နိုင်ငံခြားမသွားခင် ဘာတွေပြင်ဆင်ရမလဲ- ကျောင်းသားတစ်ဦးရဲ့ လက်တွေ့လမ်းညွှန်

နိုင်ငံခြားမသွားခင် ဘာတွေပြင်ဆင်ရမလဲ- ကျောင်းသားတစ်ဦးရဲ့ လက်တွေ့လမ်းညွှန်

This article is also available in [English]

ကျနော်အခုကျနော့်အဆောင်ရဲ့ ပန်းခြံလို မြက်ခင်းပြင်လေးနားမှာ ဒီစာကိုရေးနေပါတယ်။ ညသန်းခေါင်ကျော်၊ သြဂုတ်လရဲ့ ညလေပြည်က သာသာယာယာပဲ။ ဒီရက်ပိုင်း သိပ်မအေးတော့ အပြင်မှာ အေးအေးဆေးဆေးနေလို့ကောင်းတယ်။ ရေဗူးတစ်ဗူး၊ ဖုန်းတစ်လုံး၊ မျက်မှန်တစ်လက်နဲ့ ကျနော့်ရဲ့ journaling session တစ်ခုပေါ့။

ယူကေမလာခင်က ကျနော့်စိတ်ထဲမှာ ကြောက်ရွံ့စိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ မသိတဲ့အရာတစ်ခုအပေါ်မှာ ထိတ်လန့်နေခဲ့တာမျိုးပါ။ ကျနော့်ရဲ့ OSSD အထက်တန်းပရိုဂရမ်ပြီးဆုံးချိန်နဲ့ ကျောင်းစတက်ရမဲ့အချိန်ကြားမှာ အချိန် ၂-၃ လပဲရခဲ့တော့ ပြင်ဆင်ချိန်ဆိုတာ မရှိသလောက်ပါပဲ။ ဒီကြားထဲ သင်တန်းတချို့တက်ဖြစ်ခဲ့ပေမဲ့၊ ပြန်စဥ်းစားကြည့်တဲ့အခါမှာတော့ ပိုပြီးစနစ်ကျတဲ့ ပြင်ဆင်မှုတွေ လုပ်ခဲ့သင့်တယ်လို့ နားလည်လာတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ကျောင်းမတက်ခင် ဘာတွေပြင်ဆင်သင့်လဲဆိုတာကို ကျနော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ အမှားတွေ၊ သင်ခန်းစာတွေပေါ်အခြေခံပြီး လက်တွေ့ကျတဲ့ လမ်းညွှန်တစ်ခုအနေနဲ့ မျှဝေပေးချင်ပါတယ်။


အခန်း (၁)။ ပညာရပ်ဆိုင်ရာ ဘာသာစကားကို ကျွမ်းကျင်ခြင်း (အင်္ဂလိပ်စာ)

ဒါက လူတိုင်းနီးပါး ပြင်ဆင်တဲ့အရာဖြစ်ပေမဲ့၊ နည်းလမ်းမမှန်ရင် အချိန်ကုန်ပြီး ထိရောက်မှုမရှိတတ်ပါဘူး။ British Council လို၊ American Centre လို နေရာတွေမှာ ငွေကုန်ကြေးကျများစွာနဲ့ သင်တန်းတက်တာ၊ ဒါမှမဟုတ် သင်တန်းတွေနဲ့ YouTube ကြားမှာ လမ်းပျောက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။

ကျနော့်အတွက် အထိရောက်ဆုံးဖြစ်ခဲ့တဲ့ နည်းလမ်းကတော့ ရှင်းပါတယ်- အရည်အသွေးမြင့်တဲ့ သတင်းဆောင်းပါးတွေဖတ်တာပါ။

Celebrity အတင်းအဖျင်းတွေအစား၊ ကိုယ်သွားမဲ့နိုင်ငံ၊ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ အတွင်းကျကျဆောင်းပါးတွေကိုဖတ်ပါ။ ဥပမာ- ကျနော်က ရာဇဝတ်မှုခင်းစုံစမ်းထောက်လှမ်းတဲ့ ပုံစံမျိုး၊ အချက်အလက်ကျကျရေးသားထားတာတွေကို သိပ်ကြိုက်တယ်။ မြန်မာမီဒီယာမှာဆို Myanmar Now လိုမျိုးပေါ့။ ဒီလိုအရည်အသွေးမြင့်တဲ့ အရေးအသားတွေက ကိုယ့်ရဲ့ ဝေါဟာရကြွယ်ဝမှုကို passive vocabulary ကနေ active vocabulary အဖြစ် ပြောင်းလဲပေးနိုင်ပြီး၊ ကိုယ်တိုင်ပြန်ရေးတဲ့အခါမှာလည်း ဝါကျတည်ဆောက်ပုံတွေကို ပိုပြီးကောင်းမွန်စေပါတယ်။

တန်ဖိုးရှိတဲ့စာတစ်ပုဒ်ဆိုတာဟာ ဖတ်ရှုသူကို အကျိုးတစ်ခုခုပေးနိုင်ရမယ်၊ အချိန်အခါနဲ့ကိုက်ညီရမယ်၊ အမှန်တရားပေါ်အခြေခံရမယ်၊ ပြီးတော့ အတွေးတစ်ခုခုကို ကျန်ရစ်စေရမယ်။ နိုင်ငံခြားသတင်းဌာနတွေမှာ ဒီလိုဆောင်းပါးတွေ အခမဲ့ဖတ်ရှုနိုင်တာတွေ အများကြီးပါ။ တစ်နေ့ကို ၁၅ မိနစ်၊ မိနစ် ၃၀ လောက် အချိန်ပေးပြီးဖတ်ရုံနဲ့ သင့်ရဲ့ ဘာသာစကားအရည်အသွေး လေးမျိုးလုံး (Speaking, Reading, Writing, Listening) တိုးတက်လာမယ်ဆိုတာ အာမခံပါတယ်။

ဖတ်ရှုရန်သင့်လျော်သော ဝက်ဘ်ဆိုက်များ

  • အထွေထွေသတင်း: The Guardian, The Wall Street Journal, Reuters, BBC News
  • နည်းပညာနှင့် သိပ္ပံ: WIRED, MIT Technology Review
  • ဗိသုကာပညာ: Dezeen, ArchDaily, The Architect’s Newspaper, Detail Magazine

အခန်း (၂)။ ဒစ်ဂျစ်တယ်လက်နက်များ တပ်ဆင်ခြင်း (နည်းပညာကျွမ်းကျင်မှု)

"ငါကတော့ ဖုန်းနေ့တိုင်းသုံးနေတာပဲ၊ Facebook လည်းကျွမ်းကျင်တယ်၊ မလိုပါဘူး" လို့တွေးနေတဲ့သူတွေအတွက် အဓိကပြောချင်ပါတယ်။

နိုင်ငံရပ်ခြားက တက္ကသိုလ်ဘဝဟာ နည်းပညာနဲ့ လိုက်ရာညီထွေပေါင်းစပ်နေပါတယ်။ စျေးဝယ်တာကနေစလို့ ကျောင်းစာတမ်းတင်တာအဆုံး အရာအားလုံးကို laptop တို့၊ ဖုန်းတို့နဲ့ပဲလုပ်ဆောင်ရတာပါ။ Facebook သုံးတတ်ရုံ၊ Microsoft Word နည်းနည်းပါးပါးခေါက်တတ်ရုံနဲ့ လုံးဝမလုံလောက်ပါဘူး။

ကိုယ်မတတ်တာကို ဝန်ခံပြီး "open mindset" နဲ့ အမြဲသင်ယူဖို့ကြိုးစားတဲ့အကျင့်က တက္ကသိုလ်မှာ အလွန်အသုံးဝင်ပါတယ်။ ကြိုတင်ပြင်ဆင်သွားခြင်းက အခြေကျဖို့ကြိုးစားနေရတဲ့အချိန်မှာ သင့်ကို အများကြီးသက်သာစေပါလိမ့်မယ်။

လက်တွေ့အသုံးချရန် အကြံပြုချက်များ:

  • Professional Apps: Google Suite (Docs, Slides), Canva တို့လို အခြေခံအပြင် Adobe Creative Suite (Photoshop, InDesign) တို့ကိုပါ စမ်းသုံးကြည့်ပါ။
  • Video Editing: Vlog တွေ၊ video တွေတည်းဖြတ်ကြည့်ပါ။ ဒါက presentation skill အတွက် အလွန်အသုံးဝင်ပါတယ်။
  • Reference Management: Zotero တို့Mendeley လို reference manager တစ်ခုကိုသုံးတတ်အောင်လေ့လာပါ။ ဒါက စာတမ်းရေးတဲ့အခါ သင့်အချိန်ကို အများကြီးသက်သာစေပါလိမ့်မယ်။
  • Coding (Optional): Python လိုမျိုး coding language တစ်ခုရဲ့အခြေခံကိုလေ့လာထားခြင်းက သင့်ရဲ့ analytical skill ကိုမြှင့်တင်ပေးနိုင်ပါတယ်။

ဒီအရည်အချင်းတွေက သင့်ရဲ့ပညာရေးခရီးကို ပိုပြီးချောမွေ့စေမှာဖြစ်သလို၊ ဘွဲ့ရတဲ့အခါမှာလည်း သင့်ကို တခြားသူတွေထက် သာစေပါလိမ့်မယ်။


အခန်း (၃)။ လက်တွေ့ကမ္ဘာအတွက် အတွေ့အကြုံတည်ဆောက်ခြင်း (အလုပ် နှင့် စေတနာ့ဝန်ထမ်း)

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ကျော်တာနဲ့ အလုပ်လုပ်တာကို "မိဘအဆင်မပြေလို့၊ ဆင်းရဲလို့" ဆိုတဲ့အမြင်မျိုးရှိတတ်ပါတယ်။ အဲ့ဒီအတွေးကို ဖျောက်ဖျက်ပစ်ရပါမယ်။ အလုပ်လုပ်ခြင်းဟာ ငွေအတွက်သက်သက်မဟုတ်ဘဲ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ တာဝန်ယူမှုနဲ့ အချိန်စီမံခန့်ခွဲမှုတို့ကို သင်ပေးတဲ့ လက်တွေ့ဘဝရဲ့ တက္ကသိုလ်တစ်ခုပါ။

ကျောင်းနဲ့အလုပ်ရဲ့ကွာဟချက်က ကြီးမားပါတယ်။ ကျောင်းမှာ သင်က ပိုက်ဆံပေးပြီး ပညာသင်ရသူဖြစ်ပေမဲ့၊ အလုပ်ခွင်မှာတော့ သင့်ရဲ့လုပ်ဆောင်မှုအတွက် တစ်ခုခုပြန်ရသူဖြစ်ပါတယ်။ အလုပ်မလုပ်ဖူးဘဲ တက္ကသိုလ်တက်တဲ့အခါ အုပ်စုလိုက် project တွေလုပ်ရတဲ့အခါ၊ ဒါမှမဟုတ် အားလပ်ရက်မှာ အချိန်ပိုင်းအလုပ်ရှာတဲ့အခါမှာ အခက်အခဲတွေ့နိုင်ပါတယ်။

ကျနော့်အတွက်တော့ ကိုဗစ်ကာလအတွင်းမှာ ဆေးသူနာပြုအကူ၊ စစ်ဘေးရှောင်ကူညီရေးတို့မှာ တတ်နိုင်သလောက်ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေက လူတွေရဲ့အကောင်းအဆိုးနဲ့ လုပ်ငန်းစဉ်တွေကို နားလည်စေခဲ့ပါတယ်။

သင်ဘာလုပ်နိုင်မလဲ:

  • Internship: ကိုယ့် major နဲ့သက်ဆိုင်တဲ့ internship အခွင့်အလမ်းတွေရှာဖွေပါ။
  • Volunteer: စေတနာ့ဝန်ထမ်းအဖြစ် အဖွဲ့အစည်းတစ်ခုခုမှာပါဝင်ပါ။
  • Part-time Job: အသေးစား အချိန်ပိုင်းအလုပ်တစ်ခုခုလုပ်ကြည့်ပါ။

ဒီအတွေ့အကြုံတွေက သင့်ရဲ့ CV ကို ပိုပြီးခိုင်မာစေသလို၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။ အတွေ့အကြုံဆိုတဲ့နေရာမှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတွေ့အကြုံပါပဲ။ ထိုင်လျက်အိပ်တတ်တာကလဲအတွေ့အကြုံတစ်ခု၊ Office Dramaတွေထဲ အကောင်းဆုံးလုပ်တတ်လား ဒါကလဲအတွေ့အကြုံတစ်ခုပါပဲ။


အခန်း (၄)။ ယဉ်ကျေးမှုသစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

ဒါက လူအများစုမေ့ထားတတ်တဲ့ "optional" ကိစ္စလေးတစ်ခုပါ။ ဒါပေမဲ့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို အများကြီးအထောက်အကူပြုပါတယ်။

"ဟောဒီမှာ ယူကေရောက်ပြီ" ဆိုပြီး ရေမသိ၊ မြေမသိနဲ့ရောက်သွားတာထက်၊ ကိုယ်သွားမဲ့နိုင်ငံရဲ့ လူနေမှုစရိုက်၊ အလေ့အကျင့်၊ နေ့စဉ်ဘဝ manners တွေကို အတိုင်းအတာတစ်ခုအထိ ကြိုတင်လေ့လာသွားသင့်ပါတယ်။

  • YouTube ပေါ်က expatriate vlogger တွေ၊ "day in the life" video တွေကိုကြည့်ပါ။
  • ကိုယ်သွားမဲ့နိုင်ငံက စာရေးဆရာတွေရေးထားတဲ့ စာအုပ်တွေဖတ်ပါ။
  • အခြေခံ Manners တွေကိုလေ့လာပါ (ဥပမာ- tip ပေးတဲ့စနစ်၊ လူတစ်ယောက်နဲ့စကားစပြောပုံ)။
  • ကိုယ့်ကို ခွဲခြားဆက်ဆံမှု (discrimination) တစ်ခုခုလုပ်လာခဲ့ရင် ဘယ်လိုတည်ငြိမ်စွာတုံ့ပြန်မလဲဆိုတာကို ကြိုတင်စဥ်းစားထားပါ။

ဒီအရာတွေက သင်ရောက်ရောက်ချင်းမှာ ကြုံတွေ့ရမယ့် culture shock ကို အများကြီးလျော့ပါးစေပြီး ပိုပြီးမြန်မြန်အထိုင်ကျစေပါလိမ့်မယ်။


နောက်ဆုံးမှတ်ချက်- အကူအညီတောင်းခြင်း အနုပညာ

ကျနော့်ဆီကို Architecture နဲ့ပတ်သက်ပြီးဖြစ်စေ၊ ကျောင်းကိစ္စတွေဖြစ်စေ လာမေးကြတဲ့သူတွေအများကြီးပါ။ ကျနော်က ဘာဝန်ဆောင်မှုမှပေးနေတာမဟုတ်ဘဲ၊ ကိုယ့်အတွေ့အကြုံကိုပြန်မျှဝေပေးရုံသက်သက်ပါ။ လူအများစုက အလွန်နှိမ့်ချပြီး မေးမြန်းတတ်ကြသလို၊ အဲ့ဒီလိုလူတွေကို ကူညီပေးရတာ ကျနော်လည်း ပျော်ပါတယ်။

ဒါပေမဲ့ တချို့အခြေအနေတွေမှာတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော့်ကို စျေးဝယ်ထွက်သလို မေးခွန်းတွေဆက်တိုက်မေးပြီး၊ ကျနော်က စာအရှည်ကြီး၊ ဒါမှမဟုတ် voice message ၅ မိနစ်၊ ၁၀ မိနစ်လောက်နဲ့ အသေးစိတ်ရှင်းပြပြီးတဲ့အခါမှာ "ကျေးဇူးတင်ပါတယ်" တစ်ခွန်းတောင်ပြန်မပြောဘဲ ပျောက်သွားတာမျိုးတွေပေါ့။ အလကားရတဲ့အရာကို တန်ဖိုးမထားတတ်ကြဘူးလို့ ခံစားရပါတယ်။

ဒါကြောင့် ဘယ်သူ့ပဲမေးမေး ထိရောက်တဲ့အကူအညီတောင်းခံမှု (mentorship) အတွက် လမ်းညွှန်ချက်လေးတစ်ခုမျှဝေချင်ပါတယ်-

  • Do: ကိုယ့်ရဲ့နောက်ခံအခြေအနေ၊ ကိုယ်ဘာတွေသိပြီး ဘာတွေမသိဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပါ။ (ဥပမာ- "ညီမက ဒါနဲ့ပတ်သက်ပြီး ဘာမှမသိသေးလို့ ဘယ်ကစရမလဲမသိဘူးဖြစ်နေတယ်")
  • Do: ကိုယ်တိုင်အရင်ဆုံး research လုပ်ပြီးမှ တိကျတဲ့မေးခွန်းတွေမေးပါ။ UKမှာ နေစားစရိတ်ဘယ်လောက်ရှိလဲ၊ ဘယ်ကျောင်းကောင်းလဲဆိုတာမျိုးမမေးပါနဲ့။ အိမ်စာလုပ်ခဲ့ပါ။
  • Don't: အကူအညီတောင်းနေရင်း ကိုယ်ကအကုန်သိ၊ အကုန်တတ်သလိုမျိုး မပြုမူပါနဲ့။ ဒါက ကူညီပေးမဲ့သူကို ဘယ်ကစရှင်းပြရမှန်းမသိဖြစ်စေပါတယ်။
  • Don't: တစ်ဖက်လူရဲ့အချိန်ကို လေးစားမှုမရှိဘဲ မေးခွန်းတွေ အဆက်မပြတ်မေးပြီး အဖြေရတာနဲ့ အဆက်အသွယ်မဖြတ်လိုက်ပါနဲ့။

ကိုယ့်ကြောင့် တစ်စုံတစ်ယောက်အကူအညီဖြစ်သွားတယ်ဆိုရင်လဲ ပီတိဖြာမိပါတယ်။ လူတိုင်း စမ်းတဝါးဝါးနဲ့ပဲ ဒီခရီးကိုဖြတ်သန်းခဲ့ရတာမို့လို့ သိပ်ပြီးစိတ်မပူကြပါနဲ့။ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ခြေတစ်လှမ်းချင်းသာဆက်လှမ်းပါ။ အားပေးကြတဲ့မိတ်ဆွေတစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။


Read more

UKကဦးဆုံးအချိန်များ

UKကဦးဆုံးအချိန်များ

အမှန်တရားကို ဖွင့်ဟခြင်း Heathrow လေဆိပ်ပေါ်ကဆင်း၊ ကိုယ်ရောက်လာတဲ့မြို့ရဲ့ အင်မတန်သန့်ရှင်းရှုပ်ထွေးလူများတဲ့ လမ်းမတွေပေါ်မှာ ပထမဆုံးခြေချမိတဲ့စိတ်လှုပ်ရှားမှု ဒါကိ

By Moe Htet
UK ရှိ သင်၏ ပထမဆုံး ၄၈ နာရီ

UK ရှိ သင်၏ ပထမဆုံး ၄၈ နာရီ

နိဒါန်း- UK မှ ကြိုဆိုပါတယ် နောက်ဆုံးတော့ ဒီအချိန်ကိုရောက်လာခဲ့ပါပြီ။ လပေါင်းများစွာကြာအောင် လျှောက်လွှာတွေတင်၊ အင်တာဗျူးတွေဖြေ၊ အစီအစဉ်တွေဆွဲခဲ့ပြီးတဲ့နောက်

By Moe Htet
"The Digital Battleground" ကို မိတ်ဆက်ခြင်း

"The Digital Battleground" ကို မိတ်ဆက်ခြင်း

စာရေးသူ၏ မှတ်စု: Moe Notes က ကျနော့်ရဲ့အလုပ်တွေဟာ ကျောင်းသားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ခရီးစဉ်နဲ့ နက်နက်ရှိုင်းရှိုင်းချိတ်ဆက်နေတယ်ဆိုတာကို မိတ်ဆွေတို့သိကြ

By Moe Htet