ကိုယ့်ကိုယ်ကိုဘာကြောင့်ဂရုစိုက်သင့်လဲ

မနက်စောစောထတယ်။ ကိုယ့်အတွက်ကိုယ် ယောဂလုပ်ရင်လုပ် လေ့ကျင့်ခန်းအကြောလျှော့ အစားအသောက်လေးတွေသေချာပြင်ဆင် ရေချိုးSkin care လုပ်ပြီးမှ နေ့ရက်တစ်ရက်တာကို စတင်တဲ့အခါ နဲ့
နေ့လည်မှထတယ်။ ဘာမှလုပ်စရာအချိန်မရှိဘူး။ အလျှင်အမြန်ပဲ အလုပ်သွားကျောင်းသွားဖို့ ပြင်ဆင် အစားအသောက်ဆိုတာလဲ လမ်းက တွေ့ကရာ Coffeeရယ် မုန့်လေးတစ်ခုရယ်ပဲနဲ့ နေ့ရက်တစ်ရက်တာကို စတင်တာ
ဘယ်လိုနေ့က ပိုပြီး အလုပ်ပြီးမြောက်လဲဗျ။
တကယ်တော့ ကျန်းမာခြင်းရဲ့ကောင်းကျိုးက ကျန်းမာရေးဆိုတာကို စဥ်းစားတွေးပူနေစရာမလိုတာ၊ ဘာအခက်အခဲ ဘာchallengeပဲကြုံကြုံကိုယ့်ခန္တာကိုယ်ကိုယ် ယုံကြည်ထားလို့ရနိုင်တာ လိုသလိုအသုံးပြုနိုင်တာ။
ကျနော်ဘာကြောင့်ကျန်းမာချင်တာလဲ။
တချို့အတွက်တော့ ခန္ဓာကိုယ်ကြီးလှပနေမှ Six packရှိနေမှ ဘော်ဒီအလန်းဖြစ်နေမှ။ တချို့က စိတ်ကြည်နေတဲ့အခါ Productive(အလုပ်ပြီးမြောက်)တဲ့အခါ။ တချို့ကတော့ ခန္ဓာကိုယ်တစ်ခုလို အသုံးချလို့ရနေရင် တော်ပြီ။ လမ်းလျှောက်လို့ရရမယ်။ စာရေးလို့ရရမယ်။ ပြေးဖို့လိုတဲ့အခါ ပြေးလို့ရနိုင်ရမယ်။
ကျနော့်အတွက်တော့ အကုန်လုံးပေါ့။
လူပဲလေဗျာ မဝချင်ဘူး။ ပိန်ချင်တယ်။ ဗလတောင့်ချင်တယ်။ အသားအရည်ကြည်လင်နေချင်တယ်။
ခန္ဓာကိုယ်တစ်ခုရဲ့ဇီဝဖြစ်စဥ်တွေကို ဆရာဝန်တစ်ဦးလို ကျနော်မသိဘူး။ လူတိုင်းလဲမသိနိုင်ဘူး။ ဒါပေမယ့် လူတိုင်းနားလည်နိုင်တာက သန့်ရှင်းလတ်ဆတ်တဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားမယ်။ အားကစားလုပ်မယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုလဲဂရုစိုက်မယ်။ သေချာအိပ်မယ်။
ဒီလိုဂရုတစိုက်ဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကရှိကိုရှိလာတယ်။ အရာရာအဆင်ပြေလာတယ်။ ကျနော်ကျန်းမာချင်တယ်ဆိုတာ အဓိကဒီလိုအရာအတွက်ဖြစ်တယ်။ ခန္တာကိုယ်ကြီးလာတယ် လှလာတယ်တို့ အသားအရည်ချောမွတ်လာတာတို့က အသေးအဖွဲလေးမျှသာဖြစ်တယ်။
ps. ဒီလိုဆိုလို့ ငါကဝပဲဝတာ ငါရောဂါမှမဖြစ်သေးတာ ကျန်းမာရေးကောင်းတယ်လို့ မုချပြောလို့မရပါဘူးနော်။
ဘာကြောင့်အရေးပါတာလဲ။
(ရောဂါကြီးကြီးမားမားမရှိ မွေးရာပါ ချို့ယွင်းမှုမရှိတဲ့သူတွေ) အသက်ငယ်သေးတဲ့အချိန်မျိုးမှာတော့ ကျန်းမာရေးဆိုးရွားနေလဲ သိပ်မသိသာလောက်ဘူး။ ကိုယ့်ရဲ့ ကျန်းမာခြင်းကို စမ်းသပ်တဲ့အရာတွေမရှိသေးသ၍ပေါ့။
အရက်ပဲ နင်းကန်သောက်သောက် ဆေးပဲချချ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေပဲစားစား လှုပ်ရှားမှုမရှိ နေမထိဘဲ အောင်းနေနေပါ။ အိပ်ရာထ ကျောင်းသွား/အလုပ်သွား လုပ်စရာရှိတာလုပ် အိမ်ပြန် အဆင်ပြေနေတာပဲ။
သူ့အရှိန်လေးနဲ့သူလုပ်နေရင် အဆင်ပြေတယ်ပေါ့ဗျာ။
အဲ တစ်ချိန်မှာတော့ ကိုယ်က အစွမ်းအစတွေကို နင်းကန်ထုတ်သုံးရတော့မယ်။ ဥပမာ - စာမေးပွဲတစ်ခုရှိလာလို့၊ လုပ်စရာတွေများလာလို့။ အဲ့လိုအချိန် ကိုယ့်ကိုယ်ကိုကတော့ ကြိုးစားနေတယ်လို့ ထင်တာပဲ ခက်တာက အရာထင်မလာဘူး။ Unproductiveဖြစ်နေတယ်။ ဘာကြောင့်လဲ။
တခြားကိစ္စတွေ အများကြီးရှိမယ်။ ဒါပေမယ့် အဓိကအကြောင်းအရင်းတွေထဲ ကျန်းမာရေးကြောင့် ဆိုတာလဲပါတယ်။
အောင်မြင်တဲ့သူတစ်ဦးဖြစ်ဖို့ ကြိုးစားလာကြတဲ့အခါ အရင်ထက် ခက်ခဲလာတယ်။ Intense pressureနဲ့ ရင်ဆိုင်လာကြရတယ်။ ဘဝရဲ့ကဏ္ဍအရပ်ရပ်တွေ (မိသားစုအရေး၊ ၊ အလုပ်အကိုင်၊ ပညာရေး၊ စားဝတ်နေရေး)ကြား ကျန်းမာရေးချို့တဲ့ခြင်းက ပိုလို့ကို ခက်ခဲစေတယ်။ အသက်ကြီးမှရမယ့်နောင်တတွေပေါ့ဗျာ။
ကိုယ့်ကို ဘယ်လောက်ထိအကျိုးရှိစေနိုင်လဲ။
ကျန်းမာခြင်းဆိုတာ အသက်ကြီးလာမှ သိသာတယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ်။ ဒီတော့ ရေတိုလေးပဲ ကနဦးကြည့်ကြရအောင်ဗျ။
လူ့ဘဝကြီးမှာဗျာ နေ့စဥ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေ အတားအဆီးတွေ၊ အချုပ်အနှောင်တွေ၊ အကြိမ်ကြိမ်လဲပြိုခဲ့ရတဲ့အိမ်မက်တွေနဲ့ မျှော်လင့်ချက်တွေ။ ဘယ်နေရာဘယ်နိုင်ငံမဆို ကုန်စျေးနှုန်းတွေကလဲတက်၊ အလုပ်တွေကလဲ ခက်သထက်ခက်လာ၊ social life ဘေးပတ်ဝန်းကျင်ကသူတွေကလဲ တစ်စက်ကလေးမှမကောင်း၊
ဒီလိုအပြောင်းအလဲတွေကြား ကိုယ်နဲ့ 24/7အမြဲတမ်းအတူရှိနေတဲ့သူက ကိုယ့်ခန္တာကိုယ် ကိုယ့်ဦးနှောက်။
ကိုယ့်အနားမှာအမြဲတမ်းရှိပေးနေတဲ့သူကို ကိုယ့်ဘက်ကဂရုစိုက်ပေးရမယ်။ သူပျော်အောင် သူကြည်လင်နေအောင် သူ့အလုပ်သူ ကောင်းကောင်းမွန်မွန်လုပ်နိုင်အောင် ကြိုးစားလို့ရသလောက်ကြိုးစားပေးရမယ်။
စိတ်ကြည်လင်နေတဲ့နေ့တစ်နေ့မှာ အရာရာက ပန်းတွေပွင့်နေသလို အဆင်ပြေနေတယ်။ အလုပ်တွေလဲပြီးတယ်။ စာလဲပြီးတယ်။ လူတွေနဲ့ဆက်ဆံရတာလဲပြေတယ်။ ခက်ခဲနေတာတွေကလဲ ခက်ခဲနေစမြဲပဲလေ။ ကိုယ့်ဘက်ကကြည့်တဲ့အကြည့်ပဲ ပြောင်းလဲသွားတာ။
ဒီလိုမျိုးနေ့စဥ်ဖြစ်လာပြီဆို ဘာတွေပဲကြုံရရ စိတ်ပျော်လာမယ်။ စာတော်လာမယ်။ အလုပ်တွေပြီးလာမယ်။ ဝါသနာပါတဲ့ပျော်တဲ့အရာတွေလဲ ပိုလုပ်ဖြစ်လာမယ်။ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ချောမွေ့လာမယ်။ ဒါမျိုးကိုလနဲ့ချီနှစ်နဲ့ချီလုပ်ဖြစ်လာရင် ဘဝတစ်ခုလုံးပြောင်းလဲသွားမယ်။
အလုပ်မအားဘူး ငွေမရှိဘူး အချိန်မရှိဘူး ကျန်းမာအောင်ဘယ်လိုနေရမလဲ။
ဟုတ်ပါတယ်။ ကျန်းမာရေးကို ဂရုမစိုက်နိုင်လောက်တဲ့အထိ ထမင်းတောင်နပ်မှန်အောင်မစားနိုင်လောက်တဲ့အထိ အခြေအနေအဆင်မပြေရင်တော့ နည်းလမ်းအများစုလိုက်လုပ်ဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ငွေမရှိလို့ လုပ်လို့မရဘူးလို့မဆိုလိုဘူးနော်။
အထိရောက်ဆုံးသောနည်းလမ်းက မိမိရဲ့နေ့စဥ်ဘဝက အမူအကျင့်တွေကို ကျန်းမာခြင်း ဆိုတဲ့ရှုထောင့်နဲ့ ပြောင်းလဲလိုက်တာပဲ။ အထူးတလည်ကြိုးစားအားထုတ်နေရရင် ဘယ်အရာမှအဆင်မပြေဘူး။ အဓိကက လွယ်ကူရမယ်။ ဒီအရာကို တားဆီးနေတဲ့အရာတွေ နည်းသထက်နည်းရမယ်
အိပ်စက်ခြင်း
ညစောစောအိပ်မယ်။ မနက်စောစောထမယ်။ အိပ်စက်ခြင်းကို ကျန်းမာဖို့အသုံးချမယ်။ အိပ်စက်ဖို့အကောင်းဆုံးအပူချိန်ကိုရအောင် နေမယ်။ အရမ်းပူမနေရဘူး။ အရမ်းအေးမနေရဘူး။ လေကောင်းလေသန့်ရအောင်လုပ်မယ်။ အဲကွန်းမလိုရင်မဖွင့်ဘူး။
အိပ်ခါနီး ဖုန်းအကြာကြီးအသုံးပြုမိတာတွေမလုပ်ဘူး။ အားကစားပြင်းပြင်းထန်ထန်မလုပ်ဘူး။ အစားအသောက်တွေအများကြီးမစားဘူး။ အာရုံစိုက်စရာတွေမလုပ်ဘူး။
Routine တစ်ခုရအောင်ဖန်တီးမယ်။ ဥပမာ - အိပ်ဖို့ဆုံးဖြတ်ပြီဆို ခဏလေးအခန်းမြန်မြန်ရှင်းလိုက်မယ်။ ရေချိုးခန်းထဲမှာ ရေချိုး သွားတိုက် skin careလုပ် အကုန်လုံး။ ပြီးရင်စာအုပ်ဖတ် အကြောလျှော့။ အိပ်လို့ကောင်းအောင် audiobookလေးနားထောင်တာမျိုးဖြစ်စေ sleep storyလေးတစ်ခုနားထောင်တာဖြစ်စေ လုပ်မယ်။
နေ့စဥ်လုပ်မယ်။ ထိုအခါ ကိုယ့်ခန္တာကိုယ်ကလဲ ဒီလိုrhythmကို ကျင့်သားရလာမယ်။
ဒါဆိုရင် Quality ကောင်းတဲ့sleepတစ်ခု နေ့စဥ်နေ့တိုင်းရပါလိမ့်မယ်။ ဘာဆေးဝါးအထောက်အကူမှမပါတဲ့ အိပ်စက်အနားယူခြင်းပါ။
နိုးထခြင်း
နိုးနိုးခြင်း မိနစ် ၂၀ကို အကျိုးရှိအောင် အသုံးချပါ။ အိမ်သာသွား သွားတိုက် အစားတစ်ခုခုထစား။ ပြီးရင် တစ်နေ့တာကိုစတင်ပါ။
ကျနော့်အတွက်တော့ နေ့တစ်နေ့တာကို အဆင်ပြေသွားအောင်လုပ်တဲ့အကျင့်က လေ့ကျင့်ခန်းGymဆော့တာပါ။ ရာသီဥတုအဆင်ပြေရင်တော့ မနက်အစောလေးထ နာရီဝက်တစ်နာရီလောက်ပြေး ပြီးရင် စျေးဝယ် အိမ်ပြန်။
မလုပ်သင့်တာက နိုးနိုးခြင်း ဖုန်းသုံးတာ Emailတွေပြန်တာ အရေးကြီးဖုန်းတွေခေါ်တာမျိုး ချက်ချင်းလုပ်ဖို့ မလိုရင် မလုပ်ပါနဲ့။ တစ်နေကုန်ငေးမှိုင်မှိုင်ဖြစ်နေပါလိမ့်မယ်။
နေ့စဥ်
နေ့ရက်တစ်နေ့တာကအကျင့်တွေကို ဖြေးဖြေးချင်းပြောင်းလဲပါ။
ကိုယ်က screen အရမ်းကြည့်ဖြစ်လို့ လျှော့ချင်တယ်ဆိုရင် တစ်နေရာမှာပစ်ထားလိုက်၊ do not disturbဖွင့်ထား။ ကိုယ့်ချစ်သူရည်းစားနဲ့စကားပြောချင်ရင် ဖုန်းခေါ်ထားလိုက်။ ကိုယ့်ကို ဖုန်းသုံးအောင်လုပ်နေတဲ့အရာတွေရှိရင် ဖျက်ပစ် ဖြုတ်ထားပစ်ဗျာ။
ရေသောက်နည်းရင် ရေပိုသောက် အထိုင်အထနည်းရင် ပိုပြီး ထိုင်ထပေး။
အစားအသောက်စားတဲ့အချိန်ကျရင်လဲ ကျန်းမာအောင်စားချင်ရင် ဝယ်တဲ့အစားအသောက်ပစ္စည်းတွေကအစ ထိန်းချုပ်လိုက်။ နည်းနည်းလေးပြောင်းရုံပဲ။ အချိုရည်သောက်တတ်တဲ့သူဆို အသီးအစစ်ဖျော်ရည်နဲ့အစားထိုး။ ကော်ဖီMixသောက်တဲ့သူဆို နှပ်ကော်ဖီအစစ်သောက်။ ဆီကြော်ကြိုက်တဲ့သူဆို ဆီနဲ့လှိမ့်ရုံတမယ်ကြော်ထားတာတွေစား။
- ကြက်ကြော်အစား ကြက်သားဖုတ်။
- ဆီပြန်ဟင်းတွေ ချဥ်ငံစပ်တွေအစား အရသာပေါ့ပေါ့နဲ့ ဆီလေးပါရုံတမယ်ချက်ထားတဲ့ အစားအသောက်တွေ။
- Burgerအစား Burrito Bowl.
ရေလုံပြုတ်စားနေစရာမလိုဘူးနော်။ အရသာရှိအောင်ချက်လို့ရပါတယ်။
စိတ်ကျန်းမာရေး
ကိုယ့်ကိုစိတ်ညစ်အောင်နည်းအမျိုးမျိုးက ဖန်တီးနေမှာမို့လို့ အာရုံစိုက်နေစရာမလိုဘူး။ ပစ္စုပ္ပန်မှာပဲနေ။ အတိတ်ကိုလဲထားခဲ့လိုက်တော့ အနာဂတ်အကြောင်းလဲတွေးမနေနဲ့တော့။ ဘဝမှာ ဘယ်လိုသူမျိုးကမှ အဆင်သင့်ဖြစ်နေမှာမဟုတ်ဘူး။ ဘဝကကြုံလာတဲ့အရာတွေကို ရင်ဆိုင်ဖို့ အရေးအကြီးဆုံးက မိမိစိတ်ကိုဂရုစိုက်ဖို့။
ဘဝဆိုတာတိုတိုလေးပါဗျာ။ စိတ်ညစ်စရာ ပျော်စရာ အချိုးအကွေ့dramaတွေကြား ခံစားနေရင် ကိုယ်ပဲပင်ပန်းတယ်။ စဥ်းစားဖို့လိုရင်စဥ်းစား မလိုရင်မေ့။ အဓိကက ရှေ့ဆက်နေဖို့ပဲ။
ဒီနည်းလမ်းတွေအကုန်လုံးက လူတိုင်းလိုက်လုပ်နိုင်တဲ့အရာတွေပါ။
ကျနော့်approach
ကျနော့်အတွက်တော့ ပိုသွားတာက ကျနော်Gymဆော့တယ်။ အော်ဂန်းနစ်အစားအသောက်တွေပဲရအောင်စားတယ်။ အတတ်နိုင်ဆုံး Plant based အစားအသောက်တွေပဲစားတယ်။ ပျော်အောင်နေတယ်။ အာရုံအနောက်မခံဘူး။
စာအုပ်ဖတ်တယ် နားထောင်တယ်။ သီချင်းတွေနားထောင်တာလျှော့ပြီး Podcastတွေပိုနားထောင်တယ်။ ငွေနဲ့အချိန်နဲ့ ကျန်းမာခြင်းကို အချိုးအစားကျကျ အလဲအလှယ်လုပ်တယ်။ ဒါကလဲ ကျနော့်အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးသော နေထိုင်နည်း။
အရေးအကြီးဆုံးကတော့ ကျနော့်ခန္ဓာကိုယ်ကျနော် ယုံကြည်ထားချင်တယ်။ အကယ်၍ ဘဝကြီးမှာကျရှုံးတဲ့အခါ အရာရာ ကုန်းကောက်စရာမရှိတော့အောင် ပျက်စီးသွားတဲ့အခါ ပြန်လည်ထူထနိုင်မယ်ဆိုတဲ့ယုံကြည်မှုနဲ့ နေ့စဥ်နေ့တိုင်းရှေ့ဆက်ချင်တယ်။ အကယ်၍ ကျနော့်ချစ်တဲ့သူတွေ လိုအပ်လာတဲ့အခါ အနီးအနားမှာ ထောက်တိုင်အဖြစ် အမြဲတမ်းရှိပေးချင်တယ်။ ဒီအတွက်ကျန်းမာနေရမယ်။
မိတ်ဆွေတို့လဲ ဒီလောက်တော့ လွယ်လွယ်ကူကူနဲ့လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ တုံ့ဆိုင်းမနေပါနဲ့တော့။ ဒီနေ့ညစောစောအိပ် မနက်ဖန်မအိပ် စောစော ထပါ။