သင်က ဒေါက်လား အလှလား။

သင်က ဒေါက်လား အလှလား။

ကျနော်တို့ အိမ်တစ်လုံးဆောက်တဲ့အခါ အိမ်တစ်လုံးလုံးကို ထမ်းတင်ထားရတဲ့ 'ဒေါက်'ဆိုတာရှိတယ်။ ကော်လံတိုင်တွေ နံရံတွေပေါ့ဗျာ။ အပြင်ပန်းလှအောင်လို့ဖန်တီးထားတဲ့ 'အလှ'ဆိုတာလဲရှိတယ်။ ဖန်သားပြတင်းပေါက်လေးတွေ ကနုတ်ပန်းခက်အလှလေးတွေရှိတယ်။

အဆောက်အအုံတစ်ခုမှာ နှစ်ခုလုံး လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက 'အလှဆင်' ပစ္စည်းတစ်ခုက သူ့ကိုယ်သူ 'ဒေါက်တိုင်' အစစ်လို့ ထင်နေတဲ့အခါ စတာပဲ။ ကျနော်တို့ရဲ့ အလုပ်ခွင်၊ ကျောင်း၊ အဖွဲ့အစည်းတွေထဲမှာလည်း ဒီလိုပဲ။ လူနှစ်မျိုးရှိတယ်။ အပြင်ပန်းအလှပြရုံ နှမ်းဖြူးပေးရုံ platingလှအောင်ပြင်ဆင်ပေးရုံ 'သူ' တွေရှိတယ်။ နောက်ကွယ်က တကယ်ကြိုးစားနေကြတဲ့သူတွေ 'ဒေါက်' တွေရှိတယ်။

'အလှဆင်' ပုဂ္ဂိုလ်

သူတို့ရဲ့တန်ဖိုးက

  • 'ရာထူး' ဆိုတဲ့ Status
  • 'အသက်' ဆိုတဲ့ Age
  • 'ဘွဲ့' ဆိုတဲ့အတန်းပညာပေါ်မူတည်တယ်။ လေးစားမှုကို တောင်းဆိုတယ်။

သူတို့ဟာ အစည်းအဝေးတွေမှာ စကားအကျယ်ကြီးပြောတယ်။ ထိုင်ခုံမက်တယ်။ လောကကြီးကိုမျိုထားသလားအောင့်မေ့ရတယ်။

'ထိုင်ခုံတွေကလန်ကျရင် လူနဲ့နာမည် အသေဆိုးဇာတ်သိမ်းတယ်' ဆိုတဲ့သူတွေပေါ့ဗျာ။

ဒါပေမယ့် အလုပ်မပြီးဘူး။ အရှေ့မရောက်ဘူး။ အချိန် ၄/၅နာရီစကားတွေပြော အစည်းအဝေးတွေထိုင်လဲ ဘာဆုံးဖြတ်ချက်မှမထွက် အရှေ့မရောက်တဲ့အခါတွေပေါ့ဗျာ။ သူတို့ဟာ ခေတ်ဟောင်းစနစ်ဟောင်းတွေကနေ တန်ဖိုးကို ယူတယ်။ လေးစားမှုကို 'တောင်းဆို' တယ်။

'ဒေါက်တိုင်' ပုဂ္ဂိုလ်

သူတို့ရဲ့ တန်ဖိုးက

  • 'အရည်အချင်း' (Merit)၊
  • 'စွမ်းဆောင်ရည်' (Competence)၊
  • 'ရလဒ်' (Results) ပေါ်မှာ မူတည်တယ်။

သူတို့ဟာ စကားပြောဖို့လိုရင်ပြောမယ်၊ ထိုင်ခုံတွေ မလိုဘူး။ မှားရင်မှားသလို မှန်ရင်မှန်သလို ရဲဝံ့တယ်။ တိုးတက်မှုကို ဆာလောင်တယ်။ စနစ်အသစ်တွေကိုတည်ဆောက်ရဲတယ်။ အလုပ်နဲ့သက်သေပြတယ်။ လေးစားမှုကို 'တောင်းဆို' တာမဟုတ်ဘူး၊ သူ့အလိုလို 'ရရှိ' ကြတယ်။

ဒါပေမယ့် ဒီလိုမျိုး 'အလှဆင်'တာနဲ့ 'ဒေါက်တိုင်'တွေကြုံတဲ့အခါ ဘာဖြစ်တတ်ကြလဲ။ "လေးစားမှုဆိုတာဘာလဲ။ ကျင့်ဝတ်ဆိုတာဘာလဲ။"

ကျနော့်အဖြေကတော့ရှင်းပါတယ်။

'ခေတ်ဟောင်း' ရဲ့ ကျင့်ဝတ်က 'ရာထူး' ကို လေးစားခြင်း ဖြစ်တယ်။ 'ခေတ်သစ်' ရဲ့ ကျင့်ဝတ်က 'စွမ်းဆောင်ရည်' ကို လေးစားခြင်း ဖြစ်တယ်။ ကျနော်တို့က ခေတ်သစ်ကို တည်ဆောက်နေသူတွေဖြစ်တယ်။ ခေတ်သစ်ကသူတွေအဖို့ ခေတ်ဟောင်းက အတွေးအခေါ်တွေ ခေတ်ဟောင်းက သူတွေနဲ့ ရင်ဆိုင်နေရတယ်။ 'ဒေါက်တိုင်'တွေက 'အလှဆင်'တွေနဲ့ နေ့စဥ်ရင်ဆိုင်နေရတယ်။ သူတို့ရဲ့ လက်သုံးစကားက 'မင်းငယ်သေးတယ်'။

ဒါကို ဘယ်လို တုံ့ပြန်မလဲ။ သင်ဘယ်လိုအနိုင်ယူမလဲ။

သင်ကသာ ဒေါက်တိုင်တစ်ခုဆိုရင် သင့်ရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုက သင့်ရဲ့အရည်အချင်း သင့်ရဲ့ဉာဏ်ရည် သင့်ရဲ့အသိပညာအတတ်ပညာပဲ။ ထိုးဖောက်မြင်နိုင်စွမ်းတွေ အသစ်အသစ်သောအတွေးအခေါ်တွေကို လက်ခံနိုင်စွမ်းတွေ ဒါတွေအားလုံးက သင့်ရဲ့ပိုင်ဆိုင်မှုတွေ။ ဒီလိုမျိုးတန်ဖိုးရှိတဲ့အရာတွေကို 'အလှဆင်' တွေနဲ့ မဖြုန်းတီးပစ်လိုက်လေနဲ့။

သူတို့ကို နားလည်အောင် တန်ဖိုးထားတတ်အောင်ရှင်းပြခြင်းက စွမ်းအားအလဟဿဖြုန်းတီးခြင်းပါပဲ။ ခေတ်ဟောင်းရဲ့ 'Status' ကစားပွဲကို လိုက်ကစားမနေပါနဲ့။ သင်ရှုံးနိမ့်ပါလိမ့်မယ်။ သူတို့က စည်းမျဥ်းရေးဆွဲခဲ့တဲ့သူတွေမို့လို့ပါပဲ။

အဖြေက သူတို့ကို တိုက်ခိုက်ဖို့မဟုတ်ဘူး။ သည်းခံဖို့မဟုတ်ဘူး။ သူတို့ကို အသုံးမဝင်အောင် လုပ်ဖို့၊ သူတို့သည်အသုံးမဝင်တော့ပါကြောင်း သက်သေပြဖို့ပါပဲ။


ကျော်လွှားခြင်း Tips

ခွင့်တောင်းခြင်းကို ရပ်တန့်လိုက်ပါ (Stop Asking for Permission)

'အလှဆင်'တွေက အဆင့်ဆင့်အုပ်ချုပ်မှုပေါ်မှာ အသက်ရှင်တယ်။ သူတို့ဆီက ခွင့်ပြုချက်တောင်းမှ အလုပ်လုပ်လို့ရမယ့်အခြေအနေမျိုး ဖန်တီးထားကြတယ်။ ခွင့်ပြုချက်မတောင်းပါနဲ့၊ လုပ်စရာရှိတာလုပ်ပါ ကြိုးစားပါ ကိုယ်လုပ်တဲ့အလုပ်တိုင်းမှာ လူတိုင်းထက်သာလွန်အောင်လုပ်ပါ။ ရလဒ်ထွက်ပေါ်လာတဲ့အခါ ခွင့်ပြုချက်ဆိုတာ အလိုလိုအရေးမပါတော့ပါဘူး။

ကိုယ့် 'System' ကိုယ်တည်ဆောက်ပါ (Build Your Own System)

ငွေကြောင့်ဖြစ်တဲ့ခက်ခဲမှုတွေကို ငွေနဲ့ရှင်းထုတ်တယ်။ ဟင်းမချက်နိုင်ဘူးဝယ်စားတယ် ဟုတ်ပြီ။ အကယ်၍ ငွေကြောင့်မဟုတ်ဘဲ ကိုယ်အလုပ်လုပ်နေရတဲ့ Companyက အထက်လူကြီးက မကောင်းဘူး၊ လစာနည်းတယ်၊ ဝန်ထမ်းတွေကိုမညှာတာဘူး စသဖြင့် လူကြောင့်ဖြစ်တဲ့ခက်ခဲမှုတွေ ရှိလာတဲ့အခါ ဘာလုပ်ရမလဲ။

ကျနော်ကတော့ ရှင်းပါတယ်၊ သူတို့ကိုမီခိုနေရတဲ့ Systemကနေ ထွက်ခွာပါ။ ကိုယ့် System ကိုယ့် Brand တစ်ခုတည်ဆောက်ပါ။

ကျနော့်အတွက်တော့ 'Moe Notes' ဆိုတာ ကျနော့်ရဲ့ Systemပါပဲ။ ကျနော့်ရဲ့ တတ်ကျွမ်းမှုတွေ၊ ကျွမ်းကျင်စွာဖန်တီးရေးသားထားတဲ့ စာလေးတွေ ဗီဒီယိုလေးတွေ ဓာတ်ပုံလေးတွေ ကျနော့်ရဲ့ဗိသုကာလက်ရာတွေ ဒါတွေအားလုံးက ကျနော့်ရဲ့ System ကျနော့်တတ်ကျွမ်းမှု ကျနော့်Brandပါပဲ။

'ဒေါက်တိုင်'တစ်ဦးရဲ့ ကိုယ်ပိုင်နည်းစနစ် ကိုယ်ပိုင်Systemကနေ ထွက်လာမယ့် ရလဒ်တွေဟာ 'အလှဆင်' တွေရဲ့ 'ရာထူး Title'တွေထက် အဆတစ်ထောင်မက ပိုမိုအစွမ်းထက်ပါတယ်။

ဖယ်ရှားပါ။

သင်က ဒေါက်တိုင်တစ်ခုဖြစ်တယ်။ တကယ်အလုပ်ကြိုးစားလုပ်တယ် ပြီးမြောက်အောင်လုပ်တယ်။ ဒါပေမယ့် သင့်အထက်က 'အလှဆင်'တယ်။ သင်လုပ်သမျှအရာတွေရဲ့ Creditတွေကို သူတို့ယူတယ်။ သင့်ရဲ့စွမ်းအင်တွေကို ဖြုန်းတီး (Exploit) လုပ်နေတယ်။ သင့်ကိုအသိအမှတ်မပြုဘူး။ ဒါဆိုရင် သင်ဘာလုပ်သင့်လဲ။

ကျနော့်အဖြေကတော့ရှင်းပါတယ်။ သည်းခံသင့်သလောက်သည်းခံပါ။ ပြောင်းလဲသင့်သလောက် ကြိုးစားပြောင်းလဲကြည့်ပါ၊ Fixကြည့်ပါ။ သို့သော် Limit တစ်ခုထားပါ။ အခြေအနေအကြောင်းတစ်ခုခုရောက်လာလို့ ကိုယ့်အတွင်းစိတ် ကိုယ့် Instinctsက ကိုယ့်ကို ထွက်ခွာသွားဖို့ ပြောနေပြီဆိုရင် လက်ခံပါ။ ဒါက အခက်ခဲဆုံးနဲ့ အရေးကြီးဆုံး အဆင့်ပါပဲ။

ဒါက အလုပ်ထွက်တာ ဖြစ်နိုင်တယ်။ အဖွဲ့အစည်းကနေ နှုတ်ထွက်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်၊ အဲ့ဒီလူကို သင့်ရဲ့ ကြိုးစားနိုင်စွမ်းတွေ အားအင်တွေ ပွင့်လန်းတဲ့ဉာဏ်ပညာတွေ ဘာတစ်ခုမှမပေးတော့တာလဲဖြစ်နိုင်တယ်။

သူတို့က သင့်ကို"သည်းမခံတတ်ဘူး"၊ "အသင်းအဖွဲ့နဲ့ အလုပ်မလုပ်တတ်ဘူး"၊ "လေးစားမှုမရှိဘူး" လို့ စွပ်စွဲလိမ့်မယ်။ ဒါဟာ ခေတ်ဟောင်းကနေ ခေတ်သစ်ကို ထိန်းချုပ်တဲ့ နောက်ဆုံးသောနည်းလမ်းပါပဲ။ ရုန်းထွက်လိုက်ပါ။

'Physics' က 'Hierarchy' ကို အမြဲတမ်းနိုင်ပါတယ်။ 'ဒေါက်တိုင်' အစစ်မရှိတော့တဲ့ 'အလှဆင်' ပစ္စည်းတစ်ခုဟာ သူ့အလိုလို ပြိုကျသွားမှာပဲ။


နိဂုံး

သူတို့ကို မတိုက်ခိုက်ပါနဲ့။ သူတို့ထက် ပိုကောင်းအောင် တည်ဆောက်ပါ။ (Don't Fight Them. Out-build Them.)

ကျနော့်ရဲ့ အတွေ့အကြုံအရ တကယ် အလုပ်ကြိုးစားတဲ့ ပြီးမြောက်တဲ့ 'ဒေါက်တိုင်' ဖြစ်တဲ့ လူငယ်တစ်ယောက်ဟာ 'အလှဆင်' တဲ့သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။

သူတို့မှာရွေးချယ်စရာ ၂ ခုရှိတယ်။

၁။ သူတို့ရဲ့အတ္တကိုလျှော့၊ သင့်ရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုမယ်။ သင့်ရဲ့နည်းလမ်းအသစ်နဲ့ လာပူးပေါင်းမယ်။ ရဲဘော်ရဲဘက်ဖြစ်မယ်။

၂။ သူတို့ရဲ့ ရာထူး (Status) ကိုဖက်တွယ်လျက် သင့်ကိုအသိအမှတ်မပြုဘူး၊ တဖြည်းဖြည်းနဲ့ ပျက်ဆီးလာမယ်၊ သူတို့ရဲ့ ရာထူးကလွဲ ဘာတစ်ခုမှတန်ဖိုးမရှိတော့ဘူးဆိုတာ သူအပါအဝင် လူတွေသိသွားတဲ့အခါ အရှက်တကွဲဖြစ် အလိုလိုထွက်ခွာသွားလိမ့်မယ်။

သူတို့ကို ကန်ထုတ်တာ မဟုတ်ဘူး။ ကျနော်တို့ တည်ဆောက်လိုက်တဲ့ "တန်ဖိုး"က သူတို့ရဲ့ အသုံးမဝင်မှုကို မီးမောင်းထိုးပြလိုက်တာပါ။ ခေတ်ဟောင်းက ကစားပွဲတွေကို ဝင်မကစားပါနဲ့။ ကိုယ်ပိုင် ကစားပွဲ ကိုယ်ပိုင် စနစ်တစ်ခုကို ဖန်တီးတည်ဆောက်ပါ၊ သင်ဟာ 'အလှဆင်'ပစ္စည်းမဟုတ်ဘူး၊ ဒေါက်တိုင်ဖြစ်ကြောင်း သက်သေပြပါ။

တခြားသူတွေကို သက်သေပြဖို့မလိုဘူး၊ မိမိကိုယ်ကိုသက်သေပြပါ။

Bonus Tip: ကိုယ်ကျင့်တရားကိုတန်ဖိုးထားပါ။

ဘယ်လောက်ပဲတော်ထက်နေသူပဲဖြစ်ပါစေ ကိုယ်ကျင့်တရားကိုတန်ဖိုးထားတတ်ဖို့ မေ့လျော့သွားတတ်ကြတယ်။ အလုပ်လုပ်တယ်၊ မသိလောက်ပါဘူးဆိုပြီး ရေသာခိုမယ်၊ အစားအသောက်ရောင်းရင်လျှော့ထည့်ပေးမယ်၊ ပိုတောင်းမယ်၊ လိမ်လည်လှည့်ဖျားမယ်။ ကိုယ့်အလုပ်သမားတွေကို ဂရုမစိုက်ဘူး လစာလျှော့ပေးမယ်။ ခေါင်းပုံဖြတ်မယ် ဖြောင်ကျမယ်။

စကားတွေကိုလီဆယ်ပြောဆိုမယ်၊ မဟုတ်မမှန်ပြောမယ်။ ဟုတ်သယောင် ပိုပြောမယ်။ မဟုတ်သယောင်လျှော့ပြောမယ်။ ဒါက ကိုယ့်ကိုယ်ကိုဖျက်ဆီးတာလို့ပဲ ကျနော်သတ်မှတ်ချင်ပါတယ်။ သူများမသိသတိမထားမိသေးရင်တောင် မိမိကိုယ်ကိုသိပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတဲ့သူတစ်ဦးဖြစ်ပါစေ။

သားသမီးတွေရှိလာတဲ့အခါ ဖေဖေ/မေမေက ဒီလိုမျိုးဖြစ်ခဲ့တာကြိုးစားခဲ့တာ ဆိုတာမျိုးကို ဂုဏ်ယူဝံ့ကြွားစွာပြောနိုင်ပါစေ။ သေချာပြန်စဥ်းစားနော်၊ ပြောနိုင်မလားဆိုတာကိုပေါ့။


Read more

ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ကျနော်ကတော့ အများအခေါ် ငွေဖြုန်းတဲ့သူတစ်ယောက်ပါ။ တော်ရုံသိပ်စဥ်းစားမနေဘူး။ ဒါကလဲ လက်ထဲမှာ ရှိနေသေးလို့လဲပါတယ်။ ဒါပေမယ့် ကျနော်ကျောင်းသားတစ်ယောက်၊ လူ ၅ယောက်နဲ့မျ

By Moe Htet
ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

အခုလောလောဆယ် ကျနော်ကျောင်းမှာထိုင်နေတယ်၊ အချိန်ကတော့ ည ၁ နာရီ။ အိပ်ချင်နေပြီ သို့သော် စာဆက်ရေးနေသေးတယ်၊ သံစဥ်လေးတွေနားထောင်နေတယ်၊ စာဆက်ရေးစာဆက်လုပ်နေ

By Moe Htet