နေသာတဲ့နေ့တစ်နေ့။

နေသာတဲ့နေ့တစ်နေ့။

The Architecture of Routine: Designing a Day that Works

(နေ့ရက်တွေကို ဒီဇိုင်းဆွဲခြင်း)

မိုး။

ဒါက ကျနော့်နာမည်။ ကျနော်ရှိနေတာက Oxford။ တက်နေတာက ဗိသုကာကျောင်း။

ဗိသုကာကျောင်းသားတစ်ယောက်ရဲ့ အလုပ်က အဆောက်အဦးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ၊ Masterplan တွေကို ချဲ့ထွင်တွေးတောပြီး ပြဿနာဖြေရှင်းရတာပေါ့ဗျာ။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကျနော် အရင်ဆုံး ဖြေရှင်းရမယ့် ပြဿနာက "အဆောက်အဦး" မဟုတ်ဘူး။ ကျနော် ကိုယ်တိုင်ပါပဲ။

ကျနော့်ရဲ့ နေ့စဉ် Schedule တွေက ပုံသေမရှိဘူး။ Deadline တွေကြားမှာ ရုန်းကန်ရတဲ့အခါ တချို့နေ့တွေ မနက် ၂ နာရီမှနိုးတယ်။ တချို့ကျ ညနေ ၆ နာရီမှနိုးတယ်။ ဒါပေမဲ့ ကျနော် သတိထားမိတာ တစ်ခုရှိတယ်။ ကျနော်ဟာ "အိပ်ရာစောစောမထရင် သိပ်စိတ်ညစ်တတ်တဲ့သူ" ဆိုတာပါပဲ။

ဒါကြောင့်... ကျနော့်ရဲ့ "Routine" အကြောင်း နည်းနည်းပြောပြချင်တယ်။ ဒါက ကျင့်စဉ်တစ်ခုပါ။

၁။ နိုးထခြင်း (The Awakening)

တစ်နေ့တာရဲ့ သံစဉ်က နိုးထချိန်မှာတင် စတာမဟုတ်ဘူး။ အရင်နေ့က ဘယ်အချိန်၊ ဘယ်လိုအိပ်ခဲ့လဲ ဆိုတာပေါ်မှာ မူတည်တယ်။

အခုရက်ပိုင်း ကျနော် ညဘက်တွေ သိပ်စောစောအိပ်တယ်။ "ဘယ်လောက်စောလဲ" လို့ မေးရင်... ညနေ ကျောင်းကပြန်ရောက်၊ အိတ်တွေချတာနဲ့ ကုတင်ပေါ်လှဲတော့တာပဲ။

ဖုန်းခဏပွတ်၊ သူငယ်ချင်းတွေနဲ့ Game လေးဆော့၊ စကားပြောပြီးတာနဲ့ အနားယူပြီ။ တချို့နေ့တွေဆို ဘာမှမလုပ်ချင်လောက်အောင် ပင်ပန်းနေတော့ လှဲလိုက်တာနဲ့ မျက်လုံးက အလိုလိုစင်းနေပြီ။ UK ရဲ့ ဆောင်းတွင်းက နေ့တာတိုတော့ ညနေ ၄ နာရီဆို မှောင်နေပြီလေ။

ဒီလိုနဲ့ ညဦးပိုင်းတွေ၊ ညဉ့်နက်တဲ့အချိန်တွေကို ကျော်လွန်ပြီး အိပ်ပျော်သွားတယ်။ မနက်ကျတော့ ၃ နာရီ၊ ၄ နာရီလောက်ဆို အလိုလို ပြန်နိုးလာတယ်။ (အရမ်းပင်ပန်းတဲ့နေ့တွေဆိုရင်တော့ ၆ နာရီ၊ ၇ နာရီပေါ့)။

ဒီလို မနက်စောစောထလိုက်ရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ဘူး။ ကမ္ဘာကြီးက တိတ်ဆိတ်နေတယ်။ လူတိုင်းအိပ်နေတဲ့အချိန်မှာ ကိုယ်နိုးထနေရတာက တစ်မျိုး "Power" ရှိသလို ခံစားရတယ်။

၂။ လောင်စာ (The Fuel)

မနက်နိုးတာနဲ့ ဗိုက်ဆာတဲ့နေ့တွေဆို Full Meal စားတယ်။ မနက် ၄ နာရီမှာ ထမင်းစားချင်စားမယ်၊ ဒါမှမဟုတ် ပေါင်မုန့်ကို Salad တို့၊ အသားတို့နဲ့ တွဲစားမယ်။

ကော်ဖီဆိုရင် Decaf Coffee (ကဖင်းမပါတာ) ပဲ သောက်တယ်။ အအေးသောက်ချင်ရင် Fruit Juice ကို Sparkling Water နဲ့ရောပြီး "ရှူရှူရှဲရှဲ" ဖြစ်အောင်လုပ်သောက်တယ်။ ဒါက ကျနော့်ခန္ဓာကိုယ်ကို လောင်စာဖြည့်တာပဲ။

၃။ လှုပ်ရှားခြင်း (The Motion)

ပြီးရင် တောနင်းရင်နင်းတယ်။ Oxford ရဲ့ မြို့ပြင်နားလေးတွေမှာ လမ်းလျှောက်လို့ သိပ်ကောင်းတဲ့ နေရာလေးတွေရှိတယ်။ရွှံ့တွေလဲ ပေရင်ပေမယ်။ လေစိမ်းတွေ တိုက်ရင်လဲ တိုက်မယ်။ သို့သော်... "ကောင်းတယ်" ဗျာ။

လေကောင်းလေသန့်ကို ဝဝရှူလိုက်ရတဲ့အတွက် ဦးနှောက်က ကြည်လင်သွားတယ်။ တစ်ရက်တာ ဘာအခက်အခဲပဲရှိရှိ အေးချမ်းစွာ ဖြေရှင်းနိုင်မယ့် အားအင်တွေ ရသွားသလိုပဲ။

ခါတလေကျ Gym သွားတယ်။ နားကြပ်တပ်၊ သီချင်းနားထောင်ရင်း အလေးမတယ်။ သူကလဲ တစ်မျိုးကောင်းတယ်။ လက်ဝှေ့ထိုးရင်ထိုး၊ စက်ဘီးစီးရင်စီး၊ ဓာတ်ပုံရိုက်ရင်ရိုက်။ အားလုံးကို မိုးမထိ ရေမထိဘဲ လုပ်လို့ရတယ်။

ပြီးရင် ရေချိုး၊ အိမ်ပြန်။ ဒီလိုနေ့တွေဆို တစ်နေ့တာလုံးက သာယာနေရော။ ပင်ပန်းတာတွေ၊ Stress များတာတွေ ရှိပေမယ့် စိတ်ထဲမှာ "ငြိမ်းချမ်း" နေတယ်။

၄။ နေမထွက်တဲ့နေ့တစ်နေ့ (The Dark Side)

ဒါပေမဲ့... တစ်ဖက်မှာလဲ "ပျက်စီးခြင်း" ဆိုတာ ရှိတယ်။

ညတုန်းက စာလုပ်ရင်းပဲဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ အပြင်သွားရင်းပဲဖြစ်ဖြစ် ညအိပ်နောက်ကျသွားတဲ့ နေ့တွေပေါ့။ မနက် ၂ နာရီ၊ ၃ နာရီမှ အိပ်ဖြစ်သွားတဲ့အခါ... နောက်တစ်နေ့မနက်မှာ ဖြစ်နိုင်တာ ၂ ခုပဲရှိတယ်။

အလုပ်ရှိတဲ့နေ့ဆိုရင်: မထချင်ဘဲ ထရမယ်။ ခေါင်းတွေနောက်နေမယ်။ ပင်ပန်းနေမယ်။ "Decision Fatigue" လို့ခေါ်တဲ့ ဆုံးဖြတ်ချက်မှားဖို့ လွယ်ကူတဲ့ အခြေအနေဖြစ်နေမယ်။ ပုံမှန် လွယ်လွယ်ကူကူ လုပ်နေကျကိစ္စတွေတောင် ခက်ခဲနေလိမ့်မယ်။

အလုပ်မရှိတဲ့နေ့ဆိုရင်: နေ့လည်လောက်မှ နိုးမယ်။ အစားစားလိုက်၊ အိပ်ရာသိမ်းလိုက်နဲ့တင် နေဝင်သွားပြီ။ "ငါ့အချိန်တွေ ဘယ်ရောက်သွားလဲ" ဆိုတဲ့ နောင်တနဲ့ စိတ်တွေညစ်၊ စိတ်ဓာတ်တွေကျပြီး တစ်နေ့တာ ကုန်ဆုံးသွားလိမ့်မယ်။ တကယ့်တကယ် တစ်ခါတစ်လေကျတော့လဲ ကျနော့်ရဲ့အကောင်းဆုံးအလုပ်တွေက ညဥ့်နက်ပြီးကာလ လူအိပ်ချိန်မှာရေးသားဖန်တီးဖြစ်ခဲ့တဲ့အရာတွေ။

ဒီတော့ ကျနော်သိလိုက်တာက ဘယ်လိုscheduleတွေပဲဖြစ်စေပါစေ တည်ဆောက်နေနိုင်ပါစေ နောက်ဆုံးမှာတော့ အလုပ်ပြီးအောင်လုပ်ကြရတာပါပဲ။ သက်တောင့်သက်သာနဲ့ အချိန်မြန်မြန်ဆန်ဆန်အတွင်း လုပ်နိုင်တာနဲ့ မသက်မသာနဲ့ပင်ပင်ပန်းပန်းလုပ်ရတာနဲ့ကွာတယ်။ ရလဒ်နဲ့လဲနည်းနည်းတော့ကွာတာပေါ့ဗျာ။

၅။ အိပ်စက်ခြင်း အနုပညာ (The Art of Sleep)

"ကောင်းကောင်းအိပ်ပျော်ဖို့" ဆိုတာ ကုတင်ပေါ်ပစ်လှဲလိုက်ရုံနဲ့ မရပါဘူး။ အထူးသဖြင့် UK လို ရာသီဥတုမျိုးမှာပေါ့။ ဒါကြောင့် ကျနော့်ရဲ့ Sleep Hacks တချို့ကို မျှဝေချင်ပါတယ်။

အပူချိန် (Temperature): UK အိမ်တွေက အေးပါတယ်။ ဒါပေမဲ့ အိပ်တဲ့အခါ Heater ကို အမြင့်ဆုံးဖွင့်ပြီး မအိပ်ပါနဲ့။ အခန်းပူလွန်းရင်၊ လေခြောက်ရင် လူကနိုးလာတဲ့အခါ နှာခေါင်းပိတ်ပြီး ခေါင်းကိုက်တတ်ပါတယ်။

Pro Tip: Heater ကို လျှော့ထားပါ။ ၁၈ ဒီဂရီ (18°C) လောက်က အိပ်လို့အကောင်းဆုံးပါပဲ။ အေးရင် စောင်ထူထူ (Duvet Tog 13.5 လောက်) ခြုံအိပ်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ခေါင်းအေးပြီး ကိုယ်နွေးမှ အိပ်လို့ကောင်းတာပါ။ Fleece Blanketလဲအထဲမှာ ခံသေးတယ်။

Magnesium Oil: ညဘက်အိပ်မပျော်ရင် ဆေးတွေသောက်မယ့်အစား Magnesium Oil Spray လေး ဆောင်ထားပါ။ ခြေထောက်တွေ၊ ခြေသလုံးကြွက်သားတွေကို ဖြန်းပြီး နှိပ်နယ်ပေးပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ပျော်လွယ်စေပါတယ်။ သဘာဝနည်းလမ်းမို့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

ညစာ (Late Meals): အိပ်ခါနီး ဗိုက်ဆာရင်တောင် Heavy Meal ကြီးတွေ မစားပါနဲ့။ အစာအိမ်က အလုပ်လုပ်နေရင် ဦးနှောက်က မနားရပါဘူး။ ဒိန်ချဉ် (Yogurt)၊ ငှက်ပျောသီး၊ ဒါမှမဟုတ် နွားနို့ပူပူလေး တစ်ခွက်လောက်ပဲ သောက်ပါ။

Cozy Setup: မအိပ်ခင် တစ်နာရီလောက်အလိုမှာ အခန်းမီးကို လျှော့ချပါ။ ဖုန်းကို Night Shift mode ပြောင်းပါ။ ခန္ဓာကိုယ်ကို "အိပ်ချိန်ရောက်ပြီ" ဆိုတဲ့ Signal ပေးဖို့ လိုပါတယ်။

၆။ ခန္ဓာကိုယ်ကို နားထောင်ခြင်း (Listening to Your Body)

Routine ဆိုတာ "စစ်တပ်" မဟုတ်ပါဘူး။ "စည်းကမ်း" ဆိုတာထက် "လမ်းပြ" တစ်ခုဆိုရင် ပိုမှန်ပါတယ်။

အရေးကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ဖို့ပါ။

သူအိပ်ချင်နေလား? ပေးအိပ်လိုက်ပါ။

သူတက်ကြွနေလား? ပေးလှုပ်ရှားလိုက်ပါ။

ခန္ဓာကိုယ်က တောင်းဆိုတာကို ဆန့်ကျင်ပြီး ဇွတ်လုပ်နေရင် ရေရှည်မှာ ကျရှုံးတတ်ပါတယ်။

ဒါပေမဲ့... ဒီလိုလွှတ်ပေးထားရုံနဲ့တော့ မရပါဘူး။ "Regulation" (ထိန်းညှိခြင်း) လိုပါတယ်။

Routine ဆိုတာ ခန္ဓာကိုယ်ကို "ဘောင်" ခတ်တာမဟုတ်ဘဲ၊ "လမ်းကြောင်း" ပေးတာပါ။ ပုံမှန် အိပ်ချိန်၊ ပုံမှန် စားချိန် သတ်မှတ်ပေးလိုက်တဲ့အခါ ခန္ဓာကိုယ်က အလိုလို သိလာပါတယ်။ "အော်... ဒီအချိန်ဆို ငါနားရတော့မယ်"၊ "ဒီအချိန်ဆို ငါအားထုတ်ရတော့မယ်" ဆိုပြီး Auto-pilot စနစ်နဲ့ လည်ပတ်သွားပါလိမ့်မယ်။

Routine ဆိုတာ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ဖိနှိပ်ဖို့ မဟုတ်ဘဲ၊ သူ့ရဲ့ အကောင်းဆုံးပုံစံ (Best Version) ဖြစ်လာအောင် ကူညီပေးတဲ့ မိတ်ဆွေကောင်း တစ်ယောက်ပါပဲ။

Conclusion (နိဂုံး)

ကျနော် ပြောချင်တာက ဒါပါပဲ။

"အအိပ်အစား" ဆိုတာ ခင်ဗျားရဲ့ ပထမဆုံး Architecture Project ပါပဲ။

ဒါကို ပြုပြင်ရတာ လွယ်ပါတယ်။ ထိန်းသိမ်းရတာလဲ ထင်သလောက် မခက်ခဲပါဘူး။

ဘဝမှာ အရာရာကို လိုက်ထိန်းချုပ်လို့ မရနိုင်ပေမယ့် (ဥပမာ - ရာသီဥတုတို့၊ Deadline တို့၊ လူတွေရဲ့စိတ်တို့)... ခင်ဗျား ဘယ်အချိန်အိပ်လဲ၊ ဘာစားလဲ ဆိုတာကိုတော့ ခင်ဗျားရွေးချယ်လို့ရပါတယ်။

ကြီးကြီးမားမားတွေ လျှောက်တွေးပြီး စိတ်ညစ်မနေပါနဲ့။

တစ်ဆင့်ချင်း လုပ်ပါ။ ဆုံးဖြတ်ချက် သေးသေးလေးတွေကို ဂရုတစိုက် ပြုမူပါ။

ဒီည စောစောအိပ်လိုက်ပါ။ မနက်ဖြန် မနက်ခင်းက ခင်ဗျားကို ကျေနပ်အေးချမ်းစွာ စတင်စေနိုင်ပါလိမ့်မယ်။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet
အချစ်၊ နောင်တ နှင့် သတ္တိ

အချစ်၊ နောင်တ နှင့် သတ္တိ

အချစ်၊ နောင်တ နှင့် သတ္တိ (Love, Regret, and Courage) ကျနော်တို့ဘဝတွေမှာ သိပ်ချစ်ရတဲ့သူဆိုတာ ရှိတယ်။ ရှိလဲရှိခဲ့ဖူးလိမ့်မယ်။ ရှိနေဆဲ၊ ရှိနေမြဲလဲ ဖြစ်မယ်။ မရှိသေးတဲ့သူ

By Moe Htet