ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း
အခုလောလောဆယ် ကျနော်ကျောင်းမှာထိုင်နေတယ်၊ အချိန်ကတော့ ည ၁ နာရီ။ အိပ်ချင်နေပြီ သို့သော် စာဆက်ရေးနေသေးတယ်၊ သံစဥ်လေးတွေနားထောင်နေတယ်၊ စာဆက်ရေးစာဆက်လုပ်နေတယ်။ ဘာဖြစ်လို့လဲ။
ကျနော်လုပ်စရာတွေများနေတယ်။ စီစဥ်စရာကိစ္စတွေ၊ စာရေးဖို့တွေ၊ စာလုပ်စရာလေးတွေအများမှအများကြီးပဲရှိသေးတယ်။ သို့သော် ကျနော်လုပ်ဖြစ်လား မှန်းထားသလောက်ပြီးမြောက်လား မပြီးဘူး။ ဟိုနည်းနည်း ဒီနည်းနည်းပဲရှိသေးတယ်။
ကျနော်ပျင်းနေတယ်။ ကုတင်ပေါ်ပဲလှဲပြီးတော့ ဖုန်းသုံးလိုက်၊ ရုပ်ရှင်seriesလေးတွေကြည့်လိုက်နဲ့ နေနေချင်မိတယ်၊ ပုံမှန်လဲနေပါတယ်အားရင်ပေါ့။ ဒါပေမယ့် ပင်ပန်းတဲ့နေ့တွေဆို ဘာမှမလုပ်ချင်ဘူး၊ ဒါပေမယ့်ရွေးချယ်စရာမရှိ၊ ဆက်runနေရဦးမယ်။
ဘာဖြစ်လို့လဲ၊ ဒီလိုအချိန်တွေကို ဘယ်လိုရှောင်ကြဥ်ရမလဲ၊ ရှောင်လို့မရရင် ဘယ်လိုမျိုးကြိုတင်ပြင်ဆင်ကြမလဲ ရင်ဆိုင်ဖြတ်သန်းကြမလဲ။ တစ်နည်းအားဖြင့် ခန္တာကိုယ်ရောစိတ်ရောအကောင်းဆုံးဖြစ်မနေချိန် top of your game ရှိမနေချိန် စိန်ခေါ်မှုအခက်အခဲနဲ့ရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုဖြတ်သန်းကြမလဲ။
80 20 ruleနဲ့တော့ဆင်တယ်၊ ကျနော်ကတော့ ရိုးရိုးပဲရှင်းပြချင်တယ်။
ဆိုပါစို့ကျနော်တို့ အခုစာတစ်ပုဒ်ရေးသားတယ်ဆိုရင် ကနဦးဘာခေါင်းစဥ်ရေးရမလဲစဥ်းစားရတယ်။ ကျောင်းကိစ္စပဲရေးချင်လား၊ ပညာရေးအကြောင်းပဲလား၊ ဘဝအကြောင်းပဲလား စဥ်းစားရတယ်၊ ဆုံးဖြတ်ပြီးရင် သက်ဆိုင်တဲ့စာပေဗဟုသုတလေးတွေကို ခေါင်းထဲရှိသလောက် ချရေးကြည့်တယ်။ အပြင်မှာရော တခြားသူတွေဘယ်လိုမျိုးရေးသားဖူးလဲ၊ ကျနော်တို့ရော ဘာတွေထပ်ရေးလို့ရမလဲ ဆုံးဖြတ်ရတယ်၊ စဥ်းစားရတယ်။ ဦးနှောက်သုံးရတယ်။
ဒီလောက်စဥ်းစားပြီးပြီဆိုတာနဲ့ချရေးရုံပဲ။ ခေါင်းထဲရှိတာလေးတွေ တွေ့ရကြုံရလူ့ဘဝကအကြောင်းလေးတွေကို စာစီလိုက်ရုံပဲ။ စဥ်းစားရတာက အချိန်တိုတယ် ခေါင်းသုံးရတယ်၊ စဥ်းစားပြီးသားအရာတွေကို ချရေးရတာက ခေါင်းသိပ်မသုံးရဘူး၊ သို့သော် လက်ညောင်းတယ် ပင်ပန်းတယ်။
ကဲစာရေးပြီးပြီဆို သတ်ပုံလေးတွေစစ်၊ ဝါကျအထားအသလိုလေးတွေသေချာအောင်စစ်၊ ပြီးရင် အပိုဒ်ခွဲ၊ တွဲတင်လို့ရအောင် ပုံလေးဒီဇိုင်းဆွဲ ဒါတွေက အချိန်အကြာဆုံး သို့သော် ဦးနှောက်သိပ်သုံးစရာဘာမှသိပ်မလိုဘူး။
ကျနော်ပြောချင်တာကတော့
- အရေးကြီးတဲ့အချိန်မှာ ဦးနှောက်ကို သေသေချာချာသုံး။
- အရေးမကြီးတဲ့အချိန်မှာ ဦးနှောက်ကိုအနားပေးပြီး အေးအေးဆေးဆေးလုပ်ဖို့ပါ။
တစ်နည်းအားဖြင့်ပြောရရင် အလုပ်ကြီးကြီးတွေရဲ့ ၈၀% ဟာ ပျင်းစရာကောင်းတဲ့၊ ထပ်ခါတလဲလဲလုပ်ရတဲ့ အလုပ်သေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတာ။
ဘာဂါတစ်လုံးမှာ ဘယ်ကြက်ကြော်နဲ့ ဘယ်ဆလပ်ရွက်နဲ့ ဘယ်လိုမျိုး sauceနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ရတာသိပ်ခက်တယ်။ သို့သော် recipeကိုဆုံးဖြတ်ပြီးတာနဲ့ လုပ်ရတာသိပ်လွယ်ကူတယ်၊ ပျင်းရိနေရင်းနဲ့တောင် ဆက်လုပ်လို့ရတယ်။ တစ်နည်းအားဖြင့် ပျင်းစရာကောင်းတဲ့ pickleလေးတွေလှီးတာ၊ ကြက်ကြော်ကြော်တာ၊ ဘာဂါပေါင်မုန့်လေးတွေဖုတ်တာတွေနဲ့ဖွဲ့စည်းထားတယ်။ ပုံမှန်လေးအတိုင်းပြင်ဆင်သွားတော့ ရလာတဲ့အရာက သိပ်ကောင်းတဲ့ ဘာဂါလေးတစ်ခု။
သင် ပျင်းနေလို့ရတယ်။ ပင်ပန်းနေလို့ရတယ်။ ဘာ Motivation မှ မရှိနေလို့ရတယ်။ ဒါပေမဲ့ သင် ရှေ့ဆက်သွားနေဖို့ပဲလိုတယ်။ 'ထိပ်ဆုံးမှာရှိနေခြင်း' ဆိုတာ ခံစားချက်မဟုတ်ဘူး။ ဒါဟာ 'System' တစ်ခုဖြစ်တယ်။
အပိုင်း ၁- 'တိုက်ပွဲ' မတိုင်ခင် 'စွမ်းအင်' ဖြည့်ခြင်း (Fueling Up - The Low-Cost Essentials)
ပင်ပန်းနေလို့ရတယ်၊ ဒါပေမဲ့ သင့်ကိုယ်သင် ပစ်စလခတ်ထားလို့မရဘူး။ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဟာ သင်ပိုင်ဆိုင်သမျှထဲမှာ အရေးကြီးဆုံးကိရိယာတွေပါပဲ။ ဒီတော့ဘယ်လိုမျိုးဖြည့်တင်းမလဲ၊ ကြိုးစားပြီး ခန္တာကိုယ်ကို အားရှိအောင်နေထိုင်စားသောက်မလဲ။
အိပ်ရေးဝအောင်အိပ်ပါ ။ စျေးအသက်သာဆုံးနဲ့အကောင်းဆုံးသော အားအင်ဖြည့်တင်းနည်းပဲဖြစ်ပါတယ်။ ညစောအောင်အိပ်ပါ၊ မနက်စောအောင်ထပါ။ အိပ်ချိန်စားချိန်ပုံမှန်လေးဖြစ်အောင်ကြိုးစားရှင်သန်နေထိုင်ပါ။
အစားအသောက်: ကောင်းကောင်းစားပါ။ အားဖြည့်အချိုရည်တွေ ကော်ဖီတွေက သင့်ရဲ့ လန်းဆန်းတက်ကြွမှုကို ခေတ္တခဏငှားသုံးလိုက်တာပါ၊ တကယ်ရရှိလာတာမဟုတ်ပါဘူးနော်။
အလေ့အထ: သပ်သပ်ရပ်ရပ်ဝတ်စားပါ၊ ကုန်သင့်တဲ့သူတွေနဲ့သာကုန်သင့်တဲ့အချိန်ကုန်ပါ၊ အလုပ်လုပ်ပါ။ သင့်ကိုယ်သင် သပ်ရပ်နေခြင်းကနေ ကောင်းမွန်တဲ့ စိတ်ခွန်အားရစေပါတယ်။ Comfortableဖြစ်တဲ့ ချောင်ချိတဲ့ ချည်သားလိုမျိုး materialsကောင်းတဲ့ အဝတ်အစားမျိုးတွင် ရင်းနီးမြှုပ်နှံပါ။
ပတ်ဝန်းကျင် Tools: ကျနော့်အတွက်တော့ Comfortableဖြစ်တာကို ငွေနဲ့လဲသုံးလို့ရတဲ့ဘယ်အရာမဆို တတ်နိုင်တဲ့ပမာဏဆို လဲလှယ်အသုံးပြုပါတယ်။ နားကြပ်တပ်ပြီး သီချင်းနားထောင်တာမျိုး၊ Mechanical keyboardကောင်းကောင်းနဲ့ စာရိုက်တာမျိုးတွေ၊ မော်နီတာခပ်ကြီးကြီးနဲ့ စာလုပ်တာမျိုးတွေက ပျင်းရိနေတဲ့လုပ်ငန်းစဥ်ကို ပျော်စရာကောင်းအောင်မလုပ်ပေးနိုင်ရင်တောင် အခက်အခဲအတားအဆီးတွေ ဖယ်ရှားပေးပါတယ်၊ လွယ်ကူစေပါတယ်။
စိတ်ပိုင်းဆိုင်ရာ နေရာလွတ် (Mental Space): အလုပ်၊ ကျောင်းစာ ချည်းပဲနေ့စဥ်နေ့တိုင်းလုပ်မနေပါနဲ့။ အနားယူပါ။ အဆက်ဖြတ်ထားပါ။ မိသားစုကိုအချိန်ပေးပါ။ Down time သတ်မှတ်ပါ။ အဲ့လိုအချိန်မျိုးမှာ အစားအသောက်ကောင်းကောင်းမွန်မွန်ချက်ပြုတ်စားသုံးပါ။
ဒီအရာတွေက သင့်ကို အမြဲတမ်း စိတ်အားထက်သန်နေစေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပျင်းစရာအလုပ်တွေကို လုပ်နိုင်တဲ့ 'အခြေခံစွမ်းအင်' (baseline energy) ကိုတော့ ပေးလိမ့်မယ်။
အပိုင်း ၂- 'ဦးနှောက် နှစ်မျိုး' ကို ခွဲခြားအသုံးပြုခြင်း
"ဗိသုကာကျောင်းသားတစ်ယောက်အနေနဲ့၊ ကျနော်တို့ဟာ အမြဲတမ်း 'Top of our game' မှာ ရှိနေဖို့လိုတယ်လို့ လူတွေထင်ကြတယ်။ တကယ်တော့၊ ကျနော်တို့ရဲ့အလုပ်တွေက နှစ်မျိုးကွဲနေတယ်။ ကျနော့်ရဲ့ Essayရေးသားပုံကို ဥပမာအနေနဲ့ ကြည့်ကြရအောင်။"
၁။ 'Automatic Mind' (ပျင်းရိနေသော စိတ်) အတွက် အလုပ်များ ဒါတွေက ထပ်ခါတလဲလဲလုပ်ရပြီး ဦးနှောက်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုစွမ်းအင် (analytical energy) သိပ်မလိုတဲ့ အလုပ်တွေ။ ဒါပေမဲ့ ဒါတွေက အလုပ်ပြီးမြောက်ဖို့ လိုအပ်တယ်။ ဥပမာ:
- Bibliography or Reference List(ကိုးကားစာရင်း) တွေကို A-Z စီတာ၊ format ညှိတာ၊ link တွေစစ်တာ။
- Table of Contents (မာတိကာ) နဲ့ List of Figures (ပုံအစဥ်) တွေကို စာမျက်နှာနံပါတ် အတိအကျနဲ့ ထည့်သွင်းတာ။
- တက္ကသိုလ်ရဲ့ Ethics form တွေမှာ ကိုယ့်နာမည်၊ ခေါင်းစဉ်၊ အမှန်ခြစ်တွေ ဖြည့်တာ။
- Diagram တွေ Infographicsတွေအတွက် အခြေခံ 'template' တွေဆွဲတာ။
ဒီအလုပ်တွေအတွက် သင် 'Top of your game' မှာ ရှိနေစရာမလိုဘူး။ သင် ပျင်းနေလား? ပျင်းတဲ့စိတ်နဲ့ပဲလုပ်လိုက်။ podcast နားထောင်ရင်းလုပ်လိုက်။ သီချင်းနားထောင်ရင်းလုပ်လိုက်။ ဒီအလုပ်တွေက သင့်ရဲ့ 'analytical mind' ကို မလိုအပ်ဘူး။ သူတို့လိုအပ်တာ သင့်ရဲ့ 'အချိန်'ပါပဲ။
ဒီလိုအလုပ်မျိုးက အချိန်အများစုကို ကုန်ဆုံးသွားစေတယ်၊ အခုခေတ်AI နည်းပညာတွေရှိတယ်ဆိုတာ ဒီလိုမျိုး ပျင်းရိစရာကောင်းတဲ့အလုပ်ကိစ္စလေးတွေကို လွယ်ကူစေဖို့ဖြစ်တယ်။ အကုန်လုံးတော့မရပါဘူးနော်။
၂။ 'Active Mind' (တက်ကြွသော၊ ခွဲခြမ်းစိတ်ဖြာတတ်သော စိတ်) ဒါကတော့ သင် 'Top of your game' မှာ ရှိနေမှ ဖြစ်မယ့်အလုပ်တွေ။ Essayကိုကောင်းသထက်ကောင်းမွန်လာအောင်ကူညီပေးမယ့်အရာတွေ။
- Central Argument (ဗဟိုအငြင်းအခုံ) ကို တည်ဆောက်ခြင်း: မူလအငြင်းအခုံပြဿနာကိစ္စကို သတ်မှတ်တာ၊ ဖော်ထုတ်တာ၊ အဖြေရှာတာ။
- The Gap (ကွက်လပ်) ကို ရှာဖွေခြင်း: ရှိပြီးသားစာတမ်းပြုစုမှုတွေ စာအရေးအသားတွေထဲကမှ ကွက်လပ်တစ်ခုကိုရှာဖွေတာ။
- Analysis (ခွဲခြမ်းစိတ်ဖြာခြင်း): ဘယ်စာထဲမှာဘာမှားနေလဲ၊ ဘယ်သူပြောတဲ့အမြင်ကတော့ တူနေမလဲ၊ ဘယ်သူကလွဲနေမလဲ၊ ဘယ်သူကတော့ မှန်သလိုလိုနဲ့ လွဲနေမလဲ၊ ဘယ်သူကတော့လွဲသလိုလိုနဲ့မှန်နေမလဲ။
ဒါတွေအားလုံးက ဦးနှောက်အသုံးပြုဖို့လိုပါတယ်။ စစ်စစ်ပေါက်ပေါက်မေးမြန်းအဖြေရှာဖော်ထုတ်ရတဲ့ကိစ္စတွေကို ဒီလိုမျိုးဦးနှောက်နဲ့မှ အဖြေရှာလို့အဆင်ပြေမှာပါ။
အမှန်တော့ဗျ 24/7 activeဖြစ်နေတဲ့သူဆိုတာရှားပါတယ်။ ဘယ်ကိစ္စမဆို ကျွမ်းကျင်အောင်ကြိုးစားရင်းကြိုးစားရင်း ကျွမ်းကျင်လာတဲ့အခါ သာသာယာယာ အလုပ်လုပ်သွားနိုင်ကြတာပါ။
အပိုင်း ၃- The Strategy in Action (နေ့စဉ်တိုက်ပွဲ အစီအစဉ်)
ဒါဆိုရှင်းပါတယ်- သင့်ရဲ့ 'Active Mind' စွမ်းအင်ကို တန်ဖိုးအရှိဆုံးအရာအဖြစ် ကာကွယ်ပါ။ ဘယ်သူ့ကိုမှဘယ်ကိစ္စကိုမှအထိအခိုက်မခံပါနဲ့။ စိတ်လှုပ်ရှားမှုသော်လည်းကောင်း၊ မိသားစုချစ်သူရည်းစားအလုပ်ကိစ္စပြဿနာတစ်ခုခုသော်လည်းကောင်းကြောင့် ပြဿနာမဖြစ်ပါစေနဲ့။
မနက်ခင်း (သို့) အလန်းဆန်းဆုံးအချိန် (High Energy)
ဒီအချိန်မှာ ဆုံးဖြတ်စရာရှိတဲ့ကိစ္စတွေ၊ အရေးကြီးပြဿနာလေးတွေကို စဥ်းစားအဖြေရှာရတာလေးတွေ၊ High Focusအလုပ်လေးတွေကို ဦးစားပေးဖြေရှင်းပါ။ ငါဒီနေ့ဘာအလုပ်တွေပြီးအောင်လုပ်မယ်၊ ဘာအလုပ်တွေတော့ဖယ်ထားမယ် ဒါတွေဆုံးဖြတ်ပါ။
သင်လဲအစားစားထားပြီးချိန်ဖြစ်တယ်၊ ညအိပ်ရေးလဲဝနေတယ်၊ နေရောင်ကလဲသာနေတယ်၊ ကော်ဖီလေးတစ်ခွက်နဲ့ဆိုရင် ဘယ်လောက် enjoyableဖြစ်လဲ။ စာ ၁၀ ခုလုပ်စရာရှိလဲ အဆင်ပြေတယ် ငါလုပ်မယ်ဆိုတဲ့စိတ်နဲ့ဆက်လုပ်ရုံပါပဲ။ ကျနော်ဆို ကိုယ့်ကိုရစ်မယ့်ရည်းစားလဲမရှိတော့ ပိုလို့ကိုအဆင်ပြေပါတယ်ဗျာ။
ကျောင်းတို့အလုပ်တို့သွားစရာရှိတဲ့သူဆိုရင်လဲစောစောသွား၊ မီတင်တွေစကားပြောစရာတွေစောစောစီးစီးပြောကြဆိုကြ ဖြေရှင်းပြီးသားလဲဖြစ်ရော။
နေ့လယ် (သို့) ပင်ပန်းလာပြီး ပျင်းလာချိန် (Low Energy)
ညနေပိုင်းရောက်လာလေလေ တစ်နေ့တာအလုပ်တွေနဲ့ပိ social energyတွေလဲကုန်ခမ်းလာချိန်ဆို ဘာလုပ်ချင်စိတ်မှရှိတော့မှာမဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာဆို အဝတ်လျှော်တာ၊ Excel sheetတွေဖြည့်တာ၊ ပစ္စည်းသိမ်းတာကနေစလို့ စကားပြောစရာရှိတဲ့သူတွေနဲ့ပြောတာ၊ စျေးသွားဝယ်တာ၊ Photoshop သေးသေးပိစိလေးတွေ editတာ ဒါတွေလုပ်ပါ။
အစားလေးတွေ၊ ခေတ္တခဏတစ်ရေးအိပ်တာမျိုးတွေ၊ လမ်းထွက်လျှောက်တာမျိုးတွေနဲ့ ကြိုးစားလုပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။
နေ့တစ်နေ့အဆုံးမှာ၊ သင်ဟာ
- (၁) တကယ့်ကို နက်နဲတဲ့အရာတွေကိုလဲလုပ်ပြီးသားဖြစ်သွားပြီ။ တိုးတက်မှုတစ်ခုကို လုပ်နိုင်ခဲ့ပြီး၊
- (၂)လွယ်ကူပေမယ့်အချိန်ကုန်ခမ်းစေတဲ့ အလုပ်တွေကိုလည်း ပြီးမြောက်စေခဲ့နိုင်ပြီဖြစ်တယ်။ ဒီနည်းလမ်းက သင့်ကို စွမ်းအင်ကုန်ခမ်းသွားစေမှာမဟုတ်ဘဲ၊ အလုပ်ပြီးမြောက်ခြင်းရဲ့ ကျေနပ်မှုကို ပေးပါလိမ့်မယ်။
နိဂုံး- 'အလုပ်' တစ်ခုတည်း မဟုတ်ပါစေနဲ့ (The Recharge)
"နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ သင့်ခေါင်းထဲမှာ အလုပ် ဒါမှမဟုတ် စာတစ်ခုတည်းပဲ မထားပါနဲ့။
'အချိန်ဖြုန်းခြင်း' က အရေးကြီးတယ်။ ရုပ်ရှင်ကြည့်တာ၊ ဓာတ်ပုံရိုက်တာ၊ ဒါမှမဟုတ် ဘာမှမဆိုင်တဲ့ ဝါသနာတစ်ခုခုမှာ အချိန်ပေးတာက သင့်ရဲ့လန်းဆန်းတက်ကြွမှုကို ပြန်လည် 'အားဖြည့်ပေးတဲ့ နည်းလမ်းတွေပါပဲ။ ဒါကို 'Procrastination' လို့မခေါ်ပါဘူး။ ကျနော်ကတော့ဒါကို 'Strategic Rechargingလို့ခေါ်တယ်။
အလုပ်ပြီးမြောက်ခြင်းဆိုတာ မရပ်မနား စိတ်အားထက်သန်နေခြင်း မဟုတ်ပါဘူး။ဒါဟာ...
- ၁။ ဘယ်အချိန်မှာ 'Active Mind' နဲ့ တက်ကြွစွာအားသွန်ခွန်စိုက်ပါဝင်ခြင်း၊
- ၂။ ဘယ်အချိန်မှာ 'Passive Mind' နဲ့ ပျင်းရိစွာအလုပ်လုပ်ရမယ်ဆိုတာပါပဲ။
ကဲ ကျနော်တော့ လူပျင်းလုပ်လိုက်ဦးမယ်။ ပြန်ရောက်ရင် အဝတ်လေးတွေလှန်း၊ မုန့်ခဏစား၊ စကားပြော၊ အိပ်လိုက်ပါဦးမယ်။ မနက်ကျောင်းရှိတယ်။ အဲ့ကျမှ activeကြတာပေါ့ဗျာ။