UKကဦးဆုံးအချိန်များ

အမှန်တရားကို ဖွင့်ဟခြင်း
Heathrow လေဆိပ်ပေါ်ကဆင်း၊ ကိုယ်ရောက်လာတဲ့မြို့ရဲ့ အင်မတန်သန့်ရှင်းရှုပ်ထွေးလူများတဲ့ လမ်းမတွေပေါ်မှာ ပထမဆုံးခြေချမိတဲ့စိတ်လှုပ်ရှားမှု ဒါကို ကျနော်ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးတယ်။ ပထမဆုံး ရက်သတ္တပတ်အနည်းငယ်ဟာ အရာအားလုံးက အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပျားရည်ဆမ်းကာလ (Honeymoon Period) လိုပါပဲ။ ဒါပေမဲ့ အဲ့ဒီကာလကုန်သွားတဲ့အခါမှာတော့ တကယ့်လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေက တန်းစီစောင့်ကြိုနေပါတယ်။
ဒီစာကိုရေးတာက တက္ကသိုလ်တွေကထုတ်တဲ့ လက်ကမ်းစာစောင်လှလှလေးတွေထဲမှာ မပါတတ်တဲ့၊ ဘယ်သူကမှ သေသေချာချာ မပြောပြတတ်တဲ့ အခက်အခဲတွေ၊ ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ မသိရင် ဒုက္ခရောက်နိုင်တဲ့ အချက်အလက်တွေကို ဝေမျှချင်လို့ပါ။ ဒါက formal review တစ်ခုမဟုတ်ဘူး၊ ကိုယ်တွေ့အတွေ့အကြုံကို မျှဝေတာသက်သက်ပဲ။ ဒီတော့ လက်တွေ့ဘဝထဲကို အတူတူ ခြေချကြည့်ရအောင်။
ဒါကတော့ ပထမဦးဆုံးနေ့ရက်တွေကြားရှင်သန်ခြင်းပါ။
အပိုင်း ၁- စနစ်အတွင်း ရှင်သန်ခြင်း
ယူကေရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ဒစ်ဂျစ်တယ်ဘက်ကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါတယ်။ အရာအားလုံးဟာ online ပေါ်မှာ ဖြစ်နေတဲ့အတွက် ဒီစနစ်ကို နားမလည်ရင် အိမ်ငှားတာ၊ အလုပ်လုပ်တာကအစ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒီတော့ မဖြစ်မနေသိထားရမယ့် အဓိကအချက်နှစ်ချက်ကို အရင်ဆုံး ပြောပြချင်ပါတယ်။
၁.၁ Share Code
အရင်တုန်းက နိုင်ငံခြားသားတွေအတွက် အရေးကြီးဆုံးကတ်က Biometric Residence Permit (BRP) လို့ခေါ်တဲ့ ပန်းရောင်ကတ်ပြားလေးပါ။ ဒါပေမဲ့ အခုအခါမှာတော့ အစိုးရက အဲ့ဒီ physical card တွေအစား eVisa လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲကျင့်သုံးနေပါပြီ။ ဒီ eVisa စနစ်မှာ ကိုယ့်ရဲ့နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် အခြေအနေတွေကို သက်သေပြဖို့အတွက် "Share Code" ဆိုတာကို သုံးရပါတယ်။ ဒီကုဒ်မရှိရင် သင်ဟာ အိမ်ငှားဖို့သော်လည်းကောင်း အလုပ်လုပ်ဖို့ အလုပ်ရှင်ကိုပြဖို့ စတဲ့ Right To Work, Right To Rent ခွင့်ပြုချက်တွေအတွက် သိပ်အရေးကြီးပါတယ်။
Share Code ရယူခြင်း အဆင့်ဆင့် Share Code ရဖို့ UKVI account တစ်ခုအရင်လုပ်ရပါမယ်။
- GOV.UK ဝက်ဘ်ဆိုဒ်ကိုသွားပါ-
www.gov.uk/view-prove-immigration-status
ကိုသွားပြီး 'Start now' ကိုနှိပ်။ - အထောက်အထားရွေးပါ- visa လျှောက်တုန်းကသုံးခဲ့တဲ့ passport ဒါမှမဟုတ် BRP card အချက်အလက်ကိုရွေး။
- အချက်အလက်ဖြည့်ပါ- နံပါတ်နဲ့ မွေးသက္ကရာဇ်ကို မှန်မှန်ကန်ကန်ဖြည့်။
- Security Code ယူပါ- visa လျှောက်လွှာမှာသုံးခဲ့တဲ့ ဖုန်း/email ကိုပို့လာတဲ့ကုဒ်ကို ပြန်ထည့်။
- Share Code ထုတ်ပါ- 'Prove your status' ကိုနှိပ်ပြီး ဘာအတွက်သုံးမလဲဆိုတာရွေးပြီး ကုဒ်လုပ်နိုင်ပါတယ်
သတိပြုရန်
- ကုဒ်အမျိုးအစား မတူညီခြင်း- Share Code တွေဟာ သုံးမယ့်နေရာပေါ်မူတည်ပြီး အမျိုးအစားကွဲပါတယ်။ 'Right to Work' (အလုပ်လုပ်ခွင့်) အတွက် ကုဒ်က 'W' နဲ့ စပြီး 'Right to Rent' (အိမ်ငှားခွင့်) အတွက် ကုဒ်က 'R' နဲ့ စပါတယ်။ အလုပ်ရှင်ကို အိမ်ငှားခွင့်ကုဒ် သွားပေးလို့ လုံးဝမရပါဘူး။
- ရက် ၉၀ သက်တမ်း- Share Code တစ်ခုဟာ ရက်ပေါင်း ၉၀ ပဲ သက်တမ်းရှိပါတယ်။ အလုပ်ရှင် ဒါမှမဟုတ် အိမ်ရှင်က အဲ့ဒီရက်အတွင်း အသုံးမပြုလိုက်ရင် ကုဒ်အသစ်ပြန်ထုတ်ပေးရမှာပါ။
- နည်းပညာပိုင်းဆိုင်ရာ ပြဿနာများ- GOV.UK ဝက်ဘ်ဆိုဒ်ဟာ အမြဲတမ်း အဆင်ပြေချောမွေ့နေတာမဟုတ်ပါဘူး။ "There is a problem with the service" ဆိုတဲ့ error တက်နိုင်တာမို့ အချိန်မီ ကြိုထုတ်ထားပါ။
- Account Access ကို ကာကွယ်ပါ- ဖုန်းနံပါတ် ဒါမှမဟုတ် email ပြောင်းတာနဲ့ ချက်ချင်း UKVI account ထဲမှာ update လုပ်ဖို့ လုံးဝမမေ့ပါနဲ့။ ကိုယ့်ရဲ့ eVisa status စာမျက်နှာကို screenshot ရိုက်ပြီး သိမ်းထားတာကလည်း အကောင်းဆုံး ပြင်ဆင်မှုတစ်ခုပါပဲ။
၁.၂ National Insurance (NI) Number
ဒါက အလုပ်လုပ်ဖို့အတွက် မှတ်ပုံတင်နံပါတ်လိုမျိုးပဲ။ ယူကေမှာ အလုပ်လုပ်မယ်ဆိုရင် မဖြစ်မနေလိုပါတယ်။
ဘယ်လိုလျှောက်မလဲ GOV.UK ဝက်ဘ်ဆိုဒ်ကနေ online လျှောက်ရပါတယ်။ Form ဖြည့်၊ passport/BRP card နဲ့ ကိုယ့်မျက်နှာဓာတ်ပုံတွေ upload လုပ်ပြီးရင် စာစောင့်ရုံပဲ။
- အရင်စစ်ဆေးပါ- BRP card အဟောင်းတွေရဲ့ ကျောဘက်မှာ NI Number ပါလာတတ်ပါတယ်။ မလျှောက်ခင် အရင်ဆုံး သေချာစစ်ဆေးပါ။
- အချိန်ကြာမြင့်ခြင်း- NI Number ရဖို့အတွက် ၄ ပတ် ဒါမှမဟုတ် ဒီထက်ပိုကြာတတ်ပါတယ်။
- Emergency Tax ထောင်ချောက်- NI Number မရသေးခင် အလုပ်စလုပ်တဲ့အခါ အလုပ်ရှင်က သင့်ကို 'Emergency Tax' code နဲ့ ပုံမှန်ထက် အခွန်ပိုဖြတ်တောက်ပါလိမ့်မယ်။ ဒီငွေကို နောက်ပိုင်းမှာ ပြန်တောင်းလို့ရပေမယ့် ရောက်ကာစ လစဉ်အသုံးစရိတ်ကို ချက်ချင်းထိခိုက်စေနိုင်ပါတယ်။
အပိုင်း ၂- အလုပ်နဲ့ငွေကြေး
၂.၁ နာရီ ၂၀ ဆိုတာဘာလဲ
- စည်းမျဉ်းကို သေချာနားလည်ပါ- Student Visa ကိုင်ဆောင်ထားတဲ့ ဒီဂရီအဆင့် ကျောင်းသားတစ်ယောက်ဟာ စာသင်ချိန် (term-time) အတွင်းမှာ တစ်ပတ်ကို အများဆုံး နာရီ ၂၀ သာ အလုပ်လုပ်ခွင့်ရှိပါတယ်။ "တစ်ပတ်" ဆိုတာ တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ ၇ ရက်တာကာလကို ဆိုလိုပြီး နာရီတွေကို ပျမ်းမျှယူလို့မရပါဘူး။
- Term-time နှင့် ကျောင်းပိတ်ရက်- တက္ကသိုလ်ရဲ့ တရားဝင်ကျောင်းပိတ်ရက်တွေမှာတော့ full-time အလုပ်လုပ်ခွင့်ရှိပါတယ်။ (PhD ကျောင်းသားများအတွက် စည်းမျဉ်းများ ကွဲပြားနိုင်သည်)။
- အကျိုးဆက်- နာရီ ၂၀ ထက် တစ်နာရီကျော်သွားတာနဲ့ သင့် visa အခြေအနေက ဇာတ်လမ်းပြီးသွားနိုင်တယ်။ နိုင်ငံကနေနှင်ထုတ်ခံရတဲ့အထိဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ့်အလုပ်ချိန်ကို သေချာမှတ်တမ်းတင်ထားဖို့အရေးကြီးပါတယ်။ လစာလဲ မနှိမ်တော့ဘူးပေါ့။
၂.၂ တားမြစ်ထားသော အလုပ်များ
Student Visa နဲ့ လုံးဝမလုပ်ရမယ့် အလုပ်တွေ-
- Self-employment (ကိုယ်ပိုင်အလုပ်လုပ်ခြင်း)
- Engaging in business activity (စီးပွားရေးလုပ်ငန်းလုပ်ဆောင်ခြင်း)
- Professional sportsperson (အားကစားသမား) or entertainer (ဖျော်ဖြေရေးသမား)
- Permanent full-time job (အမြဲတမ်း အချိန်ပြည့်အလုပ်)
"Gig Economy" ရဲ့ လှည့်ကွက်- Deliveroo, Uber Eats, Just Eat တို့လို food delivery အလုပ်တွေ၊ ဒါမှမဟုတ် Upwork, Fiverr တို့လို freelance အလုပ်တွေက ဆွဲဆောင်မှုရှိတယ်ဗျ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ဥပဒေအရ self-employment အောက်ရောက်တယ်။ ဒါဟာ Student Visa စည်းကမ်းကို တိုက်ရိုက်ချိုးဖောက်တာမို့ မလုပ်ပါနဲ့။
၂.၃ Part Time
- ဘယ်မှာရှာမလဲ: တက္ကသိုလ် Careers Service, Online Job Boards (Indeed, Reed), StudentJob တွေမှာရှာဖွေနိုင်ပါတယ်
- ခါးသီးသော အမှန်တရား: နိုင်ငံတကာကျောင်းသားတစ်ယောက်အနေနဲ့ အလုပ်ရှာရတာ မလွယ်ကူပါဘူး။ အလုပ်ရှင်တချို့က Student Visa ဆိုတာနဲ့ လျှောက်လွှာကို အလိုအလျောက် ပယ်ချတတ်ပါတယ်။ အာရုံနောက်လို့ပါ။
- သင်၏ အားသာချက်: ဘာသာစကားနှစ်မျိုး၊ သုံးမျိုး ပြောတတ်တာ (multilingual)၊ မြန်မာနိုင်ငံရဲ့ ဈေးကွက်အကြောင်း နားလည်တာတွေဟာ သင့်ကို ထူးခြားစေတဲ့အချက်တွေပါ။ CV နဲ့ cover letter တွေမှာ ဒီအချက်တွေကို ပေါ်လွင်အောင် ထည့်သွင်းဖော်ပြပါ။
၂.၄ သင်၏ ပထမဆုံး UK ဘဏ်အကောင့်- Digital သို့မဟုတ် နှင့် High Street Bank
- Traditional ဘဏ် (High Street Banks): Barclays, Lloyds, HSBC တို့မှာ account ဖွင့်ဖို့ passport, visa နဲ့ တက္ကသိုလ်က 'bank letter' လိုအပ်ပါတယ်။ အလုပ်ဝင်ငွေဖြစ်စေ ငွေပြောင်းငွေလွှဲဖြစ်စေ Official Bank တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်။
- ဒစ်ဂျစ်တယ်ဘဏ် (Digital Banks): Monzo, Starling တို့က app နဲ့ပဲ မြန်မြန်ဖွင့်လို့ရတယ်။ proof of address အခိုင်အမာမလိုတော့ ရောက်ကာစမှာ အဆင်ပြေတယ်။ ဒါပေမဲ့ high street bank တွေလောက်တော့ ခိုင်မာမှုမရှိဘူးပေါ့။
- အကြံပြုချက်: "ဘဏ်အကောင့်ဖွင့်ဖို့ လိပ်စာလိုတယ်၊ အိမ်ငှားဖို့ကျတော့ ဘဏ်အကောင့်လိုတယ်" ဆိုတဲ့ သံသရာကို Monzo လိုဘဏ်တွေက ဖြတ်ပေးနိုင်တယ်။
- အရေးကြီးသော သတိပေးချက်: ယူကေရဲ့ ဘဏ်လုပ်ငန်းစနစ်ဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စည်းမျဉ်းတွေအောက်မှာ အလွန်တင်းကျပ်စွာ အလုပ်လုပ်ပါတယ်။ ဒါကြောင့် သင့်အကောင့်ထဲကို ငွေအများအပြား (ဥပမာ- ကျောင်းလခ) ဝင်လာတဲ့အခါမှာ ဘဏ်က သင့်ကို ငွေရဲ့ရင်းမြစ် (source of funds) ကို မေးမြန်းနိုင်ပါတယ်။ အဲ့ဒီအခါမှာ ပြနိုင်ဖို့အတွက် မိဘဆီက လွှဲပြောင်းထားတဲ့ ဘဏ်စာရင်းအထောက်အထား၊ ပညာသင်ဆုပေးတဲ့စာ စတာတွေကို သေသေချာချာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
၂.၅ UKရဲ့တကယ့်ကုန်ကျစရိတ်
- မျှော်မှန်းချက်: Oxford တက္ကသိုလ်က တစ်လကို £1,405 ကနေ £2,105 ကြားကုန်နိုင်တယ်လို့ဆိုတယ်။ ဒါက အခြေခံပဲ၊ ဒီထက်ပိုကုန်နိုင်တယ်။
- ငွေချွေတာနည်း:
- ကုန်စုံဆိုင်: Aldi နဲ့ Lidl က ဈေးအချိုဆုံးပဲ။
- သယ်ယူပို့ဆောင်ရေး: ကျောင်းသား bus pass နဲ့ 16-25 Railcard သုံး။
- အထွေထွေ: အိမ်မှာချက်စား၊ second-hand (charity shops) မှာရှာ၊ ကျောင်းသား discount အကုန်ယူပါ။
၂.၆ တရားမဝန်ငွေကြေးလဲလှယ်မှု
ငွေလဲနှုန်းပိုကောင်းတယ်ဆိုပြီး လူတွေကနေတစ်ဆင့်လုပ်ပေးတဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေကို သင်ကြားဖူးနိုင်တယ်။ ဒါပေမဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ပိုက်ဆံနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လုံးဝ မသုံးပါနဲ့။
- ဒါကတရားမဝင်ဘူး: UK ရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်။
- Visa ကိုထိခိုက်နိုင်တယ်: "engaging in business activity" အောက်ရောက်သွားပြီး visa စည်းကမ်းဖောက်ဖျက်မှုဖြစ်သွားနိုင်တယ်။
- ပိုက်ဆံဆုံးနိုင်တယ်: ငွေပျောက်သွားရင် ဘယ်သူ့ကိုမှတိုင်လို့မရဘူး။
- ဘဏ်အကောင့်ပိတ်ခံရနိုင်တယ်: ရင်းမြစ်မပြနိုင်တဲ့ငွေတွေဝင်လာရင် ဘဏ်ကအကောင့်ပိတ်ပြီး အာဏာပိုင်တွေကိုတိုင်နိုင်တယ်။
Wise, Remitly လို တရားဝင်ဝန်ဆောင်မှုတွေ၊ ဘဏ်တွေကိုပဲသုံးပါ၊ Post Officeမှာလဲပါ၊ တရားဝင်Money exchangeတွေမှာလဲလှယ်ပါ။ ပြည်တွင်းကနေ UKကို ငွေသွင်းတဲ့အခါမှာလဲ ကိုယ်တိုင်ကိုယ်ကျသွင်းပါ။
အပိုင်း ၃- သင်၏ကျန်းမာရေး
၃.၁ GP မှတ်ပုံတင်ခြင်း
နေကောင်းတုန်းတော့ တော်ရုံဘယ်သူမှ GP မှတ်ပုံတင်ဖို့ စိတ်မဝင်စားဘူး။ ဒါပေမဲ့ နေမကောင်းဖြစ်ပြီဆိုမှ ဒါက ဘယ်လောက်အရေးကြီးလဲဆိုတာ သိလာပါလိမ့်မယ်။ ကျနော်လက်တွေ့ပါ၊ ဆေးရုံရောက်မှ သွင်းတာပါ။ ဆိုတော့ ရောက်ပြီး ပထမဆုံးအပတ်အတွင်းမှာပဲ သင့်ဒေသက GP ဆေးခန်းမှာ မှတ်ပုံတင်ပါ၊ ကျန်းမာရေးအာမခံဘောင်ချာဆီက နံပါတ်ကိုအသုံးပြုပါ။
၃.၂ "အခမဲ့"ကျန်းမာရေးစောင့်ရှောက်မှုက အခရှိသော်
Visa လျှောက်တုန်းကပေးခဲ့ရတဲ့ Immigration Health Surcharge (IHS) ကျန်းမာရေးအာမခံကြေးသွင်းပြီးပြီမို့ အရာအားလုံး အခမဲ့လို့မထင်လိုက်ပါနဲ့။ IHS က cover မလုပ်တဲ့ အရာတွေ-
- ဆေးညွှန်း (Prescriptions): ဆေးတစ်မျိုးကို £9.90 (2025-26 ဈေးနှုန်း) ပေးရတယ်။
- သွားကုသမှု (Dental Treatment): NHS သွားဆရာဝန်နဲ့ပြရင်တောင် အခမဲ့မဟုတ်ဘူး။ သွားကိုက်လို့ကုရင် ပေါင် ၇၀ ကျော်လောက်က အနည်းဆုံးပဲ။
- မျက်စိစစ်ခြင်း (Eye Tests): မျက်စိစစ်တာ၊ မျက်မှန်လုပ်တာတွေလည်း ကိုယ်တိုင်ကုန်ကျရပါတယ်။
ဒါတွေအားလုံးအဆင်ပြေတယ်အကုန်ခံနိုင်တယ်ဆိုရင်တောင် NHS ဆေးခန်းတွေမှာပြဖို့ Queue က နှစ်ချီတတ်ပါတယ်။ ဒီအတွက် ခြေစွယ်ငုတ်တာကအစ Private ဆေးခန်းတွေမှာပြလေ့ရှိပါတယ်။ ကုန်ကျစရိတ်က အဆနဲ့ချီပိုကုန်တတ်ပါတယ်။
အပိုင်း ၄- တစ်ကိုယ်တည်းဖြစ်ခြင်း
၄.၁ ရောက်ကာစ အပြာရောင်နေ့ရက်များ
ရောက်ပြီးလအနည်းငယ်အကြာမှာ အထီးကျန်တယ်၊ အိမ်လွမ်းတယ်ဆိုတဲ့ခံစားချက်တွေဝင်လာတာ Culture Shock ကြောင့်ဖြစ်ပြီး ဒါကပုံမှန်ပဲ။ ကိုယ့်အမှားကြောင့်မဟုတ်ဘူး၊ ပြောင်းလဲမှုရဲ့အစိတ်အပိုင်းတစ်ခုပဲ။ ရာသီဥတု၊ အစားအသောက်၊ ဘာသာစကားနဲ့ ဗြိတိသျှတွေရဲ့ တစ်ယောက်တည်းနေတတ်တဲ့ပုံစံတွေကြောင့် ဖြစ်နိုင်တယ်။
၄.၂ ဗြိတိသျှလူမှုရေး၏ မရေးထားသော Boundariesများ
- အလွန်အကျွံ ယဉ်ကျေးခြင်း: "Please," "Thank you," "Sorry" ဆိုတဲ့ စကားလုံးတွေကို အလွန်အကျွံသုံးကြပါတယ်။
- တန်းစီခြင်း (Queuing): တန်းစီတာက သူတို့အတွက် တရားမျှတမှုရဲ့သင်္ကေတပဲ။ ကြားဖြတ်ဝင်တာကို အရမ်းမုန်းတယ်။
- အချိန်တိကျခြင်း: ချိန်းဆိုထားရင် အတိအကျရောက်ဖို့ အရေးကြီးတယ်။
- သွယ်ဝိုက်စကားပြောခြင်း: "No" လို့တိုက်ရိုက်မပြောဘူး။ "I'll see," "Perhaps" ဆိုတာမျိုးက အငြင်းစကားဖြစ်နိုင်တယ်။
- ကိုယ်ရေးကိုယ်တာမေးခွန်းရှောင်ခြင်း: လစာ၊ အသက်၊ အိမ်ထောင်ရေး အကြောင်းတွေကို မမေးကြပါဘူး။
အရေးအကြီးဆုံးကတော့ “သူတို့တွေ”၊ “သူတို့လူမျိုးတွေ”၊ “အဖြူတွေ၊ အမည်းတွေ”၊ “ဒီကသူတွေ” စတဲ့ မိမိနဲ့သူတို့ကို ခွဲခြားတဲ့သဘောမျိုး စိတ်ထဲလဲမတွေးနဲ့၊ ပါးစပ်ကနေလဲမပြောနဲ့။ ဒါကတော့ မိမိကိုယ်ကို နိုင်ငံခြားသားဆိုတဲ့အတွေးမျိုးမရှိတော့ဘဲနဲ့ အားလုံးက လူတွေထဲကလူဆိုတဲ့ စိတ်မျိုးထားတတ်အောင်ပါ။ ဒါမှသာရေရှည်ပညာသင်အလုပ်လုပ်နေထိုင်စားသောက် လို့ရမှာပေါ့ဗျာ။
၄.၂.၁ ယဉ်ကျေးမှုနှင့် မိမိကိုယ်ကို ကာကွယ်ခြင်း- ယဉ်ကျေးခြင်းသည် အားနည်းခြင်းမဟုတ်
မြန်မာ့ယဉ်ကျေးမှုအရ အားနာတတ်၊ ယဉ်ကျေးတတ်တာက ကိုယ့်ရဲ့ကောင်းတဲ့အရည်အသွေးပါ။ ဒါပေမဲ့ တချို့လူတွေက ဒါကိုအခွင့်ကောင်းယူနိုင်တယ်။ ဒါကြောင့် "လေးစားမှုရှိပါ၊ ဒါပေမဲ့ မညံ့ပါနဲ့" ဆိုတဲ့စိတ်ဓာတ်ကိုမွေးပါ။ လူတိုင်းကိုလေးစားပါ၊ ဒါပေမဲ့ ကိုယ့်အခွင့်အရေးထိပါးခံရရင်၊ မတရားဘူးလို့ခံစားရရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြောဆိုဖို့ မကြောက်နဲ့။ "No" လို့ပြောရဲရမယ်။
၄.၃ သင်၏ "ဒုတိယအိမ်" ကို ရှာဖွေခြင်း
ဒီလိုအခက်အခဲတွေကိုကျော်လွှားဖို့ သူများတွေကတော့ ကိုယ့်တက္ကသိုလ်က Burmese/Myanmar Society တွေကို join ဖို့တိုက်တွန်းကြတယ်။ ကျနော်ကတော့ တော်ရုံလူနဲ့ သိပ်ပြီးသဟဇာတမဖြစ်တတ်တော့ ဒီအကြံမပေးတော့ဘူး။ ကိုယ့် circle နဲ့ကိုယ်နေတတ်တယ်။ ကိုယ့်ချစ်သူ၊ ကိုယ့်ငယ်ပေါင်းကြီးဖော်၊ ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ စုဖွဲ့နေတာကလည်း ဒုတိယအိမ်တစ်ခုပါပဲ။ ကိုယ်နဲ့အဆင်ပြေမယ့်လူတွေကိုရှာပါ။
၄.၄ သင်၏ကိုယ်ပိုင်လမ်းကို ဖောက်လုပ်ခြင်း- လူတိုင်းနှင့် မတူညီသော ခရီးလမ်း
တက္ကသိုလ်မှာ လူပေါင်းစုံနဲ့တွေ့ရမယ်။ လူတိုင်းနဲ့ခင်အောင်ကြိုးစားတာကောင်းပေမယ့် လူတိုင်းရဲ့လွှမ်းမိုးမှုကို အလွယ်တကူမခံရဖို့ အရေးကြီးတယ်။ လူတိုင်းရဲ့ခရီးလမ်းမတူဘူး။ သူငယ်ချင်းတွေရဲ့ရွေးချယ်မှု၊ social media ပေါ်ကအောင်မြင်ပုံရတဲ့ဘဝတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ဖိအားမပေးနဲ့။ အောင်မြင်မှုဆိုတာဘာလဲဆိုတာ ကိုယ့်ဘာသာအဓိပ္ပာယ်ဖွင့်ပါ။
အကောင်းဆုံးအလုပ်ရတာ၊ လစာအများကြီးရတာတွေက အောင်မြင်မှုလို့ထင်ရနိုင်ပေမယ့် အဲ့ဒီလူတိုင်းက ကိုယ်အတုယူသင့်တဲ့စံပြပုဂ္ဂိုလ်ဖြစ်ချင်မှဖြစ်မယ်။ တကယ့်အောင်မြင်မှုဆိုတာ ကိုယ်ပိုင်တန်ဖိုးတွေ၊ စိတ်ချမ်းသာမှုနဲ့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်အောင်သွားနိုင်ခြင်းပါပဲ။ သူများတွေရဲ့ အောင်မြင်မှု scale နဲ့ ကိုယ့်ကိုယ်ကိုယ် မတိုင်းတာပါနဲ့။ သင်ယူကေကို ဘာကြောင့်လာခဲ့သလဲ၊ သင့်ရဲ့ ရေရှည်ရည်မှန်းချက်က ဘာလဲဆိုတာကို အမြဲတမ်း ပြန်လည်သုံးသပ်ပြီး သင့်အတွက်မှန်ကန်တဲ့လမ်းကို ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းပါ။
နိဂုံး
ဒီလမ်းညွှန်ကိုဆုံးထိဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ UK ပညာသင်ခရီးက စိန်ခေါ်မှုတွေနဲ့ပြည့်နေတယ်ဆိုတာ အခုဆိုပိုရှင်းသွားလောက်ပြီ။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကို ကြိုသိထားတာက ကျော်လွှားဖို့ ပထမဆုံးခြေလှမ်းပဲ။
အဓိကမှတ်ရမှာတွေ:
- ဒစ်ဂျစ်တယ်စနစ်ကိုကျွမ်းကျင်ပါ- Share Code နဲ့ NI Number ကိစ္စတွေကို ရောက်ရောက်ချင်း အပြီးလုပ်ပါ။
- နာရီ ၂၀ စည်းမျဉ်းကို ဘုရားတစ်ဆူလိုကိုးကွယ်ပါ- အလုပ်ချိန်ကိုသေချာမှတ်၊ ဘယ်တော့မှမကျော်စေနဲ့။ Self-employment ထောင်ချောက်ကိုသတိပြုပါ။
- ဝှက်ထားတဲ့ကုန်ကျစရိတ်တွေကိုပြင်ဆင်ထား- IHS က အရာအားလုံးအတွက် အခမဲ့မဟုတ်ပါဘူး။
- ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပါ- ယဉ်ကျေးပါ၊ ဒါပေမဲ့ လိုအပ်ရင် ကိုယ့်ဘက်ကိုယ်ရပ်တည်ဖို့မကြောက်နဲ့။
- ကိုယ့်လမ်းကိုယ်ဖောက်ပါ- ကိုယ့်အသိုက်အဝန်းကိုရှာပါ၊ ဒါပေမဲ့ သူများလွှမ်းမိုးမှုအောက် အလွယ်တကူမရောက်စေနဲ့။
ဒီခရီးက ဘွဲ့တစ်ခုရဖို့သက်သက်မဟုတ်ဘူး၊ လူတစ်ယောက်အနေနဲ့ကြီးပြင်းဖို့အခွင့်အရေးတစ်ခုပဲ။ အားလုံးပဲ အောင်မြင်တဲ့ပညာရေးခရီးကို ပိုင်ဆိုင်နိုင်ကြပါစေ။