မြန်မာပြည်မှ တစ်နေ့တာ vs. UK မှ တစ်နေ့တာ - ပညာရေးနှင့် ဘဝနေထိုင်မှု ကွာခြားချက်များ

မြန်မာပြည်မှ တစ်နေ့တာ vs. UK မှ တစ်နေ့တာ - ပညာရေးနှင့် ဘဝနေထိုင်မှု ကွာခြားချက်များ
"နိုင်ငံခြားကျောင်းတက်တယ်ဆိုတာက ပညာတော်ရုံနဲ့မှမရတာ။"

This article is also available in [English]

ဒီနေ့တော့ ကျနော် နှိုင်းယှဉ်ပြမယ်ဗျာ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျနော့်ရဲ့ ရန်ကုန်ကဘဝနဲ့၊ အခုလက်ရှိ UK က ကျနော့်ဘဝကြားက တစ်နေ့တာဖြတ်သန်းပုံတွေကိုပေါ့။ ဒါက ကောင်းတယ်ဆိုးတယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်နှစ်ခုက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝ၊ အတွေးအခေါ်နဲ့ ရှင်သန်မှုကို ဘယ်လောက်အထိ ပုံသွင်းပြောင်းလဲသွားစေသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်အောင် မျှဝေချင်တာပါ။


အပိုင်း (၁) - နိုးထခြင်း၏ အသံများ

Burma မှ ကျနော်အိပ်ရာထချိန်

မနက်ခင်းလေးအိပ်ရာနိုးချိန်မှာ ပဲပြုတ်သည်အသံ၊ အလှူခံအသံတွေနဲ့အတူ နိုးထရခြင်းက ရန်ကုန်ရဲ့ မနက်ခင်းတွေရဲ့ အမှတ်အသားတစ်ခုပါပဲ။ "အလှူခံပါဗျိုး"၊ "ပဲပြုတ်..."၊ "ဆွမ်းခံကြွလာပါပြီခင်ဗျာ" စတဲ့အသံတွေနဲ့အတူ၊ မနက် ၅ နာရီ ၆ နာရီလောက်ကစပြီး ရေမော်တာသံတွေ၊ စက်သံတွေ၊ ဆူညံသံတွေက သင့်ကိုနိုးထဖို့ အချက်ပေးနေပါလိမ့်မယ်။ အိမ်ကလူတွေရဲ့ ဘုရားဝတ်ပြုသံ၊ ဟင်းချက်သံတွေနဲ့အတူ၊ တစ်ခါတစ်လေ မီးပျက်လို့ အိုက်ပြီးနိုးလာရတာမျိုးလည်း ရှိပါသေးတယ်။

UK မှ ကျနော်အိပ်ရာနိုးချိန်

"..."

ဘာအသံမှကိုမကြားရပါဘူး။ ငှက်သံလေးတွေကြားရချင်ကြားရမယ်။ ကားသံသဲ့သဲ့ကြားရချင်ကြားရမယ်။ ဒီလောက်ပါပဲ။ ဒီလိုတိတ်ဆိတ်မှုကပဲ တစ်နေ့တာကို အေးချမ်းစွာစတင်စေသလို၊ တစ်ခါတစ်လေမှာတော့ အထီးကျန်ခြင်းကို ပိုပြီးသိသာစေပါတယ်။ တစ်ယောက်အိပ်ကုတင်၊ စာကြည့်စားပွဲ၊ ပြတင်းပေါက်သေးသေးလေးနဲ့ ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်းနိုးထလာရခြင်းက မိသားစုအကြီးကြီးနဲ့ နေခဲ့ရတဲ့သူတစ်ယောက်အတွက်တော့ အစပိုင်းမှာ တော်တော်လေးခြောက်ခြားဖို့ကောင်းပါတယ်။


အပိုင်း (၂) - တစ်နေ့တာ၏ ပထမဆုံးအစားအစာ

Burma က ကျနော်အစားထစားချိန်

"အမေ၊ စားစရာဘာရှိလဲ။" "အပြင်မှာ တစ်ခုခုထွက်စားလိုက်ဦးမယ်။" "အမရေ၊ ပဲပြုတ် ၅၀၀ ဖိုး။"

ရန်ကုန်မှာ အစားအသောက်အတွက် ရွေးချယ်စရာတွေက အဆုံးမရှိပါပဲ။ ကုန်ဈေးနှုန်းတွေတက်နေပေမယ့်၊ အိမ်ရှေ့ထွက်လိုက်ရုံနဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ တိုဟူးနွေး စတဲ့မနက်စာတွေကို အလွယ်တကူဝယ်စားလို့ရပါတယ်။

UK က ကျနော်အစားထစားချိန်

"စားစရာဘာမှလဲသိပ်မကျန်ဘူး၊ သွားဝယ်ရဦးမယ်။" "အပြင်မှာဆိုင်တွေမဖွင့်သေးဘူး၊ ဝယ်စားဖို့လဲစျေးကြီးတယ်။" "ညကလက်ကျန်တွေရှိသေးလားမသိ။"

ဒီမှာကတော့ အရာအားလုံးက ကိုယ့်လက်ထဲမှာပါပဲ။ မနေ့ကတည်းက ချက်မထားရင်၊ မနက်စောစောထပြီး ကိုယ့်ဘာသာချက်ပြုတ်ရပါတယ်။ အချိန်ကုန်တယ်၊ ပင်ပန်းတယ်။ ကျနော်ကတော့ အခုနောက်ပိုင်း Huel လိုမျိုး nutritionally complete food တွေကိုပဲ အဓိကအားကိုးနေရပါတယ်။ Shake တစ်ခွက်ဖျော်သောက်လိုက်ရုံနဲ့ အချိန်ရော၊ အာဟာရရော နှစ်ခုလုံးအတွက် အဆင်ပြေသွားလို့ပါ။


အပိုင်း (၃) - ကျောင်းသို့ ခရီး

Burma က ကျနော်ကျောင်းသွားဖို့လုပ်ချိန်

"အမေမြန်မြန်လုပ်၊ ကျောင်းမမီတော့ဘူး။" "ကားကြပ်တယ်၊ နောက်ကားမှပဲစောင့်စီးတော့မယ်။"

ရန်ကုန်မှာ ကျောင်းသွားတယ်ဆိုတာက မသေချာမရေရာမှုတွေနဲ့ ပြည့်နေတဲ့ ခရီးတစ်ခုပါ။ ကားကဘယ်တော့ကြပ်မလဲ၊ Bus ကားကရော အချိန်မှန်လာပါ့မလား၊ လမ်းမှာ သူခိုးရန်ကရော လုံခြုံရဲ့လား။ အမြဲတမ်းစိုးရိမ်စိတ်နဲ့ သွားလာနေရပါတယ်။

UK က ကျနော်ကျောင်းသွားဖို့လုပ်ချိန်

"Bus က ၈:၀၀ တစ်စီး၊ ၈:၃၀ တစ်စီး။ မီပါတယ်။ မမီရင် scooter စီးသွားလိုက်မယ်။"

ဒီမှာက အရာအားလုံးက ပိုပြီးခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် သူ့အခက်အခဲနဲ့သူပါပဲ။ ရာသီဥတုကမကောင်းတော့ Bus စောင့်ရရင် အအေးဒဏ်ကိုခံရမယ်။ လူတွေကလည်းတန်းစီကြတော့ တိုးစီးလို့မရဘူး။ အဝတ်အစားကိုလည်း ရာသီဥတုနဲ့ကိုက်ညီအောင် သေသေချာချာဝတ်ရတယ်။ ထီးကမပါမဖြစ်။


အပိုင်း (၄) - စာသင်ခန်းတွင်း အတွေ့အကြုံ

Burma က ကျနော့်ကျောင်းအခန်းထဲဝင်ချိန်အခြေအနေ

စာသင်ခန်းထဲရောက်ပြီဆိုတာနဲ့ ဆရာမလာရင် အကုန်လုံးမတ်တပ်ရပ်ပြီး "မင်္ဂလာပါ ဆရာမ" လို့ ညီညီညာညာနှုတ်ဆက်ရပါတယ်။ စည်းကမ်းတွေက တင်းကျပ်တယ်။ "ဖုန်းတွေသိမ်းမယ်"၊ "အခန်းအပြင်သွားရပ်နေ"၊ "မိဘခေါ်မှာနော်" ဆိုတဲ့ စကားလုံးတွေက အမြဲတမ်းကြားနေရတဲ့ ခြိမ်းခြောက်မှုတွေပါပဲ။ သင်ကြားရေးကလည်း ဆရာက အဓိကဖြစ်ပြီး၊ ကျောင်းသားတွေကတော့ နာခံသူတွေသက်သက်ပါပဲ။

UK က ကျနော့်ကျောင်းအခန်းထဲဝင်ချိန်အခြေအနေ

UK မှာတော့ University မို့လို့လားမသိဘူး၊ ကျောင်းသားတွေကို တန်းတူအခွင့်အရေးရှိတဲ့ အရွယ်ရောက်ပြီးသူတွေအဖြစ် သတ်မှတ်ပါတယ်။ ဆရာမအခန်းထဲဝင်လာရင် "Hiiiiii" ဆိုပြီး ပေါ့ပေါ့ပါးပါးပဲ နှုတ်ဆက်ကြတယ်။ ကိုယ့်ဘာသာ အိပ်ငိုက်နေလား၊ laptop ကြည့်နေလား ဘယ်သူမှသိပ်ဂရုမစိုက်ပါဘူး။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိဖို့နဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့ပါပဲ။

Lecturer တွေကလည်း "Are there any questions?" ဆိုပြီး အမြဲတမ်းမေးခွန်းမေးဖို့ တိုက်တွန်းပါတယ်။ ကိုယ်မေးတဲ့မေးခွန်းဘယ်လောက်ပဲ dumb ဖြစ်နေပါစေ၊ စိတ်ရှည်လက်ရှည်ဖြေပေးပါတယ်။ သူတို့က အပြင်မှာလည်း professional တွေဖြစ်တဲ့အတွက်၊ သူတို့ရဲ့လက်တွေ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးသင်ကြားပေးတာက တကယ့်ကိုတန်ဖိုးရှိပါတယ်။


အပိုင်း (၅) - ငွေကြေး၊ ရှင်သန်မှု နှင့် ပေးဆပ်ရခြင်း

ငွေမလောက်ငှခြင်း

မြန်မာငွေကြေးတန်ဖိုးကျဆင်းလာမှုနဲ့အတူ၊ ကျောင်းသားအများစုက ငွေကြေးမလောက်ငှမှုကို ရင်ဆိုင်ကြရပါတယ်။ အရင်နှစ်တွေက လောက်ငတယ်ဆိုတဲ့ ပမာဏက အခုတော့ ဘယ်လိုမှမလောက်ငတော့ပါဘူး။

တန်ဖိုးထားတဲ့အရာနှင့် ပေးဆပ်ရတဲ့ကိစ္စ

ကိုယ်တန်ဖိုးထားတာက UK မှာ ကျောင်းတက်ရဖို့ဆိုရင်တော့၊ ငွေကုန်ကြေးကျများတာကို လက်ခံရပါမယ်။ University ပညာရေးဆိုတာက အချိန်ပိုပေးရုံ၊ ပင်ပင်ပန်းပန်းလုပ်ရုံနဲ့မရပါဘူး။ စျေးဝယ်ရတာအချိန်ကုန်ရင် delivery မှာရမယ်၊ bus စောင့်ရတာကြာရင် စက်ဘီးဝယ်စီးရမယ်။ ဒါတွေအားလုံးက ငွေကြေးနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စတွေပါ။

ကျောင်းစာဆိုတာ ကြိုးစားတိုင်းရရဲ့လား

နောက်တစ်ခုက ကျောင်းစာက လုပ်တိုင်းမရပါဘူး။ အောင်ရုံပဲလုပ်မယ်ဆိုရင်တောင် အတော်လေးစိတ်နှစ်ပြီး ကြိုးစားရပါတယ်။ ဆရာမတစ်ဦးပြောဖူးသလိုပဲ၊ "ပညာတစ်ခုကိုသင်ယူတယ်ဆိုတာ ရူးသွပ်နေမှရမယ်" တဲ့။ ကိုယ်က ဒီပညာကိုမကြိုက်ဘူးဆိုရင်တောင်၊ အတိုင်းအတာတစ်ခုအထိတော့ ဒီအရာနဲ့ပတ်သက်ပြီး obsess ဖြစ်နေမှ၊ ပျော်အောင်နေတတ်မှ ရေရှည်မှာအောင်မြင်မှာပါ။


နိဂုံးချုပ်

ဒီနှိုင်းယှဉ်မှုတွေရဲ့အဆုံးမှာ ကျနော်ပြောချင်တာကတော့၊ ပညာရေးဆိုတာက စာအုပ်ထဲမှာပဲရှိတာမဟုတ်ပါဘူး။ နေ့စဉ်ဘဝရဲ့ ဖြတ်သန်းမှုတိုင်းက သင်ခန်းစာတစ်ခုပါပဲ။ ရန်ကုန်မှာနေခဲ့ရတဲ့ဘဝက ကျနော့်ကို လူတွေနဲ့ဆက်ဆံတတ်ဖို့၊ လောကရဲ့အထာကိုနားလည်ဖို့ သင်ပေးခဲ့သလို၊ UK မှာနေရတဲ့ဘဝကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်ဖို့၊ ကိုယ့်ဘဝကိုကိုယ်တိုင်တာဝန်ယူတတ်ဖို့ သင်ပေးနေပါတယ်။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet