Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။

ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအများစုက နိုင်ငံခြားထွက်မယ်ဆိုတဲ့အခါ နိုင်ငံပေါ်မူတည်ပြီးပြင်ဆင်စရာလေးတွေကွဲပြားပါတယ်။ ဘာသာစကား၊ စာမေးပွဲ၊ Portfolio၊ ကျောင်းလျှောက်တဲ့ application timeစသဖြင့် ကွဲရုံကစ Education လမ်းကြောင်းတစ်ခုလုံးကွဲသွားတတ်ပါတယ်

ငွေကုန်ကြေးကျများချင်များ အချိန်ပိုကုန်ချင်ကုန် Option အများဆုံးရအောင် တစ်ဆင့်ချင်းပြင်ဆင်ခဲ့သူများမှလွဲ၍ တော်ရုံကျောင်းသားများအတွက် ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း Majorတစ်ခုနဲ့တစ်ခုတောင် ခက်ခဲနေကြတာ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံပြောင်းဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကိစ္စပါ။

အခုလိုအချိန်မှာ UKနည်းတူ ဘယ်နိုင်ငံတွေရှိတယ် ဥရောပဘက်တွေရှိတယ် စသဖြင့် ကြော်ညာတွေအများကြီးတွေ့မိပါတယ်။ ဟုတ်တယ်ရှိတယ်။ သို့သော် ဒီoptionတွေက ဒီဗီဇာကိစ္စမဖြစ်ခင် ဟိုး.... ကျောင်းတွေရှာစဥ်ကတည်းက မစဥ်းစားခဲ့တဲ့ optionတွေမှမဟုတ်တာ။ ကုန်ကျစရိတ်အားဖြင့်လဲ UK တန်းတူ နည်းပါးလောက်ရှိတယ်၊ ပိုနည်းချင်နည်းမယ်။ ပထဝီအားဖြင့် ဥရောပဘက်မှာရှိတယ်။ ဘာသာစကား တတ်မြောက်မှု စဉ်းစားစရာတစ်ခု။ စသဖြင့်မို့လို့သာ ဥရောပဘက်ထက် UK, Canada စသဖြင့် လျှောက်တဲ့သူတွေ တကယ်ရွေးချယ်ဖြစ်သွားကြတဲ့သူတွေ များပြားနေကြတာပါ။

ဒီအချိန်မှာ ဥရောပဘက် ဘယ်လောက်ကောင်းတယ်ဆိုတာ ပြောပြနေရုံနဲ့မပြီးပါဘူး။ ဖြစ်သင့်တာကတော့ ပြည်တွင်းမှာ အခုပြဿနာတက် အခက်အခဲဖြစ်သွားတဲ့သူတွေက ဘယ်လိုသူမျိုးတွေလဲ။ ဘယ်ကာလ၊ ဘယ် term မှာ စတက်ဖို့ စိတ်ကူးထားကြတာလဲ ဆိုတာပါပဲ။

UKတောင်တက်ဖို့စဥ်းစားနေတဲ့သူတွေအဖို့ ဥရောပဘက်ကူးပြောင်းဖို့ဆိုတာက ငွေကြေးက အဓိကမဟုတ်ပါဘူး။ ကျနော်သာဆိုရင်တော့

  • ငါအခုတက်ထားတဲ့ ပညာအရည်အချင်း (High School Diploma, Bachelors) နဲ့ ဥရောပဘက်မှာ ဘယ်အတန်းပညာ တက်လို့ရနိုင်မလဲ (Bachelors Year One? Foundation? Masters?)
  • ဘာသာစကားအသစ် ထပ်တက်ဖို့လိုမလား။ ဟိုရောက်မှကြည့်လုပ်သွားရင်ကော အဆင်ပြေနိုင်မလား။ (အချိန်ကာလ တွက်ချက်နိုင်သည်)
  • သက်ဆိုင်ရာ အတန်းပညာရပ်အလိုက်၊ ဘာသာရပ်အလိုက် ဘာတွေအပိုထပ်ပြင်ဆင်ရမလဲ။ အစောဆုံး ဘယ်လောက်လောက် ရောက်ရှိနိုင်မလဲ။
  • သက်ဆိုင်ရာကျောင်းနဲ့ နိုင်ငံအလိုက် ဘယ်အချိန်တွေမှာ intake တွေရှိလဲ၊ နောက်အကျဆုံး ဘယ်တော့လောက်ထားလျှောက်လို့ အဆင်ပြေမလဲ။
  • ကျောင်းပြီးရင်ကော အလုပ်ဆက်လုပ်လို့ရနိုင်မလား၊ မြန်မာပြည်ပြန်မှာလား၊ ဘယ်နိုင်ငံမှာ ဒီဘွဲ့၊ ဒီပညာအရည်အချင်းက အသုံးချလို့ရနိုင်မလဲ။

ဒါတွေက ပိုအရေးကြီးပါတယ်။ ဒါတွေသိရရင်တော့ တုံ့ဆိုင်းမနေဘဲ မြန်မြန်ကျောင်းလျှောက်ကြဖို့ အကြံပြုချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို ပြောင်းဖို့ဆိုတာ ပါးစပ်ကပြောသလို မလွယ်တဲ့အတွက်၊ UK ကို ရည်ရွယ်ထားတဲ့ မြန်မာကျောင်းသားတွေ တိုက်ရိုက် အစားထိုးစဉ်းစားနိုင်မယ့် (Direct Alternatives) နိုင်ငံတချို့ရဲ့ အကြမ်းဖျင်း ကျောင်းဝင်ခွင့်ကာလနဲ့ လျှောက်လွှာပိတ်ရက် (Application Deadlines) တွေကို အောက်မှာ ရှာဖွေစုစည်းပေးထားပါတယ်။

📊 Option Breakdown: လက်တွေ့ကျသော ရွေးချယ်စရာ နိုင်ငံများ (အကြမ်းဖျင်း)

၁။ Ireland (အိုင်ယာလန်) UK နဲ့ ပထဝီအရရော၊ ပညာရေးစနစ် (Education System) အရပါ အနီးစပ်ဆုံးဖြစ်ပြီး English-speaking နိုင်ငံဖြစ်လို့ UK ကို အစားထိုးဖို့ အကောင်းဆုံး First-world လမ်းကြောင်းပါ။

  • Autumn Intake (စက်တင်ဘာလ စတင်): လျှောက်လွှာပိတ်ရက် ဇွန် ကနေ ဇူလိုင်လ ဝန်းကျင်။
  • Spring Intake (ဇန်နဝါရီ/ဖေဖော်ဝါရီလ စတင်): လျှောက်လွှာပိတ်ရက် အောက်တိုဘာလ ဝန်းကျင်။

၂။ Australia & New Zealand (သြစတြေးလျ နှင့် နယူးဇီလန်) UK ပညာရေးစနစ်နဲ့ ဆင်တူပြီး Post-Study Work (PSW) အားကောင်းတဲ့ English-speaking လမ်းကြောင်းတွေပါ။

  • Semester 1 (ဖေဖော်ဝါရီ/မတ်လ စတင်): လျှောက်လွှာပိတ်ရက် ယခင်နှစ် နိုဝင်ဘာ ကနေ ဒီဇင်ဘာလ အတွင်း။
  • Semester 2 (ဇူလိုင်လ စတင်): လျှောက်လွှာပိတ်ရက် မေလ ဝန်းကျင်။

၃။ Canada (ကနေဒါ) Immigrant-friendly ဖြစ်ပြီး UK ကနေ ပြောင်းမယ့်သူတွေအတွက် Credit Transfer စနစ်တွေ အားကောင်းတဲ့ မြောက်အမေရိက လမ်းကြောင်းပါ။

  • Fall Intake (စက်တင်ဘာလ စတင် - အဓိက): လျှောက်လွှာတွေကို ယေဘုယျအားဖြင့် ဇန်နဝါရီ ကနေ မတ်လ အတွင်း ပိတ်လေ့ရှိပါတယ်။
  • Winter Intake (ဇန်နဝါရီလ စတင်): လျှောက်လွှာတွေကို စက်တင်ဘာ ကနေ နိုဝင်ဘာလ အတွင်း ပိတ်လေ့ရှိပါတယ်။

၄။ USA (အမေရိကန်) ကမ္ဘာ့ထိပ်တန်း ပညာရေးဖြစ်ပြီး STEM ဘာသာရပ်တွေအတွက် အလုပ်လုပ်ခွင့် (OPT) ၃ နှစ်အထိ ရနိုင်တဲ့ နိုင်ငံပါ။

  • Fall Intake (သြဂုတ်/စက်တင်ဘာလ စတင်): လျှောက်လွှာပိတ်ရက် ယခင်နှစ် နိုဝင်ဘာ ကနေ လက်ရှိနှစ် မေလ ဝန်းကျင်အထိ (ကျောင်းပေါ်မူတည်၍ ကွာခြားသည်)။
  • Spring Intake (ဇန်နဝါရီလ စတင်): လျှောက်လွှာပိတ်ရက် အောက်တိုဘာ ကနေ နိုဝင်ဘာလ အတွင်း။

၅။ Germany & Netherlands (ဂျာမနီ နှင့် နယ်သာလန်) UK လို English-speaking မဟုတ်ပေမယ့် English-taught Programs (အင်္ဂလိပ်လိုသင်တဲ့ သင်တန်း) တွေ အများကြီးရှိပြီး ပညာရေးအဆင့်အတန်း တန်းတူ (သို့) ပိုမြင့်တဲ့ ဥရောပလမ်းကြောင်းပါ။

  • Winter/Fall Semester (စက်တင်ဘာ/အောက်တိုဘာလ စတင်): လျှောက်လွှာပိတ်ရက် ဧပြီ ကနေ ဇူလိုင်လ ဝန်းကျင်။
  • Summer/Spring Semester (ဖေဖော်ဝါရီ/ဧပြီလ စတင်): လျှောက်လွှာပိတ်ရက် အောက်တိုဘာ ကနေ ဇန်နဝါရီလ ဝန်းကျင်။

၆။ Sweden & Finland (ဆွီဒင် နှင့် ဖင်လန်) ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်တွေရှိပြီး English-taught Programs တွေ အများကြီးရနိုင်တဲ့ ဥရောပမြောက်ပိုင်း (Nordic) လမ်းကြောင်းတွေပါ။

  • Autumn Intake (သြဂုတ်/စက်တင်ဘာလ စတင် - အဓိက): လျှောက်လွှာပိတ်ရက်က အရမ်းစောပါတယ်။ ယေဘုယျအားဖြင့် ဇန်နဝါရီလလယ် (Jan 15 ဝန်းကျင်) မှာ ပိတ်လေ့ရှိပါတယ်။
  • Spring Intake (ဇန်နဝါရီလ စတင်): လျှောက်လွှာပိတ်ရက် သြဂုတ် ကနေ စက်တင်ဘာလ ဝန်းကျင်။

၇။ Poland (ပိုလန်) ဥရောပမှာ ကျောင်းလခနဲ့ နေထိုင်စရိတ် အသက်သာဆုံးဖြစ်ပြီး Schengen Visa နဲ့ ဥရောပတစ်ခွင် သွားလာခွင့်ရမယ့် လမ်းကြောင်းပါ။

  • Fall/Autumn Intake (အောက်တိုဘာလ စတင် - အဓိက): လျှောက်လွှာပိတ်ရက် ဇွန် ကနေ သြဂုတ်လလယ် ဝန်းကျင်။
  • Spring Intake (ဖေဖော်ဝါရီ/မတ်လ စတင်): လျှောက်လွှာပိတ်ရက် နိုဝင်ဘာ ကနေ ဇန်နဝါရီလ ဝန်းကျင်။

(မှတ်ချက် - အထက်ပါကာလများသည် ယေဘုယျ အကြမ်းဖျင်းသာဖြစ်ပြီး ကျောင်းနဲ့ ဘာသာရပ်အပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။)

🚨 The Visa Sprint: UK ကို "ကောက်ရိုးတစ်မျှင်" အနေနဲ့ အမြန်လျှောက်မယ့်သူများ သတိပြုရန် (Reality Check)

လက်ရှိအချိန်မှာ ကောက်ရိုးလေးတစ်မျှင်အဖြစ် Visa ကို သတ်မှတ်ရက်မတိုင်မီ အမြန်ရစေဖို့ လျှောက်ဖို့ကြိုးစားနေကြတာတွေလဲ တွေ့ပါတယ်။ သေသေချာချာ ဂရုတစိုက်လုပ်စေချင်ပါတယ်။ Bank Statement ပြင်ထားသူများအဖို့ Visa ကို Priority, Priority Plus စသဖြင့် အမြန်တကာ့အမြန်ဆုံးကြေးပေးပြီးတော့ လျှောက်ပါ။

ပြည်ဝင်တဲ့အခါ တိုင်ပတ်မလား၊ အခြေအနေတစ်ခုခုကြောင့် သတ်မှတ်ရက်ထက်ကျော်သွားမလား၊ ကြန့်ကြာသွားမလား ကျနော်မပြောပြတတ်ပါ။ သို့သော် ကောက်ရိုးလေးတစ်မျှင် ဆွဲကြည့်ပေါ့ဗျာ။

ဒီဥပဒေက ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ မှာ စတင်သက်ဝင်မှာဖြစ်လို့၊ အဲ့ဒီမတိုင်ခင် အမြန်ဆုံး လျှောက်မယ်ဆိုရင် အောက်ပါ Facts တွေကို သေချာသိထားဖို့ လိုပါတယ်။

  • Priority vs. Super Priority: ရိုးရိုးလျှောက်ရင် ၃ ပတ်ကြာပါတယ်။ Priority Service (နောက်ထပ် ပေါင် ၅၀၀ ဝန်းကျင် ထပ်ပေးရ) ယူရင် ၅ ရက် (5 Working Days) အတွင်း အဖြေသိရပြီး၊ Super Priority (နောက်ထပ် ပေါင် ၁၀၀၀ ဝန်းကျင် ထပ်ပေးရ) ယူရင် နောက်တစ်ရက် (Next Working Day) မှာတင် အဖြေထွက်ပါတယ်။ (မှတ်ချက် - Super Priority က နိုင်ငံတိုင်း/VFS စင်တာတိုင်းမှာ မရနိုင်ပါ)။
  • အန္တရာယ်အများဆုံးထောင်ချောက် (The 28-Day Rule Trap): အချိန်မီချင်ဇောနဲ့ လျှောက်ကြရာမှာ အများဆုံး မှားတတ်တာက Bank Statement ပါ။ UK Home Office ရဲ့ စည်းမျဉ်းအရ ငွေသွင်းထားတာ သေချာပေါက် ၂၈ ရက် ပြည့်ပြီးသား (28-day maturity) ဖြစ်ရပါမယ်။ ဗီဇာကို အမြန်ကြေးပေးပြီး Super Priority နဲ့ လျှောက်လိုက်ပေမယ့်၊ Bank Statement က ၂၈ ရက်မပြည့်သေးရင် စက်ရုပ်လိုပဲ Auto-Refusal (တန်းငြင်းခံရ) ဖြစ်သွားပါလိမ့်မယ်။ ငွေရော၊ အချိန်ရော အကုန်ဆုံးရှုံးမှာပါ။
  • Transitional Provisions (ကူးပြောင်းရေးကာလ အခွင့်အရေး): မတ်လ ၂၆ ရက်မတိုင်ခင် လျှောက်လွှာကို Submit လုပ်ပြီး၊ ဗီဇာကြေးပေးသွင်းပြီး၊ Biometric (လက်ဗွေ) နှိပ်ပြီးသား ဖြစ်နေရင် ယေဘုယျအားဖြင့် အဟောင်းဥပဒေအတိုင်း အကျုံးဝင်နိုင်ပါတယ်။ သို့သော် လဝက အရာရှိတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါကြောင့် အထောက်အထား (အထူးသဖြင့် ငွေရေးကြေးရေး) ၁၀၀% ခိုင်လုံမှသာ ဒီ "ကောက်ရိုးတစ်မျှင်" ကို ဆွဲပါ။

✈️ Bonus Fact: ဘန်ကောက်ကနေ Super Priority လျှောက်မယ့် လမ်းကြောင်း (The Bangkok Sprint) ဖြစ်နိုင်သလား?

မတ်လ ၂၆ ရက်မတိုင်ခင် UK Visa ကို ဘန်ကောက် (VFS Global Thailand) ကို သွားပြီး Third-country အနေနဲ့ Super Priority ဝန်ဆောင်မှုယူပြီး လျှောက်ချင်သူတွေအတွက် လက်တွေ့ကျတဲ့ အချက်အလက် (Fact Check) တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဖြစ်နိုင်သလား? ရပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘန်ကောက် VFS မှာ Student Visa သွားလျှောက်ခွင့်ရှိပါတယ်။ Super Priority အတွက် နောက်ထပ် ပေါင် ၁,၀၀၀ ခန့် (ဘတ် ၄၅,၀၀၀ ဝန်းကျင်) ပေးရပြီး Biometric နှိပ်ပြီး နောက်တစ်ရက် (Next Working Day) မှာ အဖြေထွက်ပါတယ်။ (Slot တွေက Limited ဖြစ်လို့ Online Submission လုပ်ပြီးတာနဲ့ အမြန်ဆုံး Appointment ယူဖို့ လိုပါမယ်)။

၂။ ဗီဇာရရင် ချက်ချင်း (စောစော) ဝင်ရမှာလား? မလိုပါဘူး။ မတ်လထဲ ဗီဇာရသွားပေမယ့် စက်တင်ဘာ Intake သမားတွေအနေနဲ့ ချက်ချင်းဝင်စရာ မလိုပါဘူး။ သင့်ရဲ့ Visa Vignette (နိုင်ငံကူးလက်မှတ်ပေါ်က စတစ်ကာ) မှာ ပါတဲ့ Validity အတွင်း ဝင်ရောက်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ကျောင်းမစခင် ၁ လ အလို (ဥပမာ- သြဂုတ်လ) လောက်မှာ UK ကို ဝင်လို့ရပါတယ်။

၃။ UK Border Force က ပေးဝင်ပါ့မလား? မတ်လ ၂၆ ရက် မတိုင်ခင် Online Form တင်၊ ဗီဇာကြေးသွင်းပြီး Biometric အားလုံးပြီးစီးခဲ့မယ်ဆိုရင် အဟောင်းဥပဒေအတိုင်း အကျုံးဝင်ပါတယ်။ ဗီဇာကျပြီးသား ကျောင်းသားတစ်ယောက်ကို UK လေဆိပ်က Border Force က "မြန်မာနိုင်ငံသားမို့လို့" ဆိုပြီး နောက်ကြောင်းပြန် ပိတ်ပင်မှာ မဟုတ်ပါဘူး။ Course Dates တွေ၊ CAS နဲ့ အထောက်အထား မှန်ကန်ရင် ပုံမှန်အတိုင်း ပေးဝင်မှာပါ။

⚠️ အကြီးမားဆုံး သတိပေးချက် (Moe Notes' Reality Check - No False Hopes) ⚠️

အချိန်မီချင်ဇောနဲ့ ကောက်ရိုးတစ်မျှင်ဆိုပြီး လုံးဝ (လုံးဝ) မလုပ်သင့်တာက Bank Statement အတုပြတာ၊ ဒါမှမဟုတ် ၂၈ ရက် (28-day maturity rule) ပြည့်အောင် မစောင့်ဘဲ အတင်းသွားတင်တာပါပဲ။

  • UK Home Office ရဲ့ စည်းမျဉ်းအရ ငွေသွင်းထားတာ သေချာပေါက် ၂၈ ရက် ပြည့်ပြီးသား ဖြစ်ရပါမယ်။
  • ဗီဇာကို အမြန်ကြေး ပေါင် ၁၀၀၀ ပေးပြီး Super Priority နဲ့ လျှောက်လိုက်ပေမယ့်၊ Bank Statement က ၂၈ ရက် မပြည့်သေးရင်၊ (သို့) စာရွက်စာတမ်း အတုအယောင် (False Documents) ပြထားတာကို စစ်ဆေးတွေ့ရှိရင် စက်ရုပ်လိုပဲ Auto-Refusal (တန်းငြင်းခံရ) သွားပါလိမ့်မယ်။
  • ချက်ချင်း ငြင်းခံရမယ့်အပြင်၊ လိမ်လည်မှုနဲ့ ၁၀ နှစ် ဗီဇာပိတ် (10-year Ban) တာပါ ခံရနိုင်ပါတယ်။ ငွေရော၊ အချိန်ရော အကုန်ဆုံးရှုံးမှာပါ။

ဒါကြောင့်မို့လို့ ပညာအရည်အချင်း၊ အထောက်အထားနဲ့ Bank Statement (၂၈ ရက်ပြည့်ပြီးသား) ၁၀၀% အပြည့်အဝ ခိုင်လုံမှသာ ဒီ "Bangkok Sprint" လမ်းကြောင်းကို ရွေးချယ်ပါ။ မျှော်လင့်ချက်အမှား (False Hope) တွေနဲ့ မစွန့်စားဖို့ တိုက်တွန်းချင်ပါတယ်။

အလားတူပဲ Don't hope too much. မျှော်လင့်ချက်ဆိုတာ မျှော်လင့်ချက်သာသာပဲမို့ တရားသေမှတ်မထားဖို့ တောင်းဆိုချင်ပါတယ်။ ပင်ပန်းတယ်လေ။ ဒါပေမယ့်လဲလူ့ဘဝဆိုတာမျှော်လင့်ချက်နဲ့ပဲဖြတ်သန်းရတာပဲဥစ္စာ။

အဆုံးသတ် တောင်းဆိုချက်

တခြားနိုင်ငံတွေအကြောင်း ကျနော် ရေးသားချင်ပေမယ့်၊ ကိုယ်ပိုင်အတွေ့အကြုံမဟုတ်တာမို့လို့ အပေါ်မှာ အကြမ်းဖျင်း Deadlines လေးတွေကိုပဲ ကောက်နုတ်ပေးထားတာပါ။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ လက်တွေ့ရောက်ရှိနေကြတဲ့ ကျောင်းသားတွေအနေနဲ့ တစ်ထောင့်တစ်နေရာကနေ ကိုယ့်ပြည်သူတွေအချင်းချင်း ကူညီရိုင်းပင်းချင်တယ်ဆိုရင်တော့၊ ကျနော်အပေါ်မှာ မေးခွန်းထုတ်ထားခဲ့တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့စာလေးတွေ ရေးသားမျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။

Read more

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet
အချစ်၊ နောင်တ နှင့် သတ္တိ

အချစ်၊ နောင်တ နှင့် သတ္တိ

အချစ်၊ နောင်တ နှင့် သတ္တိ (Love, Regret, and Courage) ကျနော်တို့ဘဝတွေမှာ သိပ်ချစ်ရတဲ့သူဆိုတာ ရှိတယ်။ ရှိလဲရှိခဲ့ဖူးလိမ့်မယ်။ ရှိနေဆဲ၊ ရှိနေမြဲလဲ ဖြစ်မယ်။ မရှိသေးတဲ့သူ

By Moe Htet