Oxford က ဘုန်းကြီးကျောင်းတစ်ကျောင်း - တရား၊ အတွေးအခေါ် နှင့် ကိုယ်ပိုင်ရှာဖွေတွေ့ရှိမှု

"ကိုယ်လုပ်ချင်လို့လုပ်တဲ့အရာက ကိုယ်ကြောက်ပြီးလုပ်ခဲ့တဲ့အရာ၊ လိုချင်တပ်မက်စိတ်ကြောင့်လုပ်ခဲ့တဲ့အရာထက် ပိုပြီး အနှစ်သာရပြည့်စုံပါတယ်။ အဓိပ္ပာယ်လဲရှိတယ်လေ။"
This article is also available in [English]
ဒီစာကိုမစခင်မှာ ကျနော်တစ်ခုကြိုပြောထားချင်တာကတော့၊ ကျနော်က ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုမှ အစွဲမရှိသလို၊ ကိုယ်စားပြုပြောဆိုခြင်းလည်း မဟုတ်ပါဘူး။ ဒါက Oxford မြို့လေးက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သွားရောက်လည်ပတ်ရင်း ကျနော်ရရှိခဲ့တဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှာဖွေတွေ့ရှိမှုတွေကို ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။
အပိုင်း (၁) - Iffley လမ်းပေါ်က ခိုနားရာ
Oxford မြို့ရဲ့ တောင်ဘက် Iffley လမ်းမကြီးပေါ်မှာ Oxford Buddha Vihara ဆိုတဲ့ ကျောင်းတိုက်လေးတစ်ခုရှိပါတယ်။ မြို့လယ်ခေါင်ကနေ Bus တစ်စီးစီးလိုက်ရင် အလွယ်တကူရောက်နိုင်တဲ့နေရာလေးပါ။ ကျနော်ကတော့ စက်ဘီးနဲ့ဆိုတော့ ၁၀ မိနစ်လောက်ပဲကြာပါတယ်။ လမ်းမကြီးပေါ်မှာရှိပေမယ့်၊ တကယ့်ကျောင်းဝင်းက အတွင်းဘက်မှာရှိပြီး အပြင်လောကရဲ့ ဆူညံမှုတွေနဲ့ အဆက်ပြတ်နေပါတယ်။
ကျောင်းဝင်းထဲမှာ အိမ်လေးတစ်လုံးနဲ့ ပန်းပင်လေးတွေစိုက်ထားတဲ့ ခြံအနောက်ဘက်မှာ တရားထိုင်ဖို့အတွက် အဆောင်လေးတစ်ခုရှိတယ်။ အဲ့ဒီမှာ ဘုန်းဘုန်းတွေရော၊ မြန်မာ၊ ထိုင်း၊ တရုတ်၊ ဥရောပသား၊ အိန္ဒိယ စတဲ့ လူမျိုးပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ လာရောက်တရားထိုင်ကြ၊ လာလည်ကြတာကို တွေ့ရပါလိမ့်မယ်။ ဒါက ဘာသာရေးတစ်ခုဆိုတာထက်၊ စိတ်အမောပြေခိုနားချင်သူတိုင်းအတွက် တံခါးဖွင့်ထားတဲ့ အသိုင်းအဝိုင်းလေးတစ်ခုလိုပါပဲ။
အပိုင်း (၂) - တရားထိုင်ခြင်း၏ အဓိပ္ပာယ်သစ် (A Different Kind of Meditation)
လစဉ်ရဲ့ နောက်ဆုံးစနေနေ့မှာ တစ်နေ့တာတရားစခန်းဝင်ကြပါတယ်။ တရားစခန်းဆိုပေမယ့် ကျနော်တို့ဆီကလို ပျင်းစရာကြီးမဟုတ်ပါဘူး။ Guided meditation ပုံစံမျိုးနဲ့ နာရီဝက်၊ ၄၅ မိနစ်တစ်ခါလောက် အနားပေးပြီး၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောခွင့်၊ ဆွေးနွေးခွင့်ပေးထားပါတယ်။
မနက်ပိုင်းမှာတော့ ပါဠိကို အင်္ဂလိပ်လိုအသံထွက်ရေးထားတဲ့ စာအုပ်လေးတစ်အုပ်ကို အတူတူရွတ်ဆိုကြရတယ်။ အစပိုင်းမှာတော့ ဘာတွေဆိုနေမှန်းမသိပေမယ့်၊ မြန်မာလိုတစ်ခေါက်၊ အင်္ဂလိပ်လိုတစ်ခေါက်ပြန်ရှင်းပြတဲ့အခါမှာတော့ "ဪ သူပြောတာဒါပါလား" ဆိုပြီး နားလည်သွားတယ်။
ပြီးရင်တော့ ဘုန်းဘုန်းတစ်ပါးက တရားထိုင်ဖို့အတွက် လမ်းညွှန်ပေးပါတယ်။
"အသက်ကို တဖြည်းဖြည်းချင်းရှူပါ။ ဖြေးဖြေးချင်းထုတ်ပါ။ ဝင်လေထွက်လေတစ်ခုတည်းကိုပဲ မှတ်ထားပါ။ ခန္ဓာကိုယ်က အငြိမ်ဖြစ်နေပေမယ့်၊ စိတ်က အငြိမ်မနေပါဘူး။ အဲ့ဒီစိတ်ကို တည်ငြိမ်သွားအောင်လုပ်တာက တရားထိုင်ခြင်းပါပဲ။"
သူ့ရဲ့သင်ကြားပုံက "ဘာလုပ်ရမယ်" ဆိုတာထက်၊ "ဘာကြောင့်လုပ်သင့်တယ်" ဆိုတဲ့ သိပ္ပံနည်းကျကျချဉ်းကပ်မှုမျိုးနဲ့ ဆင်တူပါတယ်။
အပိုင်း (၃) - မေးခွန်းများမှတစ်ဆင့် ရရှိသောအလင်း
တစ်နေ့တာရဲ့အဆုံးမှာတော့ မေးခွန်းမေးတဲ့အချိန်ရောက်လာပါတယ်။ အဲ့ဒီမှာ ကျနော့်ကို အတွေးတွေအများကြီးပေးခဲ့တဲ့ မေးခွန်းတွေထွက်လာတယ်။
- "Meditation က ဗုဒ္ဓဘာသာဝင် နဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့သူအပေါ် ဘယ်လိုမျိုးသက်ရောက်မှုကွာခြားလဲ။"
- "နေ့စဉ်ဘဝကို ဘယ်လိုမျိုး အကျိုးသက်ရောက်နိုင်လဲ။"
- "နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်စဉ်မှာကော ဘာထူးခြားသွားလဲ။"
ဘုန်းဘုန်းရဲ့ အဖြေတွေနဲ့ တခြားသူတွေရဲ့ဆွေးနွေးမှုတွေကနေ ကျနော်သဘောပေါက်လာတာကတော့၊ ကျနော်တို့မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို "ယဉ်ကျေးမှု" တစ်ခုအနေနဲ့၊ "ဓလေ့ထုံးတမ်း" တစ်ခုအနေနဲ့ပဲ အများစုက လက်ခံထားကြပြီး၊ သူ့နောက်ကွယ်က "အတွေးအခေါ်" နဲ့ "ဘဝနေထိုင်မှုပုံစံ" ကိုတော့ သိပ်ပြီးအလေးမထားမိကြဘူးဆိုတာပါပဲ။
အကြောက်တရား၊ လိုချင်တပ်မက်မှု နှင့် ကိုးကွယ်ခြင်း
ကျနော်တို့ဆီမှာ ဘုရားရှိခိုးတာ၊ ပရိတ်ရွတ်တာက "သရဲကြောက်လို့"၊ "အန္တရာယ်ကင်းချင်လို့" (အကြောက်တရား - Fear)၊ ဒါမှမဟုတ် "နတ်ပြည်ရောက်ချင်လို့"၊ "ကောင်းမှုကုသိုလ်ရချင်လို့" (လိုချင်တပ်မက်မှု - Greed) ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အများဆုံးပြုလုပ်ကြပါတယ်။
ဒါပေမယ့် ဘုန်းဘုန်းရှင်းပြသလိုပဲ၊ ဗုဒ္ဓဆိုတာက တန်ခိုးရှင်တစ်ယောက်မဟုတ်ပါဘူး။ သူက လူသားတစ်ယောက်ပါပဲ။ သူ့ရဲ့အဆုံးအမတွေက "မလုပ်မနေရ" အမိန့်တွေမဟုတ်ဘဲ၊ ပိုကောင်းတဲ့ဘဝတစ်ခုနေထိုင်နိုင်ဖို့အတွက် လမ်းညွှန်ချက်တွေ (guidelines) သက်သက်ပါပဲ။
ဒီလို "အတွေးအခေါ်" ပိုင်းကို နားလည်အောင်မကြိုးစားဘဲ၊ "အကြောက်တရား" နဲ့ "လိုချင်တပ်မက်မှု" ကိုပဲ အဓိကထားပြီး လက်ဆင့်ကမ်းခဲ့မယ်ဆိုရင်၊ အဲ့ဒီဘာသာတရားက ရေရှည်မှာ စစ်မှန်ခြင်းနဲ့ ဝေးကွာသွားပါလိမ့်မယ်။
အပိုင်း (၄) - အမြင်သစ်တစ်ခုအတွက် ပန်ကြားချက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ "Freedom From Fear" ဆိုတဲ့စကားကို ကြားဖူးကြပါလိမ့်မယ်။ တရားထိုင်တယ်ဆိုတာက အဲ့ဒီ "အကြောက်တရားကနေ လွတ်မြောက်ခြင်း" ကို ကျင့်ကြံတာပါပဲ။ ကိုယ်လုပ်ချင်လို့၊ သိချင်လို့၊ နားလည်ချင်လို့ လုပ်တဲ့အရာက၊ ကြောက်လို့၊ လိုချင်လို့လုပ်တဲ့အရာထက် အများကြီးပိုပြီး အနှစ်သာရပြည့်စုံပါတယ်။
ခုခေတ်လူငယ်တွေကိုလည်း ဘာသာတရားကို ဒီလိုမျိုး အတွေးအခေါ်ပိုင်းဆိုင်ရာကနေ ချဉ်းကပ်လေ့လာစေချင်တယ်။ Motivational speaker တွေရဲ့ ဟောပြောပွဲတွေနားထောင်တာ၊ self-help စာအုပ်တွေဖတ်တာနဲ့အတူတူပါပဲ။
- ဘယ်ကစရမလဲ: ဒေါက်တာဖြိုးသီဟ (Dr Phyo Thiha) ရဲ့ စာအုပ်လေးတွေ၊ ပါမောက္ခချုပ်ဆရာတော်ရဲ့ တရားဓမ္မလေးတွေက အစပြုဖို့အတွက် အလွန်ကောင်းမွန်တဲ့ နေရာတွေပါ။
နိဂုံးချုပ်
ဒီလိုနဲ့ ညနေ ၄ နာရီလောက်မှာ တစ်နေ့တာတရားစခန်းပြီးဆုံးပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်အပေါ်ထားတဲ့ သတိ (consciousness) က အရင်ကထက် အများကြီးပိုကောင်းနေတာကို သတိထားမိလိုက်တယ်။
ဒီအတွေ့အကြုံက ကျနော်အရင်ကရောက်ဖူးတဲ့ Park Farm က တရားစခန်းနဲ့ လုံးဝကိုကွာခြားပါတယ်။ Park Farm က ပတ်ဝန်းကျင်အရမ်းလှပပေမယ့်၊ ဘုန်းကြီးကျောင်းရဲ့ atmosphere ကတော့ ငြိမ်းချမ်းမှုမရှိခဲ့ဘူး။ ငွေအများဆုံးလှူဒါန်းထားသူတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာရှိနေသလို ခံစားခဲ့ရတယ်။ လူတွေကို အထက်စီးကနေဆက်ဆံတာ၊ ကိုယ့်သဘောအတိုင်းလိုက်နာစေချင်တာတွေက ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ အင်္ဂါရပ်နဲ့ လုံးဝမညီညွတ်ဘဲ၊ "ပူလောင်မှု" ကိုပဲပေးစွမ်းခဲ့တယ်။
ဒါက ကျနော့်ကို အရေးကြီးတဲ့သင်ခန်းစာတစ်ခုပေးခဲ့ပါတယ်- တကယ့်ခိုနားရာတစ်ခုဆိုတာက အဆောက်အဦးရဲ့လှပမှုအပေါ်မှာမဟုတ်ဘဲ၊ အဲ့ဒီထဲမှာရှိတဲ့လူတွေရဲ့ လေးစားမှု၊ နှိမ့်ချမှုနဲ့ စိတ်ထားအပေါ်မှာပဲမူတည်တယ်ဆိုတာပါပဲ။ Oxford ကကျောင်းလေးက လူတိုင်းအတွက်တံခါးဖွင့်ထားတဲ့ အသိုင်းအဝိုင်းလေးတစ်ခုလိုခံစားရပြီး၊ တခြားနေရာကတော့ ကိုယ်ကမဖိတ်ခေါ်ဘဲရောက်လာတဲ့ ဧည့်သည်တစ်ယောက်လို ခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီ Oxford ကနေရာလေးကို ကျနော်တကယ်တန်ဖိုးထားမိတာပါ။
နောက်ဆုံးတော့ ကျနော်သိလိုက်တာက၊ စိတ်ငြိမ်းချမ်းမှုဆိုတာက ဘုရားကျောင်းကန်တွေထဲမှာချည်းပဲ ရှိနေတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်ထဲမှာပဲရှိနေတာပါ။ အဲ့ဒီစိတ်ကို ရှာဖွေတွေ့ရှိအောင် လမ်းညွှန်ပေးနိုင်တဲ့ နေရာမှန်၊ လူမှန်တွေနဲ့ တွေ့ဆုံဖို့ပဲလိုတာပါ။