အိမ်

အိမ်

This article is also available in [English]

"အိမ်ဆိုတာက နေရာတစ်ခုမှမဟုတ်တာ။ ကိုယ်ချစ်တဲ့သူတွေရှိတဲ့ဘယ်ဟာမဆို အိမ်ပါပဲ။"

ဒီနေ့တော့ကျနော့်အကြောင်းလေးမိတ်ဆက်မယ်ဗျ။ ဒီဟာက irrelevant လဲဖြစ်နိုင်တယ်။ ကျနော့်ရဲ့ ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံတွေနဲ့ ဆက်စပ်လို့ရနိုင်မယ့်မိတ်ဆွေတွေလဲရှိတယ်လို့ယုံကြည်တယ်။​ ဒီလိုနဲ့ဒီစာကိုကျနော်ရေးတယ်။

ကျနော်က ရန်ကုန်မှာမွေးပြီး ကလေးဘဝမှာ မြို့ထဲက ရပ်ကွက်တစ်ခုဆီကို ပြောင်းရွှေ့လာခဲ့တယ်။ မြစ်ကမ်းစပ်နဲ့နီးတဲ့၊ လမ်းမကြီးတစ်ခုနဲ့မလှမ်းမကွာမှာရှိတဲ့ နေရာလေးတစ်ခုပေါ့။ လမ်းထိပ်မှာ လူသိများတဲ့ခန်းမတစ်ခုရှိတယ်။ အနီးအနားမှာအရာတော်တော်များများရှိတယ်။

ကျနော်ပြောင်းလာတုန်းကဆိုရင် ကလေးပေါ့ဗျာ။ မိဘတွေက ပထမထပ်တိုက်ခန်းလေးတစ်ခုဝယ်လိုက်တယ်။ ဘယ်လိုဝယ်ခဲ့လဲဘာလဲကျနော်မမှတ်မိတော့ဘူး။ သေချာတာတစ်ခုကတော့ အိမ်ပိုင်လေးတစ်လုံးရရှိခဲ့တယ်။ ကျနော်က နဂိုကတည်းက ဆွေမျိုးတွေကြားထဲမှာ ကျနော့် generation မှာ ပထမဦးဆုံး။

နောက်တော့ ကျနော့်ရဲ့ညီအစ်ကိုဝမ်းကွဲတွေ မွေးလာကြတယ်။ ဒီလိုနဲ့ ကျနော်တို့မျိုးဆက်ဆိုပြီးဖြစ်လာခဲ့တယ်။ တစ်ဦးတည်းသောသားဖြစ်တာနှင့်အညီအိမ်ကတော့ ဂရုစိုက်တာထက်ကိုပိုတာပေါ့။ အထူးသဖြင့် ကျနော့်အဖွားတို့နဲ့ငယ်ငယ်လေးကတည်းက လက်ပွန်းတတီးနေခဲ့ရတော့ သူတို့ပါ ကျနော့်လမ်းထဲပြောင်းလာခဲ့ကြတယ်။ ဒီလိုနဲ့ လမ်းထဲမှာပဲ တိုက်ခန်းတော်တော်များများမှာ မိသားစုတွေစုနေဖြစ်ခဲ့တယ်။

အမျိုးတွေကတော့ဗျာ သိတဲ့အတိုင်းပဲ။ အမျိုးပါပဲ။ ကျနော့်အမေဘက်က အမျိုးတွေက အပေါ်ထပ်က အခန်းကျယ်တစ်ခုမှာနေတယ်။ ပြီးတော့ ကျနော့်အဖေဘက်က အမျိုးတွေက တခြားအလွှာတစ်ခုမှာပေါ့။ ပြောချင်တာကတော့ ကျနော်ဘယ်အိမ်တက်ဆော့ဆော့ဆော့လို့ရနေတာပါ။

ကျနော်ငယ်ငယ်လေးတုန်းကဆို သိပ်ဆော့တာ။ ဒါပေမယ့် အပြင်ထွက်ဆော့ဖို့ဘာဖို့ဆိုတာမဖြစ်နိုင်ခဲ့ဘူး။ အိမ်ကတော့ ဘယ်သူနဲ့မပေါင်းနဲ့ဘယ်သူနဲ့ဆော့ ဒီလိုမျိုးပေါ့ဗျာ။ ဒီလိုနဲ့အိမ်ထဲမှာပဲကို မျိုးစုံဆော့ကစားဖြစ်တယ်။ ဒါပေမယ့်လဲ ပျော်နေဆဲပဲလေ။ နေဖို့စားဖို့သောက်ဖို့ထိုင်ဖို့ပူရတဲ့အပူရယ်မှမရှိခဲ့တာ။

ဒါပေမယ့် မိသားစုက သိပ်အဆင်ပြေခဲ့တာတော့မဟုတ်ဘူး။ ဘာကိုကြည့်ပြောလဲဆိုတော့ ကျနော်တို့တိုက်ခန်းကိုကြည့်ကြည့်ပေါ့။ ကျနော်တို့နေတာက ၆လွှာရှိတဲ့တိုက်ခန်းက ပထမအထပ်။ မီးဖိုချောင်တစ်ခု အိမ်သာတစ်လုံး ရေချိုးခန်းတစ်လုံး အိပ်ခန်းတစ်ခု။ ဒါလေးပဲပါတာ။ အိမ်ကတော့ ပိစိလေးပါ။

အိမ်ထဲဝင်သွားရင် ခေါင်းတိုက်တော့မယ့်ဘုရားစင်နဲ့ ဘုရားဆင်းတုတော်တွေ၊ ပန်းအိုးတွေဘာညာတွေနဲ့ပေါ့ဗျာ။ အိမ်ရှေ့ခန်းရောက်ပြီ။ ငယ်ငယ်တုန်းကဆိုရင် ဆိုဖာထိုင်ခုံတွေ အိမ်ရှေ့ခန်းတစ်ဝက်လောက်ရှိတယ်။ အခန်းထဲမှာဆို king size အိပ်ရာတစ်ခုရှိတယ်။ သံကုတင်ပေါ့ဗျာ။ အဲ့အခန်းထဲမှာ ကျနော့်မိဘတွေ ဗီဒိုရှိတယ်။ စတိုခန်းလိုမျိုးပစ္စည်းလေးတွေစုပုံနေတယ်။ မြင်ယောင်ကြည့်ကြည့်ပေါ့ သိပ်ကိုရှုပ်ပွေနေမယ့်အခန်းမျိုး။

ကျနော့်အဖေက အလုပ်သဘောအရ အိမ်မှာသိပ်မနေဖြစ်ပါဘူး။ သူ့အတွက်လဲ သိပ်ခက်ခဲနေမှာပေါ့ဗျာ။ အိမ်မှာ မိခင်နဲ့နှစ်ယောက်တည်းနေခဲ့တဲ့အချိန်တွေသိပ်များတယ်။ ဒီတော့ ကျနော်ကလဲကလေးဆိုတော့ အိမ်ကတော့သိတဲ့အတိုင်းပဲသိပ်ရှုပ်ပွနေတာပေါ့ဗျာ။

ကျနော်အသက်တဖြည်းဖြည်းကြီးလာတော့ အိမ်ကလဲသူ့ဟာနဲ့သူ ငွေကြေးကိစ္စအဝဝအဆင်ပြေလာတယ်။ ဒီလိုနဲ့ နိုင်ငံခြားကျောင်းမှာတက်ရင်း ကျနော်ဒီနိုင်ငံရောက်လာတာလို့အကြမ်းဖျင်းပြောရမှာပဲဗျ။ ကျနော့်အိမ်ကတော့ old school ဆန်တယ်ဗျ။ parenting ဆိုတဲ့မိဘပုံစံကလဲ ကျနော်နဲ့တော့သိပ်တော့မကိုက်ဘူးပေါ့ဗျာ။ သားဦးဆိုတော့လဲ​ဒီလောက်တော့ရှိတယ်လို့သတ်မှတ်ပါတယ်ဗျာ။


ကျနော့်ရဲ့ အိမ်မက်အိမ်

ကျနော်ကရန်ကုန်မှာသာမွေးတာဗျ ကျနော်နေချင်တဲ့ဖြတ်သန်းချင်တဲ့ lifestyle မျိုးကြတော့ မြို့စွန်မြို့ဖျားလေး တောမြို့လေးတစ်မြို့မှာ လယ်ကွင်းတွေနဲ့ အပင်လေးစိုက်လိုက် ဟင်းချက်လိုက် အကောင်လေးတွေမွေးလိုက် စားသောက်လိုက်နဲ့ပေါ့။ ကျနော်ချစ်တဲ့ကျနော့်ချစ်သူ ကျနော့်အမျိုးသမီးလေးနဲ့ သူနဲ့ရှိတဲ့ကလေးလေးတွေပဲဖြစ်ဖြစ် ခွေးလေးတွေကြောင်လေးတွေနဲ့ပဲဖြစ်ဖြစ် မြင်းလေးတွေ နွားလေးတွေဆိတ်လေးတွေပဲဖြစ်ဖြစ် မွေးပြီးပေါ့ဗျာ။ စီးပွားဖြစ်မွေးတာတော့မဟုတ်ဘူးဗျ ကိုယ့်ရဲ့ကိုယ်ပိုင်သားသမီးလေးတွေလိုမျိုး သူတို့နဲ့စလိုက်နောက်လိုက်နဲ့ ဂရုစိုက်မှာဗျ။ အိမ်မက်လေးပေါ့ဗျာ။


အိမ်နှင့်အဝေးသို့ ခရီးထွက်ခြင်း

နိုင်ငံခြားထွက်ဖို့စဉ်းစားနေကြတဲ့သူတွေကိုယ်စီရှိကြမှာပါ။ ဒါပေမယ့်လဲလေ ကျနော် သတိတော့ပေးချင်တယ်။ နိုင်ငံခြားထွက်ဖို့ဆိုတဲ့အိမ်မက်က စျေးကြီးတယ်ဗျ။ ခက်ခဲတယ်။ ရုပ်ရှင်ထဲမှာလိုလေ နိုင်ငံခြားရောက်တာနဲ့ suit ကြီးတွေဝတ်၊ နေကာမျက်မှန်တပ်၊ အထပ်မြင့်တိုက်ခန်းတစ်ခုပေါ်ကနေ ဖုန်းလှမ်းပြောနေတဲ့ပုံစံမျိုးတော့မရနိုင်ဘူးဗျ။ အခန်းလေးကျဉ်းကျဉ်းလေးထဲမှာ တစ်ယောက်တည်းငိုနေရတဲ့နေ့ရက်တွေလဲရှိမယ်။ သေချင်တဲ့အခက်အခဲတွေလဲရှိမယ်။ ဒီလိုနဲ့ဘဝကိုဖြတ်သန်းရတာဗျ။ အထူးသဖြင့်ကိုယ်ပိုင်ဝင်ငွေမရှာနိုင်သေးတဲ့အခြေအနေမှာပိုလို့တောင်ခက်ခဲနေမှာပါဗျ။

ကျနော်ဘာလို့ဒီစာတွေရေးနေလဲ ကျနော့်ကိုယ်ကျနော်လဲမသိဘူးဗျ။ အိမ်နဲ့အဝေးမှာနေနေရတော့ဗျာ ဒီလိုပဲ ရေးဖြစ်တာမျိုးပါ။ အိမ်ဆိုတာ နောက်ဆုံးကုန်ကုန် နေရာတစ်ခုမှမဟုတ်တာ။ ကိုယ်ချစ်တဲ့သူတွေရှိတဲ့ဘယ်ဟာမဆို အိမ်ပါပဲ။

မြန်မာပြည်လား။ ကျနော်သိပ်လွမ်းတယ်။ မြို့ထဲက အကြိုက်ဆုံး တိုရှည်ဆိုင်လေးကိုလွမ်းတယ်။ Chinatown ထဲက ဆန်ပြုတ်ဆိုင်လေးနဲ့ ရွှေရင်အေးဆိုင်လေးကိုလွမ်းတယ်။ စားနေကျ အရှေ့အလယ်ပိုင်းဆိုင်က chicken over rice လေးကိုလွမ်းတယ်။ ကျနော့်ဦးလေးအရင်တုန်းက ချက်ကျွေးဖူးတာလေးတွေလွမ်းတယ်။ ကျနော့်ညီလေးနဲ့ ဆော့ကစားခဲ့တာတွေကိုလွမ်းတယ်။ အိမ်ရှေ့ဝရန်တာမှာ စာတွေကုန်းရုန်းပြီး ဟိုးပိစိလေးကနေ မနေ့တစ်နေ့ကအထိ နေ့နေ့ညညလုပ်ခဲ့တာကိုလွမ်းတယ်။ ပြန်လိုချင်လို့ရယ်တော့မဟုတ်ပါဘူးဗျာ။ ရှေ့ဆက်ရမယ်ဆိုတာသိပါတယ်။ ဒီလိုပဲပေါ့ဗျာ။

တစ်ဖက်မှာလဲ​ဝမ်းစာကရှိသေးတယ်လေ။ ပြန်လာမယ့်တစ်ချိန် အကုန်လုံးအဆင်ပြေသွားတဲ့တစ်ချိန်ကျ ကျနော်က လူတိုင်းကို ကျနော်တတ်တဲ့ပညာ/ ကျနော်တတ်တဲ့ဝမ်းစာ နဲ့ ကူညီပေးမယ့်သူတစ်ဦးအဖြစ်တော့ ကျနော့်ကိုယ်ကျနော်မြင်ချင်ပါသေးတယ်။

လက်ရှိကျနော်ဘာလုပ်နေလဲသိချင်လား။ ဓမ္မနဲ့ အဓမ္မလွန်ဆွဲနေတဲ့ ကာလမှာ ဓမ္မဘက်မှာ မားမားမတ်မတ်ရပ်တည်ရင်း ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေဆဲပါ။ အိမ်မက်လေးတွေဖန်တီးနေချင်တယ်။ ကျနော်သိပ်ချစ်တဲ့အရာလေးတွေ၊ သိပ်ချစ်ရသော သူတွေနဲ့ တစ်ချိန်ချိန်ပြန်ဆုံချင်သေးတယ်။ အိမ်မက်လေးတွေကတော့ ဝေးကွာနေဆဲပဲ။ ဘယ်လိုကြိုးစားနေလဲ။ အော် ဒီလိုပဲပေါ့ဗျာ။ ကိုယ်ချစ်တဲ့လူမျိုး၊ ကိုယ်မွေးဖွားရာတိုင်းပြည်၊ ကိုယ့်မိသားစုနေတဲ့တိုင်းပြည်ကို ကောင်းမွန်အောင်ကြိုးစားတည်ဆောက်မြဲတည်ဆောက်နေဆဲပါ။ နှမ်းတစ်စေ့ပဲဖြစ်ဖြစ်ပေါ့။

“…..ဘယ်သူသွားချင်မလဲ​ ဘယ်သူနောက်ကလိုက်မလဲ ကြိုတင်မသိနိုင်လဲ ရင်ဆိုင်ဖို့ကြောက်ရွံ့တယ် ဘယ်သူမှမတတ်နိုင် ဘယ်သူမှလဲခေါ်သွားလို့မရ တစ်ခါတစ်လေစဉ်းစားကြည့်မိ တကယ်ငါ့အလှည့်ရောက်ခဲ့ရင်.....”။ သီချင်းလေးတောင်သတိရသွားပါလေရဲ့။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet