ခေါင်းစဉ်- UK ပညာရေးအိပ်မက်- "Top-up" နှင့် "Master's" ဘွဲ့များ၏ ဖြတ်လမ်းနောက်ကွယ်က အမှန်တရား

ခေါင်းစဉ်- UK ပညာရေးအိပ်မက်- "Top-up" နှင့် "Master's" ဘွဲ့များ၏ ဖြတ်လမ်းနောက်ကွယ်က အမှန်တရား

အာဏာသိမ်းမှုနောက်ပိုင်း၊ အမေရိကန်ဗီဇာကန့်သတ်ချက်တွေနဲ့အတူ၊ မြန်မာကျောင်းသားတွေနဲ့ မိဘတွေအတွက် UK ဟာ အိပ်မက်သစ်တစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် "တစ်နှစ်ပဲတက်ရုံနဲ့ UK ဘွဲ့ရမယ်" ဆိုတဲ့ HND/OTHM Top-up ဒီဂရီလမ်းကြောင်းက အချိန်တို၊ ကုန်ကျစရိတ်သက်သာတဲ့ ဖြတ်လမ်း (Shortcut) တစ်ခုလို အလွန်ဆွဲဆောင်မှုရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ၊ မြန်မာပြည်မှာ အလုပ်အကိုင်၊ ဘဝ အတည်တကျဖြစ်ပြီးသား Professionals အများအပြားအတွက်လည်း တစ်နှစ်တာ Master's Degree တစ်ခုက "ဘဝအခွင့်အလမ်းသစ်" (Second Chance) ဒါမှမဟုတ် "အသက်မွေးဝမ်းကြောင်း ပြန်လည်စတင်ခြင်း" (Career Reset) အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာပါတယ်။

ဒါပေမဲ့ အဲဒီဆွဲဆောင်မှုနောက်ကွယ်မှာ သင်မသိသေးတဲ့ လက်တွေ့အခြေအနေတွေက ဘာတွေလဲ။

ကျနော်ကတော့စာရေးသူ မိုးပါ။ Oxford Brookes UniversityမှာArchitecture Major Second Year Undergraduateပြီးထားပါပြီ။ အလျဥ်းသင့်သလို စာဖတ်သူမိတ်ဆွေတွေကြား လိုအပ်မယ်လို့ယူဆတဲ့ ပညာရေး၊လူမှုရေး၊အလုပ်အကိုင်အတွေ့အကြုံအခွင့်အလမ်းတွေကို ဝေမျှနေပါတယ်။ အကျိုးရှိလိမ့်မယ်လို့ယူဆပါတယ်။

ကျနော့်ရဲ့ရွယ်တူသူငယ်ချင်းတွေထဲကတချို့ UKလာဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။ တချို့က 2+2 ဆိုတဲ့ ပြည်တွင်းမှာ ၂နှစ်တက်၊ ပြည်ပမှာ ၂နှစ်တက်ရတဲ့Programတွေ၊ ဟော တချို့ကျတော့ ၂နှစ်တက် နောက်ဆုံးနှစ်UKမှာလာတက်ဆိုတဲ့သူတွေ။ အထူးသဖြင့် ဒီ နောက်ဆုံးနှစ်တစ်နှစ်စာပဲ ကုန်မယ်။ ပြီးရင်UKက ဘွဲ့တစ်ခုရမယ် နေထိုင်ခွင့်ရလာမယ် အလုပ်ရမယ် ဆိုတဲ့မျှော်လင့်ချက်နဲ့။

သို့သော် အနည်းကျဥ်းသောသူတွေကသာ ဒီအိမ်မက်တွေကိုဖြည့်စည်းနိုင်ခဲ့တယ်။ ကိုယ်တက်ချင်တဲ့ကျောင်း၊ ကိုယ်သွားချင်တဲ့လမ်းကြောင်းကို အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ရောက်တယ်။ သို့မဟုတ်ပိုကောင်းတဲ့လမ်းတစ်ခုကိုရောက်တယ်။ ဒီလိုမျိုးသူမျိုးနည်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားကျောင်းကို လာမတက်နိုင်ကြတော့တဲ့သူတွေ ဘွဲ့တစ်ခုနဲ့တင်ကျေနပ်လိုက်ရတဲ့မိတ်ဆွေတွေရှိဆဲပါ။

ပြည်ပမှာ ဘဝအသစ်တစ်ခုထူထောင်ဖို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာ သာမန်ဝန်ထမ်းတစ်ဦးသာသာအလုပ်လုပ်နေကြရတဲ့ မိတ်ဆွေတွေလဲ ရှိနေဆဲပါ။ ကိုယ့်အမှားကြောင့်လဲဟုတ်ချင်မှဟုတ်မယ်။ အမေရိကန်ဗီဇာပိတ်သွားသလိုမျိုး ထိန်းချုပ်မရတဲ့အခြေအနေတွေကြောင့်လဲ ဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ပြင်ဆင်လို့ရသလောက်ပြင်ဆင်ကြရအောင်။


အပိုင်း (၁) - မာယာများသော "Top-up ဘွဲ့" လမ်းကြောင်း

အချိန်တိုခြင်း: - UK မှာ တစ်နှစ် (ပညာသင်နှစ် ၈-၁၀ လ) သာနေထိုင်ပြီး ဘွဲ့တစ်ခုပိုင်ဆိုင်နိုင်မယ်ဆိုတဲ့ ကတိစကား။ UKမှမဟုတ်ပါဘူး။ ဒီလမ်းကြောင်းနဲ့ဆို မလေးရှားမှာတက်လို့ရတယ်။ စင်္ကာပူမှာတက်လို့ရတယ်။ ဘယ်နိုင်ငံမှာတက်လို့ရတယ်။ ကုန်ကုန်ကိုယ့်နိုင်ငံမှာတင်ကို ဘွဲ့နှင်းသဘင်နဲ့ Certificateတစ်ခုနဲ့ ရယူနိုင်တယ်ပေါ့။

စရိတ်သက်သာခြင်း - ကျောင်းလခအားဖြင့် 31 May 2025 က "အင်္ဂလန်က နေ၊စား၊ကျောင်းစရိတ်" Postမှ

"တစ်နှစ်စာ စုစုပေါင်းကုန်ကျစရိတ် (3-year Degree ဥပမာ):

  • ကျောင်းလခ: ~£15,000 (စရိတ်အနည်းဆုံးဆုံးယူ Lab မပါသော ဘာသာရပ်)
  • နေထိုင်စားသောက်စရိတ်: ~£15,000 (ပျမ်းမျှယူ)
  • စုစုပေါင်း: ~ပေါင် £30,000 ခန့် (တစ်နှစ်စာ)
  • (Architecture လို Lab/Workshop based ဆို ကျောင်းလခ + အခြားကုန်ကျစရိတ်အဝဝ ပေါင် £25,000+ နဲ့တွက်ရင် စုစုပေါင်း ပေါင် £40,၀၀၀+ ဖြစ်သွားနိုင်ပါတယ်။ သာမန်ကျောင်းတက်ချင်တဲ့သူအတွက် အင်မတန်များပါတယ်)"

ကုန်ကျစရိတ်သက်သာပုံရတယ်လေ သမားရိုးကျ ၃ နှစ်စာကျောင်းလခနဲ့ နေထိုင်စရိတ်အစား၊ တစ်နှစ်စာသာ ကုန်ကျမယ်လို့ ယူဆကြတယ်။ အခုငွေစျေးနှုန်းဖောင်းပွမှုနဲ့ဆို တစ်နှစ်ကို သိန်း ၁၅၀၀-၂၀၀၀၊ သုံးနှစ်ကို သိန်း ၄၅၀၀-၅၀၀၀ လောက်ဖြစ်နေတဲ့ Bachelors Degreeတစ်ခုအစား ပြည်တွင်း(သို့)အိမ်နီးချင်းနိုင်ငံတစ်ခုခုမှာ သိန်းရာဂဏန်းသာသာကုန်ကျခံမယ်။ Bachelorsနောက်ဆုံးနှစ်ဖြစ်စေ Mastersမှဖြစ်စေ သိန်း ၁၅၀၀-၂၀၀၀ လောက်အသုံးပြုမယ်။ အလွန်ဆုံးချွေတာ သိန်း ၁၀၀၀ပေါ့။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသွားမတက်နိုင်လို့ ပြည်တွင်းမှာပဲ ၃နှစ်လုံးတက်မလား၊ ရတယ်နော်။

UK ဘွဲ့တစ်ခု ရရှိခြင်း - မြန်မာပြည်မှာနေရင်း သင်ယူခဲ့ပေမယ့် နောက်ဆုံးမှာတော့ UK တက္ကသိုလ်တစ်ခုကပေးအပ်တဲ့ ဘွဲ့လက်မှတ်ကို ပိုင်ဆိုင်နိုင်ပါတယ်ပေါ့။ သိပ်ဆွဲမက်ဖွယ်ကောင်းပါတယ်။


ခ။ လက်တွေ့အခြေအနေ (The Reality): ကိန်းဂဏန်းများက ဘာကိုပြနေလဲ?

Myth #1: "ရွေးချယ်ခွင့်တွေ အများကြီးရှိတယ်"

  • Fact: UK နိုင်ငံမှာ တက္ကသိုလ်ပေါင်း ၁၆၀ ကျော် ရှိပါတယ်။ သမားရိုးကျလမ်းကြောင်း (A-Level, IB, Foundation) ကနေသွားရင် ဒီတက္ကသိုလ်အများစုကို ကျောင်းတိုက်ရိုက်ဖြစ်စေ UCAS မှတစ်ဆင့် လွတ်လပ်စွာရွေးချယ်လျှောက်ထားနိုင်ပါတယ်။ ဝင်ခွင့်အချက်အလက်တိတိကျကျရှာဖွေနိုင်တယ်။ ဒါဟာ "Choice of 160+" ပါ။
  • Fact: မြန်မာပြည်က HND/OTHM Diploma တစ်ခုအတွက် Final Year Entry လက်ခံတဲ့ UK တက္ကသိုလ်အရေအတွက်က အလွန်နည်းပါတယ်။ များသောအားဖြင့် ၃၀-၄၀ ဝန်းကျင်သာရှိပြီး မိတ်ဆွေတက်ခဲ့တဲ့ ရန်ကုန်က Private University နဲ့ တရားဝင်ချိတ်ဆက်ထားတဲ့ တက္ကသိုလ်က ၅ ခု မှ ၁၀ ခု အတွင်းသာ ရှိတတ်ပါတယ်။ ရွေးချယ်ခွင့်က သိသိသာသာကို ကျဉ်းမြောင်းသွားပါတယ်။
  • Statistic: နာမည်ကြီးပြီး အဆင့်မြင့်တဲ့ Russell Group တက္ကသိုလ် ၂၄ ကျောင်း ထဲမှာ Top-up ဒီဂရီကို ကျယ်ကျယ်ပြန့်ပြန့် Offer လုပ်တဲ့ကျောင်းဟာ မရှိသလောက်ရှားပါတယ်။ များသောအားဖြင့် Top-up partner တက္ကသိုလ်တွေဟာ သင်ကြားရေးကောင်းမွန်သော်လည်း အလုပ်ရှင်တွေကြားမှာ သိပ်နာမည်မကြီးတဲ့ Post-1992 တက္ကသိုလ်တွေ ဖြစ်နေတတ်ပါတယ်။

(ရှင်းလင်းချက် - Post 1992 Universityဆိုတာက ၁၉၉၂ ခုနှစ်မတိုင်ခင်မှာ ဒီကျောင်းအများစုဟာ "Polytechnics" (သက်မွေးပညာကောလိပ်များ သို့မဟုတ် နည်းပညာကောလိပ်များ) အဖြစ် ရပ်တည်ခဲ့ကြတယ်။ ၁၉၉၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပညာရေးဥပဒေအရ တရားဝင် "တက္ကသိုလ်" အဆင့်ကို တိုးမြှင့်ခွင့်ရခဲ့တဲ့ ခေတ်သစ်တက္ကသိုလ်တွေကို ရည်ညွှန်းတာဖြစ်တယ်။

Oxford, Cambridge တို့လိုမျိုး Research Intensive (သုတေသနဦးစားပေး)တက္ကသိုလ်မျိုးထက် လက်တွေ့ကျတဲ့၊ လုပ်ငန်းခွင်အသုံးချနိုင်တဲ့ သက်မွေးမှုပညာရပ်တွေ (ဥပမာ - နည်းပညာ၊ ဒီဇိုင်း၊ စီးပွားရေး၊ အင်ဂျင်နီယာ) ကို အဓိကထား သင်ကြားပေးတာဖြစ်ပါတယ်။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း Majorတစ်ခုနဲ့တစ်ခုမတူညီတာမို့လို့ ဘယ်ကျောင်းကောင်းတယ်ဆိုတာမျိုးပြောရခက်ပါတယ်။)


Myth #2: "ကုန်ကျစရိတ် အများကြီးသက်သာတယ်"

Statistic (A Realistic 1-Year Budget): Top-up တစ်နှစ်စာအတွက် တကယ့်ကုန်ကျစရိတ်ကို တွက်ကြည့်ရအောင် 2025/2026 စာသင်နှစ်ရဲ့ ပျမ်းမျှစျေးနှုန်းတွေအရ

  • ကျောင်းလခ (Tuition): ~£16,000
  • နေထိုင်စရိတ် (UKVI Requirement): ~£9,207 (£1,023 x 9 လ - London အပြင်ဘက်)
  • Visa & IHS ကြေး: ~£1,200
  • လေယာဉ်လက်မှတ်နှင့် ကနဦးအသုံးစရိတ်: ~£1,500
  • ကနေဦးစုစုပေါင်း အနည်းဆုံး ခန့်မှန်းခြေ: ~£27,900 (ဒါဟာ လက်ရှိပေါင်တန်ဖိုးနဲ့ဆိုရင် မြန်မာကျပ်ငွေ သိန်း၁၀၀၀-၁၅၀၀ခန့်ကုန်ကျနိုင်တဲ့ ပမာဏဖြစ်ပါတယ်)။

ဒီပမာဏက UK ကိုရောက်လာပြီး ကျောင်းတက်ဖို့အတွက် အခြေခံအကျဆုံးသော ကုန်ကျစရိတ်တွေသာဖြစ်ပါတယ်။ တိုင်းတစ်ပါးမှာ နှစ်ချီအောင်နေကြမယ့်သူတွေမို့လို့ အိမ်ကသယ်လာတဲ့Luggage၂လုံးထက်ကို ပစ္စည်းတွေပိုလိုအပ်ပါတယ်။ ဒါကတခြားဘာစရိတ်မှမပါသေးဘူး။

၁။ ပညာရေးနှင့် လုပ်ငန်းခွင်အတွက်ကနဦးပြင်ဆင်စရိတ်တွေ ဘာသာရပ်ဆိုင်ရာသင်ထောက်ကူပစ္စည်းတွေ။ (ဥပမာ - Laptop, Monitor, Textbooks, Lab Coat)

၂။ အခြေချနေထိုင်မှုအတွက် တစ်ကြိမ်ကုန်ကျစရိတ် (Setting Up Your "Home") (ဥပမာ – မီးဖိုချောင်သုံးပစ္စည်းတွေ၊ အိပ်ရာနဲ့အခန်းသုံးပစ္စည်းတွေ)

၃။ လစဥ်ပုံမှန်ကုန်ကျစရိတ်တွေ (အစားအသောက်စရိတ်၊ သွားလာစရိတ်၊ တစ်ကိုယ်ရေသုံးပစ္စည်းဖိုး၊ အပန်းဖြေနဲ့လူမှုရေးစရိတ်။


Myth #3: "UK ဘွဲ့ရတာနဲ့ UK မှာအလုပ်ရဖို့ လမ်းပွင့်သွားပြီ"

Fact: ဘွဲ့အမျိုးအစားအားလုံး (Top-up, 3-year Bachelor's, Master's) က Graduate Route visa ကို လျှောက်ထားခွင့်တူညီစွာရရှိပြီး၊ UK မှာ ၂ နှစ်ဆက်လက်အလုပ်လုပ်ခွင့်/ရှာခွင့်ရပါတယ်။ ဒီနေရာမှာတော့ အားလုံးတန်းတူပါပဲ။

Fact (The Employer's Perspective): ဒါပေမဲ့ အလုပ်ရှင်တွေက ဘွဲ့လက်မှတ်တစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပါဘူး။ သူတို့တန်ဖိုးထားတာက-

  • UK အခြေစိုက် အလုပ်သင်အတွေ့အကြုံ (Internships)။
  • ခိုင်မာသော Network နှင့် ဆက်ဆံရေးများ။
  • ယဉ်ကျေးမှုနှင့် အလုပ်ခွင်ကို နားလည်နိုင်စွမ်း (Cultural & Workplace Adaptation)။
  • တက္ကသိုလ်၏ ဂုဏ်သတင်း (University Reputation)။

Statistic (The Time Disadvantage) - ကျနော်တို့လို 3-year degree ကျောင်းသားတစ်ယောက်မှာ Internship လုပ်ဖို့၊ Network တည်ဆောက်ဖို့ နွေရာသီကျောင်းပိတ်ရက် ၂ ကြိမ် (အနည်းဆုံး ၄-၅ လ) အချိန်ရပါတယ်။ ကာလအားဖြင့် ၂နှစ်ကျော်ကာလရပါတယ်။

အင်္ဂလိပ်လိုပြောခွင့်ရှိတယ်။ အမှားအယွင်းအကြိမ်ကြိမ်လုပ်ခွင့်ရှိတယ်။ စာမေးပွဲကျခွင့်ရှိတယ်။ ကခုန်ပျော်ပါးခွင့်ရှိတယ်။ ဝါသနာပါတဲ့အလုပ်လေးတွေရှာဖွေတူးဆွစမ်းသပ်ခွင့်ရှိတယ်။ အားလပ်ချိန်လေးတွေမှာကိုယ်လေ့လာချင်တဲ့ပညာရပ်တွေ လေ့လာခွင့်ရှိတယ်။ အတွေ့အကြုံတွေယူခွင့်ရှိတယ်။ ကုန်ကုန် ကိုယ့်ပြည်ထက်ပိုပြီး သန့်ရှင်းလတ်ဆတ်တဲ့လေ ရှူခွင့်ရှိတယ်။

နောက်ဆုံးနှစ်မှလာတက်တဲ့Top-up ကျောင်းသားတစ်ယောက်ကတော့ UKမှာကျောင်းစတက်ပြီး နောက် ၃-၄ လအကြာ စာသင်နှစ်ဝက်မှာတင်ဘဲ Graduate Scheme တွေအတွက် အလုပ်စလျှောက်ရပါပြီ။

နားလည်လွယ်အောင်ပြောရရင် ကမ္ဘာတစ်ဝက်လောက်ဝေးတဲ့နိုင်ငံတစ်နိုင်ငံမှာ အခုမှ Busကားလေးစစီးတတ်ရုံ စားစရာဆိုင်လေးတွေ ဘယ်နားမှာကောင်းတာရှိတယ်ဆိုတာစသိရုံအချိန်လေးပါ။ မြို့ကိုတောင်မပြောပါနဲ့ ကိုယ့်ကျောင်းCampusတောင် နှံ့စပ်ဦးမှာမဟုတ်ပါဘူး။ လိုက်လျောညီထွေဖြစ်အောင်နေထိုင်ဖို့နဲ့ အလုပ်သင်အတွေ့အကြုံရှာဖို့ အချိန် လုံးဝမရှိသလောက်ပါပဲ။

Fact (The Reality of Competition): သင်ဟာ "နှစ် ၂၀ လုံးလုံး ပညာရေးစနစ်စုတ်ပြတ်နေတဲ့နိုင်ငံမှာနေခဲ့ပြီးမှ ၈ လတည်းကျောင်းတက်" ပြီး၊ ၃ နှစ်လုံးလုံး UK မှာ ပညာသင်၊ အလုပ်သင်ဆင်း၊ Network တည်ဆောက်ခဲ့တဲ့ ကျောင်းသားတွေနဲ့ တန်းတူယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သင့်ရဲ့ Portfolio၊ သင့်ရဲ့ CV၊ သင့်ရဲ့ အင်တာဗျူးဖြေဆိုပုံက သူတို့နဲ့ယှဉ်နိုင်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးဖို့လိုပါတယ်။


ဒုတိယအပိုင်း - UK Master's Degree နှင့် အသက်မွေးဝမ်းကြောင်း အပြောင်းအလဲ- မြန်မာ Professionals များအတွက် လမ်းဆုံလမ်းခွ

Top Up Degreeတွေထက်ကို ပိုပြီးRiskများတဲ့ရွေးချယ်မှုတစ်ခုက ကိုယ်တည်ဆောက်ထားသမျှ အရာအားလုံးကိုစွန့်လွှတ်ပြီး တစ်နှစ်တာ Master's ဒီဂရီတစ်ခုအတွက် ရင်းနှီးမြှုပ်နှံခြင်းဖို့။ ကိုယ့်ဘဝတစ်ဆင့်တက်ဖို့ပဲဆိုပါတော့။

ပြည်တွင်းမှာ ဘွဲ့ရပြီးသား၊ ပြည်တွင်းမှာပဲဖြစ်စေ အိမ်နီးနားခြင်းနိုင်ငံတွေမှာပဲဖြစ်စေ အလုပ်လုပ်နေနိုင်ပြီ လုပ်သက်လဲရနေပြီ။ လစာလဲ နေလို့ထိုင်လို့ အစစအရာရာComfortableဖြစ်နေပြီ၊ သို့သော် ပြည်တွင်းမှာအခြေအနေမကောင်းလို့ နိုင်ငံခြားမှာလဲ ရေရှည်အလုပ်လုပ်ချင်လို့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တစ်ခုယူချင်တယ်။

ဒါဟာတကယ်ပဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလား?

အပိုင်း ၁။ UK Master's Degree: တကယ်ပဲ အသုံးဝင်ရဲ့လား၊ ဘယ်သူတွေတက်သင့်လဲ?

က။ Master's ဘွဲ့ရဲ့ ဆွဲဆောင်မှုများ (The Pros / The Dream):

  • Specialization: မိမိကျွမ်းကျင်ရာနယ်ပယ်မှာ ပိုမိုနက်ရှိုင်းတဲ့ ပညာရပ်ဆိုင်ရာ ဗဟုသုတကို တစ်နှစ်အတွင်း ရရှိနိုင်ခြင်း။
  • Prestige & Recognition: နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးမြင့် ဘွဲ့လွန်ဒီဂရီတစ်ခုကို ပိုင်ဆိုင်နိုင်ခြင်း။
  • Career Pivot: လက်ရှိအလုပ်နယ်ပယ်ကနေ အခြားနယ်ပယ်တစ်ခုကို ကူးပြောင်းဖို့အတွက် အစပျိုးပေးနိုင်တဲ့ တံတားတစ်ခုအဖြစ် အသုံးချနိုင်ခြင်း။
  • Graduate Route Visa: ဘွဲ့ရပြီးနောက် UK မှာ ၂ နှစ်ကြာ အလုပ်လုပ်ခွင့်/ရှာခွင့် ရရှိနိုင်မယ့် ရှင်းလင်းတဲ့လမ်းကြောင်းရှိခြင်း။

ခ။ လက်တွေ့အခြေအနေနှင့် စိန်ခေါ်မှုများ (The Reality Check):

  • Intensity: UK Master's သင်တန်းတွေဟာ အလွန်ဖိအားများပြီး ပြင်းထန်ပါတယ်။ Bachelor's ဒီဂရီက အကြောင်းအရာတွေကို အချိန်တိုအတွင်း သင်ယူရပြီး၊ ကိုယ်ပိုင်သုတေသန (Independent Research) နဲ့ စာတမ်း (Dissertation) တွေကို အချိန်မီပြီးအောင်လုပ်ရတာကြောင့် လွယ်ကူတဲ့ ပညာသင်နှစ်တစ်ခုလုံးဝမဟုတ်ပါဘူး။
  • Cost: Top-up ဒီဂရီလိုပဲ ကုန်ကျစရိတ်က အလွန်များပါတယ် (ပျမ်းမျှ ပေါင် ၃၀,၀၀၀ နှင့်အထက်)။
  • Job Market Reality: Master's ဘွဲ့တစ်ခုရှိရုံနဲ့ လစာကောင်းတဲ့အလုပ်တစ်ခုကို အာမခံချက်မပေးနိုင်ပါဘူး။ အထူးသဖြင့် သင်ကနယ်ပယ်အသစ်တစ်ခုကို ကူးပြောင်းတာဆိုရင်၊ အလုပ်ရှင်တွေက သင့်ရဲ့ Master's ဘွဲ့ထက် လက်တွေ့လုပ်ငန်းအတွေ့အကြုံကို ပိုပြီးတန်ဖိုးထားဆဲပါ။ ဘွဲ့က သင့်ကို အင်တာဗျူးခန်းထဲရောက်အောင် ပို့ပေးနိုင်ပေမယ့်၊ အတွေ့အကြုံကသာ သင့်ကို အလုပ်ရအောင် လုပ်ပေးနိုင်တာပါ။

ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?: ကိုယ်လက်ရှိလုပ်နေတဲ့နယ်ပယ်မှာပဲ ပိုမိုကျွမ်းကျင်တဲ့ Specialist တစ်ယောက်ဖြစ်ချင်သူတွေ၊ ဒါမှမဟုတ် ဘယ် Career ကိုပြောင်းချင်တယ်ဆိုတာကို သေသေချာချာသုတေသနလုပ်ပြီး၊ ရှင်းလင်းတဲ့အစီအစဉ်ရှိသူတွေအတွက် အသင့်တော်ဆုံးပါ။ "UK ကိုရောက်ဖို့ လမ်းကြောင်းတစ်ခု" ဆိုတဲ့ရည်ရွယ်ချက်သက်သက်နဲ့တော့ မတက်သင့်ပါဘူး။


အပိုင်း (၂) - အတည်တကျ အလုပ်အကိုင်ကို စွန့်လွှတ်ခြင်း- ဒီစွန့်စားမှုက တန်ရဲ့လား?

ဒီဆုံးဖြတ်ချက်ဟာ သင်ကုန်ကျမယ့်ငွေကြေးအကြောင်း မဟုတ်ပါဘူး။ သင်လက်ရှိရနေတဲ့ လစာ၊ ရာထူး၊ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ လုပ်ငန်းခွင်ကွန်ရက် (Professional Network) နဲ့ မိသားစုအသိုင်းအဝိုင်းကိုပါ စွန့်လွှတ်ခဲ့ရခြင်း ဆိုတဲ့ တန်ဖိုးကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ခ။ UK အလုပ်အကိုင်ဈေးကွက်၏ မျှော်လင့်ချက်နှင့် လက်တွေ့:

  • မျှော်လင့်ချက်: "ငါ့ရဲ့ မြန်မာပြည်က အလုပ်အတွေ့အကြုံရယ်၊ UK က Master's ဘွဲ့ရယ်ပေါင်းလိုက်ရင် UK မှာ Manager အဆင့်အလုပ်တစ်ခုလောက်တော့ ရနိုင်မှာပါ"။
  • လက်တွေ့: UK အလုပ်ရှင်အများစုက မြန်မာပြည်က အလုပ်အတွေ့အကြုံကို (နာမည်ကြီး Multinational Company က မဟုတ်ရင်) တိုက်ရိုက်အသိအမှတ်ပြုဖို့ ဝန်လေးတတ်ကြပါတယ်။ သင့်ရဲ့အသက်အရွယ်၊ ယခင်ရာထူးတွေရှိနေပေမယ့်လည်း၊ UK မှာတော့ Entry-level သို့မဟုတ် Junior position ကနေ ပြန်လည်စတင်ရဖို့ အခွင့်အလမ်းများပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာအရ အလွန်ခက်ခဲနိုင်ပါတယ်။
  • "Survival Job" ထောင်ချောက်: မိမိရဲ့ Professional အလုပ်ကိုမရခင်၊ စားဝတ်နေရေးအတွက် ဘာသာရပ်နဲ့မဆိုင်တဲ့ အလုပ်တွေကို လပေါင်းများစွာ၊ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ လုပ်ကိုင်နေရတဲ့အခြေအနေကို ကြုံတွေ့ရနိုင်ပါတယ်။

စဉ်းစားစရာမေးခွန်း: "ရန်ကုန်မှာ 'Manager' တစ်ယောက်ဖြစ်ခဲ့ရာကနေ၊ London မှာ 'Assistant' တစ်ယောက်အနေနဲ့ ဘဝကိုပြန်စဖို့ သင်အဆင်သင့်ဖြစ်ပြီလား?"


အပိုင်း (၃) - မြန်မာ့တက္ကသိုလ်မှ UK ပညာရေးစနစ်သို့- သင်လိုက်လျောညီထွေဖြစ်အောင် နေနိုင်ပါ့မလား?

က။ စနစ်နှစ်ခုကြားက ကွာဟချက်:

မြန်မာ့ပညာရေးစနစ် (အများစုကျင့်သားရနေသောပုံစံ): ဆရာကဦးဆောင်သင်ကြားခြင်း၊ အလွတ်ကျက်မှတ်ခြင်း (Rote Learning)၊ စာမေးပွဲအဓိကဖြစ်ခြင်း၊ ဆရာ့ကိုမေးခွန်းပြန်ထုတ်ခြင်း၊ ကိုယ်ပိုင်အတွေးအခေါ်ထုတ်ဖော်ခြင်းကို အားမပေးခြင်း။

UK ပညာရေးစနစ်: ကျောင်းသားကဦးဆောင်လေ့လာခြင်း (Student-led)၊ အတန်းထဲမှာ ဆွေးနွေးငြင်းခုံခြင်း (Seminar-based)၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) ကို အလွန်အလေးထားခြင်း၊ ကိုယ်ပိုင်သုတေသနလုပ်ရခြင်း၊ ကိုးကားများကို စနစ်တကျဖော်ပြရခြင်း၊ Plagiarism (စာခိုးချမှု) ကို လုံးဝသည်းမခံခြင်း။

ခ။ စိန်ခေါ်မှု (The Shock):

ဒီလို လုံးဝကွဲပြားတဲ့ သင်ယူမှုပုံစံကို ကူးပြောင်းရတာက အလွန်အံ့အားသင့်ထိတ်လန့်စရာ (Shock) ဖြစ်နိုင်ပါတယ်။ ဒါဟာ "တော်ခြင်း/ညံ့ခြင်း" နဲ့မဆိုင်ဘဲ၊ သင်ယူမှုပုံစံအသစ်တစ်ခုကို လေ့လာရခြင်းသက်သက်သာဖြစ်ပါတယ်။ ကျောင်းသားတော်တော်များများဟာ ဘာဆက်လုပ်ရမလဲဆိုတာကို "တစ်ယောက်ယောက်က လာပြောမှာ" ကို ထိုင်စောင့်နေတတ်ကြပါတယ်။

ဂ။ အဓိကလိုအပ်သော အရည်အချင်း:

"Self-directed Learner" (မိမိကိုယ်ကိုဦးဆောင်လေ့လာသူ) တစ်ယောက်ဖြစ်ဖို့က အရေးအကြီးဆုံးပါပဲ။ သင်ကိုယ်တိုင်က တက်ကြွစွာမေးခွန်းထုတ်ရမယ်၊ သင်ရိုးညွှန်းတမ်းပြင်ပက စာတွေကို ရှာဖွေဖတ်ရှုရမယ်၊ ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲနိုင်ရပါမယ်။


အပိုင်း (၃) - နောက်ဆုံးသုံးသပ်ချက်နှင့် အဓိကအမှာစကား (The Final Verdict & Key Takeaways)

က။ အနှစ်ချုပ် သုံးသပ်ချက် (Summary Verdict)

အချုပ်အားဖြင့်ဆိုရသော်၊ UK Top-up ဒီဂရီလမ်းကြောင်းဟာ 'ဖြတ်လမ်း' မဟုတ်ဘဲ၊ အချိန်တိုအတွင်း ဖိအားအားလုံးကို တစ်ပြိုင်နက်တည်းရင်ဆိုင်ရမယ့် 'ဖိအားမြင့် လောင်းကြေး' တစ်ခုဖြစ်ပါတယ်။ Master's ဒီဂရီလမ်းကြောင်းကတော့ ပိုမိုမြင့်မားတဲ့ အရည်အချင်းတစ်ခုကို ပေးနိုင်ပေမယ့်၊ မိမိတည်ဆောက်ထားသမျှကို စွန့်လွှတ်ပြီး ဘဝကိုပြန်လည်စတင်ရမယ့် 'ခက်ခဲတဲ့ စွန့်စားမှု' တစ်ခုဖြစ်ပါတယ်။ လမ်းကြောင်းနှစ်ခုလုံးဟာ အလိုအလျောက် အောင်မြင်မှုကို အာမမခံနိုင်ပါဘူး။

ခ။ ကျွန်တော်၏ ကိုယ်ပိုင်အမြင်နှင့် နောက်ဆုံးအမှာစကား (My Personal View & Final Advice)

ကျွန်တော့်ရဲ့တစ်ဦးတည်းအမြင်အရ ရွေးချယ်စရာများတဲ့လမ်းကြောင်းကိုသာ ဦးစားပေးရွေးချယ်စေချင်ပါတယ်။ 'UK ကဘွဲ့ရချင်တယ်'၊ 'သူငယ်ချင်းတွေတက်နေလို့' ဆိုတဲ့ ခံစားချက်လေးတစ်ခုတည်းနဲ့တော့ ကိုယ့်ဘဝနဲ့ မိသားစုရဲ့ငွေကြေးကို အလွယ်တကူ မရင်းလိုက်ပါနဲ့။ အမြဲတမ်း "ဘွဲ့ရပြီးရင်ရော ဘာဆက်လုပ်မှာလဲ" ဆိုတဲ့အတွေးနဲ့ ချဉ်းကပ်ပါ။ လေ့လာပါ၊ မေးမြန်းပါ၊ စူးစမ်းပါ။

တကယ်လို့ သင်က-

  • ဘွဲ့တစ်ခုရချင်ရုံသက်သက်ပဲ၊ အဲဒီဘွဲ့က အသုံးမဝင်လည်းဖြစ်တယ်။
  • နိုင်ငံခြားထွက်ရဖို့က အဓိက၊ နောက်ဆက်တွဲကိစ္စတွေ ဂရုမစိုက်ဘူး။
  • မိဘလုပ်ငန်းရှိတယ်၊ အလုပ်ပြန်ရဖို့ စိတ်မပူရဘူး။
  • စာကိုသေချာလိုက်လုပ်မှာမဟုတ်ဘူး၊ ငွေလည်းအများကြီးမသုံးချင်ဘူး

ဆိုရင်တော့ ဒီ Top-up လမ်းကြောင်းက သင့်အတွက် အဆင်ပြေနိုင်ပါတယ်၊ မြန်မာပြည်မှာနေတာထက်စာရင်တော့ အတွေ့အကြုံသစ်တွေ ရရှိမှာပါ။

သို့သော်၊ တကယ်တန်း UK မှာ အသက်မွေးဝမ်းကြောင်းတစ်ခုကို ထူထောင်ချင်တဲ့ တခြားသူတွေအတွက်တော့ ကျွန်တော် လုံးဝအယုံအကြည်မရှိပါဘူး။ 'နှစ် ၂၀ လုံးလုံး ပညာရေးစနစ်စုတ်ပြတ်နေတဲ့နိုင်ငံမှာနေခဲ့ပြီးမှ ၈ လတည်းကျောင်းတက်ရုံနဲ့' တခြားနိုင်ငံတကာက ကျောင်းသားတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။ အားလုံးဟာ ကိုယ့်ကိုယ်ကို ဘယ်လောက်ပြင်ဆင်ထားလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။"

ဂ။ သင်၏ကာကွယ်မှု- မမေးမဖြစ်မေးရမည့် မေးခွန်းများ (Your Shield: Questions You Must Ask)

"ဒီအချက်အလက်တွေအားလုံးကို သိရှိပြီးတဲ့နောက်မှာတော့၊ သင်ကိုယ်တိုင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ဘယ်ကျောင်း၊ ဘယ် Agency ကိုမဆို မေးမြန်းစုံစမ်းတဲ့အခါ အောက်ပါမေးခွန်းတွေကို မမေးမဖြစ် မေးမြန်းပြီးမှ ရှေ့ဆက်ဖို့ တိုက်တွန်းချင်ပါတယ်-

  1. ခင်ဗျားတို့ကျောင်းကနေပေးတဲ့ Diploma/Foundation ဟာ ဘယ် UK တက္ကသိုလ်တွေနဲ့ တရားဝင်ချိတ်ဆက်ထားပါသလဲ? (တက္ကသိုလ်စာရင်းအတိအကျကို တောင်းခံပါ)။
  2. အဲဒီချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေမှာ ကျွန်တော်/ကျွန်မ တက်ချင်တဲ့ Major ကို တက်ရောက်ခွင့်ရရှိနိုင်ပါသလား? (Major စာရင်းအတိအကျကို တောင်းခံပါ)။
  3. ဒီ Diploma နဲ့ တခြားနိုင်ငံ (ဥပမာ - ကနေဒါ၊ သြစတြေးလျ) က တက္ကသိုလ်တွေကို ပြောင်းရွှေ့တက်ရောက်လို့ရနိုင်ပါသလား?
  4. ကျောင်းမှာလက်ရှိတက်ရောက်နေတဲ့ သို့မဟုတ် တက်ရောက်ပြီးသွားတဲ့ ကျောင်းသားတစ်ဦးဦးနဲ့ မိတ်ဆက်ပေးပြီး သူတို့ရဲ့အတွေ့အကြုံကို မေးမြန်းခွင့်ရနိုင်မလား?
  5. အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်ဖြစ်တော့ရင် ကျောင်းလခကို ဘယ်လိုမူဝါဒနဲ့ ပြန်အမ်းပေးပါသလဲ?
  6. UK ကျောင်းလျှောက်တဲ့ကိစ္စ၊ Visa လျှောက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကျောင်းဘက်က ဘယ်အပိုင်းအထိ တာဝန်ယူ ကူညီပေးပါသလဲ?"

အထက်ပါအကြောင်းအရာတွေက တရားမဝင် Private Universityတွေ လူလိမ်တွေ Agentကိစ္စတွေမပါဝင်သေးဘူးမို့ သိချင်ရင်တော့ ကျနော့်ရဲ့ "HND, OTHM နဲ့ ပြည်တွင်းက Private Universityတွေကပေးတဲ့ နိုင်ငံခြားဖြစ်UKဘွဲ့တွေအကြောင်း" ဆိုတဲ့Postလေးမှာရေးသားထားပါတယ်။ ခုချိန်မှာ ပိုလို့ကို အရေးပါလာတဲ့စာလေးတစ်ပုဒ်ပါ။

မေးခွန်းလေးတွေ ထပ်ဆောင်းမေးမြန်းချင်တာများရှိခဲ့ပါက Page Messengerသို့လာရောက်မေးမြန်းနိုင်ပါတယ်။ သို့သော် နှစ်ဖက်လုံးအချိန်မကုန်ရလေအောင် မမေးမြန်းခင်မှာ ကြိုတင်ပြီး Researchသေချာလေးလုပ်ခဲ့ဖို့ လုံးဝအဆင်မပြေတော့လို့ Moe Notesကူညီမှ အဆင်ပြေမယ့်အရာမို့ ဆိုမှသာ မေးကြဖို့ မေတ္တာရပ်ခံပါရစေ။ မေးခွန်းအများစုမှာ အဖြေကရှိနှင့်ပြီးသားမို့ပါ။

ကျောင်းလာတက်မှာမို့လို့ အခန်းငှားတာတို့ လေဆိပ်ကြိုပို့တို့နဲ့ပတ်သက်တာလေးများသိချင်ရင် အကူအညီလိုချင်ရင်တော့ လာမေးနိုင်ပါတယ်။ စာရေးသလိုမျိုးပဲ အခမဲ့ကူညီချင်တယ်။ သို့သော် မိမိကိုယ်ကို မိမိအတွေ့အကြုံနဲ့အချိန်ကို လေးစားတဲ့အနေနဲ့ ငွေယူပါမယ်။ နှုန်းထားများပါမယ်။ တကယ်ယုံကြည်မှသာ စုံစမ်းစေလိုပါတယ်။ ကျနော်Author Moeပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။


Read more

သင်က ဒေါက်လား အလှလား။

သင်က ဒေါက်လား အလှလား။

ကျနော်တို့ အိမ်တစ်လုံးဆောက်တဲ့အခါ အိမ်တစ်လုံးလုံးကို ထမ်းတင်ထားရတဲ့ 'ဒေါက်'ဆိုတာရှိတယ်။ ကော်လံတိုင်တွေ နံရံတွေပေါ့ဗျာ။ အပြင်ပန်းလှအောင်လို့ဖန်တီးထားတဲ

By Moe Htet
ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ကျနော်ကတော့ အများအခေါ် ငွေဖြုန်းတဲ့သူတစ်ယောက်ပါ။ တော်ရုံသိပ်စဥ်းစားမနေဘူး။ ဒါကလဲ လက်ထဲမှာ ရှိနေသေးလို့လဲပါတယ်။ ဒါပေမယ့် ကျနော်ကျောင်းသားတစ်ယောက်၊ လူ ၅ယောက်နဲ့မျ

By Moe Htet
ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

အခုလောလောဆယ် ကျနော်ကျောင်းမှာထိုင်နေတယ်၊ အချိန်ကတော့ ည ၁ နာရီ။ အိပ်ချင်နေပြီ သို့သော် စာဆက်ရေးနေသေးတယ်၊ သံစဥ်လေးတွေနားထောင်နေတယ်၊ စာဆက်ရေးစာဆက်လုပ်နေ

By Moe Htet