ဒုတိယနှစ်ရဲ့ အထွေထွေ

စာဖတ်ပရိတ်သတ်များနဲ့ စကားမပြောရတာ အင်မတန်ကြာမြင့်သွားပြီဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ ကြားထဲကိစ္စလေးတွေ များပြီး စိတ်နှစ်ဖြစ်သွားတယ်။ စာမရေးဖြစ်တော့ဘူး။ အခုတော့ပြန်ရေးမယ်။
ဒုတိယနှစ်ဆိုတာကျနော့်အတွက်တော့ ပေါ့ပေါ့ပါးပါးအပျင်းပြေအပျော်စကားတွေပြောလိုက် နေသားကျအောင်နေလိုက်ဆိုတဲ့ ပထမနှစ် freshman yearရဲ့အလွန် တဖြည်းဖြည်းနဲ့ အတည်ပေါက်ဖြစ်လာပြီလို့ပဲပြောရလိမ့်မယ်။ စာတွေဆိုရင်လဲ အရင်လောက်တော့မရိုးရှင်းတော့ဘူး။ လုပ်ရတဲ့ကိစ္စတွေဆိုရင်လဲ မလွယ်ကူတော့ဘူး။ တက္ကသိုလ်တက်တယ်ဆိုတဲ့Vibeမျိုးမရနိုင်တော့ဘူး။ ပိုရလာတဲ့vibeက ဘဝကြီးက ခက်ခဲတယ်ဆိုတာပါပဲ။
Architectureအကြောင်းလေးလဲ တစေ့တစောင်ထည့်ပြောချင်ပါတယ်။ ဒီစကားတွေက
- တက္ကသိုလ်တက်တယ်ဆိုတာက မိဘကတက်ခိုင်းလို့မဟုတ်ဘူး။ ကိုယ်တိုင်စာလုပ်ချင်လို့ကိုတက်တယ်။
- အောင်ရုံလေးတင်မဟုတ်ဘဲ ရရင်ရသလောက်ကြိုးစားမယ်။ အပျော်အပါး၊ ငွေကြေး ဒါတွေကအဓိကမဟုတ်ဘူး။ ယှဥ်ရွေးလာရတဲ့အခါ ပညာရေးကို အမြဲဦးစားပေးမယ်။
- အရာရာကို ငွေကြေးအတိုင်းအတာနဲ့မဆုံးဖြတ်ဘဲ သုံးသင့်တဲ့နေရာသုံး စုသင့်တဲ့နေရာစုမယ်။ ငွေနဲ့စာ ယှဥ်လာတဲ့အခါ စာကိုရွေးမယ်။
- ဒီဘွဲ့ကိုအသုံးချချင်တယ်။
ဒီလိုမျိုးသူတွေကိုရည်ရွယ်ပါတယ်။ အခြားသောရည်ရွယ်ချက်အလီလီရှိကြတဲ့သူတွေ အခြေအနေအရပ်ရပ်ကြောင့်ကျောင်းတက်လိုက်ရတဲ့သူတွေကို မရည်ရွယ်ဘူး။ ထိုနည်းလည်းကောင်း ခံယူချက်မပြင်းပြတဲ့သူတွေလဲ မပါဝင်ဘူး။ ဒီစာက သင်တို့အတွက် နားလည်ဖို့ခက်ခဲပါလိမ့်မယ်။
ဘယ်Major အခက်ဆုံးလဲ။
ဒီမေးခွန်းကအမှန်တော့ တစ်ဦးနဲ့တစ်ဦးကဲ့ရဲ့ကြတဲ့မေးခွန်းလို့ပဲဆိုချင်တယ်။ ဘယ်နိုင်ငံ ဘယ်ကျောင်းက ဘယ်မေဂျာမဆို သူ့အခက်အခဲနဲ့သူရှိတယ်။ ဆေးကျောင်းတွေဆိုလဲ ခက်ခဲမှာပါပဲ။ နိုင်ငံရေးဆိုလဲ ခက်ခဲမှာပါပဲ။ ဒီအချိန်မှာ ကျနော်မကဲ့ရဲ့လိုဘူး။
သို့သော် ဒီမေးခွန်းကိုတော့မေးရလိမ့်မယ်။ မိတ်ဆွေတို့အနေနဲ့ ကျောင်းကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တယ်။ ကျောင်းတက်တဲ့ရက်သတ္တပတ်တိုင်းကို 9-5အလုပ်လုပ်သလိုမျိုး ကျောင်းချိန်တွင်းပဲလုပ်မယ် အမှတ်လဲကောင်းရမယ် ကျန်တဲ့အချိန် တခြားကိစ္စတွေလုပ်ချင်တယ်။ Part-timeအလုပ်တွေ၊ အလည်အပတ်ထွက်တာတွေ၊ အားကစားတွေ စတဲ့Uni lifeလို့သတ်မှတ်တဲ့အရာတွေလုပ်ချင်လား။
ဒီလိုလုပ်ချင်ရင်တော့ 'ခက်ခဲတယ်ဆိုတဲ့Major' မျိုးကို မယူပါနဲ့။ မြင်သာအောင်ပြောရရင်ခက်ခဲတယ်ဆိုတာက
- စာသင်ချိန် ၁၂ပတ်ရှိတယ်ဆိုရင် ပထမ ၁ပတ် ၂ပတ် မှအပ နေ့စဥ်နေ့တိုင်း စာနဲ့အမြဲရုန်းကန်နေရမယ်။
- ပေါ့ပေါ့ပါးပါးသတ်မှတ်မိရင် စာနောက်ကျမယ်။
- ကျောင်းတစ်ရက်ပျက်ရင် စာနဲ့အလှမ်းဝေးမယ်။ နေမကောင်းရင်တောင် ကျောင်းပျက်လို့မရဘူး။ ပြန်လုပ်ရတာနဲ့မကာမိလို့။
- ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန်ကြိုးစားလုပ်လုပ် အမှတ်ကကောင်းချင်မှကောင်းမယ်။ ကျမှာကို စိုးရိမ်နေရတယ်။
ကျောင်းချင်းတူရင်တောင်Majorတစ်ခုနဲ့တစ်ခုက ကွာဟပါတယ်။ စာဆိုတာကလဲ ခက်ပုံခက်နည်းအမျိုးမျိုးရှိတယ်။
ဥပမာ - Architectureဆိုရင် စာတွေလုပ်ရတာများတယ်။ သေးသေးလေးတွေ အများကြီးပေါင်းစပ်ရတယ်။ နာရီနဲ့ချီ မအိပ်မနေလုပ်လဲ ထွက်လာတဲ့resultက သိပ်မသိသာဘူး။ Workloadအရမ်းများတယ်။ သို့သော်ကျက်မှတ်နေရတာမျိုးမရှိဘူး။ ကိုယ်တစ်နှစ်ပတ်လုံးကြိုးစားခဲ့တဲ့ရလဒ်က စာမေးပွဲတစ်ခုပေါ်မှာ မမူတည်ဘူး။
ကျောင်းတက်ပုံတက်နည်း
ဒါကတော့ ကျနော်မြင်ဖူးတဲ့သူတွေ ရင်းနီးတာတွေရော မရင်းနီးတာတွေရောနဲ့ပေါင်းစပ်လိုက်တာ။
နံပါတ် ၁ ။ ပျင်းတဲ့ဘောစိ
ကျနော့်သူငယ်ချင်းတစ်ဦးရှိတယ်။ သူက ငွေကြေးချမ်းသာပါတယ်။ ပိုက်ဆံမပို့မှာစိတ်မပူရတဲ့အပြင် တစ်ခုခုလိုအပ်လာခဲ့ရင်လဲ အဆင်သင့်ဖြည့်တင်းပေးနိုင်မယ့် မိဘမျိုးရှိတယ်။
သို့သော် ဒီကောင်က ငွေအသုံးမတတ်ဘူး။ အကျိုးရှိမယ့်အရာတွေမှာမသုံးဘူး အကျိုးမရှိတဲ့နေရာတွေမှာသုံးတယ်။ ဥပမာ - အစားအသောက်ဆိုရင်လဲ တချို့ရက်တွေ ခေါက်ဆွဲပြုတ်နဲ့ပဲစားရင်စားနေတယ် တချို့ရက်တွေ ဟော့ပေါ့သွားစားရင်စားတယ်။ အားရှိဖို့ Monsterအားဖြည့်အချိုရည်သောက်တယ်။ ရည်းစားရှုပ်တယ်။
သူငယ်ချင်းတွေနဲ့ အမြဲအပြင်ထွက်တယ်။ အရက်သောက်လိုက် ဖဲရိုက်လိုက်ပေါ့။ လောင်းကစားလဲလုပ်တတ်တယ်။ အဝတ်အစားတွေဆို အရမ်းနာမည်ကြီးမှကြိုက်တယ်။ သို့သော် ပုံမှန်ဝတ်ဖို့ အဆင်ပြေတာမျိုးမရှိဘူး။ သူ့ကြည့်ရင်တော့ အမြဲဆင်းဆင်းရဲရဲနေနေရသလိုပါပဲ။ သို့သော် တကယ့်တကယ်တော့ သူများထက်ချမ်းသာတယ်။ သုံးနိုင်တယ်။
နံပါတ် ၂။ စာဂျပိုး
ဟာတစ်ခါနောက်တစ်ယောက်။ ငွေကြေးတော့သိပ်မချမ်းသာဘူး။ မိဘက ပိုက်ဆံပို့သော်လည်း သိပ်မလောက်ချင်ဘူး။ ကျောင်းစာနဲ့ပဲအချိန်ကုန်တော့ Part timeဆိုတာဝေလာဝေး။ ဒါပေမယ့်သူက စာလုပ်တယ်။ တော်ရုံအပြင်မထွက်ဘူး။
သူ့အတွက် University lifeရယ်လို့ သပ်သပ်ခံစားရတာမျိုးမရှိဘူး။ အမှတ်တရတွေလဲမရှိဘူး။ အပေါင်းအသင်းဆိုတာဝေလာဝေး။ အထီးကျန်တယ်။ နေမကောင်းဖြစ်ရင်တို့ အရေးပေါ်တို့ဆို ဘေးနားမှာဘယ်သူမှမရှိဘူး။ ကိုယ်တစ်ခုခုခံစားရလို့ ငိုခွင့်ပြုမယ့် ပုခုံးတစ်ဖက်မရှိဘူး။
သူ့အတွက်ကတော့ ကျောင်းသည်အဓိက။ ဝါသနာပါတဲ့အရာတွေလဲလုပ်မယ်။ သို့သော် နိုင်ငံခြားထွက်လာတာကျောင်းတက်ဖို့၊ ဒီအတွက် ကျောင်းသည်အဓိက၊ ကိုယ့်careerသည်အဓိက ကျန်တာအရေးမကြီးဘူး။
နံပါတ် ၃။ ပျက်စီးတဲ့သူ။
ဟော နောက်ဆုံးတစ်ယောက်ကတော့ ငွေကြေးချမ်းသာသာမသာသာ သူ့အတွက်အရေးမကြီးဘူး။ မိဘတက်ခိုင်းလို့သူတက်ရတယ်။ ကဲရင်လဲကဲနေမယ်။ ညဘက်အိမ်ပြန်အိပ်ချင်မှအိပ်မယ်။ သူငယ်ချင်းတွေနဲ့ပါတီတွေလဲ နေ့တိုင်းသွားရင်သွားနေမယ်။ မူးယစ်ဆေးဆိုတာလဲ လက်တစ်ကမ်းမှာရှိရင်ရှိနေမယ်။ တားဆေးဆိုတာ ပဲကြီးလှော်စားသလိုပဲ။
သူ့အတွက် စာမေးပွဲဆိုတာဘာမှန်းသူမသိဘူး။ ဆရာမဘယ်သူမှန်းတောင်သိမှာမဟုတ်။ မိဘတွေကတော့ ထင်တာပေါ့လေ ကြိုးစားနေမယ်တို့ဘာတို့။ နောက် ၄/၅နှစ်ဆိုတာ သူမသိ။ မနက်ဖန်ဘယ်ထွက်ရမလဲသည်သာအဓိက။
စဥ်းစားမှု
အမှန်တော့လေ စာလဲအမြဲမလုပ်နဲ့၊ အပျော်လဲ အမြဲလိုက်မနေနဲ့။ ကိုယ့်အတွက်အဆင်ပြေတဲ့balanceဆိုတာရအောင်ရှာဖွေ။ ကိုယ်က သူငယ်ချင်းတွေနဲ့တူတူစာလုပ်မှ အဆင်ပြေမယ် တစ်ဦးတည်းဆို စာမလုပ်ဖြစ်ဘူး စာမရဘူးဆိုတဲ့သူလား။ ဒါဆိုရင် တူတူလုပ်ကြ။ ကိုယ်က တစ်ဦးတည်းမှအဆင်ပြေမယ်။ ကိုယ့်flowနဲ့ကိုယ်လုပ်မယ်ဆိုတဲ့သူလား။ ဒါဆိုရင် တစ်ဦးတည်းပဲလုပ်။
နိုင်ငံခြားကျောင်းတက်တယ်ဆိုတာကလဲ စမ်းသပ်မှုတစ်ခုသာသာပဲ။ ၁၆/၁၇ အထက်တန်းအရွယ်အထိ ကလေးအများစုက တော်ရုံအိမ်မပိုင်ကြဘူး။ "အိမ်မပိုင်ဘူး" ဆိုတာက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဘယ်နေရာကိုမှသွားပိုင်ခွင့်မရှိဘူး။ သူငယ်ချင်းတွေနဲ့မုန့်စားဖို့ မိဘဆီကခွင့်တောင်းရတယ်။ ဝယ်ချင်တာရှိရင် မုန့်ဖိုးတောင်းရတယ်။ နောက်အကျဆုံး ဘယ်အချိန်ဆိုပြန်ရမယ်၊ စည်းကမ်းကြပ်တဲ့မိဘတွေဆို အကျဥ်းထောင်လိုပဲ အိမ်ထဲကအိမ်ပြင်တောင်ထွက်ခွင့်မရှိဘူး။
ရေမြေရပ်ခြားမှာကျောင်းတက်တယ်ဆိုတာက မိသားစုလိုက်ပြောင်းလာတဲ့သူတွေတို့ ချစ်သူရည်းစားရှိတဲ့တွေတို့မှအပ အများစုအတွက်တော့ ညဘက်အိမ်မပြန်လဲ ဆူဆဲမယ့်သူမရှိဘူး။ နေမြင့်တဲ့အထိအိပ်လဲ နှိုးမယ့်သူမရှိဘူး။ ညမအိပ်လဲ ကိုယ့်ဆုံးဖြတ်ချက်၊ ကမ္ဘာကြီးရဲ့အရှေ့ခြမ်းကနေ အနောက်ခြမ်းကိုသွားရင်တောင် တားဆီးမယ့်သူမရှိဘူး။
ဒီလိုမျိုးအခြေအနေကို ကိုယ်ဘယ်လိုအသုံးချလဲပေါ်မှာပဲမူတည်ပါတယ်။ ချက်ချင်းတော့အကျိုးသိသာချင်မှသိသာမယ်။ သူများမြင်ချင်မှမြင်မယ်။ ကိုယ့်ကိုယ်ကိုတော့မြင်ပါလိမ့်မယ်။ နောင် ၅နှစ် ၁၀ နှစ်ကျရင်တော့ ဆုံးဖြတ်ချက်တိုင်း အရာထင်လာပါလိမ့်မယ်။
ကျောင်းစာနဲ့ပတ်သက်ပြီးတော့ရော ဘာထူးခြားမှုရှိလဲ။
ဒုတိယနှစ်အပြီး ခံစားလိုက်ရတာကတော့ ကျောင်းက အမှတ်ပေးတဲ့ပုံစံနဲ့မစိမ်းတော့ဘူး။ ကိုယ်ဘယ်နားတွေလိုအပ်နေလဲ၊ ဘယ်နားတွေမှာ အဆင်ပြေနေလဲဆိုတာ မြင်သာလာတယ်။ မှားတာတွေတော့ရှိနေတုန်းပဲ မှန်တာတွေလဲ ရှိလာတယ်။
ကျနော်ဆို Idea ထုတ်တဲ့အဆင့် (ဘယ်လိုအဆောက်အဦးဖန်တီးချင်လဲ၊ ဘာကိုဖြေရှင်းချင်လဲ၊ ဘယ်နထပ်လုပ်ချင်လဲ) ဆိုအင်မတန်ကြာတယ်။ တကယ့်တကယ်လုပ်ပြီ (ပုံစံငယ်Modelလေးတွေလုပ်၊ ဒီဇိုင်းတွေဆွဲ၊ Powerpointတွေလုပ်) ဆိုရင် မြန်တယ်။
ပန်းချီမဆွဲချင်ဘူး။ ငယ်ငယ်တုန်းကလို အတန်းထဲကကောင်မလေးပုံခိုးဆွဲတာမှအပ ခဲတံမသုံးချင်ဘူး။ မော်ဒယ်တွေComputerနဲ့ ဒီဇိုင်းဖန်တီးတာတွေလုပ်ချင်တယ်။ ပုံရိုက်ချင်တယ်။ ဗီဒီယိုရိုက်ချင်တယ်။
လူတိုင်းမှာသူ့အားသာချက် ဝါသနာကိုယ်စီရှိလိမ့်မယ်။ တူမှာမဟုတ်ဘူး။ အရေးအကြီးဆုံးက စမ်းသပ်ဖို့။ မိမိကိုယ်ကိုသိဖို့နဲ့ ချပြရဲဖို့။ အမြဲတမ်းတော့ အသုံးချနေခွင့်ရမှာမဟုတ်ဘူး။ အားနည်းချက်တွေကို ပိုပြီးကြိုးစားမယ်။ အားသာချက်တွေကို ထပ်ဆင့်ကောင်းလာအောင်ကြိုးစားမယ်။
ကိုယ့်ဘေးနားမှာရှိတဲ့သူတွေ
"ချမ်းသာတဲ့သူဖြစ်ချင်ရင် ချမ်းသာတဲ့သူတွေနားနေပါ" ဆိုတဲ့စကားကတော့ ဟုတ်သလိုလိုနဲ့ မဟုတ်ဘူးဗျ။ လူတစ်ယောက်ဘယ်လိုသူမျိုးလဲဆိုတာသိချင်ရင် သူ့ဘေးနားကသူတွေက အဖြေပေးလိမ့်မယ်။ ဒါကတော့လက်ခံမှရမယ်။
ဆိုပါစို့ ထက်မြတ်တဲ့သူတစ်ဦး၊ အမြဲတမ်းတစ်ခုခုလုပ်နေရမှကျေနပ်တဲ့သူတစ်ဦးက ကြိုးစားချင်စိတ်မရှိ၊ အလပဿလပတွေနဲ့အချိန်ကုန်နေတဲ့သူတွေနဲ့ အချိန်အတူတူဖြုန်းမယ်။ တခြားသူတွေနဲ့မပေါင်းသင်းဘူး။ ရက်တွေလတွေကြာသထက်ကြာလာတဲ့အခါ ကိုယ့်ရဲ့routineက ဒီလိုသူတွေနဲ့ညှိလိုက်ကြရတဲ့အခါ သူ့အလိုလိုနေရင်းနဲ့ကို ကိုယ်တိုင်လဲ စိတ်လေလာမယ်၊ အရင်လိုကြိုးစားချင်စိတ်မရှိတော့ဘဲနဲ့ အနီးအနားမှာရှိတဲ့သူတွေလိုမျိုးပဲ ပျင်းရိချင်လာမယ်။ ဒါသဘာဝပဲ။
ထိုနည်းလည်းကောင်း ကိုယ်က အင်မတန်မှ အကျည်းတန်လွန်းလှတဲ့ toxicပတ်ဝန်းကျင်တစ်ခုကလာတယ်။ ကိုယ့်စိတ်ဓာတ်တွေဆိုလဲ အရောင်ဆိုးခံထားရတာမှမနည်း ကိုယ့်ကိုယ်ကိုတောင်ရွံရှာမိနိုင်တယ်။ သို့သော် အရာအားလုံးကိုကျောခိုင်းဖို့၊ ကောင်းမွန်တဲ့သူတစ်ဦးအဖြစ်တည်ဆောက်ဖို့ကြိုးစားတယ်။ တစ်ဦးအပေါ်တစ်ဦးဂရုစိုက်တဲ့သူတွေနဲ့တွေ့တယ်။ အပြန်အလှန်ဖေးမတယ်။ ဒီလိုနဲ့လဲ ကောင်းမွန်တဲ့သူတစ်ဦး ဖြစ်သွားနိုင်တာပဲ။
အနီးအနားမှာရှိတဲ့သူတွေက ဘယ်လောက်ထိအရေးပါလဲဆိုတာပြောပြချင်တာပါ။ ကျောင်းတက်တာဆိုလဲထိုနည်းလည်းကောင်းပဲ။
လူတွေက ကိုယ့်ကိုအကြောင်းအမျိုးမျိုးကြောင့် ပေါင်းသင်းချင်ကြမယ်။ ကလေးတုန်းကတော့ ဒီလောက်အရေးမပါပေမယ့် အသက်ကြီးလာတာနဲ့အမျှ စဥ်းစားရတယ်။ ငွေကြေးပိုင်ဆိုင်မှု၊ နာမည်၊ ကျော်ကြားမှု ဒါတွေကြောင့်လား။ ကိုယ့်ရဲ့ဖြစ်တည်မှု၊ စိတ်ဓာတ် ဒါကြောင့်လား။
"စာဂျပိုး" လို့အမည်တပ်ခံရတဲ့သူက သူ့ရဲ့အထီးကျန်မှုကို မိတ်ဆွေကောင်းတစ်ဦးနှစ်ဦးနဲ့ ဖလှယ်နိုင်ခဲ့ရင် သူ့ရဲ့တက္ကသိုလ်ဘဝဟာ ပိုပြီးပြည့်စုံသွားနိုင်ပါတယ်။ "ပျင်းတဲ့ဘောစိ" ဒါမှမဟုတ် "ပျက်စီးတဲ့သူ" လို့သတ်မှတ်ခံရသူတွေကရော သူတို့ရဲ့ လက်ရှိအပေါင်းအသင်းတွေအစား ပိုပြီးအပြုသဘောဆောင်တဲ့၊ ကြိုးစားချင်စိတ်ရှိတဲ့ သူငယ်ချင်းတွေနဲ့သာ ဆုံစည်းခဲ့မယ်ဆိုရင် သူတို့ရဲ့ဘဝလမ်းကြောင်းဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ်မေးရမယ့်မေးခွန်းက "ငါ့ဘေးကလူတွေက ငါ့ကိုတိုးတက်အောင် မြှင့်တင်ပေးနေတာလား ဒါမှမဟုတ် ဆွဲချနေတာလား" ဆိုတာပါပဲ။ တခါတလေမှာ ကိုယ်နဲ့ရင်းနှီးပြီးသား၊ သံယောဇဉ်ဖြစ်ပြီးသားသူတွေကို စွန့်ခွာဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အနာဂတ်၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ လားလားမှမသက်ဆိုင်တဲ့၊ ကိုယ့်ကိုအောက်ဆွဲနေတဲ့ ဆက်ဆံရေးတွေကိုတော့ ပြန်လည်သုံးသပ်ရပါလိမ့်မယ်။
ကျန်းမာရေးနဲ့အစားအသောက်
ငွေကုန်တယ်လို့ ယူဆရတဲ့အရာတွေထဲမှာ ဒါတွေက အမြင်အခံရဆုံးဖြစ်တယ်။ တကယ်လဲကုန်ပါတယ်။ သို့သော် ငွေကုန်တယ်လို့မမှတ်ယူပါနဲ့။ ကိုယ့်ကျန်းမာရေးလောက်ဘာမှအရေးမကြီးဘူး။ အိပ်ချိန်သေချာအိပ်ပါ။ အာဟာရရှိတာစားပါ။
ဒုတိယနှစ်အထွေထွေလို့ရေးသားခဲ့ပေမယ့် တကယ်တော့ ဘဝအကြောင်း ပတ်သက်ဖြစ်ခဲ့တဲ့သူတွေအကြောင်း သိလာရတာက ပိုပြီးအဓိပ္ပာယ်ရှိသလို ခံစားရတယ်။ ပညာဆိုတဲ့အရာက အချိန်ပေးမယ်။ ကြိုးစားမယ်။ ကျရှုံးမှုတွေ အောင်မြင်မှုတွေအလီလီကျော်ဖြတ်ပြီးရင် လူတိုင်းရရှိနိုင်တယ်။ ဘယ်ကျောင်းသားမဆို နားလည်နိုင်တယ်။
သို့သော် အခုလိုမျိုး လူမှုရေးနဲ့သက်ဆိုင်မယ့်ကိစ္စတွေကတော့ သေသေချာချာသုံးသပ်နိုင်ဖို့ သင်ခန်းစာယူနိုင်ဖို့ လူတိုင်းမလုပ်နိုင်ပါဘူး။ သင်သာ ကျောင်းတက်ရင်းနဲ့ အခက်အခဲတွေကြုံတွေ့လာမယ်။ ဘာမှဆက်လုပ်လို့အဆင်မပြေဘူးလို့ ယူဆရတဲ့အခြေအနေထိ ရှိလာခဲ့မယ်ဆိုရင် မမေ့ပါနဲ့ သင်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ အောင်မြင်မှုအတွက် ခြေတစ်လှမ်းနီးကပ်လာပြီလို့ ခံယူစေချင်ပါတယ်။