မြန်မာကျောင်း ၇/၈/၉ တန်း ကျောင်းသားများအတွက် လမ်းညွှန်- IGCSE ခရီးလမ်းနှင့် ကြိုတင်ပြင်ဆင်မှုများ

မြန်မာကျောင်း ၇/၈/၉ တန်း ကျောင်းသားများအတွက် လမ်းညွှန်- IGCSE ခရီးလမ်းနှင့် ကြိုတင်ပြင်ဆင်မှုများ

This article is also available in [English]

"ဘာကြိုတင်ပြင်ဆင်ရမလဲ။ IGCSE ဆိုတာဘာလဲ။ ဘာဖြစ်တတ်လဲ။ ဘယ်လောက်ကြာလဲ။ ဘယ်ဘာသာတွေရွေးချယ်ရမလဲ။ ဘာခက်ခဲတတ်လဲ။ ဘယ်ကိုဆက်သွားနိုင်မလဲ။"

ယခင်ဆောင်းပါးတွင် နိုင်ငံခြားကျောင်းတက်ရန် ယေဘုယျပြင်ဆင်မှုများကို ဆွေးနွေးခဲ့ပြီး၊ ယခုဆောင်းပါးတွင်မူ မြန်မာအစိုးရကျောင်းမှ ၇၊ ၈၊ ၉ တန်းအရွယ် ကျောင်းသားများအတွက်သာ သီးသန့်ရည်ရွယ်သော အသေးစိတ်လမ်းညွှန်ကို ဖော်ပြသွားမည်ဖြစ်သည်။


အစမှတ်- သင်၏ ရည်မှန်းချက်များကို ပြန်လည်သုံးသပ်ခြင်း

ဤခရီးကိုမစတင်မီ၊ သင်၏အခြေခံရည်မှန်းချက်များကို ရှင်းလင်းစွာသိထားရန်လိုသည်။

  1. သင်၏ ပညာအရည်အချင်း: (လက်ရှိဘယ်အတန်းမှာလဲ။)
  2. သင်၏ ဘတ်ဂျက်: (တစ်နှစ်ကို ဘယ်လောက်သုံးနိုင်မလဲ။)
  3. သင်၏ အချိန်အတိုင်းအတာ: (ဘယ်လောက်မြန်မြန်သွားချင်လဲ။)
  4. သင်၏ Major: (ဘာကိုအဓိကလေ့လာချင်လဲ။)
  5. သင်၏ နိုင်ငံ: (ဘယ်နိုင်ငံကိုဦးတည်နေသလဲ။)
  6. သင်၏ နောက်ခံအခြေအနေ: (မိဘလုပ်ငန်းဆက်ခံမလား၊ ကိုယ့်လမ်းကိုယ်ဖောက်မလား။)

အပိုင်း (၁)။ အကြံပြုလမ်းကြောင်း- အလယ်တန်းကျောင်းမှသည် တက္ကသိုလ်အကြိုသို့

ဤအသက်အရွယ်အတွက် အခိုင်မာဆုံးနှင့် အစိတ်ချရဆုံးသော ပညာရေးလမ်းကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

အကျဉ်းချုပ်လမ်းကြောင်း: မြန်မာ ၇/၈/၉ တန်း → Pre-IGCSE → IGCSE (O-Levels) → Foundation (A-Level သို့မဟုတ် တူသော ဒီပလိုမာ) → နိုင်ငံခြားတက္ကသိုလ်

ခန့်မှန်းခြေကြာချိန်:

  • Pre-IGCSE: သင်၏ ပညာရေးနောက်ခံပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  • IGCSE (O-Levels): ၂ နှစ်။
  • Foundation / A-Levels: ၁-၂ နှစ်။
  • စုစုပေါင်း: ၄ နှစ် သို့မဟုတ် ထို့ထက်ပိုကြာမြင့်နိုင်ပါသည်။ ဤလမ်းကြောင်းသည် မာရသွန်ပြေးပွဲဖြစ်ပြီး၊ အမြန်လမ်းပြေးပွဲမဟုတ်သည်ကို အသိအမှတ်ပြုရန် အရေးကြီးသည်။

အပိုင်း (၂)။ ပြင်ဆင်မှုအဆင့်- ခိုင်မာသော အခြေခံကို တည်ဆောက်ခြင်း

စနစ်တစ်ခုမှတစ်ခုသို့ ရုတ်တရက်ကူးပြောင်းခြင်းသည် မည်သူ့အတွက်မဆို ခက်ခဲပါသည်။ ပြင်ဆင်မှုအားနည်းပါက ဤအသက်အရွယ်တွင် စာကို "ကြောက်" သွားသည်အထိဖြစ်တတ်ပြီး ဘေးနားကလူတွေ လက်မြှောက်အရှုံးပေးရသည်အထိ ဆိုးရွားသွားနိုင်ပါသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှု၏ ရည်ရွယ်ချက်မှာ အပြောင်းအလဲကို ပိုမိုမြန်ဆန်ထိရောက်စေရန်နှင့် အခက်အခဲများကို လျော့ပါးစေရန်ဖြစ်သည်။

အင်္ဂလိပ်စာ- စာသင်ခန်းဘောင်မှ ကျော်လွန်၍ သင်ယူခြင်း

ဤအသက်အရွယ်တွင် IELTS လို စာမေးပွဲအတွက် အသည်းအသန်ပြင်ဆင်ရန် မလိုအပ်သေးပါ။ နိုင်ငံခြားမထွက်မီ ၃-၄ နှစ်ခန့် အချိန်ကျန်ပါသေးသည်။ အဓိကရည်ရွယ်ချက်မှာ အင်္ဂလိပ်စာနှင့် အထိအတွေ့များအောင်၊ ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စွာသင်ယူနိုင်ရန်ဖြစ်သည်။

  • အတန်းချိန်ပြင်ပသင်ယူမှု: 4-skill ကျူရှင်များထက်၊ British Council လိုနေရာမျိုးတွင် ဘာသာစကားကို ပိုမိုသဘာဝကျကျလေ့လာခြင်းက ပိုထိရောက်သည်။
  • သင်ကိုယ်တိုင် ပြုလုပ်နိုင်သောအရာများ: အပျင်းပြေစာဖတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ Duolingo လို application များသုံးပါ။
  • ကျနော့်ကိုယ်ပိုင်အတွေ့အကြုံ: ကျနော်ဒီအရွယ်တုန်းက workout ကိုစိတ်ဝင်စားတော့ gym video တွေကြည့်တယ်၊ နည်းပညာပစ္စည်းတွေ စိတ်ဝင်စားတော့ YouTube review တွေကြည့်တယ်။ ဒါဟာ ကိုယ်စိတ်ဝင်စားတဲ့အရာကနေတစ်ဆင့် အင်္ဂလိပ်စာကို သွယ်ဝိုက်ပြီးလေ့လာခြင်းပါပဲ။ ဒီနည်းလမ်းက သင့်အတွက် အထိရောက်ဆုံးဖြစ်ပါလိမ့်မည်။

အပိုင်း (၃)။ IGCSE ခရီးလမ်း- အဆင့်ဆင့်လမ်းညွှန်

အဆင့် ၁ - Pre-IGCSE (နိုင်ငံတကာပညာရေးသို့ တံတားထိုးခြင်း)

ဤအဆင့်သည် မြန်မာကျောင်းမှလာသော ကျောင်းသားများအတွက် အင်္ဂလိပ်စာအခြေခံနှင့် နိုင်ငံတကာသင်ကြားမှုပုံစံကို အသားကျစေရန် တည်ဆောက်ထားသော "Lower Secondary" (Grade 7,8,9) အဆင့်ဖြစ်သည်။ တစ်နှစ်ခန့်ကြာမြင့်တတ်ပြီး အင်္ဂလိပ်စာအခြေခံမကောင်းပါက လိုက်နိုင်ရန် ခက်ခဲနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါသည်။

အဆင့် ၂ - IGCSE (O-Levels) - သင်၏အနာဂတ်ကိုပုံဖော်မည့် ဘာသာရပ်များ

IGCSE ကို ၂ နှစ်သင်တန်းအဖြစ် တက်ရောက်ရန် အကြံပြုပါသည်။ တစ်နှစ်တည်းနှင့်ပြီးအောင်သင်သော "Intensive" သင်တန်းများသည် စာမေးပွဲဖြေချိန်စောင့်ရခြင်းတို့ကြောင့် အချိန်များစွာမထူးဘဲ ပို၍ပင်ပန်းစေပါသည်။ ဤအဆင့်တွင် အရေးအကြီးဆုံးမှာ ဘာသာရပ်ရွေးချယ်မှုဖြစ်သည်။

  • Major နှင့်ချိတ်ဆက်ပါ: သင်တက်လိုသော တက္ကသိုလ် Major အတွက် လိုအပ်မည့် ဘာသာရပ်များကို ရွေးချယ်ပါ။ Architecture အတွက်ဆိုလျှင် Maths, Physics နှင့် Arts & Design တို့ကို အဓိကထားရွေးချယ်သင့်သည်။
  • နည်းပြီးထိရောက်ပါစေ: ဘာသာရပ်ပေါင်း ၈၀ ကျော်ရှိသော်လည်း၊ အများကြီးယူရန်မလိုအပ်ပါ။ သင်၏ Major အတွက် လိုအပ်သော ဘာသာရပ်များကိုသာ အဓိကထားရွေးချယ်ပါ။

IGCSE ပြီးလျှင် ဘာဆက်လုပ်နိုင်မလဲ။

O-Level အောင်မြင်ပြီးပါက သင့်ရှေ့တွင် ရွေးချယ်စရာများစွာရှိလာပါပြီ။

  • Foundation Programme (OSSD, US Diploma) ကို မြန်မာပြည်တွင် ဆက်လက်တက်ရောက်နိုင်သည်။
  • နိုင်ငံခြားတွင် Foundation တစ်နှစ်ကို စနစ်တကျသွားရောက်သင်ယူနိုင်သည်။
  • ထိုင်းနိုင်ငံရှိ private university အချို့တွင် တက်ရောက်နိုင်သည်။
  • မြန်မာနိုင်ငံရှိ Private University များတွင် HND Diploma များ စတင်တက်ရောက်နိုင်သည်။

အပိုင်း (၄)။ သတိပြုရန်အန္တရာယ်များနှင့် လက်တွေ့အကြံပြုချက်များ

၁။ ဆရာပြဿနာ- စနစ်ဟောင်းနည်းလမ်းများနှင့် စနစ်သစ်သင်ရိုး

IGCSE သင်တန်းများစွာတွင် ဆရာများသည် မြန်မာဆယ်တန်းသင်ကြားသကဲ့သို့ အလွတ်ကျက်စနစ်ကိုသာ အဓိကထားသင်ကြားနေကြဆဲဖြစ်သည်။ Critical thinking နှင့် understanding ကိုဦးတည်သော activities များအစား၊ စာမေးပွဲမေးခွန်းပုံစံကိုသာ ဘောင်ခတ်သင်ကြားနေခြင်းသည် ကျောင်းသားများအတွက် အကြီးမားဆုံးအခက်အခဲဖြစ်သည်။ (၉၀ ခုနှစ်နောက်ပိုင်း ဆယ်တန်းအောင်ခဲ့သော လူကြီးများကိုမေးကြည့်ပါ၊ လွန်ခဲ့တဲ့ ၅နှစ် ကျနော်တို့တုန်းကနဲ့တောင်တူတာမှမဟုတ်တာ။ သင်ကြားနည်းမှာ ယနေ့ခေတ်နှင့် များစွာမကွာခြားသည်ကို တွေ့ရပါလိမ့်မည်။)

၂။ လူမှုရေးပြဿနာ- ပတ်ဝန်းကျင်သစ်၏ အန္တရာယ်များ

IGCSE အသိုင်းအဝိုင်းသည် ငွေကြေးသုံးစွဲနိုင်သော မိသားစုများမှ ကလေးများစုဝေးရာနေရာဖြစ်တတ်သည်။ မိဘ၏ကောင်းမွန်သောထိန်းကျောင်းမှုမရှိပါက ပျက်စီးလွယ်သောအရွယ်တွင် အန္တရာယ်များစွာရှိသည်။

  • သတိပြုရန် လက္ခဏာများ: ကိုယ့်သားသမီးထံမှ ဆေးလိပ်နံ့၊ vape နံ့၊ သစ်ရွက်စိမ်းနံ့များရနေခြင်း၊ နှုတ်ခမ်းများရုတ်တရက်မဲလာခြင်း စသည်တို့ကို သတိပြုပါ။ ယနေ့ခေတ်တွင် club, bar နှင့် မူးယစ်ဆေးဝါးများသည် အလွန်ပျံ့နှံ့နေပြီး အလွယ်တကူရရှိနိုင်သောကြောင့် မပေါ့ဆပါနှင့်။

၃။ Foundation ဆိုတာဘာလဲ။ အခြားပညာရေးစနစ်များ။

Foundation ဆိုသည်မှာ တက္ကသိုလ်မတက်မီ ကြားခံကာလဖြစ်ပြီး၊ လမ်းကြောင်းများစွာကွဲပြားသည်။

  • OSSD: ကနေဒါအထက်တန်းဒီပလိုမာ (၁ နှစ်)။
  • GCE A-Level: UK သင်ရိုး (၂ နှစ်)။
  • US Diploma: SAT/AP တို့နှင့် တွဲဖက်သင်ယူရသည် (၁ နှစ်)။
  • IB (International Baccalaureate): ကလေးဘဝကတည်းက စတင်နိုင်သော နိုင်ငံတကာသင်ရိုး။

လူသိနည်းသော လမ်းကြောင်းများသည် မခိုင်မာမှုများရှိနိုင်သောကြောင့် သတိထားပါ။ ကျောင်းတစ်ကျောင်း၏ တရားဝင်ဖြစ်မှုကို စစ်ဆေးလိုပါက၊ ၎င်းတို့ချိတ်ဆက်ထားသည်ဆိုသော နိုင်ငံခြားတက္ကသိုလ်၏ website ရှိ agent list တွင် မြန်မာနိုင်ငံမှ ထိုကျောင်း၏အမည် ပါ,မပါကို ဝင်ရောက်စစ်ဆေးနိုင်ပါသည်။

ကျနော့်အမြင်

မြန်မာကျောင်းမှ IGCSE သို့ပြောင်းလဲခြင်းသည် အောက်ပါအချက်များပြည့်စုံပါက အလွန်ကောင်းမွန်သောခြေလှမ်းတစ်ခုဖြစ်သည်။

  • အင်္ဂလိပ်စာ ပိုမိုတတ်ကျွမ်းလာခြင်း။
  • ဆရာများက နိုင်ငံတကာစံနှုန်းအတိုင်း သင်ကြားခြင်း။
  • ကလေးကိုယ်တိုင်က ပညာရေးကို အလေးထားပြီး သင်ယူလိုစိတ်ရှိခြင်း။
  • အလွတ်ကျက်စနစ်မှ စဉ်းစားတွေးခေါ်တတ်သောစနစ်သို့ ကူးပြောင်းနိုင်ခြင်း။

IGCSE မှမဟုတ်ပါ၊ မြန်မာသင်ရိုးပြင်ပ မည်သည့်ပညာရေးကိုမဆို အားပေးပါသည်။ သို့သော် ငွေကုန်ပြီးဘာမှမထူးသော သင်တန်းမျိုးကိုတော့ ရှောင်ကြဉ်စေလိုပါသည်။


နိဂုံး- မိဘနှင့် ကျောင်းသားများအတွက် နောက်ဆုံးစကား

ဤခရီးတွင် မိဘနှင့်ကျောင်းသား နှစ်ဦးစလုံးတွင် တာဝန်ကိုယ်စီရှိသည်။

  • မိဘများသို့: သားသမီးနှင့် ပွင့်လင်းစွာတိုင်ပင်ပါ။ သူတို့၏အခက်အခဲကိုနားထောင်ပါ။ forceful မလုပ်ပါနှင့်။ ဤဆောင်းပါးကို သူတို့ကိုပေးဖတ်ပါ။
  • ကျောင်းသားများသို့: နားမလည်သောမိဘများကို စိတ်ရှည်စွာရှင်းပြပါ။ တောင်းဆိုသင့်သောအခွင့်အရေးကိုတောင်းဆိုပါ။ လမ်းမလွဲပါစေနှင့်။ သင်၏ကြိုးစားမှုတိုင်းသည် ဘယ်အခါမှ အလဟဿမဖြစ်ပါ။ ကျနော့်ကိုကြည့်ပါ၊ ဆယ်တန်းတက်တာ အကျိုးမရှိဘူးထင်ခဲ့ပေမယ့် အနည်းဆုံးတော့ စာလေးနည်းနည်းရေးတတ်လာတာပေါ့။ (ဟဲဟဲ)

ဘယ်ကစရမှန်းမသိလျှင် ဤဆောင်းပါးမှစလိုက်ပါ။ ကျောင်းများကိုမေးမြန်းပါ၊ စုံစမ်းပါ။ လုပ်ခဲ့သောခြေလှမ်းတိုင်းအတွက်ဂုဏ်ယူပြီး နောက်လာမည့်ခြေလှမ်းများအတွက် ခွန်အားအပြည့်ဖြင့် အရှိန်ယူပါ။


Read more

UKကဦးဆုံးအချိန်များ

UKကဦးဆုံးအချိန်များ

အမှန်တရားကို ဖွင့်ဟခြင်း Heathrow လေဆိပ်ပေါ်ကဆင်း၊ ကိုယ်ရောက်လာတဲ့မြို့ရဲ့ အင်မတန်သန့်ရှင်းရှုပ်ထွေးလူများတဲ့ လမ်းမတွေပေါ်မှာ ပထမဆုံးခြေချမိတဲ့စိတ်လှုပ်ရှားမှု ဒါကိ

By Moe Htet
UK ရှိ သင်၏ ပထမဆုံး ၄၈ နာရီ

UK ရှိ သင်၏ ပထမဆုံး ၄၈ နာရီ

နိဒါန်း- UK မှ ကြိုဆိုပါတယ် နောက်ဆုံးတော့ ဒီအချိန်ကိုရောက်လာခဲ့ပါပြီ။ လပေါင်းများစွာကြာအောင် လျှောက်လွှာတွေတင်၊ အင်တာဗျူးတွေဖြေ၊ အစီအစဉ်တွေဆွဲခဲ့ပြီးတဲ့နောက်

By Moe Htet
"The Digital Battleground" ကို မိတ်ဆက်ခြင်း

"The Digital Battleground" ကို မိတ်ဆက်ခြင်း

စာရေးသူ၏ မှတ်စု: Moe Notes က ကျနော့်ရဲ့အလုပ်တွေဟာ ကျောင်းသားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ခရီးစဉ်နဲ့ နက်နက်ရှိုင်းရှိုင်းချိတ်ဆက်နေတယ်ဆိုတာကို မိတ်ဆွေတို့သိကြ

By Moe Htet