မြန်မာပြည်ပညာရေးစနစ်နှင့် ကျနော့်ရဲ့ ရုန်းကန်မှုများ

မြန်မာပြည်ပညာရေးစနစ်နှင့် ကျနော့်ရဲ့ ရုန်းကန်မှုများ
"ကျောင်းဆိုတာ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ဖို့အတွက် သင်ကြားပေးတဲ့နယ်ပယ်တစ်ခု။ စာအုပ်တွေခဲတံတွေနဲ့ ယှဉ်ပြိုင်ရုံနေရာမဟုတ်။"
This article is also available in [English]
(ဖတ်ရန်ကြာချိန် - မိနစ် ၂၀)
ဒီနေ့ post ကတော့ ကိုယ့်အကြောင်းကိုယ်ရေးတဲ့ post လို့လဲဆိုနိုင်တယ်။ ကျောင်းလျှောက်တဲ့ကိစ္စကို ပြောမယ်ဆိုရင် ဒီအကြောင်းအရာက မပါမဖြစ်မို့လို့ပါ။ ဒါက ကျနော့်ရဲ့ ငယ်ဘဝ၊ မြန်မာပြည်ရဲ့ ပညာရေးစနစ်အောက်က ရုန်းကန်မှုတွေနဲ့ နောက်ဆုံးမှာ ကိုယ့်လမ်းကိုယ်ဘယ်လိုပြန်ရှာတွေ့ခဲ့သလဲဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။
အပိုင်း (၁) - ငယ်ဘဝနှင့် ပညာရေးအစ
ကျနော်က ငယ်ငယ်လေးကတည်းက ပညာရေးကိုတန်ဖိုးထားတဲ့မိဘတွေဆီက ဆင်းသက်လာတယ်။ ပြောရရင်တော့ တန်ဖိုးထားရင်းနဲ့ တန်ဖိုးထားလွန်သွားတာပေါ့။ တန်ဖိုးထားရင်းနဲ့တစ်စတစ်စလွှမ်းမိုးလာတယ်။ ကျနော်ငယ်ငယ် preschool ကတည်းက အင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာတက်လာတယ်။ IGCSE ပေါ့။ ငယ်ငယ်ကတည်းက All A တွေရခဲ့တယ်။ အိမ်ကလဲ ငွေတွေဖောဖောသီသီရှိနေတာတော့မဟုတ်ခဲ့ဘူး။
Primary School က ဖြစ်ရပ်များ
ဒီလိုနဲ့ ကျနော်ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းဆိုတဲ့အခြေအနေကိုပဲ နှစ်ပေါင်းများစွာကျော်ဖြတ်ခဲ့ရတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ တူတူမရှိခဲ့ဘဲနဲ့ စာအုပ်တွေနဲ့ပဲဖြတ်သန်းစေတယ်။ သူတို့ကတော့ ကျနော့်ကိုဘာဖြစ်စေချင်တယ်ညာဖြစ်စေချင်တယ်ပေါ့ဗျာ။ ကျနော်လဲ လက်ခံခဲ့တာပေါ့၊ သဘောကျသည်ရှိမကျသည်ရှိ စိတ်ထဲ ဆုံးဖြတ်နိုင်စွမ်းမှမရှိတာ။
အဲ့ဒီလိုနဲ့ ကျနော်အတန်းကြီးလာတော့တစ်စတစ်စတော့ လမ်းလွဲသွားတယ်ဗျ။ ၄ တန်းတုန်းကတစ်ခါ စာလုံးဝမလုပ်ခဲ့ဘဲနဲ့မျိုးစုံဖြစ်ခဲ့တယ်။ အိမ်ကို စာတွေပို့တယ်၊ လက်မှတ်တွေထိုးခိုင်းတယ်၊ အတုတွေထိုးတယ်။ ၇ တန်းရောက်ပြန်တော့ အားကစားဘက် စိတ်ပါသွားပြီး စာဘက်အားနည်းသွားတယ်။ ဆရာမတွေကိုယ်တိုင်ကလဲ ကျောင်းသားတစ်ဦးကို စာသင်ပေးနိုင်တာထက် မပိုခဲ့ဘူး။ ပညာဆိုတာကို မသင်ပေးနိုင်ဘဲနဲ့ စာတွေသာအထပ်ထပ်သင်ကြားတယ်။ Detention တွေရ၊ Suspension တွေရ။ နောက်ဆုံး ဆရာမကပါ "ကျောင်းထွက်မလား၊ ပြင်မလား" ဆိုတဲ့ပုံစံမျိုး မေးလာတဲ့ထိဖြစ်တယ်။
ကျနော့်ကိုယ်ကျနော် ဆိုးတယ်လို့ မမြင်ဘူးဗျ။ စာလုပ်ရမှာပျင်းတာ။ အရက်သောက်၊ မူးယစ်ဆေးဝါးသုံး၊ ဂိမ်းစွဲ စတာတွေဘာမှမဖြစ်ခဲ့ဘူး။ ခုလဲမဖြစ်ပါဘူး။ ဒါပေမယ့်ဒီအရာတွေက အသိအမှတ်ပြုချင်စရာမှသိပ်မဟုတ်ခဲ့တာ။ ကူညီပေးမယ့်၊ ယုံကြည်ပေးမယ့်သူဆိုတာလဲ အင်မတန်နည်းပါးခဲ့တယ်။ ဆရာဆရာမတွေကလဲ ဖိနှိပ်နိုင်သလောက်ဖိနှိပ်၊ အတန်းဖော်တွေကလဲ သိပ်မရှိ။
ဒီကြားထဲ အချင်းချင်းအနိုင်ကျင့်ကြတဲ့ကိစ္စတွေလဲဖြစ်ခဲ့သေးတယ်။ ကျနော့် facebook ယူပြီး အတန်းဖော်ကောင်မလေးတွေကို စာတွေလျှောက်ပို့တဲ့ကိစ္စတွေလဲဖြစ်ခဲ့တယ်။ ကျနော့် ကလေးဘဝက အမှန်ပြောရရင် မလွတ်လပ်ခဲ့ဘူး။ သူငယ်ချင်းတွေမကောင်းဘူး။ အများစုက rich kid ပုံစံတွေများတယ်၊ ငွေကို ရေလိုသုံးတဲ့အပေါင်းအသင်းတွေနဲ့အသိုင်းအဝိုင်းတွေကြား နေလာခဲ့ရတယ်။
အပိုင်း (၂) - နိုင်ငံခြားသင်ရိုးမှ မြန်မာကျောင်းဆီသို့
အတန်းဖော်တွေထဲ ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေလဲရှိခဲ့ပါတယ်။ အားကျခဲ့ရတဲ့သူတွေလဲရှိတယ်။ ဒီလိုနဲ့ A ၃လုံးရတဲ့ဘဝကနေ လွတ်မြောက်ဖို့ အိမ်က သူတွေ ကြံစည်တော့တယ်။ နောက်ရည်ရွယ်ချက်ကတော့ မြန်မာဆယ်တန်းဖြေဖို့။ IGCSE O level, A level Secondary 6 လောက်ထိတော့ ကျနော်တက်ခဲ့တဲ့ကျောင်းမှာရှိပါရဲ့။ ဒါပေမယ့် အချိန်အရမ်းကြာတာကော၊ ဒီ A level ပြီးခဲ့ရင်တောင်မှ ကျောင်းက ဟိုး US တို့ UK တို့ Australia တို့ထိကောတက်ရမှာမို့လို့ အနီးအနားမှာတက်ဖို့လဲ အဆင်မပြေခဲ့တာမို့လို့၊ အနောက်တိုင်းနိုင်ငံမှာ အချိန်အကြာကြီးကျောင်းတက်နိုင်လောက်တဲ့အတိုင်းအတာထိလဲ ငွေကြေးမရှိခဲ့လို့။
ကျနော်တက်ခဲ့တဲ့အင်္ဂလိပ်ကျောင်းနဲ့မြန်မာပုဂ္ဂလိကကျောင်းနဲ့ကတော့စျေးကတူတူပါပဲ။ ကျူရှင်ယူရတာနဲ့ဆို မြန်မာကျောင်းကတောင်ပိုများဦးမှာပါ။ ဒီလိုနဲ့ မြန်မာကျောင်းပြောင်းခဲ့တယ်။ ဒီကာလတွေက ကျနော့်လို ၁၃ နှစ်၊ ၁၄ နှစ်အတွက်တော့ အတော်လေးခက်ခဲခဲ့တယ်။
အပြောင်းအလဲများ နှင့် ရိုက်ခတ်မှုများ
အိမ်က အတင်းအကြပ်ဖိအားပေးမှုနဲ့ ကျနော်မြန်မာကျောင်းရောက်လာခဲ့တယ်။ ကျောင်းနဲ့အိမ်ပဲ တစ်ဘဝလုပ်နေသူမို့ ပတ်ဝန်းကျင်အပြောင်းအလဲရဲ့ရိုက်ခတ်မှုကကြီးမားလွန်းလှတယ်။ တကယ်တော့ ကျနော့်ဘဝအတွက် အခင်ရဆုံး long term friends တွေရခဲ့တဲ့နေရာတစ်ခုဆိုရင်လဲမမှားခဲ့ဘူး။ ပိုပေါင်းလို့ကောင်းတယ်။
ကျနော်စစချင်းရောက်သွားတုန်းက မြန်မာလိုလိပ်ပတ်လည်အောင်မပြောတတ်ခဲ့ဘူး။ အင်္ဂလိပ်လိုလဲတတ်လားဆိုတော့ မတတ်ခဲ့ဘူးဗျ။ တကယ်ပါ ဘာမှကိုသိပ်မတတ်ခဲ့တာ။ လူတွေနဲ့ပေါင်းသင်းဆက်ဆံမတတ်ခဲ့ဘူး။
သေချာစဉ်းစားကြည့်ရင် သင်ရိုးအပြောင်းအလဲနဲ့ ပတ်ဝန်းကျင်အပြောင်းအလဲမှလွဲ၍ ဘာမှမကွာခဲ့ဘူးဗျ။ ကျနော်တက်ခဲ့တဲ့ အင်္ဂလိပ်ကျောင်းဆိုတာလဲ အင်္ဂလိပ်သင်ရိုးတွေသင်တဲ့ ကျောင်းတစ်ခုသက်သက်ပဲ။ ကလေးတွေကို အကြောက်တရားနဲ့ ထိန်းချုပ်သိမ်းသွင်းတယ်။ ငွေတွေကို ဘယ်ကိစ္စမဆိုတောင်းတယ်။ ပြောရရင် english ဆိုတိုင်းအထင်ကြီးတဲ့သူတွေအတွက်ပဲအဆင်ပြေတာ။
မြန်မာကျောင်းမှ စည်းကမ်းများ
ကျောင်းပြောင်းတုန်းက ဝင်ခွင့်စာမေးပွဲဖြေရတယ်။ အဲ့မှာတင် အင်္ဂလိပ်ကျောင်းကသူတွေနဲ့ local ကျောင်းကဆရာမတွေကြားထဲက အဆင်မပြေမှုတွေတွေ့ရတယ်။ မြန်မာကျောင်းပြောင်းလိုက်ရတော့ အလွတ်ကျက်စနစ်တွေနဲ့ရင်းနီးလာတယ်။ စာတွေကို နားလည်အောင်ဆိုတာထက် အလွတ်ရအောင်ပဲကြိုးစားကြတဲ့ပုံစံမျိုး။ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်မှုတွေကိုအသားပေးတဲ့စနစ်မျိုးနဲ့စတင်ရင်းနီးလာတယ်။ စာအတော်ဆုံးဆိုတဲ့သူက စာမေးပွဲမှာအမှတ်အများဆုံးရခဲ့တဲ့သူ၊ စာကိုတစ်လုံးမသွေအလွတ်ကျက်နိုင်တဲ့သူ။
ဖုန်းမသုံးရဘူး၊ ခိုးမသုံးရဘူး၊ မုန့်မစားရဘူး၊ ဆရာမပြောတာဆိုအကုန်မှန်တယ် ပြန်မပြောရဘူး၊ dress code အတိုင်းဝတ်ရမယ်၊ ဆံပင်ဆေးမဆိုးရဘူး၊ ဆရာမလာရင် လက်ပိုက်မတ်တပ်ရပ်ပြီး "မင်္ဂလာပါဆရာမ" ပေါ့။ ဒီလိုမျိုးပုံစံပဲ အင်္ဂလိပ်ကျောင်းမှာလဲပြောခဲ့ရပါသေးတယ်။ ပြောရရင် ဘာမှကိုမကွာတာဗျ။
အပိုင်း (၃) - ပညာရေး Vision နှင့် လက်တွေ့
ကိုယ့်ပြည်ကိုရောက်လာသမျှ ဘယ်စနစ်မဆို တဖြည်းဖြည်းနဲ့ ဒီလိုမျိုးလောင်းရိပ်တွေအောက်မှာ ရှင်သန်လာရင်းနဲ့ ပျက်စီးသွားကြရတယ်။
ဘယ်လောက်ကြီးပဲ နိုင်ငံခြားပုံစံအတိုင်းသွားချင်တယ်ပြောပြော၊ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ပညာရေးစနစ်ကိုအသက်သွင်းချင်တယ်ပဲဆိုဆို၊ ဒီလို vision ကို ပညာရေးဌာနတစ်ခုတည်းကပဲ စိတ်ထဲရှိနေလို့မရဘူး။ ကျောင်းတည်ထောင်သူတစ်ဦးတည်းပဲစိတ်ထဲရှိိနေလို့မရဘူး။ ဒီလိုစနစ်ကို အသက်သွင်းပေးမယ့်၊ ကျောင်းသားနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံမယ့် ဆရာဆရာမတွေ၊ ဒီလိုစနစ်မျိုးကို လည်ပတ်စေမယ့် staff တွေ၊ ဒီလူတွေအကုန်လုံးက နားလည်ဖို့လိုတယ်။ ဒီလိုနဲ့ အလုပ်မဖြစ်ခဲ့ဘူးလို့ပဲဆိုလိုချင်တယ်။
International School များ၏ အထာ
International school တွေမှာ နာမည်ကြီးကျောင်းတွေရှိသလို၊ တစ်နိုင်တစ်ပိုင်ကျောင်းတွေရှိတယ်။ ငွေများမှ ကျောင်းကောင်းတာလားဆိုတော့ မဟုတ်ဘူးဗျ၊ ငွေနဲ့က အတိုင်းအတာတစ်ခုထိပဲဆိုင်တာ။ အရည်အချင်းပြည့်မီတဲ့ဆရာတွေ၊ ကောင်းတဲ့ facilities တွေဖြည့်တင်းမယ်ဆိုရင် ကုန်ကျစရိတ်ကြီးမယ်။ ကုန်ကျစရိတ်အနည်းဆုံးလုပ်နိုင်တဲ့ကျောင်းဆိုရင်လဲ condense လိုက်ရတဲ့အခါ ဒီ operation တစ်ခုလုံးကို run နိုင်တဲ့ staff အင်အားမဖြည့်တင်းနိုင်တော့ဘူး၊ unqualified ဖြစ်လာတယ်။
ဆရာဆရာမများ၏ အခြေအနေ
ဆရာတစ်ဦးက တစ်ဘာသာထက်ပိုသင်ဖို့မဖြစ်နိုင်ဘူးဗျ။ သူ့ရဲ့စာသင်တာဘယ်လောက်တော်တော် မထိရောက်တော့ဘူး။ ဒီလိုပဲ ဆရာတစ်ဦးက သင်ရိုးတစ်ခုကနေနောက်သင်ရိုးကို ချက်ခြင်းပြောင်းဖို့မဖြစ်နိုင်ဘူးဗျ။ မြန်မာသင်ရိုးသင်ကြားရင်း နိုင်ငံခြားသင်ရိုးပြောင်းလဲသင်ကြားမယ်ဆို စာအုပ်တွေပြောင်းလိုက်ရုံ၊ သင်တန်းနည်းနည်းလောက်ပေးရုံနဲ့မရဘူးလို့ဆိုလိုချင်တာပါ။
အပိုင်း (၄) - ၁၀ တန်းနှစ်များ နှင့် ရိုက်ခတ်မှုများ
ဒီလိုနဲ့ ၈ တန်းမှာအစိုးရစစ်စဖြေရတယ်။ ၈ တန်းတုန်းက ASEAN Scholarship စာမေးပွဲတစ်ခုဖြေခဲ့ရတယ်။ အောင်ရင် Singapore မှာ ကျောင်းတက်ခွင့်ရမယ်။ ကျနော့်အတွက်တော့ အဆင်မပြေခဲ့ဘူးဗျ။ အကုန်လုံး အမေကပဲဦးဆောင်ပြီးလုပ်ပေးခဲ့ရတယ်။
ငွေကြေးကြောင့် ဆက်ဆံရေးကွာဟမှု
၉ တန်းနှစ်ကုန်အထိ မြန်မာကျောင်းမှာတက်ခဲ့တယ်။ အဲ့ကာလတွေမှာ ကျနော် ဘာသွားမြင်လဲဆိုတော့ ပတ်ဝန်းကျင်နဲ့လူတွေရဲ့စရိုက်။ ငယ်ငယ်တုန်းက အချင်းချင်း "ဘယ်သူပိုစားနိုင်လဲ" ကနေ "ဘယ်သူ ဘာဖုန်းသုံးနိုင်လဲ"၊ "ဘယ်သူဘာကားရှိလဲ"၊ "ဘယ်သူပိုချမ်းသာလဲ" ဆိုတာတွေ ယှဉ်လာကြတယ်။ မဖြစ်သင့်တာတွေပေါ့ဗျာ။
၁၀ တန်းနှစ် နှင့် ကျူရှင်များ
ကျနော် ၉ တန်းကတည်းက Bio ဆရာမတစ်ဦးနဲ့ bio သင်ခဲ့တယ်။ နောက်တော့ ဝိုင်းတစ်ခုမှာကျနော်တက်တယ်။ ၆ ဘာသာဝိုင်း။ နာမည်ကြီးဝိုင်းတစ်ဝိုင်းပါပဲ။ အဲ့မှာမှ ကွက်ကွက်ကွင်းကွင်းမြင်ရတာမျိုးပေါ့ဗျာ။ စာတွေကိုသေချာမသင်ဘဲနဲ့ အလွတ်ကျက်ဖို့ပဲဦးစားပေးတယ်။ စာတွေကို အမျိုးမျိုးပိနေအောင်လုပ်တယ်။ တစ်နေကုန်စာမှစာပဲလုပ်စေတယ်။ ကျနော့်အတွက်တော့ မပြေခဲ့ဘူး။ pressure တွေပိလာတယ်။
ကျနော့်ရဲ့စာလေ့လာတဲ့ပုံစံ
ကျနော့်အကြောင်းက ဒီလိုဗျ။ စာကို introduce လုပ်တယ်၊ understand ဖြစ်အောင်လုပ်တယ်၊ utilize လုပ်ကြည့်တယ်၊ ပြီးမှ analyze လုပ်တယ်။ ဒီလိုမျိုးမှာ မေးခွန်းတစ်ခုမေးရင် ဆရာတစ်ဦးကြတော့ "ဒီလောက်ထိစဉ်းစားဖို့မလိုဘူး" လို့ဖြေတယ်။ သူကိုယ်တိုင်လဲမသိဘူး။
ပညာရေးပုံစံ
ပညာရေးစနစ်ရဲ့ကောင်းတာတွေဆိုးတာတွေတော့ကျနော်အမြဲတမ်းဝေဖန်နေခဲ့တာပါ။ ကျနော်လက်မခံခဲ့ရဲ့သားနဲ့ဘာလို့ဒီလိုတွေလုပ်ခဲ့တာလဲ။ မဖြစ်မနေမို့လို့ပါ။ ဘာမကောင်းဘူးညာမကောင်းဘူးဆိုပေမယ့် ဒီလမ်းပဲရှိတယ်လေ။
အပိုင်း (၅) - COVID-19 နှင့် အာဏာသိမ်းခြင်း
ဒီလိုနဲ့ အာဏာသိမ်းတယ်။ ကျနော့်ဘဝငါးပါးမှောက်သွားတယ်။ သိန်း ရာပေါင်းများစွာကုန်ခံခဲ့ပြီးနောက် ဘာမှအရာမထင်ခဲ့ဘူး။ စာမေးပွဲဖြေရမယ့်အချိန် အတော်လေးကပ်နေပြီးမှ၊ ၂ လလောက်အလိုမှာ စာမေးပွဲဆိုတာဘယ်ဆီနေမှန်းမသိရောက်သွားတယ်။ ကျနော်စိတ်ဓာတ်ကျတယ်။
Depression ဆိုတာက စိတ်ညစ်တိုင်းသုံးနှုန်းလို့ရမယ့်စာလုံးလေးတစ်ခုလိုမျိုး ဆိုပေမယ့်ကျနော့်အတွက်တော့အဲ့ထက်ပိုခဲ့တယ်။ နေ့နေ့ညည ငေးငေးမှိုင်မှိုင်နဲ့ဘာလုပ်ရမှန်းမသိဖြစ်ခဲ့တယ်။ Side effect တွေများသထက်များလာတယ်။ ဒေါသအရမ်းထွက်တတ်လာတယ်။ ဆတ်ဆတ်ထိမခံဖြစ်လာတယ်။ အိမ်က စိတ်ကျန်းမာရေး ဆေးခန်းတွေပါပြတယ်။
အိမ်ရဲ့ဖိအား
ဒီလိုဖြစ်ရပ်တွေကြားမှာ အိမ်ရဲ့ဖိအားတွေက ပိုသထက်ပိုလာတယ်။ တစ်နေ့နဲ့တစ်နေ့ မျိုးစုံငိုရီပြီးပြောဆိုခဲ့တဲ့ပုံစံတွေ၊ ပြဿနာပေါင်းများစွာ၊ ဘေးပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ပိုသထက်ပိုအောင် ဆိုးခဲ့တယ်။ ယုံကြည်မှုအလျဉ်းမရှိ။ Suicidal thoughts တွေဆိုတာ အမြဲတမ်းတွေးနေခဲ့တဲ့အရာတွေ။
မိဘနဲ့သားသမီးကြားက အဖြစ်အပျက်
ခုခေတ်လူငယ်တွေမှာဖြစ်တတ်တဲ့ပြဿနာပဲ။ မိဘတွေက မယုံကြည်ဘူး။ သားသမီးတွေကလဲ လက်မခံဘူး။ "နင်ဖုန်းကြီးပဲသုံးနေတယ်။ ဘာများအကျိုးရှိတာရှိလို့လဲ" ဆိုတာထက် "သားရေ ဖုန်းထဲဘာတွေအရေးတကြီးလုပ်နေတာလဲ။ အမေ့လဲပြောပြပါဦး" ဆိုပြီး နွေးထွေးတဲ့စိတ်နဲ့ မေးတာမျိုး။ မတူဘူးလေ။
သားသမီးဆိုတာက တစ်ဦးနဲ့တစ်ဦးတူမှမတူတာ။ မိဘနဲ့ သားသမီး တူတဲ့သူရှိတယ်၊ မတူတဲ့သူရှိတယ်။ လောင်းရိပ်အောက်ပျော်တဲ့သူရှိတယ်၊ မပျော်တဲ့သူရှိတယ်။ ကျနော်က မပျော်ဘူး။ ကိုယ့်လက်ကိုယ့်ခြေနဲ့လုပ်ရရင် ချော်လဲရင်လဲပါစေ၊ ဒဏ်ရာတွေမျိုးစုံရချင်ရပါစေ၊ ပျော်တဲ့သူ။
နိဂုံးချုပ် - ကိုယ့်လမ်းကိုယ်ဖောက်ခြင်း
Workout လုပ်ပြီးဘဝကိုရှေ့ဆက်တယ်။ ဆယ်တန်းကတည်းက ဘဝကိုရှေ့ဆက်စေခဲ့တာမှာ workout ဆိုတာလဲမလွဲမသွေပါဝင်ခဲ့တယ်။ ဒီလိုနဲ့ ဟိုလိုယောင်ချာချာလည်ရင်း ဖုန်းသုံးခွင့်ရခဲ့တယ်။ အပြင်လောကကိုမြည်းစမ်းလာတယ်။ ကျောင်းနဲ့အိမ် ဘဝကနေ ရုန်းထွက်လာတယ်။ လူတွေအများကြီးနဲ့ဆုံတွေ့ခွင့်ရတယ်၊ မကောင်းတဲ့သူတွေများတယ်၊ ကောင်းတဲ့သူတွေခပ်ရှားရှားရယ်။ ပေါင်းသင်းဆက်ဆံတတ်လာတယ်။ အမှန်အမှားကိုမြင်လာတယ်။
နှစ်အနည်းငယ်ကြာတော့ OSSD တက်တဲ့ဆီရောက်လာတယ်။ ဒီကျောင်းဆိုရင်လဲ တူတူပဲလေ။ ကျနော် တက်ခဲ့တယ်။ ဒီလိုမျိုးအခြေအနေတွေကြုံခဲ့တာကောင်းတယ်လဲမပြောလိုဘူး၊ ဆိုးတယ်လဲမဆိုလိုဘူး။ ဒီလမ်းတွေဒီဖြစ်ရပ်တွေ ကြုံခဲ့တဲ့အခြေအနေတစ်ခုချင်းစီတိုင်းက ကျနော့်ကို လက်ရှိအခြေအနေကိုတွန်းပို့ခဲ့တယ်။ လှေကားထစ်တွေဖြစ်ခဲ့တယ်။
ဒီအတွက်ကိုယ့်ကိုယ်ကိုဂုဏ်ယူတယ်။ နောက်ထပ်တွေ့ကြုံလာမယ့်အမှားဆိုတာရှိတယ်၊ အဆိုးတွေကောအကောင်းတွေကောရှိတယ်၊ ဒီအတွက်ယုံကြည်မှုရှိလာတယ်