Oxfordကကျနော့်ကျောင်းသားဘဝမှတ်တမ်းများ

Oxfordကကျနော့်ကျောင်းသားဘဝမှတ်တမ်းများ

ဒီစာလေးကမှ Oxfordသီးသန့် ကျနော့်ဘဝအကြောင်းကို ဦးတည်ပြီးရေးသားမယ့်စာလေးပဲဖြစ်ပါတယ်။ UKတစ်နိုင်ငံလုံးစာအနေနဲ့ရေးသားပြီးပါပြီ။ ဒီနေ့တော့ ကျနော့်ရဲ့ဘဝ၊ Oxford Brookesကဗိသုကာကျောင်းသားတစ်ယောက်ရဲ့နေ့စဉ်lifestyle, ပညာရေး၊ လူမှုရေး အတွေ့အကြုံအဝဝကိုအနီးကပ်မျှဝေချင်ပါတယ်။


၁။ ပညာရေးနဲ့တက္ကသိုလ်ဘဝ

ကျောင်းအကြောင်း

Oxford Brookes ဆိုတာဘာလဲ။ ဘာလို့ထူးခြားတာလဲ။ အဓိကကတော့Final Year Entry (Top Up Degree) ဆိုတဲ့ UKမှာနောက်ဆုံးနှစ်တက်ရုံနဲ့ ဘွဲ့ရတဲ့courseတွေရှိတဲ့ လက်ချိုးရေလို့ရတဲ့ကျောင်းတွေထဲကတစ်ကျောင်းမို့လို့။ Computing, Medical Science, Finance, Marketing, Business Management, International Business စတဲ့မေဂျာတွေ။ Private Universityတွေကရတဲ့HNDခေါ် နိုင်ငံခြားဖြစ်diplomaနဲ့တက်လို့ရတဲ့ကျောင်းပေါ့ဗျာ။

ကျနော်ရွေးတုန်းကတော့ ဒါကြောင့်မဟုတ်ခဲ့ဘူး။ သိလဲမသိခဲ့ပါဘူး။ Architectureကို ရွေးမယ်။ ဒီကျောင်းက ဗိသုကာနဲ့ပတ်သက်လို့ အရှိန်အဝါရှိသလို Oxfordဆိုတဲ့မြို့ကိုက ရှေးကျပြီး ကွဲပြားတဲ့ ဗိသုကာလက်ရာတွေ မြို့နေလူထုနဲ့ အသက်ဝင်နေတဲ့မြို့တစ်မြို့မို့လို့။

Oxford Brookesရဲ့School of architectureကိုယ်တိုင်ကလဲ UKမှာထိပ်တန်းအဆင့်ရှိတယ်။ လက်တွေ့ကျတဲ့ဒီဇိုင်းပုံစံကိုဦးစားပေးတယ်။ ကျောင်းသားတွေရဲ့ဖန်တီးနိုင်စွမ်းကို မြေတောင်မြှောက်ပေးတဲ့ Studio-Based Learning Cultureကောင်းတွေရှိတယ်။ ကျနော်တို့လို သုံးနှစ် traditional degreeတက်မယ့်ကျောင်းသားတွေအတွက် ပထမနှစ်ကတည်းက အခြေခံကောင်းကောင်းရရှိသွားတယ်။ (ဒါကြောင့်မို့ HND ကို ကျနော်Recommendမလုပ်တာပါ)

အချိန်မီစာထပ်ရတာမျိုး၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်မေးခွန်းကိုယ်ထုတ် ကိုယ့်ဟာကိုယ်ပြန်ဖြေရတာမျိုး၊ ကိုယ်လုပ်ချင်တဲ့အရာဘယ်အရာမဆို စိတ်ကြိုက်လုပ်နိုင်တယ် လုပ်ချင်တာမှန်သမျှကို ဆရာဆရာမတွေက ကူညီလမ်းပြေပေးတာမျိုး ဒီပတ်ဝန်းကျင်မျိုးရှိတယ်။ လက်တွေ့ကမ္ဘာမှာကြုံရမယ့်အခြေအနေဖန်တီးပေးတယ်။

ပထမနှစ် ကျနော်ရုပ်သေးပြပွဲရုံတစ်ခုဖန်တီးတယ်။ ဒုတိယနှစ် 1st semesterမှာ Moe Notesရဲ့တစ်ကိုယ်စာအိမ်လေးတစ်ခုဖန်တီးတယ်။ 2nd Semesterမှာ Moe Notesလိုမျိုး ရိုက်ကူးရေးဝါသနာပါသူတွေအတွက် Multi-Hub Film Studioဖန်တီးတယ်။ မေးခွန်းတွေကိုယ်တိုင်ရေးဆွဲတယ်၊ ပြန်ဖြေတယ်။ အကုန်လုံးက ကိုယ့်စိတ်ကြိုက်ဖန်တီးဖြစ်ခဲ့တဲ့Projectတွေပါပဲ။

ကိုယ့်ပြည်တွင်းက Architectureသင်ရိုးတွေနဲ့ပတ်သက်တာလေးတွေ Constructionမှာလက်တွေ့အလုပ်လုပ်နေတဲ့ပုံစံတွေ ပြန်ကြားရတော့ သိပ်တော့အားမရဘူးဗျာ။ ကျနော်တို့လိုUKကဘွဲ့မပြောနဲ့၊ ကိုယ့်ပြည်ကကိုယ့်ပညာကိုတောင် တန်ဖိုးမထား၊ လျစ်လျူရှုကြတဲ့အခြေအနေဖြစ်နေတာကိုး။ ဒီတော့ Architectureဝါသနာပါရင် ဖြစ်နိုင်ရင် ပြည်ပသာထွက်ပါ။

ကျနော့်ရဲ့အတွေ့အကြုံ

ကျနော့်အတွက်ဆိုရင်တော့ စာတွေကမခက်ခဲဘူး။ သို့သော်အချိန်ကုန်တယ်။ ဘာမဟုတ်တဲ့ပုံလေးတစ်ခုပြီးဖို့ နာရီပေါင်းများစွာကြာမြင့်တယ်။ Architectureက စာမေးပွဲမဖြေရဘူး။ သို့သော် ၁ပတ်မှာ ၂ရက် ဆရာမတွေနဲ့အကြိတ်အနယ်ရှင်းပြဆွေးနွေးရတယ်၊ ၂/၃ပတ်တစ်ခါ Crit (ခေါ်) Jury ဆိုတဲ့ ဆရာဆရာမတွေ သူငယ်ချင်းမိတ်ဆွေတွေအကုန်လုံးကို ကိုယ်လုပ်ထားသမျှ Presentationလုပ်ရတယ်။

ကျောင်းက Semester ၂ခု။ September to December ရယ် January to May။ ၁၂ပတ်ခန့်စာသင်ရတယ်။ Semesterတစ်ခုမှာပျမ်းမျှ ၃/၄ဘာသာ လောက်စာလုပ်ရတယ်။ Assignmentတွေထပ်ရတယ်။ ဆိုတော့ကား လုပ်လိုက်ရတဲ့အလုပ်နဲ့အချိန် တွက်ကြည့်ကြည့်ပါဗျာ ဘယ်လောက်အလုပ်ရှုပ်လိုက်လဲဆိုတာ။


တက္ကသိုလ်ကဝန်ဆောင်မှုများ။

ကျောင်းကဝန်ဆောင်မှုကောင်းလားဆိုတဲ့မေးခွန်းက ကျောင်းနဲ့ဘယ်လောက် ထိတွေ့ဆက်ဆံမှုရှိလဲ ကိုယ်တိုင်ကရော ဘယ်လောက်ထိအသုံးချချင်လဲပေါ်မူတည်ပြီး အဖြေပေးရမယ်ဗျ။ ဆိုပါစို့ ကိုယ်က Lecture တက်ရမယ့်အချိန်လာတက်တယ်။ အိမ်မှာပဲစာလုပ်တယ်။ ကျန်တဲ့အချိန် အလုပ်လုပ်လိုက် ပျော်ပါးလိုက်နဲ့အချိန်ကုန်နေတယ်။ ကြာလာတော့ ကျောင်းနဲ့အလှမ်းဝေးလာတယ်။ ဒီလိုသူမျိုးအတွက်တော့ ကျောင်းက 'သာမန်'လောက်ပါပဲ။

သို့သော် ကိုယ်က Lectureဆိုလဲတက်တယ်၊ ရင်းနီးပြီးသားအပေါင်းအသင်းတွေထက်ကိုပိုတဲ့ အတန်းဖော်တွေ၊ ဆရာဆရာမတွေ အကုန်လုံးနဲ့စကားတွေပြောလိုက်ဆိုလိုက် တရင်းတနီးနေဖြစ်တယ်။ ကျောင်းမှာစာလုပ်ဖို့လိုရင်လုပ်တယ်။ အိမ်မှာလုပ်ရမှ လုပ်တယ်။ Projectတွေ ကျောင်းသင်ရိုးနဲ့မဆိုင်တဲ့ အဖွဲ့အစည်း၊ အားကစား၊ Activityတွေမှာ အားတက်သရော်ပါဝင်တယ်။

ထိုနည်းလည်းကောင်း ကိုယ်က စာမှာအားနည်းတယ်။ Academic Writing မရေးတတ်ဘူး။ ကျောင်းက သင်တန်းတက်တယ်။ International studentတွေအချင်းချင်း ရင်းနီးချင်တယ်။ ဒီအတွက် International Studentအဖွဲ့အစည်းကလုပ်တဲ့ညစာစားပွဲတွေသွားတယ်။ ကျောင်းကပွဲတို့ လမ်းလျှောက်ပွဲတို့လဲ ပါတယ်။ ဒီလိုမျိုးသူတွေအတွက်တော့ ကျောင်းက သာမန်ထက်ပိုပါတယ်။

ကျောင်းမှာ Societyတွေ Clubတွေရှိတယ်။ ကျနော်ဆိုအချိန်ရရင်ရသလို သွားကြည့်တယ် ပုံတို့ဗီဒီယိုတို့လိုအပ်ရင် ရိုက်ကူပေးပါတယ်။ အားကစားအဖွဲ့တွေလဲအများကြီးပါပဲ။ OxArch ဆိုတဲ့Oxford Brookes က Architecture Societyဆိုရင် ၂ပတ်တစ်ခါလောက် Architectureနဲ့ပတ်သက်တဲ့Lectureတွေစီစဥ်ပေးတယ်။ နာမည်ကြီးဗိသုကာပညာရှင်တွေဖိတ်ကြားပေးတယ်။ Libraryဆိုလဲ ကျနော်တို့အတွက်တော့အသုံးချလို့ကောင်းတယ်။ ဖတ်ချင်တဲ့Referenceယူချင်စရာ စာအုပ်တွေအများကြီးပါပဲ။

Architectureအတွက်တော့ ဘယ်အချိန်မဆို စာသွားလုပ်လို့ရတဲ့ Group Studio Spaceလိုမျိုးလဲရှိသလို လိုအပ်ရင်လိုအပ်သလို အရေးပေါ်သုံးလို့ရတဲ့PCတွေလဲရှိတယ်။ 3d Printing, Laser Cutting, Woodwork Workshopနဲ့ပတ်သက်တာတွေလုပ်လို့ရတဲ့ Workshopရှိတယ်။ ဗိသုကာProjectအတွက်သိပ်အသုံးချလို့ကောင်းပါတယ်။

Oxford Brookes Architectureရဲ့ ပြင်ပအဖွဲ့အစည်းတွေ အလုပ်ခွင်တွေ အခြားMajorတွေနဲ့ပေါင်းစပ်မှုကတော့ တိုးတက်ဖို့လိုအပ်သေးတယ်။ လောလောဆယ်အထိတော့ Minimal collaborationမှလွဲ၍ သီးခြားပုံစံမျိုးရပ်တည်နေသေးတယ်။ ထိုနည်းလည်းကောင်း စာသင်ကြားတဲ့ပုံစံက မိမိအပေါ်မှာ အများကြီးမူတည်နေတော့ စာနောက်ကျနေတဲ့ ကျောင်းပျက်မိတဲ့အချိန်တွေမှာ ရုတ်တရက်ဘာဆက်လုပ်ရမှန်းမသိ ဖြစ်တတ်တယ်။


ငွေကြေးစီမံခန့်ခွဲမှု

ဘယ်လောက်ငွေဝင်လဲဆိုတာတော့မပြောပြတော့ဘူး။ ဘယ်လိုအသုံးပြုလေ့ရှိလဲဆိုတာတော့မျှဝေပေးပါမယ်။

တစ်လတစ်လအစားအသောက် ပုံမှန်လူတစ်ဦး Calorie 2000 ကျနော် ၄၀၀၀ စားသုံးနေတာမို့လို့ ပိုကုန်ပါတယ်။ အိမ်မှာကိုယ့်ဟာကိုယ်ချက်ပြုတ်စားသောက်တယ်။ အစားအသောက်ကောင်းကြိုက်တတ်တဲ့ တော်ရုံအသားလုံးဝမစားတဲ့ Organicကို အဓိကစားသုံးတဲ့သူဖြစ်တာကြောင့် ကုန်ကျစရိတ်များပါတယ်။

သွားလာစရိတ်၊ ဖုန်းဘေ၊ ကုန်ကျစရိတ်အထွေထွေကတော့ နာမည်မှာပါတဲ့အတိုင်းပဲ ပုံမှန်နှုန်းထားနဲ့ကုန်ပါတယ်။ ပိုလို့ကိုကုန်တာက Architectureဗိသုကာကျောင်းသားတစ်ဦးဖြစ်တာရော ရိုက်ကူးရေးတို့ Contentဖန်တီးမှုတို့နဲ့ပတ်သက်ပြီး ဝါသနာပါတဲ့သူတစ်ဦးလည်းဖြစ်တာကြောင့် ကျနော့်အတွက် မဖြစ်မနေလိုအပ်တဲ့အစားအသောက်တို့ အိမ်ငှားခတို့ ကျောင်းလခတို့အပြင် IT ပစ္စည်းဖိုးတွေလဲကုန်ကျပါသေးတယ်။

Softwareတွေ Servicesတွေ Subscriptionဖိုးတွေလဲကုန်သလို ဗိသုကာProjectတွေအတွက် သီးသန့်အသုံးပြုရတဲ့ပုံနှိပ်စရိတ်၊ မော်ဒယ်ကုန်ကြမ်းဖိုး၊ စာရေးကိရိယာဖိုး စသဖြင့် ပိုမိုကုန်ကျပါတယ်။ Laptop, Phone, Monitor, လွယ်အိတ်စတဲ့ Accessories ဖိုးတွေလဲ ပိုလို့ကို ကုန်ပါတယ်။

ကျနော့်အတွက် အပြင်သွားလျှောက်လည်စရိတ်၊ ခရီးသွားစရိတ်၊ အင်္ကျီအဝတ်အစားစရိတ် မကုန်ပါဘူး။ ကျနော်က ပစ္စည်းပိစိလေးတွေ အများကြီးဝယ်တာထက် အကောင်းလေးတွေ နည်းနည်းဝယ်တာကို ပိုအားသန်တဲ့သူပါ။

အိမ်ငှားခ၊ ကျောင်းလခ၊ စားသောက်နေထိုင်စရိတ် အကုန်လုံးတစ်ခုနဲ့တစ်ခု သဟဇာတဖြစ်အောင်စီမံပါတယ်။ အားလုံးက အနည်းဆုံးကုန်ကျစရိတ်မဟုတ်ဘူး။ သို့သော် ကိုယ့်အနေနဲ့ အောင်မြင်မှုတစ်ခုလိုလားတဲ့အချိန် ရင်းနီးသင့်သလောက်ရင်းနီးရပါမယ်။

ကျောင်းသားတွေအတွက် ကောင်းတဲ့အခွင့်အရေးတွေအများကြီးပါ။ အခွန်နှုန်းထားတွေ လျော့သင့်သလောက်လျော့ပါတယ်။ UNiDAYs, Student Beans, TOTUM Cardတို့မှာ Student Discountတွေပေးတတ်ပါတယ်။ Software Subscriptionတွေမှာ အဆနဲ့ချီစျေးချပါတယ်။

နောက်တစ်ခုကောင်းတာက နာမည်ကြီးတံဆိပ်တွေ ပစ္စည်းတွေ ဘယ်ဟာမဆို Discount ချတတ်ပါတယ်။ ဥပမာ - Amazonဖြစ်စေ မိမိဝယ်လိုတဲ့ပစ္စည်းရဲ့ Website တိုက်ရိုက်ဖြစ်စေမှာ Discount တို့ Dealsတို့ B Stockတို့ စသဖြင့် ပုံမှန်ရှိတတ်ပါတယ်။ ဝယ်တတ်ရင်ဝယ်တတ်သလိုတန်ပါတယ်။ သို့သော် ပစ္စည်းဝယ်ချိန်တိုင်း ဒီလိုမျိုးDiscountရနိုင်မည်မဟုတ်ပါ။

ကျနော်အရင်ကPart Timeလုပ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက်အတွေ့အကြုံလဲရခဲ့ပါတယ်။ သို့သော် ကျနော့်ရဲ့ ဗိသုကာကျောင်းသား + Creator တစ်ဦးရဲ့ အချိန်ဇယားနဲ့ ဘယ်လိုမှညှိနှိုင်းဖို့မပြေနိုင်တဲ့အဆုံး ဝင်ငွေရရုံသပ်သပ်လုပ်ရတဲ့ စားပွဲထိုးကြမ်းတိုက်အလုပ်တွေ မလုပ်တော့ဘူး။ ကျနော့်အတွက်တော့ ရတဲ့လုပ်အားခနဲ့ ရင်းနီးလိုက်ရတဲ့အချိန် မတန်လို့ဖြစ်ပါတယ်။ အလျဥ်းသင့်သလိုတော့ ကိုယ့်Careerအတွက်အထောက်အကူဖြစ်မယ့်အလုပ်လေးတွေ လုပ်ဖြစ်ပါတယ်။


၄။ လူမှုဘဝနဲ့ ယဉ်ကျေးမှု

UKကိုရုတ်တရက်ပြောင်းလာတဲ့အခါ စိမ်းကားတယ်။ နှိမ့်ချဆက်ဆံတယ်လို့ ထင်ခဲ့တယ်။ နောက်ပိုင်းကျင့်သားရလာတဲ့အခါ "ဒီကသူတွေ" လို့မသတ်မှတ်တော့ဘူး။ လူတွေထဲကလူလို့ပဲ သတ်မှတ်ဖြစ်လိုက်တယ်။ ကိုယ်လုပ်စရာရှိတာကိုယ်လုပ်တယ်။

မိမိရဲ့စကားပြောတဲ့Accentက Poshမဖြစ်ဘူး မြန်မာအသံဝဲတယ် လက်ခံတယ်။ အထိအခိုက်သိပ်မခံတဲ့စကားဝိုင်းမျိုးတွေမှာ မလိုအပ်ရင်စကားမပြောဘူး။ လိုအပ်ရင်တော့ ကြိုးစားပြောတယ်။ ငါအင်္ဂလိပ်လိုမပြောတတ်ဘူး ဆိုတာကိုဖျောက်လိုက်တယ်။ ပိုနားထောင်ပေးလိုက်တယ်။ ကိုယ့်အရည်အချင်းကို မြင်လာကြတဲ့အခါ ကိုယ်ဘာအသံထွက်တာ ဘယ်နိုင်ငံကဆိုတာတွေက အရေးမှမကြီးတော့တာ။

ပြီးတော့ လူတွေတစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းစုံကြတဲ့အခါ လှမ်းနှုတ်ဆက်တာမျိုးတွေ ခေါင်းငြှိမ့်ပြတာမျိုးတွေ ပြုံးပြတာမျိုးတွေ "Hi, How are you?"ဆိုတဲ့Small Talkလေးတွေ ဒါတွေကလဲဖော်ရွေမှုတစ်ခုပါပဲ။

အရင်တုန်းကတော့ စိတ်ညစ်ရတဲ့နေ့ရက်တွေရှိခဲ့တယ်။ ဆူညံသံဆိုတာလဲ မရှိသလောက်ပဲ။ အကုန်လုံးက ငြိမ်သက်နေတယ် မထူးခြားတဲ့ပင်ပန်းတဲ့နေ့ရက်တွေပေါ့။ ဒီလိုနဲ့ ကျနော်ဝါသနာပါတဲ့အရာတွေကို ဆည်းပူးတယ်။ သံစဥ်လေးတွေနားထောင်တယ်။ ချစ်ရတဲ့သူတွေနဲ့ စကားပြောဆိုတယ်။ Gymဆော့တယ်။ ဝမ်းနည်းမှုကို ဖြေဖြောက်နည်းလို့ပဲပြောရမလား။

Oxfordကမြန်မာအသိုင်းအဝိုင်းထဲ အခုမှကျောင်းလာတက်တဲ့သူတွေ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့သူတွေရော ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့သူတွေရော Background အမျိုးမျိုး အခြေအနေအမျိုးမျိုးကသူတွေ ရှိပါတယ်။ တချို့တွေနဲ့အဆင်ပြေတယ်။ တချို့တွေနဲ့အဆင်မပြေဘူး။ မြန်မာအသိုင်းအဝိုင်းတစ်ခုအနေနဲ့ Activityတွေပူးပေါင်းလုပ်ဆောင်တာမျိုး (ဥပမာ - ဆန္ဒပြပွဲတွေ၊ Fundraising Activityတွေ၊ ...) သိပ်မရှိဘူး။ မြန်မာစားသောက်ဆိုင်မရှိဘူး။ သို့သော် သွားချင်စားချင်တာများရှိခဲ့ရင် Onlineကနေမှာလို့ရတယ်။ Londonမှာလဲကိုယ်တိုင်ကိုယ်ကျသွားလို့ရတယ်။ ၂နာရီလောက်ပဲကားစီးရပါတယ်။


၅။ Oxford မြို့အကြောင်း ပိုမိုစူးစမ်းခြင်း

Oxfordမြို့ရယ်လို့ရောက်သွားလိုက်တာနဲ့ ပုံတွေထဲကလိုမျိုး 24/7 ဂန္ဓဝင်ဆန်နေမှာတော့မဟုတ်ဘူး။ ရှေးကျတဲ့အဆောက်အဦးတွေက နေရာတိုင်းရှိနေတာမဟုတ်ဘူး။ သို့သော်ကျောင်းသားတစ်ဦးအတွက်တော့စာသင်ကြားဖို့ မိမိကိုယ်ကိုတိုးတက်အောင်ကြံဆဖို့အကောင်းဆုံးနေရာတစ်ခုလို့မြင်ပါတယ်။ အင်မတန်Diverseဖြစ်တဲ့လူနေမှုအသိုင်းအဝိုင်းနဲ့ပတ်ဝန်းကျင်ရှိတယ်။

တချို့နေရာတွေ ကျောင်းသားအများစုနေကြတယ်။ တချို့နေရာတွေက ဒီကဒေသခံတွေ တချို့အလုပ်လုပ်တဲ့သူတွေနေကြတဲ့နေရာ။ တချို့ကတော့ လူချမ်းသာရပ်ကွက်၊ တချို့လယ်ကွင်းတွေခြံတွေ။ အားကစားလုပ်ပြေးနေတဲ့သူတွေရော ဓာတ်ပုံတစ်ဖြတ်ဖြတ်နဲ့ရိုက်နေကြတဲ့သူတွေရော ကျောင်းစာတွေနဲ့ချာလပတ်ရမ်းနေတဲ့သူတွေရော အလည်လေ့လာရေးခရီးလာကြတဲ့သူတွေရော စုံလို့ပါပဲ။

Libraryတွေ Art Museumတွေရှိတယ်။ ကျောင်းအဆောက်အဦးတွေက တစ်မြို့လုံးနေရာတိုင်းလိုလိုပဲ။ City Centreခေါ်မြို့လယ်မှာ စားသောက်ဆိုင်တွေ အင်္ကျီအဝတ်အစားဆိုင်တွေ ပန်းခြံတွေ နှစ်ပေါင်း ရာချီနေပြီဖြစ်တဲ့သင်္ချိုင်းတွေ အစုံပါပဲ။ Asianအစားအသောက်တွေ တရုတ်Hotpotဆိုင်တွေ Barbecueဆိုင်တွေလဲ အများကြီးပါပဲ။

လေထုကောင်းတယ်။ ဆူညံမှုနည်းတယ်။ အဆောက်အဦးခပ်မြင့်မြင့်တွေ အိမ်အသစ်တွေ အတော်လေးနည်းတယ်။ ၂ထပ်အိမ်လေးတွေ များတယ်။ ကိုယ့်မြန်မာနိုင်ငံကလာတဲ့သူတွေဆို စစချင်းအတော်လေးအေးမယ်။ တစ်ပတ်၊ တစ်လကြာသွားတဲ့အခါ ရာသီဥတုက ခန္တာကိုယ်နဲ့လိုက်ရောညီထွေဖြစ်သွားမယ်။ ပူတဲ့အခါ ပုံမှန်ထက်ပိုပူတယ်။ ချွေးတွေတဒီးဒီးကြပြီး ခေါင်းတွေမူးလာတဲ့အထိပဲ။

ညဘက်အပြင်ထွက်လို့ရတယ်။ Neonမီးတွေနဲ့တော့ Night Lifeကောင်းကောင်းတစ်ခုရနိုင်မှာမဟုတ်ဘူး။ ဒုစရိုက်မများဘူး။ လုံခြုံမှုရှိတယ်။ သို့သော် မူးယစ်ဆေးဝါးအန္တရာယ်က UKတစ်နိုင်ငံလုံးလိုပဲ ကြောက်ရတယ်။ အရက်သေစာ မူးယစ်ဆေးဝါးသောက်စားသုံးစွဲမှုက လူငယ်လူထုကြားအင်မတန်ရေပန်းစားတာမို့လို့ ဘယ်အချိန်အိမ်ပြန်ပြန် အပြင်ထွက်ထွက် ထိန်းကြောင်းပေးမယ့်သူမရှိဘူးမို့ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှအဆင်ပြေပါမယ်။

နိုင်ငံခြားကျောင်းတက်ခြင်းရဲ့ ကောင်းကျိုးလေးတွေပါ


Conclusion

နိုင်ငံခြားကျောင်းတက်ခြင်းရဲ့ ကောင်းကျိုးလေးတွေကတော့ တကယ်ကို မရေမတွက်နိုင်အောင်ပါပဲ။ ဒီမြို့ငယ်လေးမှ ာပညာလာရောက်သင်ယူခွင့်ရခဲ့တာဟာ အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုလို့ပဲ ဆိုချင်ပါတယ်။ ဘဝအတွက် ရပ်တည်ချက်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်အသစ်တွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်လာတဲ့ စိတ်ဓာတ်ခွန်အားတွေက ကျွန်တော့်အတွက် ကျောင်းစာထက် ပိုမိုတန်ဖိုးရှိတဲ့ ရတနာတွေပါပဲ။

ဟုတ်တယ် အလုပ်ပိတာတွေ အိပ်ရေးပျက်တဲ့ညတွေ အသားကျအောင်ကြိုးစားနေထိုင်ခဲ့ရတဲ့နေ့တွေရှိတယ်။ ဘဏ်အကောင့်ထဲ ၁ ပေါင်လောက်ပဲကျန်တော့တဲ့နေ့တွေလဲရှိခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့သွေးဆောင်မှုအန္တရာယ်တွေကိုသတိထားရှောင်ရှားခဲ့ရတာတွေလဲရှိခဲ့တယ်။ လူတွေအမျိုးမျိုးနဲ့လဲဆက်ဆံခဲ့ရတယ်။ နေသားကျနေပြီးသားမွေးရပ်မြေကနေ ကမ္ဘာတစ်ခြမ်းဝေးတဲ့မြို့ငယ်လေးမှာ ဘဝအသစ်တစ်ခုအလုံးစုံစတင်ခဲ့ရတဲ့အတွက် စိန်ခေါ်မှုတွေကနေ့စဥ်နေ့တိုင်းပဲ။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကပဲ ကျနော့်ကို ပိုမိုရင့်ကျက်သန်မာစေခဲ့တယ်။

ဒီခရီးကို လူတိုင်းလျှောက်နိုင်ချင်မှလျှောက်နိုင်မယ်။ မိမိကိုယ်ကိုလဲ အဆင်သင့်ဖြစ်ပြီလို့ ယူဆချင်မှယူဆပါလိမ့်မယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ ဝါသနာပါတဲ့လမ်းကိုရွေးချယ်ပါ။ ကိစ္စတစ်ခုကိုဆုံးဖြတ်ပြီးရင် ဘာပဲကြုံရကြုံရ ဖြစ်မြောက်အောင်လုပ်ပါ။ ကြိုးစားအားထုတ်မှုသည်အ်ရာရာပါ။ အခွင့်အလမ်းတွေအများကြီးရှိတယ်။ သို့သော် အဲ့ဒီ့အခွင့်အလမ်းတွေကို ကိုယ်တိုင်ရှာဖွေဖမ်းဆုပ်နိုင်ဖို့က ပိုမိုအရေးကြီးပါတယ်။

ဒီစာလေးကနေတစ်စုံတစ်ခုသော အသိပညာ၊ အတွေးအမြင် အားပေးမှုတစ်ခုခုရရှိသွားမယ်လို့ယုံကြည်ပါတယ်။ အခုနေကျောင်းလျှောက်တဲ့ရာသီရဲ့အဆုံးသတ်နားလေးမှာ ကိုယ်နဲ့ကိုက်ညီတဲ့ကျောင်းလေးတစ်ခု ရသွားမယ်လို့ယုံကြည်ပါတယ်။ UKရောက်ဖြစ်ခဲ့တယ်ဆိုရင်တော့ ဝမ်းသာပါတယ်။ စာဖတ်မိတ်ဆွေတွေအားလုံးနဲ့ဆုံတွေ့ချင်ပါသေးတယ်။


Read more

မိတ်ဆွေတို့အတွက် သတင်းကောင်းနောက်တစ်ခု။

မိတ်ဆွေတို့အတွက် သတင်းကောင်းနောက်တစ်ခု။

အမှန်တော့ ဒီသတင်းလေးက အရင်တစ်ခေါက် Exhibition အကြောင်းရေးတဲ့ထဲမှာ ပါသွားခဲ့ပေမယ့် စာတွေများသွားတော့ သတိမထားလိုက်မိမှာစိုးလို့ သီးသန့်အနေနဲ့ ပြန်တင်ပေးတာပါ။ ကျနော့်ရဲ့ "

By Moe Htet
"Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၂) - စနစ်တကျတည်ဆောက်ခြင်းနှင့် ဆွဲဆောင်မှုရှိသော တင်ဆက်ခြင်း

"Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၂) - စနစ်တကျတည်ဆောက်ခြင်းနှင့် ဆွဲဆောင်မှုရှိသော တင်ဆက်ခြင်း

Portfolio တည်ဆောက်ခြင်း အနုပညာရဲ့ [အပိုင်း (၁)](Link to Part 1) မှာတုန်းက Portfolio တစ်ခုရဲ့ အရေးပါပုံ၊ ကိုယ့်ရဲ့အရည်အသွေးကိုပြသနိုင်မယ့် Project တွေကို ဘယ်လိုဖန်တီးမလဲ၊ ပြီးတော့ အဲ့ဒီအလုပ်

By Moe Htet
Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၁) - အခြေခံအုတ်မြစ်နှင့် မှတ်တမ်းတင်ခြင်း"

Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၁) - အခြေခံအုတ်မြစ်နှင့် မှတ်တမ်းတင်ခြင်း"

Portfolioဆိုတာ ကျနော့်အတွက်တော့ စာသင်နှစ်တာပတ်လုံးလုပ်ထားခဲ့သမျှ အလုပ်တွေရောProjectသေးသေးလေးတွေရော အကုန်လုံးကို စနစ်တကျစုစည်းထားတဲ့ မှတ်တမ်းပေါင်းချုပ် လို့မြင်တယ်။ ဓာ

By Moe Htet