သူငယ်ချင်းမိတ်ဆွေတွေရဲ့အရေးပါပုံ
ဘာဖြစ်လို့ ကိုယ့်အနီးအနားမှာ ရှိတဲ့ဒီလိုသူတွေက အရေးပါတာလဲ။ သူတို့ရဲ့အကျိုးသက်ရောက်မှုကဘာလဲ။ ကိုယ့်အပေါ်ဘယ်လိုinfluenceနိုင်လဲ။
"ငယ်သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ အတန်းဖော်တွေ၊ အသိတွေ"။ ကိုယ့်မိသားစုလဲမဟုတ်ဘူး သွေးသားလဲမတော်စပ်ဘူး။ မဖြစ်မနေပတ်သက်ရလို့ ပတ်သက်ရတဲ့သူတွေလဲမဟုတ်ဘူး။ အကြောင်းတစ်ခုခုကြောင့် အချင်းချင်းသိလာကြတယ်။ နောက်တော့ အချိန်တွေ ဖြတ်သန်းကြပြန်တယ်။
ဘာကြောင့် မိတ်ဆွေဆိုတာဖြစ်ပေါ်လာတာလဲ။
လူဆိုတာကဗျာ တစ်ဦးတည်းနေတဲ့သတ္တဝါမှမဟုတ်တာ။ ဒီလိုပဲ ဘယ်အလုပ်မဆို ဘယ်လောက်ကြီးပဲ တတ်သည်ဖြစ်စေ ကျွမ်းကျင်သည်ဖြစ်စေ လူတစ်ဦးတည်းက အကုန်လုံးမှမတတ်မြောက်နိုင်ဘူး။
ဒါကြောင့် အစုအဖွဲ့ဆိုတာပေါ်ပေါက်လာတယ်။ တစ်ဦးချင်းရဲ့ အားနည်းချက်အားသာချက်တွေကို ဖြည့်စည်းပေးရင်း ရှေ့ဆက်ကြတယ်။ အချင်းချင်း စကားပြောဆိုဆက်ဆံ လာကြရတယ်။ အသိတွေဖြစ်လာတယ်။
ငယ်စဥ်တုန်းကရခဲ့တဲ့သူငယ်ချင်းတွေ
မေးချင်တာလေးရှိတယ်။ ငယ်ငယ်တုန်းက ပေါင်းသင်းဖြစ်တဲ့သူငယ်ချင်းတွေထဲ အခုချိန်ထိ ဘယ်နဦးကျန်နေသေးလဲ။
တကယ်တော့ဗျ အသက်ကြီးလာလေလေ အစစ်အမှန်ရဖို့ခက်ခဲလေလေပဲ။ ငယ်ငယ်တုန်းကဆိုစဥ်းစားကြည့်ဗျာ တစ်ဦးနဲ့တစ်ဦး တစ်ခန်းထဲစာသင်ရတယ်။ ဘောလုံးကန်လိုက် စာတူတူခိုးချကြလိုက်နဲ့ သူငယ်ချင်းတွေဖြစ်သွားကြတယ်။
ကိုယ့်ရဲ့အဝန်းအဝိုင်းကကျဥ်းချင်ကျဥ်းမယ်။ ဒါပေမယ့် အများစုကတော့ စိတ်ရင်းနဲ့ပေါင်းသင်းကြတယ်။
ယှဥ်ပြိုင်တယ်ဆိုတာ နောက်ထား၊ ငွေ၊ဂုဏ်၊ဥစ္စာဆိုတာ အဝေးကြီး။ ဘယ်လိုသူမျိုးပဲဖြစ်ဖြစ် ပေါင်းကြတာပဲ။ မခံချင်အောင်စကြတယ်နောက်ကြတယ်။ ရန်လဲဖြစ်ကြတာပဲ။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း။ အသက်တဖြည်းဖြည်းကြီးလာတော့ အဖြူထည်နှလုံးသားလေးတွေက အရောင်တွေတစ်စတစ်စပေစွန်းလာတယ်။ ပတ်ဝန်းကျင်၊ နောက်ခံbackground၊ လောကဓံရိုက်ခတ်မှုတွေကြား စွန်းထင်းလာတယ်။
"ငါ့ဖုန်းကဘာဖုန်း၊ ငါအမှတ်ဘယ်လောက်ရတာ၊ ငါ့မိဘကဘာ" ။ ငွေကြေးကစလို့ အရာအားလုံးက အဆင့်သတ်မှတ်ချက်တွေဖြစ်လာတယ်။
အသက်ကြီးမှရလာတဲ့မိတ်ဆွေတွေ
အသက်ငယ်တိုင်းစစ်မှန်မှာမဟုတ်သလို ကြီးတိုင်းလဲ အကျည်းတန်နေတာတော့မဟုတ်ဘူးဗျ။
အသက်တဖြည်းဖြည်းကြီးလာကြတော့ ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးဖြစ်လာတယ်။ ဘယ်နေရာဘယ်မြို့ ဘယ်ကျောင်းရောက်ရောက် friends of friends တွေက ပေါသထက်ပေါလာတယ်။ အလုပ်၊ တက္ကသိုလ်၊ social media၊ အားကစား စတဲ့ အရပ်အဝန်းတွေများသထက်များလာတယ်။
လူတွေများလာတယ်။ စစ်မှန်တဲ့မိတ်ဆွေတွေကတော့ ရှားသထက်ရှားလာတယ်။ လောကကြီးရဲ့ခါးသီးတဲ့အမှန်တရားတွေ။
တစ်ခါတစ်လေလဲလေ ကိုယ်မလုပ်ချင်တဲ့အရာကြီးတစ်ခုကို အောင့်အီးသည်းခံပြီးလုပ်နေရသလိုပဲခံစားမိကြပါလိမ့်မယ်။
မိတ်ဆွေတွေရဲ့ influence
"ကိုယ်ဘယ်လိုသူမျိုးဆိုတာသိချင်ရင် ကိုယ့်အဝန်းအဝိုင်းက သူတွေကို ကြည့်ကြည့်ပါ။"
လူတိုင်းအတွက်တော့မှန်ချင်မှမှန်မယ်၊ ကျနော့်အတွက်တော့ သိပ်မှန်တယ်။ Law of attractionလို့တော့ သမုတ်ဖို့ ခက်ခဲတယ်။ တစ်နည်းအားဖြင့် ကိုယ်ကိုယ်တိုင်က ကောင်းတဲ့သူဆို ကောင်းတဲ့ပတ်ဝန်းကျင်က အလိုလိုဖြစ်လာတယ်၊ မကောင်းတဲ့သူဆို မကောင်းတဲ့အလျောက်ပဲ။
ဆိုပါစို့ ကိုယ်က အင်မတန်မှစာကြိုးစားတဲ့သူ။ အလုပ်ဖြစ်စေ၊ ကိုယ့်ရဲ့ဝါသနာပဲဖြစ်စေ ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ့်ကိုယ်ကို အင်မတန်တန်ဖိုးထားတဲ့သူ။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကသူတွေကတော့ ဘဝကို ရေလိုက်ငါးလိုက်နေနေတဲ့သူတွေ။
ဒီလိုပတ်ဝန်းကျင်ထဲ အချိန်ဖြတ်သန်းတာကြာလာရင် သူ့အလိုလို ရေလိုက်ငါးလိုက်နေတတ်တဲ့သူဖြစ်သွားမှာက သဘာဝပဲ။ လူ့စိတ်ကိုက "လိုက်ရောညီထွေ" ကိုး။
ဒီတော့ ကိုယ်ကိုယ်တိုင်က အောင်မြင်ချင်တဲ့အခါ အောင်မြင်ချင်တဲ့သူတွေကြား နေပါ ဆိုတာမျိုး။
ကျနော်ကိုယ်တိုင်လဲ ပတ်ဝန်းကျင်တွေအထိုက်အလျောက်ဖြတ်သန်းဖူးတယ်။ ဟိုကျောင်းမှာ ဟိုပတ်ဝန်းကျင် ဒီကျောင်းမှာဆိုလဲ ဒီလိုအသိုင်းအဝိုင်း။ ငွေရှိပေမယ့် ဘဝကြီးကိုဖြတ်သန်းတဲ့သူတွေလဲရှိတယ်။ ထိုနည်းလည်းကောင်း ငွေမရှိဘဲ ကြိုးစားချင်စိတ်ရှိတဲ့သူတွေလဲရှိတယ်။
ကိုယ်တိုင်လဲ အဲ့အချိန်တွေမှာ ပတ်ဝန်းကျင်ကရိုက်ခတ်မှုတွေခံစားခဲ့ရတယ်။
ကိုယ့်အသိုင်းအဝိုင်းကို ရွေးချယ်ပါ။
Be mindful of who you spend time with။ ကိုယ့်အချိန်တွေကို ဘယ်လိုသူတွေနဲ့ဖြတ်သန်းဖြစ်လဲဆိုတာ ဆင်ခြင်ပါ။
ဘဝလက်တွဲဖော်ရွေးချယ်သလိုပါပဲ။ ကိုယ်ဒီသူနဲ့ ဘယ်လောက်ထိပေါင်းသင်းဖို့ အချိန်ဖြတ်သန်းဖို့ ရည်ရွယ်ထားလဲ။ ဥပမာ - ၁ ရက်လား၊ တစ်လလား၊ တစ်သက်လုံးလား။
လူတိုင်းကို မလှိမ့်တပတ်နဲ့ပြောဆိုဆက်ဆံနေတဲ့သူ၊ လိုက်ညှောင့်နေတဲ့သူ၊ အရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လိုက်လံပြောဆိုနေတဲ့သူ။ ဒီလိုသူမျိုးနဲ့ ကိုယ်ပေါင်းရင် အနှေးနဲ့အမြန် ကိုယ်လဲအဲ့လိုဖြစ်မှာပဲ။
"ဟာ ငါဒီသူတွေနဲ့ခနပဲပေါင်းမှာပါ။ လိုအပ်လို့ပါ၊ ပျော်လို့ပါ" ဆိုတာဆင်ခြေသက်သက်ပဲ မဟုတ်လား။
"ဦးနှောက်ကို အရမ်းသုံးနေရင် ဘယ်လိုအစစ်အမှန်ရတော့မှာလဲ။ နှလုံးသားနဲ့မစဥ်းစားဘူးလား"
ကိုယ့်နှလုံးသားကိုယ်စာနာလို့ ဦးနှောက်ကို အကာအကွယ်အနေနဲ့ဆင်ခြင်ခိုင်းတဲ့သဘောသပ်သပ်ပါပဲ။
ကိုယ်မကြိုက်တဲ့circleထဲကဘယ်လိုထွက်ရမလဲ။
"အားနာလို့၊ သူငယ်ချင်းမို့လို့၊ မိဘအချင်းချင်းသိလို့" စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုcircleကထွက်ဖို့ခက်ခဲနေကြပါလိမ့်မယ်။
အကယ်၍ ဒီသူက ကိုယ့်အပေါ်လွှမ်းမိုးမှုမကောင်းဘူးလို့ ခံစားမိလာခဲ့ရင် ကျနော်သာဆိုရင်တော့ရှောင်လိုက်မယ်။
မဖြစ်မနေပတ်သက်နေရခဲ့သည်ရှိသော် ကြိုးစားပြီး tolerateကြည့်မယ်။ စောင့်ကြည့်မယ်။ စောင့်ကြည့်နေရင်း ကိုယ့်အပေါ်ထိခိုက်လာတဲ့တစ်စုံတစ်ရာရှိလာပြီဆိုတဲ့ pointရောက်ရင်တော့ လုံးဝမပတ်သက်တော့ဘူး။
ဒါကအကောင်းဆုံးsolutionဖြစ်ချင်မှဖြစ်မယ်။ အနေခက်ပါလိမ့်မယ်။ ကျနော့်လိုboldဖြစ်တဲ့သူအတွက်တော့ အဆင်ပြေပါတယ်။ ကိုယ့်ကိုယ်ကို အလေးထားတတ်ဖို့ပါ။
နေ့တစ်နေ့တာ
တစ်ရက်မှာ ၂၄ နာရီရှိတယ်။ အချိန်ကိုအလဟဿဖြတ်သန်းမလား တန်ဖိုးရှိအောင်ဖြတ်သန်းမလား။
မနက်နိုးတယ် လိုင်းပေါ်မှာ ဘယ်သူနဲ့ ဘယ်သူက ရန်ဖြစ်နေကြတယ်။ ဘယ်ကောင်လေးကဘယ်လောက်ဆိုးတာ၊ ဘယ်မင်းသားကဘယ်လို။ ဖြတ်သန်းနေလို့ရတယ်။ Shit talk နေလို့ရတယ်။ ကိုယ့်ပေါ်တကယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့တော့ "I'm busy"ပေါ့။
ဒီလိုပဲ မနက်နိုးတယ်။ ကိုယ့်မိသားစု၊ ကိုယ်သိပ်ချစ်ရတဲ့သူငယ်ချင်းအစစ်အမှန်တွေနဲ့ ဖြတ်သန်းမယ်။ အချိန်လေးနည်းနည်းလေးကိုပဲ ကိုယ့်အပေါ်လွှမ်းမိုးမှု မကောင်းတဲ့သူတွေနဲ့ဖြတ်သန်းမယ်။ ဒါဆိုရင်ကော။
ကိုယ့်ပတ်ဝန်းကျင်ကိုယ် ကောင်းမွန်စွာရွေးချယ်ဆုံးဖြတ်ပါ။ တန်ဖိုးရှိတဲ့သူတွေနဲ့ တိုတောင်းလှတဲ့ဘဝရဲ့ နေ့ရက်များကို ဖြတ်သန်းပါ။ ကိုယ့်ဘဝကိုယ်မြှင့်တင်ပါ။
တကယ်တော့လေ လူဆိုတာ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။ ဘဝကြီးမှာ ကြုံလာရမယ့်သူတွေကိုတော့ ရွေးချယ်လို့မရဘူး။ ဒါပေမယ့် ဘယ်လိုသူတွေနဲ့ပဲ အချိန်တွေ တူတူဖြတ်သန်းမယ်ဆိုတာကတော့ ရွေးချယ်ခွင့်ရှိပါတယ်။
ဒီနေ့ရဲ့challenge
"မင်းတို့လောက်ကောင်းတဲ့ Pureဖြစ်တဲ့friendshipမျိုးက တကယ်မရှိနိုင်တော့ဘူး" လို့ပြောရမယ့်သူတွေရှိမရှိ ကိုယ့်ဟာကိုယ်ဖြေဆိုကြည့်စေချင်ပါတယ်။