုကို ပြသနိုင်သောကြောင့်ဖြစ်သည်။
- မြောက်အမေရိက လမ်းကြောင်း: OSSD (ကျနော်တက်ခဲ့သော) သည် Canada အတွက် အထူးကောင်းမွန်ပြီး၊ SAT/ACT သည် US လျှောက်လွှာများအတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ (USကို မြန်မာနိုင်ငံမှမည်သူမဆို လာခွင့်မရှိပါ)
- GED: ဤလက်မှတ်သည် အပေါ်က qualification များလောက် အသိအမှတ်ပြုမခံရဘဲ လက်ခံသော ထိပ်တန်းတက္ကသိုလ် အလွန်နည်းပါသည်။
၃။ Major နှင့် အထက်တန်းဘာသာရပ်များ ချိတ်ဆက်ပါ။
ဒါဟာ ကျောင်းသားအများစု လွဲချော်တတ်တဲ့ အရေးကြီးတဲ့အချက်ပါ။ တက္ကသိုလ်တွေမှာ ဘာသာရပ်အလိုက် "prerequisite" (ကြိုတင်လိုအပ်ချက်) တွေရှိပါတယ်။
- ကျနော့်အတွေ့အကြုံ (Architecture): Architecture အတွက် လိုအပ်ချက်ပြည့်မီရန် OSSD တွင် Physics (SPH4U), Calculus and Vectors (MCV4U), နှင့် Visual Arts (AVI4M) ကဲ့သို့သော ဘာသာရပ်များကို မဖြစ်မနေယူခဲ့ရသည်။
- Business: Business ဘက်သွားသော ကျနော့်မိတ်ဆွေများက International Business (BBB4M) နှင့် Economics (CIA4U) တို့ကို ယူခဲ့ကြသည်။
- ယေဘုယျစည်းမျဉ်း: Engineering တက်ချင်ရင် Physics နှင့် သင်္ချာအဆင့်မြင့်ဘာသာရပ်များ မဖြစ်မနေလိုအပ်သည်။ ဆေးတက္ကသိုလ်အတွက် ဓာတုဗေဒနှင့် ဇီဝဗေဒသည် မရှိမဖြစ်လိုအပ်သည်။
အပိုင်း (၂) - ကန့်သတ်ချက်များမှသည် တိကျသောစီမံကိန်းသို့
ကိုယ့်အခြေအနေကို သုံးသပ်ပြီးပြီဆိုရင်တော့ အဓိကကျတဲ့ မဟာဗျူဟာဆုံးဖြတ်ချက်တွေ ချရပါမယ်။
- ဘတ်ဂျက်ကို အတည်ပြုပါ: လက်တွေ့ကျကျသုံးနိုင်မယ့်ငွေပမာဏကို သတ်မှတ်ပါ။ ဒါက သင်သွားနိုင်မယ့် နိုင်ငံနဲ့ကျောင်းတွေကို ဆုံးဖြတ်ပေးမှာပါ။
- ပညာရေးလမ်းကြောင်းကို ရွေးချယ်ပါ: သင့်အချိန်ဇယားနဲ့ နိုင်ငံအပေါ်မူတည်ပြီး မှန်ကန်တဲ့ Qualification ကိုရွေးချယ်ပါ (ဥပမာ - အမြန်လမ်းဖြစ်တဲ့ Foundation Programme သို့မဟုတ် ပိုမိုခိုင်မာတဲ့ A-Levels)။
- ဘာသာရပ်များကို ချိတ်ဆက်ပါ: သင်ယူခဲ့တဲ့ဘာသာရပ်တွေက တက္ကသိုလ်ကတောင်းဆိုတဲ့ "prerequisite" နဲ့ကိုက်ညီမှုရှိမရှိ သေချာစစ်ဆေးပါ။
အပိုင်း (၃) - လုပ်ဆောင်ရန် အစီအစဉ်- စီမံကိန်းမှသည် လျှောက်လွှာတင်ခြင်းသို့
သင်စဉ်းစားလို့ပြီးပါပြီ။ အခု လက်တွေ့လုပ်ဆောင်ရမယ့်အချိန်ပါ။ ဒါကတော့ လျှောက်လွှာတင်ခြင်းအတွက် အဆင့်ဆင့်လမ်းညွှန်ဖြစ်ပါတယ်။
အဆင့် ၁ - သင်၏လက်နက်များ စုဆောင်းခြင်း (စာရွက်စာတမ်းများ)
ဒါက အချိန်အကုန်ဆုံးအပိုင်းဖြစ်လို့ လနဲ့ချီပြီး ကြိုတင်ပြင်ဆင်ပါ။
- ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ: တရားဝင် စာမေးပွဲအောင်လက်မှတ်များနှင့် အမှတ်စာရင်းများ (မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ တရားဝင်ဘာသာပြန်ဆိုပြီး notarized တံဆိပ်တုံးထုထားရန်လိုသည်)။
- နိုင်ငံကူးလက်မှတ် (Passport): သက်တမ်းအနည်းဆုံးတစ်နှစ်ကျန်ရှိရန် သေချာပါစေ။
- အင်္ဂလိပ်စာ အရည်အချင်းစစ်: UK တက္ကသိုလ်အများစုအတွက် IELTS လိုအပ်ပါသည်။ ပုံမှန်အားဖြင့် overall 6.5 နှင့် band တိုင်း 6.0 အောက်မနိမ့်ရန် လိုအပ်လေ့ရှိသည်။
- Portfolio: Architecture, Art, Design ကဲ့သို့သော တီထွင်ဖန်တီးမှုဆိုင်ရာ major များအတွက် မရှိမဖြစ်လိုအပ်သည်။
- Personal Statement (or SOP): ဒါက သင့်ရဲ့ဇာတ်လမ်းပါ။ ဘာကြောင့် ဒီ major, ဒီ university ကို ရွေးချယ်ရသလဲဆိုတာကို ပြောပြရမယ့် သင့်ရဲ့အခွင့်အရေးပါ။
- ထောက်ခံစာ (Reference Letters): သင့်ရဲ့ဆရာ သို့မဟုတ် အလုပ်ရှင်ဆီက ထောက်ခံစာနှစ်စောင်ခန့် လိုအပ်လေ့ရှိသည်။
- ဘဏ်ငွေစာရင်း (Proof of Finances): UK ကျောင်းသားဗီဇာအတွက် သင့်ရဲ့ ပထမနှစ်ကျောင်းလခနှင့် သတ်မှတ်ထားသောနေထိုင်စရိတ်ကို ဘဏ်ထဲမှာ အနည်းဆုံး ၂၈ ရက်ဆက်တိုက် ထားရှိကြောင်း သက်သေပြရန်လိုသည်။
အဆင့် ၂ - သင်တန်းနှင့် လျှောက်လွှာပိတ်ရက်များ ရှာဖွေခြင်း
ဘယ်မှာရှာမလဲ: UK undergraduate course များအတွက် UCAS (Universities and Colleges Admissions Service) website သည် တရားဝင်နှင့် အစိတ်ချရဆုံး ရှာဖွေရေးပေါ်တယ်ဖြစ်သည်။
- ဘာကိုရှာမလဲ: တက္ကသိုလ် course page တိုင်းမှာ အောက်ပါတို့ကိုရှာဖွေပါ-
- Entry Requirements: တောင်းဆိုထားသော အမှတ်များနှင့် ဘာသာရပ်များ။
- Tuition Fees: နိုင်ငံတကာကျောင်းသားများအတွက် ကုန်ကျစရိတ်။
- Application Deadline: UK undergraduate course အများစုအတွက် အဓိကနောက်ဆုံးရက်မှာ စက်တင်ဘာလအတွက် ဇန်နဝါရီလဖြစ်သည်။
- Course Modules: သင်ဘာတွေလေ့လာရမလဲ။ သင့်ကိုစိတ်လှုပ်ရှားစေရဲ့လား။
အဆင့် ၃ - လျှောက်လွှာတင်ခြင်း- ကိုယ်တိုင် သို့မဟုတ် Consultant?
- DIY လမ်းကြောင်း: တက္ကသိုလ်အများစုကို သူတို့ရဲ့ portal ကနေ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။
- ဘယ်သူ့ကိုဆက်သွယ်မလဲ: တက္ကသိုလ်ရဲ့ International Admissions Office ကို တိုက်ရိုက်အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။
- Consultant လမ်းကြောင်း: ကောင်းသော consultant သည် အလွန်အထောက်အကူဖြစ်စေနိုင်သော်လည်း၊ ဆိုးသော consultant သည် ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။
- ဘယ်လိုစစ်ဆေးမလဲ: ကောင်းသော consultant သည် ပွင့်လင်းမြင်သာမှုရှိရမည်၊ တက္ကသိုလ်များနှင့် တရားဝင်စာချုပ်ရှိရမည်၊ သင့်အား ရွေးချယ်စရာများစွာပေးသင့်သည်။
အဆင့် ၄ - Offer နှင့် Visa
- လျှောက်လွှာတင်ပြီးနောက်၊ သင် Conditional Offer (လိုအပ်သောအမှတ်များ ပြည့်မီရန်လိုသေးသည်) သို့မဟုတ် Unconditional Offer ရရှိပါလိမ့်မည်။
- လိုအပ်ချက်အားလုံးပြည့်မီပြီး deposit ပေးချေပြီးပါက၊ တက္ကသိုလ်က သင့်အား CAS (Confirmation of Acceptance for Studies) ကို ထုတ်ပေးပါမည်။
- ဤ CAS နံပါတ်သည် ကျောင်းသားဗီဇာလျှောက်ထားရန် မရှိမဖြစ်လိုအပ်သော စာရွက်စာတမ်းဖြစ်သည်။ ဗီဇာကို တရားဝင်အစိုးရ website (ဥပမာ- UK အတွက် GOV.UK) မှတစ်ဆင့်သာ လျှောက်ထားပါ။
အပိုင်း (၃) - သတိထားသင့်သော ထောင်ချောက်များ
၁။ "မြန်မာပြည်ရှိ Private University" လမ်းကြောင်း။
မြန်မာပြည်မှာ တက်ရုံနဲ့ နိုင်ငံခြားဘွဲ့ရမယ်ဆိုတဲ့ ကြော်ငြာတွေကို သတိထားပါ။ အဓိကတွေ့ရတတ်တဲ့ ထောင်ချောက်သုံးမျိုးကတော့:
- အသိအမှတ်မပြုသော Diploma များ: နာမည်လှလှပေးထားသော်လည်း ဘယ်တက္ကသိုလ်ကမှ အသိအမှတ်မပြုတဲ့ Diploma တွေဟာ သင့်အချိန်နဲ့ငွေကိုသာ ကုန်ဆုံးစေပါလိမ့်မယ်။
- သီးသန့်ချိတ်ဆက်ထားသော ကျောင်းများ (Exclusive Partnerships): "ဒီမှာ ၂ နှစ်တက်၊ ပြီးရင် ဟိုကကျောင်းတစ်ကျောင်းတည်းကိုပဲ သွားတက်ရမယ်" ဆိုတဲ့ ပုံစံမျိုးက သင့်ရဲ့ရွေးချယ်ခွင့်ကို လုံးဝကန့်သတ်လိုက်ပါတယ်။
- ကန့်သတ်ထားသော Top-up Programmes: UK မှာ ၁ နှစ်သွားတက်ရုံနဲ့ဘွဲ့ရမယ်ဆိုတဲ့လမ်းကြောင်းတွေက တကယ်ရှိပေမဲ့၊ သင်တက်ချင်တဲ့ Major တိုင်း၊ ကျောင်းတိုင်းအတွက်မရနိုင်ပါဘူး။ (အထူးသဖြင့် Architecture လို လက်တွေ့အလွန်အရေးပါတဲ့ ဘာသာရပ်မျိုးအတွက် လုံးဝမဖြစ်နိုင်သလောက်ပါ။)
အကောင်းဆုံးအကြံပြုချက်: သင်စိတ်ဝင်စားတဲ့ကျောင်း သို့မဟုတ် ပရိုဂရမ်အကြောင်းကို အဲ့ဒီကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူအဟောင်းတွေကို တိုက်ရိုက်မေးမြန်းစုံစမ်းပါ။
၂။ "လူခံ" ၏ တကယ့်တန်ဖိုး။
လူခံရှိခြင်းက အထောက်အကူဖြစ်နိုင်ပေမဲ့၊ တကယ်လက်တွေ့ကျတဲ့အကူအညီမျိုးကို ပေးနိုင်မှသာ အရေးပါတာဖြစ်ပါတယ်။ ဥပမာ -
- နေစရာနေရာ: သင့်ကို အိမ်မှာတကယ်တမ်းနေခွင့်ပေးနိုင်သလား။
- အလုပ်အကိုင်: သင့်ကို အလုပ်ရှာပေးနိုင်သလား။
- အာမခံပေးသူ (Guarantor): အိမ်ငှားတဲ့အခါ တစ်နှစ်စာစရန်ငွေအပြည့်မပေးရအောင် Guarantor လုပ်ပေးနိုင်သလား။ (ထိုသို့လုပ်ပေးရန် သူကိုယ်တိုင်က ဝင်ငွေ တစ်နှစ် ပေါင် ၃ သောင်းကျော်ရှိခြင်း၊ UK မှာ အိမ်ပိုင်ဆိုင်ခြင်း စတဲ့လိုအပ်ချက်တွေရှိတတ်ပါတယ်။)
ဒါတွေမလုပ်ပေးနိုင်ဘူးဆိုရင်တော့ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ ပြင်ဆင်သွားပါ။
၃။ Consultantတွေအကြောင်း
အင်တာနက်ပေါ်က ကျောင်းတွေ၊ consultant တွေအကြောင်း ကောင်းကြောင်းရေးထားတဲ့ review တွေကို သတိထားပါ။ တချို့က အမှန်တကယ်ဖြစ်သော်လည်း၊ တချို့မှာ ငွေပေးပြီးရေးခိုင်းထားသော review အတုများဖြစ်နေတတ်သည်။ တကယ့်အတွေ့အကြုံအစစ်အမှန်နှင့်တူအောင် ရေးသားထားတတ်သောကြောင့် ခွဲခြားရန်မလွယ်ကူပါ။ အကောင်းဆုံးကာကွယ်မှုမှာ ကိုယ်တိုင်စုံစမ်းမေးမြန်းခြင်းဖြစ်သည်။
နိဂုံး - သင်၏ "ဆန္ဒ" သာ အရာအားလုံး၏ အဆုံးအဖြတ်ဖြစ်သည်။
ဒီအချက်အားလုံးထဲမှာ အရေးအကြီးဆုံးကတော့ သင့်ရဲ့ "ဆန္ဒ" ပါပဲ။ မိဘကတက်ခိုင်းလို့၊ သူငယ်ချင်းတွေသွားလို့လိုက်သွားတာမျိုးဆိုရင် သင်အခက်အခဲကြုံတဲ့အခါ ကျရှုံးသွားနိုင်ပါတယ်။ နိုင်ငံခြားမှာကျောင်းတက်ခြင်းဆိုတာ မိုင်ပေါင်းများစွာဝေးကွာတဲ့နေရာမှာ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ခရီးတစ်ခုပါ။
ဒီခရီးကိုမစခင် အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ- "ငါတကယ်ပဲ ဘာဖြစ်ချင်တာလဲ။ ဒီလမ်းကို ဘာကြောင့်လျှောက်ချင်တာလဲ။"
ဒီမေးခွန်းရဲ့အဖြေကသာ သင့်ကို အခက်အခဲအားလုံးရဲ့တစ်ဖက်ခြမ်းကိုရောက်အောင် တွန်းပို့ပေးမယ့် တစ်ခုတည်းသောစွမ်းအားဖြစ်ပါလိမ့်မယ်။ ဒီ Post ကိုဖတ်လိုက်ခြင်းကလည်း သင့်ရဲ့ပထမဆုံးခြေလှမ်းတစ်ခုပါပဲ။ ရှေ့ဆက်ပြီး အဓိပ္ပာယ်ရှိတဲ့ခြေလှမ်းတွေ လှမ်းနိုင်ကြပါစေ။