လမ်းမပေါ်က မျိုးဆက်

ဒီရက်ပိုင်းသူငယ်ချင်းတွေနဲ့စကားပြောဖြစ်တယ်၊ ဟိုပြောဒီပြောရင်းနဲ့ ရွယ်တူချင်း နှိုင်းယှဥ်ကြည့်မိတယ်၊ တချို့က ပြည်တွင်းမှာပဲရှိနေဆဲ၊ တချို့ ပြည်ပမှာ၊ တချို့ပျက်စီးနေဆဲ။ ယူကေမှာ ပညာသင်နေသူဖြစ်ဖြစ် အနည်းဆုံးလုပ်ခလစာနဲ့ 9-5အလုပ်တစ်ခုခုနဲ့ နေ့စဥ် ရုံးသွားနေရသူဖြစ်ဖြစ် ကျနော်တို့အားလုံးက လမ်းစုံလမ်းခွတစ်ခုမှာ ရပ်နေကြတာချင်းတော့တူတူပါပဲ။
တစ်ယောက်က မြို့ထဲဘက်မှာ ဆိုင်ထိုင်နေမယ်၊ တစ်ယောက်က ဟိုတယ်တွေရဲ့Internshipလေးတွေလျှောက်နေမယ်၊ တစ်ယောက်ကတော့စာကြိုးစားနေမယ်၊ တစ်ယောက်ကတော့ ဆေးကြောင်နေတယ်၊ တစ်ယောက်ကတော့ အဆင်းဘီးတပ်ထားသလို ပြန်ထွက်လို့မရတဲ့တွင်းနက်ထဲ ခုန်ဆင်းနေတယ်။
ဒီသူတွေအားလုံး အဆုံးသတ်ရော တူရဲ့လား။
အထူးသဖြင့် အခုလိုမျိုး ရေရာသေချာမှုမရှိ ကြိုတင်တွက်ဆထားလို့မရတဲ့ ခေတ်မှာ လူငယ်အများစုလမ်းပျောက်ကြတယ်။ တချို့ကတော့ ကိုယ်သွားရမယ့်လမ်းကိုသိတယ် သို့သော်ခရီးတစ်ဝက်မှာ လမ်းပျောက်သွားတယ်။ တချို့ကတော့ ကိုယ်ဘာလုပ်လို့လုပ်ရမှန်းတောင်မသိဘူး၊ အနာဂတ်ကို လုံးဝမစဥ်းစားတဲ့သူတွေကတော့ ထားလိုက်တော့ အဆုံးသတ်ကသိပ်မလှဘူး။
ကနဦးအစမှာတော့ အခြေအနေချင်း လျှောက်နေတဲ့လမ်းချင်းသိပ်မကွာဟဘူး။ အချင်းချင်းစကြနောက်ကြ စကားပြောကြ ပျော်ရွှင်စရာအသိုက်အမြုံလေးတစ်ခုလိုပါပဲ၊ သို့သော် တဖြည်းဖြည်းချင်းကြာလာတဲ့အခါ ဘွဲ့တွေရ အိမ်ထောင်တွေကျ ကလေးတွေပွေ့ချီလာတဲ့အခါ လူတွေက တစ်ဖြည်းဖြည်းချင်းကွဲထွက်ကုန်တယ်။ သာမန်ဆိုင်လေးမှာ စျေးထိုင်ရောင်းနေတဲ့သူကလဲ အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်သွားနိုင်တယ်၊ ထိုနည်းလမ်းကောင်း ငယ်ငယ်တုန်းက ဖြုန်းလို့ကောင်းခဲ့တဲ့သူတစ်ယောက်ကလဲ ပျက်ဆီးသွားနိုင်တယ်။
ဒီတော့ ဘာကွာဟသွားကြတာလဲ၊ ကျနော်ကတော့ ရင်းနီးမြှုပ်နှံမှုလို့ပဲ နာမည်ပေးချင်တယ်။ မိမိကိုယ်ကို ဘယ်လောက်ထိ ရင်းနီးမြှုပ်နှံခဲ့လဲ။ ဒါက ထိပ်တန်းတက္ကသိုလ်တစ်ခုက ဘွဲ့လဲဖြစ်နိုင်တယ်၊ ကိုယ်တိုင်သင်ယူခဲ့တဲ့ ပညာရပ်တစ်ခုဖြစ်နိုင်တယ်၊ ဒါမှမဟုတ် လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တာမျိုးလဲ ဖြစ်နိုင်တယ်။
စိတ်ဓာတ်
ကျွမ်းကျင်မှုတွေ၊ ငွေကြေးတွေ မတည်ဆောက်ခင်မှာ အရင်ဆုံးတည်ဆောက်ရမှာက စိတ်ဓာတ် ပဲ။ ဒါက အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ပါ။
- Victim vs. Ownership Mentality- လူအများစုက "ငါ့တုန်းက အခွင့်အရေးမရခဲ့လို့"၊ "မိဘမချမ်းသာလို့"၊ "တိုင်းပြည်အခြေအနေမကောင်းလို့" ဆိုပြီး ကိုယ်မပြောင်းလဲနိုင်တဲ့ အခြေအနေတွေကိုပဲ အပြစ်တင်ရင်း အချိန်ကုန်နေတတ်တယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် ညည်းမနေဘဲ၊ ကိုယ်ပိုင်ဆိုင်တဲ့၊ ကိုယ်လုပ်လို့ရတဲ့ အရာသေးသေးလေး (ဥပမာ- တစ်နေ့ကို စာတစ်နာရီဖတ်ဖို့ အချိန်၊ YouTube ကနေ ပညာသင်ဖို့ Internet) ကနေစပြီး တာဝန်ယူတည်ဆောက်ကြရပါလိမ့်မယ်။
- ကာလတိုပျော်ရွှင်မှု vs. ရေရှည်ရည်မှန်းချက် (Short-term Gratification vs. Long-term Vision)- သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မယ့်အစား အဲ့ဒီအချိန်မှာ online course တစ်ခုတက်လိုက်ခြင်း၊ လစဉ်ဝင်ငွေထဲက ၁၀% ကို ဘယ်လောက်ပဲနည်းနည်း စုဖြစ်အောင်စုဆောင်းခြင်းပါ။ စည်းကမ်း ဆိုတာ ကိုယ်တကယ်လိုချင်တဲ့အရာအတွက် ခဏတာရေတိုအနှစ်သာရမရှိတဲ့ ပျော်ရွှင်မှုလေးတွေကို စတေးခြင်းပါပဲ။
Reform and rebuild
လူနှစ်ဦးရှိမယ်၊ တစ်ယောက်က မိဘချမ်းသာတယ်၊ တစ်ယောက်ကတော့မိဘမချမ်းသာဘူး၊ မထောက်ပံ့နိုင်ဘူး၊ ပညာမသင်နိုင်ဘူး အနိမ့်ဆုံးလုပ်ခလစာထက်နည်းတဲ့ငွေနဲ့ရှင်သန်နေတယ်။ ဒီလစာလောက်ကို ရအောင်မနည်းကြိုးစားနေရတယ်။ သူသူငါငါသိပ်တော့မကွာလှပါဘူး
နှစ်ယောက်လုံးက ဒုက္ခရောက်နိုင်တာပဲ။ မိဘက ချမ်းသာပေမယ့် သားသမီးကို သိပ်ဂရုမစိုက်တတ်ဘူး အလုပ်မအားဘူး၊ ကလေးကလဲ အကျင့်မကောင်းဘူး။ ဖြောင်ကျတယ်။ ရေရှည်ပျက်ဆီးနိုင်တာပဲ။ ဆင်းရဲတဲ့သူကလဲပဲ ဆင်းရဲတဲ့အလျောက် ပိုကြိုးစားရတဲ့အလျောက်မကြိုးစားချင်တော့ဘူး အလွယ်လမ်းပဲရွေးမြဲရွေးနေတယ်၊ ပိုပျက်ဆီးတယ်။
အောင်လဲအောင်မြင်နိုင်တာပဲ။ ချမ်းသာတဲ့မိဘကဆင်းသက်လာတဲ့သူကလဲ မိဘပြုစုပျိုးထောင်မှုကောင်းမယ်၊ သူကိုယ်တိုင်လဲ လူကောင်းတစ်ယောက်ဖြစ်မယ်ဆို ရေရှည်သူ့အတွက် မအောင်မြင်နိုင်စရာမရှိ၊ ထိုနည်းလမ်းကောင်း အနိမ့်ဆုံးလုပ်ခနဲ့ရှင်သန်နေရတဲ့သူလဲပဲ ကြိုးစားရင်ကြိုးစားသလို လူကောင်းတစ်ယောက်ဖြစ်နိုင်တာပဲ၊ အောင်မြင်နိုင်တာပဲ၊ ပိုတော့ကြိုးစားရတာပေါ့။
အကယ်၍ ဒီသူနှစ်ဦးကသာ ဘဝကို အစကနေပြန်တည်ဆောက်ရတဲ့အခါ ဘယ်သူနိုင်မလဲ။ အဖြေကရှင်းပါတယ်၊ ချမ်းသာသာ ဆင်းရဲရဲ မိမိရှိရင်းစွဲအခြေအနေကို အကောင်းဆုံးအသုံးချပြီး ပြန်လည်တည်ဆောက်နိုင်တဲ့ စိတ်ဓာတ်နဲ့ ကျွမ်းကျင်မှုရှိတဲ့သူက အနိုင်ရမှာပဲ။
ဒီသဘောက ကျနော်တို့ဘဝတွေနဲ့သက်ဆိုင်ပါတယ်။ သင်ပျင်းနေလို့ရတယ်။ ရုပ်ရှင်ကြည့်လိုက် အပြင်သွားလိုက် ဘောလုံးကန်လိုက် စာကိုဖြစ်သလို လုပ်လိုက် နေလို့ရတယ်။ ဒီလိုလုပ်လို့ စာမထိခိုက် လူမထိခိုက် အကျင့်စာရိတ္တကိုမထိခိုက်ဘူးဆို တားဆီးစရာအကြောင်းမရှိ။ သို့သော် ဘဝမှာ တိုးတက်ဖို့ Learning input ဆိုတာလိုအပ်တယ်၊။ တစ်နည်း အမြဲတစေတစ်ခုခုတော့ သင်ယူနေရမယ်။
ဘယ်လိုကြိုးစားရမလဲ
အဲ့ဒီ "learning input" ဆိုတာ နိုင်ငံခြားကျောင်းတက်မှ၊ ပြည်ပထွက်နိုင်မှမဟုတ်ဘူး။ သင်ယူခြင်းဆိုတာ စာသင်ခန်းတွေရဲ့အပြင်ဘက်မှာ အများကြီးပိုကျယ်ပြန့်ပါတယ်။
- Online ကနေ Skill တစ်ခုကို Master ဖြစ်အောင်သင်ပါ- YouTube မှာ အလကားသင်ပေးနေတဲ့ digital marketing, graphic design, video editing, coding သင်ခန်းစာတွေမရေမတွက်နိုင်အောင်ရှိတယ်။ Coursera လို platform တွေမှာ financial aid နဲ့ အလကားနီးပါးသင်လို့ရတဲ့သင်တန်းတွေရှိတယ်။
- အတတ်ပညာတစ်ခုကို တစိုက်မတ်မတ်လုပ်ပါ- ကော်ဖီကောင်းကောင်းဖျော်တတ်တဲ့ barista တစ်ယောက်၊ ဆိုင်ကယ်ကောင်းကောင်းပြင်တတ်တဲ့ စက်ပြင်ဆရာတစ်ယောက်၊ အဝတ်အစားချုပ်တတ်တဲ့ အပ်ချုပ်သမားတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
- ဘာသာစကားကိုလေ့လာပါ- မြန်မာအင်္ဂလိပ် နှစ်ဘာသာစကားကို ကောင်းကောင်းပြောတတ်၊ ရေးတတ်အောင်သင်ယူပါ။ ဘန်းစကားတွေမှမဟုတ် နေရာစုံမှာ ကြွယ်ဝစွာအသုံးချတတ်အောင်သင်ယူပါ၊ ဒါမှမဟုတ် တရုတ်၊ ဂျပန်၊ ကိုရီးယားလို ဘာသာစကားတစ်ခုခုကို အခြေခံတတ်အောင်လုပ်ထားပါ။ ဒါ
- စာဖတ်ပါ- ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်တွေမှာ တန်ဖိုးရှိတဲ့စာအုပ်တွေ အများကြီးရှိတယ်။ စာဖတ်ခြင်းက သင့်ကို ကမ္ဘာကြီးအကြောင်း၊ လူတွေအကြောင်း ပိုနားလည်စေပြီး အမြင်ကျယ်စေတယ်။
- ငွေကြေးဆိုင်ရာ အသိပညာ (Financial Literacy) ကိုသင်ယူပါ- ဒါက အရေးအကြီးဆုံးပဲ။ လစာဘယ်လောက်ပဲရရ၊ အဲ့ဒီငွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သင်ယူပါ။ ဝင်ငွေရဲ့ အနည်းဆုံး ၁၀% ကို အရင်ဆုံးစုပြီးမှ သုံးပါ။ ပိုင်ဆိုင်မှု နဲ့ အသုံးစရိတ် ဆိုတာကို ကွဲကွဲပြားပြားသိအောင်လုပ်ပါ။
"ငါအခု ပိုက်ဆံမရှိဘူး၊ Gym သွားဖို့ ငွေသုံးသောင်းတောင်မရှိဘူး" -> ဒါဆို အလုပ်ရှာပါ။
"အလုပ်လုပ်ဖို့ Certificate မရှိဘူး" -> ကျောင်းတက်ပါ၊ သင်တန်းလေးတွေတက်ပါ။
"ကျောင်းတက်ဖို့ငွေမရှိဘူး" -> Internship တို့ Volunteer တို့ ဝင်လုပ်ပြီး အတွေ့အကြုံရှာပါ။ ဒီသံသရာက ဘယ်တော့မှပြီးမှာမဟုတ်ဘူး။
ဒီတော့ ကျနော်အကြံပေးချင်တာက တစ်ခုခုကနေစပါ။ ငွေမကုန်တဲ့ YouTube သင်ခန်းစာတစ်ခုကနေစပါ။ အဲ့ဒီကရတဲ့ skill သေးသေးလေးနဲ့ အခွင့်အရေးသေးသေးလေးတစ်ခုကိုဖန်တီးပါ။ အဲ့ဒီကရတဲ့ငွေနဲ့ ပိုကောင်းတဲ့သင်တန်းတက်ပါ။ ခြေတစ်လှမ်းချင်းသွားပါ။ အသက် ၃၀၊ ၄၀ ရောက်တဲ့အခါ "ငါ့တုန်းက အခွင့်အရေးမရခဲ့လို့" ဆိုတဲ့ ဆင်ခြေတွေပေးရင်း နောင်တရနေတဲ့လူ မဖြစ်ချင်ရင်ပေါ့။
ဒီအတွက် ကျနော်အကြံပေးချင်တာကတော့ လေ့လာသင့်ထားသလောက်လေ့လာပါ၊ အသုံးချပါ၊ ပြင်ဆင်ပါ။ အသက် ၃၀၊ ၄၀ ရောက်တဲ့အခါ "ငါ့တုန်းက အခွင့်အရေးမရခဲ့လို့" ဆိုတဲ့ ဆင်ခြေတွေပေးရင်း နောင်တရနေတဲ့လူ မဖြစ်ချင်ရင်ပေါ့။
ဂုဏ်သိက္ခာ
ကျွမ်းကျင်မှုတွေ၊ ဘွဲ့တွေထက် ပိုအရေးကြီးတဲ့ နောက်တစ်ခုရှိသေးတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ခြင်းနဲ့ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားခြင်းပဲ။
ဂုဏ်သိက္ခာဆိုတဲ့ အုတ်မြစ် - ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိတော့တဲ့အခါ တခြားသူတစ်ဦကိုအကျိုးပြုပေးကမ်းနိုင်စွမ်းမရှိတော့တဲ့အခါ ဘာPosition တစ်ခုမှမရှိတော့တဲ့အခါမှာတောင် လူတွေက သင့်ကို လေးစားနေမယ်၊ နားဝင်နေဦးမယ်ဆိုရင်တော့ You've made it။
အထူးသဖြင့် အခက်အခဲတွေများတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့စာရိတ္တနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့က ပိုပြီးအရေးကြီးတယ်။ လူတွေက သင့်ကိုကြောက်လို့ လေးစားတာမျိုးမဟုတ်ဘူး။ သင့်မှာ ရာထူးအာဏာရှိလို့ ခေါင်းငုံ့ပြတာမျိုးမဟုတ်ဘူး။ သင့်ရဲ့ဖြစ်တည်မှု၊ သင့်ရဲ့စာရိတ္တကို လေးစားတာမျိုးဖြစ်ရမယ်။ အဲ့ဒါကမှ ဘယ်သူမှလုယူလို့မရတဲ့ တကယ့်တန်ဖိုးအစစ်အမှန်ပဲ။
လူမှုရေးအရင်းအနှီး တည်ဆောက်ခြင်း (Building Social Capital)- "Your network is your net worth" ဆိုတဲ့ စကားရှိပါတယ်။ ငွေကြေးအရင်းအနှီး (Financial Capital) မရှိတဲ့သူအတွက် လူမှုရေးအရင်းအနှီး (Social Capital) က အဖိုးမဖြတ်နိုင်ပါဘူး။ ဒါကတွေ့ကရာnetworking eventတွေတက်၊ ကိုယ့်ကိုယ်ကို Social အရမ်းကျတယ်ဆိုပြီး တလွဲတွေတွေး မဟုတ်ဘူးနော်။ အဆက်အသွယ်ကောင်းတွေရှိဖို့သက်သက်မဟုတ်ဘူး။
ကိုယ့်ရဲ့ ကူညီလိုစိတ်၊ ရိုးသားမှုနဲ့ ယုံကြည်မှုကိုပြပြီး နာမည်ကောင်းတစ်ခုတည်ဆောက်တာကို ဆိုလိုတာပါ။ ကိုယ့်ထက်တော်တဲ့သူတွေဆီကနေ သင်ယူပါ၊ သူတို့ကို ကိုယ်တတ်နိုင်တာနဲ့ ပြန်ကူညီပါ။ စေတနာကို အခွင့်ကောင်းမယူပါနဲ့။ သူငယ်ချင်းက ဓာတ်ပုံရိုက်ပေးလို့ ခေါင်းပုံဖြတ်တာမျိုး၊ အဖွဲ့လိုက်စာလုပ်တဲ့အခါ ကိုယ်မလုပ်ဘဲ နာမည်ယူတာမျိုးတွေက ကိုယ့်ရဲ့ အကျင့်သိက္ခာကို ကိုယ်တိုင်ဖျက်ဆီးတာပဲ။
ကိုယ်ကျင့်တရားဆိုတာက ဒီပြင်ပအလုပ်တွေမှာပဲရှိတာမှမဟုတ်တာ၊ ဥပမာ ဆိုပါစို့ စာလုပ်တယ်၊ ကိုယ်ကအဖွဲ့နဲ့လုပ်ရတယ်၊ အဖွဲ့ကသူတွေအားလုံးက စာကြိုးစားလုပ်တယ်၊ သို့သော် ကိုယ်မလုပ်ဘူး ပြီးတော့ ကိုယ်တစ်ဦးတည်းလုပ်ထားတဲ့ပုံစံမျိုးပြောတယ် ဒါလဲ သိက္ခာမဲ့တဲ့အလုပ်။
နိဂုံး - သင် ဘယ်သူဖြစ်ချင်လဲ
ဒီခရီးက ဘွဲ့တစ်ခုရဖို့သက်သက်မဟုတ်ဘူးဗျ။ ဘဝဆိုတဲ့ခရီးရှည်ကြီးမှာ ကိုယ်ဘယ်လိုလူဖြစ်ချင်လဲဆိုတာကို ပုံဖော်ရတဲ့ အခွင့်အရေးတစ်ခုပဲ။ ကျနော်တို့အားလုံးဟာ လမ်းတစ်ခုပေါ်မှာ ရပ်နေကြတယ်။ သင်ရွေးချယ်လိုက်တဲ့လမ်းက သင့်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ ငါဟာ ပြိုလဲသွားရင်တောင် ပြန်တည်ဆောက်နိုင်တဲ့လူ ဖြစ်ချင်လား။ ဒါမှမဟုတ် သူများတည်ဆောက်ပေးထားတာကို ပြိုမှာကိုပဲ နေ့တိုင်းစိုးရိမ်နေတဲ့လူ ဖြစ်ချင်လား။ အားလုံးက ကိုယ့်ရဲ့ဒီနေ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။