Dissertation လမ်းညွှန်- Choosing a topic

Dissertation လမ်းညွှန်- Choosing a topic

တတိယနှစ်ထဲမဝင်ခင်မှာတင်ကို ကျောင်းမှာ Essayတွေရေးသားခိုင်းပါတယ်။ စာလုံးရေ ၁၂၀၀၊ ၁၅၀၀ အခု ၂၀၀၀။ Essayတစ်ပုဒ်ပဲထပ်ရတယ်။ ဘာစာမေးပွဲမှမရှိ။ Assignment တွေမရှိ။ 100% Gradedဖြစ်တယ်။ ဆိုလိုတာက သူ့ကိုကျရင် တစ်တန်းကျပြီ။ ထပ်ကျရင် တစ်နှစ်ပြန်တက်ရမယ်။ အောင်ရင်တော့ နောက်တစ်တန်းဆက်တက်။

ဒီလိုမျိုး moduleလေးတွေနဲ့ယဥ်းပါးလာပြီးတဲ့နောက် တက္ကသိုလ်ဘွဲ့တစ်ခုရဲ့ နောက်ဆုံးနှစ်ကို ရောက်ရှိလို့လာတယ်။ ဒါနဲ့အတူပါလာတဲ့တာဝန်က Dissertationတစ်ခုပြုစုဖို့။ လပေါင်းများစွာအချိန်ယူလုပ်ဆောင်ရေးသားရတဲ့ သုတေသနစာတမ်းရှည်ဖြစ်တယ်။ Bachelor courseတစ်လျှောက်လုံးသင်ထားသမျှ အသိပညာတွေ အရည်အချင်းတွေကို စုစည်းအသုံးချပြီး ကိုယ်ပိုင်သုတသနတစ်ခုလို အစအဆုံးမိမိကိုယ်တိုင် (Self-led) လုပ်ဆောင်နိုင်စွမ်းရှိကြောင်းပြသရတဲ့ အထွတ်အထိပ်Projectတစ်ခုဖြစ်တယ်။

သာမန် Essay တစ်ပုဒ်ထက်အများကြီးပိုပါတယ်။


ဘယ်နိုင်ငံ၊ ဘယ်လိုဘာသာရပ်တွေမှာရေးရလေ့ရှိလဲ

UK ပညာရေးစနစ် ရဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး United Kingdom၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် ကဲ့သို့သော နိုင်ငံများရဲ့ တက္ကသိုလ်တွေမှာ အလွန်များပါတယ်။ US တက္ကသိုလ်တွေမှာတော့ "senior thesis" လို့ခေါ်လေ့ရှိပြီး၊ အချို့သော ဂုဏ်ထူးတန်း (honors programs) တွေမှာသာ မဖြစ်မနေလိုအပ်လေ့ရှိပါတယ်။

  • လူမှုဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်တွေ (Humanities & Social Sciences):
  • အနုပညာနှင့် ဒီဇိုင်း (Arts & Design)
  • စီးပွားရေးနှင့် ဥပဒေ (Business & Law)
  • သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM)

စတဲ့ဘာသာရပ်တွေမှာအရေးများပါတယ်။


Masters Thesis နှင့် တူပါသလား။

အခြေခံသဘောတရားချင်းဆင်ပါတယ်၊ သို့သော် အဆင့်အတန်းနှင့် လိုအပ်ချက်မှာ ကွဲပြားပါတယ်။ နှစ်ခုလုံးဟာ ကျောင်းသားက ကိုယ်တိုင်ဦးဆောင်ပြီးရေးသားရတဲ့ သုတေသနစာတမ်းရှည်တွေဖြစ်ပါတယ်။

အဓိကကွာခြားချက်တွေကတော့

  • အတိုင်းအတာနဲ့ ရည်မှန်းချက်: လေ့လာထားသလောက် Dissertation ရဲ့ရည်ရွယ်ချက်က သုတေသနတစ်ခုကိုကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းရှိကြောင်းပြသဖို့ဖြစ်ပါတယ်။ Masters Thesis ကတော့ ပညာရပ်နယ်ပယ်တစ်ခုအတွက် အသစ်သစ်သော အသိပညာတစ်ခုခုကိုထည့်ဝင်ဖို့ Original Contributionကို ရည်မှန်းရပါတယ်။
  • အရှည်နဲ့အနက်: Bachelor's dissertationက စာလုံးရေ ၈၀၀၀-၁၀၀၀၀မျှရှိပြီး Master's Thesis က စာလုံးရေ ၁၅၀၀၀-၂၅၀၀၀ မျှရှိပါတယ်။
  • ကြီးကြပ်မှု: Bachelorsတွေက ပိုမိုဖွဲ့စည်းတည်ဆောက်ထားတဲ့ လမ်းညွှန်မှုရလေ့ရှိပြီး Mastersတွေကတော့ ပိုမိုလွတ်လပ်စွာလုပ်ဆောင်ရကြပါတယ်၊ သင်ရိုးပေါ်လဲမူတည်ပါတယ်။

ဘယ်အချိန်စတင်လဲ။

Dissertationဆိုတာက နောက်ဆုံးနှစ်မှာမှစတင်တာမဟုတ်ပါဘူး။ အရင်နှစ်တွေတုန်းက ရေးသားဖူးခဲ့တဲ့ Essayတွေကနေစတင်ပါတယ်။ တက္ကသိုလ်မှာ ကျနော်တို့ကတော့ အနည်းဆုံး တစ်နှစ်ကို Essay တစ်ပုဒ်ရေးရပါတယ်။ သူကတော့

  • တိုတောင်းပါတယ်။
  • ဆရာမတွေကရေးသားစေချင်တဲ့ခေါင်းစဥ် သို့မဟုတ် ဘောင်တစ်ခုပေးပါတယ်။ ဥပမာ - လမ်းပန်းဆက်သွယ်ရေး၊ ခေတ်ဟောင်းဗိသုကာ စသဖြင့်ပေါ့။
  • အကြောင်းအရာခေါင်းစဥ်တစ်ခုကို ဖြေးဖြေးချင်းdevelopလုပ်သလိုမဟုတ်ပါဘူး၊ စာအုပ်အနည်းငယ်ဖတ်၊ ပြီးတော့ ဆက်စပ်တာတွေကိုရှာဖွေစုဆောင်း၊ ပြီးတော့ရေး။

ကျနော့်အတွက်တော့ ဒုတိယနှစ်ကတည်းက The Digital Battlegroundဆိုတဲ့Essayကို ရေးသားခဲ့ပါတယ်။ ဒီစာတမ်းက ၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ ချက်ချင်းနောက်ဆက်တွဲတစ်ပတ်တာအခြေအနေကို အဓိကထားရေးသားခဲ့ပါတယ်။

ဆိုတော့ဘယ်လိုမျိုးအရာတွေနဲ့ စတင်ကြမလဲ။


အပိုင်း (၁)။ အခြေခံအုတ်မြစ်

Dissertationမစခင် ခြေလှမ်း

ကျနော့်ရဲ့ပထမဦးဆုံးလက်တွေ့ခြေလှမ်းကတော့ တက္ကသိုလ်ကနေပေးထားတဲ့ အရင်းအမြစ်တွေရှိရှိသမျှ Lecture တွေ Presentationတွေ PDF Fileတွေ အကုန်လုံးကိုမွှေနှောက်ကြည့်ခြင်းပါ။

  • ဒါကဘာကြီးလဲ
  • ဘယ်လိုချဥ်းကပ်ကြလဲ၊
  • အဆုံးသတ်မှာ ဘာတွေရကြလဲ
  • ကောင်တဲ့ရလဒ်ဆိုတာဘာလဲ၊ ဆိုးတဲ့ရလဒ်ဆိုတာဘာလဲ။

တဖြည်းဖြည်းနဲ့ ဒါက ဘာဆိုတာသိလာတယ်။ သူများတွေရွေးချယ်တဲ့ခေါင်းစဥ်တွေကိုနားလည်လာတယ်။ ဖတ်ပါများလာတော့ ကိုယ့်အလှည့်ကျရင်တော့ ဒါလုပ်မယ်၊ ဒါမလုပ်ဘူးစသဖြင့်တွေးတောတတ်လာတယ်။

ဘာဆိုဘာမှမသိထားခင်မှာတင်ပဲကို ခေါင်းထဲကို တစ်ခုခုတွေးထားထည့်ထားကြည့်ရတော့တယ်။ ကျနော်ကတော့ တွေးထားစေချင်တယ်။ ခေါင်းထဲမှာ ငါဘာလေးတော့လုပ်ချင်တယ် စာတမ်းပြုစုချင်တယ်ဆိုတာမျိုးတော့တွေးထားစေချင်တယ်၊ ဒါမှသာ "ဒါလေးလုပ်မယ်ဆိုရင်တော့ ဆက်စပ်ခေါင်းစဥ်တွေ ချဲ့ထွင်လို့ရတဲ့အရာတွေကတော့ ဒါတွေဖြစ်တယ်" ဆိုတာမျိုး မြင်တတ်လာမယ်။

သို့သော် ဒီလိုအဆင့်မှာမှားတတ်ကြတာက ကနဦးစဥ်းစားထားတဲ့အရာကနေ တခြားတစ်ခုကိုမပြောင်းချင်တာ။ ကိုယ်ကစစချင်းစဥ်းစားထားတာက ဥပမာ - ကိုယ်က ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းရေးသားချင်တယ်။ နက်နက်ရှိုင်းရှိုင်းလေ့လာလို့ရတယ်။ သူများတွေဘယ်လိုရှာဖွေစူးစမ်းထားလဲကြည့်လို့ရတယ်။ ကောင်းပါတယ်။

ဒါပေမယ့် ဒီTopicရဲ့အားနည်းချက်က ရှာဖွေအသုံးပြုလို့ရနိုင်တဲ့ သတင်းတွေ၊ တခြားသူတွေရဲ့ပြုစုပြီးသားစာတမ်းတွေ ဒါတွေနည်းပါးတယ်။ ကိုယ်ကိုယ်တိုင်ကလဲပဲ ဒီခေါင်းလောင်းအကြောင်းကို ဒီလောက်ထိစိတ်ဝင်စားချင်မှစိတ်ဝင်စားမယ်။ သို့သော် ခေါင်းစဥ်မပြောင်းချင်ဘူး။ ရင်းနီးပြီးသား တီးခေါက်ဖူးပြီးသားခေါင်းစဥ်မို့လို့။

ကျနော်ကတော့ အကြံပေးချင်ပါတယ်။ ခေါင်းစဥ်တစ်ခုကို သတ်မှတ်ထားပါ၊ သို့သော် ပြောင်းလွယ်ပြင်လွယ်ပါစေ။ ကဲထားတော့

ကျနော့်အတွက်တော့ ဒါက နည်းပညာအကြောင်း Digital Architecture အကြောင်းဖြစ်ခဲ့တယ်။ တစ်နည်းအားဖြင့် နည်းပညာနယ်ပယ်က စစ်မြေပြင်ဖြစ်လာတဲ့အကြောင်းပေါ့။ စတင်ခဲ့တဲ့အတွေးလေးကတော့ စစ်ကောင်စီရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေအကြောင်းရေးသားမယ်၊ ပြီးရင် ပြည်သူလူထုရဲ့ ဒီထိန်းချုပ်မှုတွေကြား တွန်းလှန်ပုံ၊ နေထိုင်ပုံ၊ အသားကျသွားပုံကိုရေးသားမယ်။ ခေါင်းစဥ်ကကောင်းတယ်၊ သို့သော် သတင်းရေးသလိုဖြစ်သွားနိုင်တယ် အစအဆုံးလွဲမှားသွားနိုင်တယ်။

ဒီလိုနဲ့ ဆရာတွေကလဲပဲ ဒီစာတမ်းပြုစုမှုနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ၊ ကျောင်းသားတိုင်းလိုက်နာရမယ့်စည်းမျဥ်းစည်းကမ်းတွေကို ချပြတယ်။ ဥပမာ - လူတွေကို အင်တာဗျူးမလုပ်ဖို့၊ Sourceတွေကို ဘယ်ကနေရှာဖွေဖို့၊ ဘယ်လိုချဲ့ထွင်ဖို့၊ ဘယ်လိုအကြောင်းအရာသေးသေးလေးတစ်ခုကို အသေးစိတ်ပြုစုပေးဖို့။ ဒီလိုနဲ့ ဒုတိယနှစ်ပြီးသွားတယ်။

Dissertation Supervisorဆိုတာဘာလဲ။

Supervisor ဆိုတာက ကျောင်းသားတွေရဲ့ Research Project တွေကို တစ်ဦးချင်း Guideလုပ်ပေးတဲ့သူပဲဖြစ်ပါတယ်။ ကျောင်းမှ ဆရာ/ဆရာမတစ်ဦးဦးက လုပ်ပေးတာဆိုပေမယ့် ဘာသာရပ်အလိုက်ဆရာတွေနဲ့ကွဲပြားပါတယ်။

  • Dissertation Supervisorဆိုတာက Mentor သို့မဟုတ် Research Consultantနဲ့ပိုမိုဆင်တူပါတယ်။
  • ကျောင်းသားကို Research ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးတယ်။ ကျောင်းသားမေးသမျှမေးခွန်းတွေကို အဖြေပေးတယ်။ Guideလိုပေါ့။
  • Ethicနဲ့ကိုက်ညီမညီဖြေရှင်းပေးတယ်။ ရပြီဆိုတာနဲ့ လက်မှတ်ထိုးပေးတယ်။
  • ပုံမှန်တစ်ပတ်တစ်ခါဖြစ်စေ နှစ်ပတ်တစ်ခါဖြစ်စေ ကျောင်းသားနဲ့တွေ့ဆုံဆွေးနွေးပါတယ်။
  • ကိုယ်Research လုပ်နေတာ လမ်းမှန်ရဲ့လား၊ ခေါင်းစဥ်နဲ့ဆက်စပ်တဲ့ စာတမ်းတွေ Academic literature တွေ စာအုပ်တွေကို ညွှန်းပေးတယ်၊ ကိုယ့်ရဲ့ စာမူကြမ်းတွေကိုဖတ်ရှုလေ့လာဝေဖန်ပေးတယ်။

သာမန်Course Teacher (ဘာသာရပ်သင်ဆရာ) တွေကတော့ တစ်တန်းလုံးစာတာဝန်ရှိတယ်။ Lecture သင်ပေးတယ်၊ သတ်မှတ်ပြီးသားခေါင်းစဥ်အောက်က Assignmentတွေပေးတယ်၊ သတ်မှတ်ထားတဲ့သင်ရိုးနဲ့ အမှတ်ပေးစည်းမျဥ်းအောက်ကနေ အမှတ်ပေးတယ်။ ပြောရရင်တော့ Personalမဆန်ဘူး။ ရှိပြီးသားknowledgeတွေကိုသင်ကြားပေးရုံသပ်သပ်ပဲ၊ အသစ်researchတွေလုပ်ဖို့ လမ်းမညွှန်ပေးပါဘူး။ ကွာခြားချက်ပါ။

Supervisorတစ်ဦးဆီမှာလဲ သူ့အထာနဲ့သူပါ။ တချို့Supervisorတွေက ကျယ်ပြန့်မှုကို ပိုမိုဦးစားပေးတယ်၊ ခေါင်းစဥ်နဲ့ရင်းနီးတဲ့အတွက် ပိုမိုဆက်စပ်တဲ့အကြံတွေပေးနိုင်တယ်။ တချို့Supervisorတွေက ဆက်သွယ်ရလွယ်တယ် နားလည်တယ် အကြံပေးနိုင်တယ်။ တချို့ကတော့ ကျောင်းစာသင်ရတာတစ်ဖက် Supervisorလုပ်ရတာတစ်ဖက်နဲ့ ကျောင်းသားကို အပြည့်အဝအကူအညီမပေးနိုင်ဘူး။ သိပ်မထိရောက်ဘူး။ တစ်ဦးနဲ့မပြေဘူး တခြားတစ်ဦးနဲ့ပြေတယ် ဒီလိုပေါ့။ ဆရာတိုင်းကတော့ ကူညီပေးမှာပဲ သို့သော် ကိုက်ညီတဲ့ဆရာ၊ မကိုက်ညီတဲ့ဆရာဆိုတာလဲ ရှိစမြဲပဲ။


အပိုင်း (၂)။ ခေါင်းစဉ်ရွေးချယ်ရန် ရှုထောင့်သုံးခု

ဒီတော့ တတိယနှစ်မရောက်ခင် ဒုတိယနှစ်အဆုံးပိုင်း ခေါင်းစဥ်ရွေးခိုင်းချိန်မှာ အမှုမဲ့အမှတ်မဲ့မရွေးမိစေဖို့အတွက် ကျနော်အကြံပေးချင်ပါတယ်။ တစ်နွေလုံးဒီခေါင်းစဥ်အောက်မှာပဲ research ဆက်လုပ်သွားရမှာမို့ပါ။

ထိုနည်းလည်းကောင်း ကျောင်းသားအများစုက "ပြီးပြည့်စုံတဲ့" ခေါင်းစဉ်ကိုရှာရင်းနဲ့ပဲ အချိန်ကုန်သွားတတ်ကြတယ်။ အောင်မြင်တဲ့ခေါင်းစဉ်ဆိုတာက ဒီရှုထောင့်သုံးခုကြားက မျှခြေတစ်ခုကိုရှာတွေ့တာပါပဲ။

ရှုထောင့် (၁) -Be Personal with your topic

သင်ဟာ ဒီခေါင်းစဥ်နဲ့ တစ်နှစ်ပတ်လုံးနေထိုင်ရမှာပါ။ ရှာရဖွယ်ရလေ့လာရမှာပါ။ သင့်မှာ ပုဂ္ဂိုလ်ရေးအရ စိတ်ခံစားချက်အရ ဆက်နွယ်မှုမရှိရင် နောက်ဆုံးမှာ မုန်းတီးလာပြီး စာလုပ်ချင်စိတ်ပါပျောက်သွားမှာပါ။

ကျနော့်ရဲ့အတန်းဖော်တွေအချို့ တက်ကြတဲ့ပြဿနာက သူတို့ရဲ့ topicက ကောင်းတယ် ခိုင်မာတယ်။ ဥပမာ - Islamic architecture တို့ Bolivia နိုင်ငံရဲ့ ဘာတို့ စသဖြင့် ကြီးကျယ်တယ် ခမ်းနားတယ် ပြည့်ဝတယ်။ သို့သော် ပြဿနာက သူတို့ကိုယ်တိုင်စိတ်ဝင်စားမှုနည်းကြတယ်။

ဘယ်လိုအချိန်မျိုးမှာသိလာကြလဲဆိုတော့ သာမန်ဖတ်ရှုရုံအဆင့် တီးခေါက်မိရုံအဆင့်မှာတော့မဟုတ်ဘူး၊ ရေရှည် အကြောင်းအရာတစ်ခုကိုလေ့လာရတဲ့အခါမှာ သိရုံနဲ့တင်မရတော့ဘူး။

  • ဒီအကြောင်းအရာက ဘာလဲ၊ What, Who, Where, When, Why, Howစတဲ့မေးခွန်းတွေထုတ်လာကြရတယ်။
  • ဒီအကြောင်းအရာကို ဘယ်တတ်သိပညာရှင်က ဘယ်လိုမြင်လဲ၊ မတူတဲ့အမြင်တွေကရောဘာတွေလဲ၊ ဘယ်လိုဆန့်ကျင်နေလဲ၊ ဘယ်လိုတူညီနေလဲ။
  • ဒီအကြောင်းအရာရဲ့လားရာကဘယ်သူ့ဆီကလဲ၊ ဒီသူကရောဘယ်လိုသူမျိုးလဲ၊ ဘယ်သူတွေနဲ့ဆက်စပ်နေလဲ။
  • ဒီအကြောင်းအရာက လူနည်းစုနဲ့ပဲဆိုင်တယ်ဆို နိုင်ငံတစ်နိုင်ငံစာနဲ့ကြည့်ရင် ဘာတွေအကျိုးသက်ရောက်နိုင်လဲ၊ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဆိုရင်ရော။
  • အတိတ်တုန်းက ဒီအကြောင်းအရာနဲ့ပတ်သက်လို့ဘာတွေဖြစ်ခဲ့လဲ၊ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာရောဘာတွေဖြစ်လာနိုင်သလဲ လူသားတစ်ခုလုံးကို ဘာတွေအကျိုးသက်ရောက်နိုင်မလဲ။

အကယ်၍ ကိုယ်က စိတ်မဝင်စားတဲ့သူဆိုရင် ဒီလောက်ထိတူးဆွချင်စိတ်ရှိမှာမဟုတ်။ ထိုနည်းလည်းကောင်း ကိုယ့်အကြောင်းအရာက အနက်မရှိ တိမ်တိမ်လေးဆိုရင်လဲ ဒီလောက်ထိတူးဆွစရာရှိမှာမဟုတ်။

ကျနော့်အတွက်ကတော့ ကျနော်သည် နည်းပညာကိုစိတ်ဝင်စားတဲ့ခေတ်လူငယ်တစ်ဦးဖြစ်တယ်။ ဒီမလာခင်အထိ ပြည်တွင်းမှာကြီးပြင်းလာတယ်။ စစ်ကောင်စီရဲ့ နည်းပညာထိန်းချုပ်မှုတွေက ကျနော်တို့လိုလူငယ်တွေ အထူးသဖြင့် ဖုန်း၊ လက်ပတော့၊ အင်တာနက် စသဖြင့် နေ့တူတကွအသုံးချနေတဲ့သူတွေအတွက် ထိခိုက်မှုကြီးမားတယ်၊ ကျနော်တို့ဘဝတွေကို လိုက်ရောညီထွေဖြစ်အောင်မနည်း နေထိုင်ရှင်သန်နေရတယ်။ ဒီ့အတွက် ဒီခေါင်းစဥ်ကိုကျနော်စိတ်ဝင်စားတယ်၊ Personalဖြစ်တယ်။

သင့်ရဲ့ခေါင်းစဥ်ကရော ဒီလောက်ထိ အမေးခံနိုင်မလား၊ မေးလာပြီဆိုရင်ရော သင်ကရော တူးဆွချင်ပါ့မလား။ တူးဆွစရာရောရှိပါ့မလား။ ဘယ်အချိန်ထိရော တူးဆွချင်စိတ်ရှိပါ့မလဲ။

ကိုယ့်ကိုယ်ကိုယ်မေးပါ: ဘယ်မေးခွန်းတွေက သင့်ကိုညဘက်အိပ်မပျော်စေသလဲ။ ဘယ်လိုမတရားမှုတွေက သင့်ကိုဒေါသထွက်စေသလဲ။

ရှုထောင့် ၂: ပညာရေးဆိုင်ရာကွက်လပ်

ဒုတိယတစ်ဆင့်၊ ကိုယ်က အကြမ်းဖျင်းခေါင်းစဥ်တော့ ရပြီ၊ ဒီခေါင်းစဥ်ကိုလဲဆန်းစစ်ပြီးပြီ။ တူးဆွစရာရှိတယ်၊ ကိုယ်လဲစိတ်ဝင်စားတယ်။ ဒီတော့ ဆရာကိုပြောပြတယ်။ ဆရာကနေပြန်ပြောတယ်။ Literature reviewလုပ်ခဲ့ပါတဲ့။

Dissertationတစ်ခုဆိုတာ သူများရှာဖွေပြီးသား ပြုစုပြီးသားစာတမ်းတစ်ခုမဖြစ်ရပါဘူး။ ခေါင်းစဥ်ချင်းလဲ တူလို့မရသလို အကြောင်းအရာချင်းလဲ ဝေလာဝေးပါ။ ရှိပြီးသားအသိပညာရပ်ဝန်းထဲကို ဝင်ဆံ့နိုင်မယ့် ကောင်းတဲ့Dissertationတစ်ခုဆိုတာ အကြောင်းအရာအမြင်ရှုထောင့်အသစ်တစ်ခုခုဖြစ်နေမှရပါမယ်။

ဒီတော့ ကိုယ့်ကိုယ်ကိုမေးမြန်းပါ၊

  • ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘယ်လိုမျိုး စာတမ်းတွေ၊ စာပေတွေ၊ စာအုပ်တွေ၊ ဗီဒီယိုတွေ ရှိနှင့်ပြီးပြီလဲ။ ရှိနှင့်ပြီးသားဆိုရင်တောင် ကိုယ့်လိုရှုထောင့်ရောရှိပြီးသားလား။ ဘာကလိုအပ်နေသလဲ။
  • ကိုယ်ဖြည့်ပေးမယ့်ကွက်လပ်ကကြီးလားသေးလား။ စာဖတ်သူတွေအနေနဲ့ဘာတွေအသိပညာဗဟုသုတအသစ်ရသွားနိုင်မလဲ။

ဒီလိုဆန်းစစ်မှုမျိုးကို ဆရာတွေက ဒုတိယနှစ် နှစ်ကုန်မှာတင်လုပ်ခိုင်းရှာတယ်။ ဒီလိုမျိုး ကွက်လပ်ရှိရတာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။

  • မနေ့တစ်နေ့ကမှဖြစ်ထားတဲ့ကိစ္စမို့လို့။
  • နိုင်ငံရေးအရဖြစ်စေ ဘာသာရေးအရဖြစ်စေ အင်မတန်Sensitiveဖြစ်လို့။
  • ဒီအမြင်တစ်မျိုးတည်းပဲရှိလို့ မတူတဲ့အမြင်မရှိလို့.
  • သေချာမဆန်းစစ်မရှာဖွေလို့ ရှိသယောင်ထင်ရလို့။

ကနဦးပြည်တွင်းကအကြောင်းရေးဖို့စတင်စဥ်းစားတုန်းကဆို ရှိနေတဲ့ကွက်လပ်အပေါ်ကျနော့်ရဲ့အမြင်က

  • ပြည်တွင်းက ခေတ်နောက်ကျနေလို့ ပညာတတ်နည်းပါးနေလို့
  • သတင်းလွတ်လပ်မှုမရတဲ့အတွက် သတင်းအများစုက ပြည်တွင်းသတင်းဌာနတွေဖြစ်နေလို့။
  • ထိန်းချုပ်မှုအောက်ရောက်နေလို့။

တဖြည်းဖြည်းနဲ့ ရှာကြည့်ဖွေကြည့်လေ့လာကြည့်ရင်း ကိုယ်ရေးသားမယ့်အကြောင်းအရာနဲ့ဆက်စပ်တဲ့စကားလုံးလေးတွေကို ဖွေရှာရင်းနဲ့သိလာတာက နည်းတော့နည်းတယ် သို့သော်ရှိတယ်ဗျ။

ဥပမာ - Justice For Myanmar တို့ Myanmar Internet Projectတို့လိုမျိုး စာပေပြုစုသူတွေဆီကစာတမ်းတွေက နိုင်ငံရေးအရ ဘက်လိုက်မှုမရှိ၊ တိကျသေချာမြင်သာတဲ့အချက်အလက်တွေနဲ့ ခိုင်မာတဲ့ ရင်းမြစ်တွေရှိတဲ့ စာတမ်းတွေဖြစ်တာနဲ့အညီ ကျနော်တို့လိုမျိုး စာတမ်းပြုစုရတဲ့သူတွေအဖို့ သိပ်ကောင်းတယ်။ ပြည်တွင်းအကြောင်းရေးသားချင်ရင် Myanmar Now, Irrawaddy, RFAကနေစလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့တရားဝင်စာမျက်နှာတွေအထိ အင်္ဂလိပ်၊ မြန်မာဘာသာ နှစ်ဘာသာနဲ့လဲရတယ်။ ထိုနည်းလည်းကောင်း မြန်မာလိုပဲရှိတယ်ဆိုရင်လဲ ကိုယ်တိုင်ဘာသာပြန်လို့ရတယ်။

ဒီတော့ ရေးထားပြီးသားတွေရှိတာပဲ ကွက်လပ်ကဘယ်မှာလဲ။ ကျနော့်အတွက်ကွက်လပ်ကတော့ ဟုတ်တယ် တိကျရေရာတဲ့ စာပေပြုစုမှုတွေများတယ်၊ သို့သော် ခံစားချက်အခြေခံ ပြည်သူအခြေခံပြီးမှ ပြုစုထားတဲ့ စာတမ်းမျိုးက သိပ်နည်းတယ်။

ဒီကွက်လပ်ဆိုတာက သတင်းအချက်အလက်မရှိတာမဟုတ်ဘဲ၊ တိကျတဲ့ ရှုထောင့် တစ်ခုမရှိတာကို ဆိုလိုတာပါ။ ရှိပြီးသားသုတေသနတွေက 'ဘာဖြစ်ခဲ့သလဲ' ဆိုတဲ့ 'what'—ဥပဒေတွေ၊ အင်တာနက်ဖြတ်တောက်မှုတွေ၊ ထိန်းချုပ်မှုနည်းပညာတွေ—ကို ရှင်းပြရာမှာ အင်မတန်ကောင်းမွန်ပါတယ်। ဒါပေမဲ့ ကျနော့်ရဲ့ကွက်လပ်က 'ဘယ်လိုလဲ' ဆိုတဲ့ 'how' ပါ။ ဒီအပေါ်ကနေဖိနှိပ်တဲ့စနစ်တွေက မြေပြင်ပေါ်မှာ တကယ်တမ်းဘယ်လိုခံစားရသလဲ။ မြို့တစ်မြို့၊ လမ်းတစ်လမ်း၊ အိမ်တစ်အိမ်ရဲ့ဗိသုကာကို ဘယ်လိုပြောင်းလဲပစ်သလဲ। ဒါဟာ စာရင်းဇယားတွေအကြောင်းမဟုတ်ဘဲ၊ ရှင်သန်မှုအတွက် နေ့စဉ်အသုံးပြုနေရတဲ့ ပေတံနဲ့တိုင်းတာလို့မရနိုင်တဲ့ နည်းလမ်းတွေအကြောင်းဖြစ်ပါတယ်။

ကျနော့် literature review အရ၊ အာဏာသိမ်းမှုရဲ့ ကနဦး "အကျပ်အတည်း" ကို ကောင်းစွာမှတ်တမ်းတင်ထားပေမဲ့၊ ဒစ်ဂျစ်တယ်စောင့်ကြည့်မှုအောက်က ရေရှည် "နာတာရှည်အခြေအနေ" ကတော့ လေ့လာမှုအားနည်းနေသေးတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ကျနော့် dissertation က ဒီကွက်လပ်ကို ဒစ်ဂျစ်တယ်ထိန်းချုပ်မှုရဲ့အကျိုးဆက်များ ကို အာရုံစိုက်ခြင်းဖြင့် ဖြည့်ဆည်းဖို့ရည်ရွယ်ပါတယ်။

ရှုထောင့် (၃) - လက်တွေ့ကျသော အတိုင်းအတာ ("လက်များ")

လက်တွေ့ဆန်ဆန်ပြောရမှာပါ၊ ကိုယ်က အဆောက်အဦးတစ်ခုအကြောင်း သိပ်စိတ်ဝင်စားတယ်။

ဒါကတော့ လက်တွေ့ဘဝစစ်ဆေးမှုပါ။ သင့်ခေါင်းစဉ်ဟာ ပေးထားတဲ့အချိန်အတွင်းမှာ သင်တတ်နိုင်တဲ့အရင်းအမြစ်တွေနဲ့ ပြီးမြောက်နိုင်ရပါမယ်။

ကိုယ့်ကိုယ်ကိုယ်မေးပါ: ဒီသုတေသနအတွက်လိုအပ်တဲ့ primary source တွေကို လက်တွေ့ကျကျရနိုင်ပါ့မလား။ ခေါင်းစဉ်က စာလုံးတစ်သောင်းအတွက် ကျဉ်းမြောင်းလွန်းနေသလား၊ ဒါမှမဟုတ် ကျယ်ပြန့်လွန်းနေသလား။

ဒါကတော့ လက်တွေ့ကျမှရပါလိမ့်မယ်။ တိကျသေချာခိုင်မာမှရပါလိမ့်မယ်။ ဆိုပါစို့ ကိုယ်က အဆောက်အဦးတစ်ခုအကြောင်းကိုပဲ စာလုံးရေ ၁သောင်းရေးမယ်။ ဒီအဆောက်အဦးကလဲ ထွေထွေထူးထူးနာမည်ကြီးနေတာမျိုးမရှိဘူး၊ ဒါဆိုရင်တော့ ရေးလို့ဘယ်အဆင်ပြေပါ့မလဲ။

ထိုနည်းလည်းကောင်း ရေးတဲ့အကြောင်းက စာလုံးရေ ၁ သောင်း။ ရေးချင်တဲ့အကြောင်းက မြန်မာ့တော်လှန်ရေးအကြောင်းဆို ဘယ်လုံလောက်ပါ့မလဲ။

ထိုနည်းလည်းကောင်း ကိုယ်က ဒီအကြောင်းအရာတွေနဲ့ အရင်းအမြစ်informationတွေကိုဘယ်လိုရှာဖွေမှာလဲ။ ဥပမာ - ပြည်တွင်းကသူတွေနဲ့အင်တာဗျူးပြုလုပ်ခြင်းက ကျောင်းကလုပ်ချင်တဲ့အတိုင်းအတာနဲ့ ယှဥ်ရင်တော့ အန္တရာယ်များလွန်းတယ်။ ဒီတော့မလုပ်ဘူး။

ပိုကောင်းတဲ့နည်းလမ်းအနေနဲ့ သတင်းဌာနတွေလိုမျိုး ကျွမ်းကျင်သူတွေပြုလုပ်မေးမြန်းထားတာတွေကိုပဲပြန်လည်အသုံးပြုမလား။ ကျနော်ကတော့ ဒါကို အသုံးပြုချင်တယ်။


နိဂုံး- ခေါင်းစဉ်တစ်ခုမှသည် မေးခွန်းတစ်ခုသို့

နောက်ဆုံးအဆင့်ကတော့ ခေါင်းစဥ်တစ်ခု မေးခွန်းတစ်ခုအဖြစ်ပြောင်းလဲဖို့။ လပေါင်းများစွာ ဒီအတွေးအခေါ်တွေနဲ့ နပန်းလုံးပြီးနောက်၊ နောက်ဆုံးမှာ ဒီ research question ကိုရရှိခဲ့ပါတယ်-

How have Burmese citizens, in the face of a sustained and technologically advanced architecture of state control, developed and normalised everyday practices of digital adaptation and resistance that reconfigure the physical environment, thereby producing a new, hybrid architecture of daily life?

ဒါဟာ ကျနော့်ရဲ့မေးခွန်းပါပဲ။ ခေါင်းစဉ်တစ်ခုရှာဖွေခြင်းဆိုတာ ရှင်းလင်းတဲ့အဖြေတစ်ခုတည်းကိုရှာတာမဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ 'နှလုံးသား' (စိတ်အားထက်သန်မှု)၊ 'ဦးနှောက်' (ပညာရပ်ဆိုင်ရာကွက်လပ်)၊ နဲ့ 'လက်များ' (လက်တွေ့လုပ်ဆောင်နိုင်စွမ်း) တို့ကြားက ပြီးပြည့်စုံတဲ့ ဟန်ချက်ညီမှု (balance) ကိုရှာဖွေရတဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ ဒီရှုထောင့်သုံးခုနဲ့ဆန်းစစ်ပြီး ကိုယ်ပိုင်အဖြေတစ်ခုကိုရှာတွေ့နိုင်ပါစေဗျာ။

သိချင်တာတစ်ခုခုရှိရင် ကျနော့်ကိုလာရောက်မေးမြန်းနိုင်ပါတယ်။ သို့သော် ကျွမ်းကျင်မယ်လို့ အာမမခံပါဘူးနော်။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet