Note — မနက်ခင်း ဒံပေါက်တစ်ပွဲနဲ့ God of Cookery
▪️ကိုယ်စားမယ့် အစားအသောက်တစ်ခုရဲ့ မူလအစအပေါ် ထားတဲ့ လေးစားမှု (Respect & Craftsmanship) က နောက်ဆုံး ထမင်းပန်းကန်ပေါ် ရောက်တဲ့အထိ အရသာအဖြစ် လာပေါ်လွင်နေတာပါပဲ။
အောက်တိုဘာလရဲ့ မနက်ခင်းဆိုတာ UK မှာ အပြင်လောကတစ်ခုလုံး အေးစက်နေသေးတဲ့ အချိန်ပါ။
ညနေခင်းကျောင်းကအပြန် ကျနော်နဲ့နှင်းစားသုံးဖို့ dinnerပြင်ဆင်ရတာက ကျနော့်အတွက်တော့ တစ်နေ့တာရဲ့ အငြိမ်းချမ်းဆုံး အချိန်လေးတစ်ခုလို ဖြစ်နေပြီ။ ဒီနေ့တော့ သာမန်ဟင်းတစ်ခွက် မဟုတ်ဘဲ ကြက်သားဒံပေါက် (Chicken Biryani) ကို သေချာလေးချက်ဖြစ်တယ်။
ဒံပေါက်အိုးအဖုံးကို ဖွင့်လိုက်တဲ့အချိန် ရေနွေးငွေ့နဲ့အတူ မဆလာနံ့၊ ထောပတ်နံ့နဲ့ ကြက်သွန်နီကြော် မွှေးမွှေးလေးက တစ်အိမ်လုံးကို လွှမ်းသွားတယ်။ ဘာစမာတီ (Basmati) ဆန်စေ့ရှည်လေးတွေက လုံးဝ မပျော့မစီးဘဲ တစ်စေ့ချင်းစီ အိအိလေး ကွဲနေတယ်။ ကြက်သွန်ကြော်ကြွပ်ကြွပ်လေးတွေကိုလည်း garnish ထားတယ်။
အိုးအောက်ခြေက အနည်းငယ် တူးခြစ်ပြီး ကြွပ်နေတဲ့ ရွှေဝါရောင် ဒံပေါက်ဂျိုး (Crispy rice crust) လေးတွေနဲ့ ပဲစိမ်းလေးတွေ ရောသွားတဲ့အခါ မြင်ရုံနဲ့တင် သွားရည်ကျစရာပါပဲ — ကြက်သွန်နီကြော် ချိုချိုမွှေးမွှေးလေး၊ ဒံပေါက်ဂျိုး ကြွပ်ကြွပ်လေးနဲ့ အရည်ရွှမ်းနေတဲ့ ကြက်သားတစ်ဖဲ့ကို ထမင်းပူပူနဲ့ ရောပြီး တစ်ဇွန်းခပ်စားလိုက်တဲ့အချိန်မှာ လူက မျက်စိမှိတ်ပြီး ငြိမ်ကျသွားလောက်အောင်ကို ပြည့်စုံသွားတတ်ပါတယ်။
ပိုပြီးထူးခြားတာက chicken.
အချိန်ပေးပြီး မီးအေးအေးနဲ့ နှပ်ထားတဲ့ ကြက်သားရဲ့ အပြင်ဘက် မျက်နှာပြင်က မဆလာအနှစ်တွေ ကပ်ပြီး ရွှေညိုရောင်သမ်းတဲ့အထိ နည်းနည်းလေး တင်းတင်းရင်းရင်း (Slight char & bite) ဖြစ်နေပေမဲ့၊ ဇွန်းနဲ့ဖဲ့ပြီး ပါးစပ်ထဲ ထည့်လိုက်တဲ့အခါ အထဲက အသားက ခြောက်ကပ်မနေဘဲ အရည်ရွှမ်းပြီး လျှာပေါ်မှာ နူးအိပျော်ဝင်သွားတယ် (Tender & Melty)။
ငယ်ငယ်က ကြည့်ခဲ့ဖူးကြမယ်ထင်တယ် Stephen Chow ရဲ့ "God of Cookery"။ ဟင်းပွဲတွေနဲ့ ဟင်းချက်နည်းသိုင်းကြမ်းတွေ။ သူ့ကိုတောင်သတိရမိသွားတယ်။
ဒီလို အိမ်မှာ ဒံပေါက်နဲ့ အသားဟင်းတွေ ချက်ရင်း ကျွန်တော် သတိထားမိလာတဲ့ အချက်တစ်ခု ရှိတယ်။ UK ရောက်စက ရိုးရိုး Supermarket တွေက ပလတ်စတစ်ဗူးနဲ့ ထုတ်ထားတဲ့ ကြက်သားတွေ ဝယ်ချက်တဲ့အခါ ဘယ်လောက်ပဲ အချိန်ပေးပြီး နှပ်ချက်ချက် အသားက ရေတွေထွက်ပြီး ဖွယ်တယ်တယ်နဲ့ မာကျောနေတတ်တယ်။ နောက်ပိုင်း Halal (ဟာလာလ်) အသားဆိုင်က အသားကို ပြောင်းဝယ်ချက်ကြည့်တော့မှ အသားရဲ့ နူးညံ့မှု၊ အရည်ရွှမ်းမှုနဲ့ အရသာစိမ့်ဝင်မှုက သိသိသာသာကြီး ကွာခြားနေတာကို တွေ့ရတယ်။
ကျွန်တော်က ဘာသာရေးအရ စည်းမျဉ်းစည်းကမ်း ရှိနေလို့ စားတာမဟုတ်ပါဘူး။ ရိုးရိုး စားသုံးသူ (Consumer) တစ်ယောက်အနေနဲ့ "ဒီအသားက ပိုစားလို့ကောင်းလို့" ကို ရွေးချယ်တာပါ။
မှတ်မှတ်ရရ ခင်မင်ရတဲ့ အစ်ကိုတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း "ဘာလို့ Halal အသားက ပိုနူးညံ့ပြီး အရသာပိုကောင်းနေတာလဲ" လို့ မေးကြည့်မိတယ်။ သူရှင်းပြတဲ့ စကားတစ်ခွန်းက တော်တော်လေး မှတ်သားစရာ ကောင်းပါတယ်။
"Halal ဆိုတာ တိရစ္ဆာန်တစ်ကောင်ကို ဒီတိုင်း လှီးဖြတ်သတ်လိုက်တာ မဟုတ်ဘူး။ အဓိက သဘောတရားက သူ့ရဲ့ ခန္ဓာကိုယ်ကိုပဲ စားသုံးဖို့ ယူလိုက်တာ၊ သူ့ရဲ့ ဝိညာဉ် (Soul) ကို သတ်စရာမလိုဘူး" တဲ့။
စက်ရုံကြီးတွေမှာ စက်နဲ့ အစုလိုက်အပြုံလိုက် သတ်တဲ့အခါ တိရစ္ဆာန်တွေက အရှေ့က အသတ်ခံရတာကို မြင်နေရတယ်၊ သွေးနံ့တွေ ရနေတယ်။ အဲ့ဒီအခါ သေခါနီးမှာ အရမ်းကြောက်လန့်ပြီး ခန္ဓာကိုယ်ထဲက Adrenaline နဲ့ အက်ဆစ်ဓာတ်တွေ အသားထဲကို စိမ့်ဝင်သွားတော့ အသားက တောင့်တင်းမာကျောပြီး အရသာပျက်သွားရော။
စစ်မှန်တဲ့ Halal နည်းစနစ်မှာတော့ တိရစ္ဆာန်တစ်ကောင်ရှေ့မှာ နောက်တစ်ကောင်ကို မသတ်ရဘူး၊ ဓားသွားကိုတောင် သူတို့မမြင်အောင် ဖွက်ထားရတယ်၊ မသတ်ခင် ရေတိုက်ပြီး ကြောက်စိတ်မဝင်အောင် ညင်ညင်သာသာ ဆက်ဆံရသလို၊ သွေးကိုလည်း အကုန်စင်အောင် ဖောက်ထုတ်ပစ်ရတယ်။ သိပ္ပံနည်းကျ ကြည့်မယ်ဆိုရင်လည်း ကြောက်စိတ် (Stress hormone) မပါဘဲ သွေးစင်နေတဲ့ အသားဟာ ပိုသန့်ရှင်းပြီး ဒံပေါက်လို ဟင်းမျိုး နှပ်ချက်လိုက်တဲ့အခါ အရသာက အသားထဲအထိ စိမ့်ဝင်ပြီး အရမ်းနူးညံ့နေတာ အဆန်းမဟုတ်တော့ပါဘူး။
ကိုယ်စားမယ့် အစားအသောက်တစ်ခုရဲ့ မူလအစအပေါ် ထားတဲ့ လေးစားမှု (Respect & Craftsmanship) က နောက်ဆုံး ထမင်းပန်းကန်ပေါ် ရောက်တဲ့အထိ အရသာအဖြစ် လာပေါ်လွင်နေတာပါပဲ။
ပြတင်းပေါက်ကနေ မနက်ခင်း နေရောင်ခြည်လေး ဖြာကျလာတဲ့အချိန်မှာတော့ ဒံပေါက်ပူပူလေး တစ်ပွဲက အဆင်သင့်ဖြစ်နေပြီ။
တစ်ခါတလေ ဘဝမှာ စိတ်ချမ်းသာမှုဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေမဟုတ်ပါဘူး—မနက်ခင်း အေးအေးလေးမှာ ကိုယ်ချစ်တဲ့သူအတွက် အချိန်ပေးပြီး ချက်ပြုတ်ပေးလိုက်တဲ့ ဒံပေါက်ပူပူလေး တစ်ပန်းကန်လည်း ဖြစ်နေတတ်ပါတယ်။ လိုက်လုပ်စားချင်ရင်တော့ Matka Dum Biryani နဲ့ Raita (ဒိန်ချဥ်သခွားသီးဆော့စ်) လို့ရှာကြည့်ကြည့်ပါ။
ကိုယ်တိုင်လည်း ဘယ်ဘာသာမှ ကိုးကွယ်သူမဟုတ်လို့ လေ့လာမိသလောက် ပြောပြခြင်းဖြစ်ပါတယ်။ If there are any mistakes, let me know.
Tips for today - Try using Saffron (ကုံကုမံပန်း) in ur biryani Its quite beautiful .
—
မနက်ခင်း မီးဖိုချောင် မှတ်စု။
High Wycombe, UK.
© Moe 2026. All Rights Reserved.