Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၁) - အခြေခံအုတ်မြစ်နှင့် မှတ်တမ်းတင်ခြင်း"

Portfolioဆိုတာ ကျနော့်အတွက်တော့ စာသင်နှစ်တာပတ်လုံးလုပ်ထားခဲ့သမျှ အလုပ်တွေရောProjectသေးသေးလေးတွေရော အကုန်လုံးကို စနစ်တကျစုစည်းထားတဲ့ မှတ်တမ်းပေါင်းချုပ် လို့မြင်တယ်။ ဓာတ်ပုံဆရာဖြစ်စေ Graphic Designerဖြစ်စေ ရုပ်ရှင်ရိုက်တဲ့သူဖြစ်စေ ကိုယ့်ရဲ့အကောင်းဆုံးသောလက်ရာတွေ စုစည်းမှုပေါင်းချုပ်လို့လဲသတ်မှတ်နိုင်တယ်။
အကြမ်းဖျင်းပြောရရင် လက်ရှိ ဓာတ်ပုံရိုက်တဲ့သူတွေ Facebook Pageဖွင့်ကြတယ်။ သူတို့ရိုက်ထားတဲ့ပုံလေးတွေဝေမျှကြတယ်။ ဝေမျှချင်ရုံသပ်သပ်ဆိုရင်တောင် တကယ်တော့ ဒီPageသည်Portfolioတစ်ခု။ ဒီဓာတ်ပုံဆရာက Pre-Weddingပုံတွေပဲရိုက်ပေးတာလား၊ Model ပုံတွေရော ရိုက်ပေးလား၊ Productပုံတွေရော ရိုက်လား စသဖြင့် လာကြည့်ကြလိမ့်မယ်။ အဲ့ထဲကမှ ကိုယ်နဲ့အလုပ်တွဲလုပ်ချင်တဲ့သူတွေပါ ရှိလာနိုင်ပါတယ်။
ဒီနေ့စာလေးမှာကတော့
- Portfolio ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလဲ။
- Portfolio အတွက် အရည်အသွေးမီတဲ့ Project တွေ ဘယ်လိုဖန်တီးမလဲ (ကျောင်းသားနှင့် Freelancer များအတွက် အကြံပြုချက်များ)။
- အရည်အသွေးမြင့် မှတ်တမ်းတင်ခြင်း (Documentation) ရဲ့ အရေးပါပုံနဲ့ လက်တွေ့နည်းလမ်းများ (ဇာတ်လမ်းပြောပြခြင်း၊ ဓာတ်ပုံရိုက်ကူးနည်း၊ Project Log ပြုလုပ်ခြင်း)။
၁။ ဘာကြောင့်လူတိုင်းအတွက်အရေးကြီးတာလဲ။
အလုပ်ရှာဖွေနေတဲ့သူတွေ၊ ဖောက်သည်အသစ်ရှာဖွေနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေအတွက် ကိုယ်ဘာလုပ်ခဲ့လဲ၊ ကိုယ့်ဆီက ဘာရရှိနိုင်မလဲ၊ ကိုယ့်မှာ ဘာအရည်အချင်းကောင်းတွေရှိလဲ ဒါတွေအကုန်လုံးကြည့်လို့ရတဲ့အရာတစ်ခု။
ကိုယ့်ပစ္စည်း (အလုပ်) တစ်ခုရဲ့ အရည်အသွေး (Quality) နဲ့ ကိုယ်အဲ့ပစ္စည်းကို ဘယ်လိုရောင်းချတင်ဆက်သလဲ (Presentation) ဆိုတဲ့နည်းလမ်းနှစ်ခုစလုံးက တန်းတူအရေးကြီးပါတယ်။ အမြင်ပဲလှပြီး အထဲက ပါဝင်ပစ္စည်းမကောင်းလို့မရသလို၊ ပါဝင်ပစ္စည်းကောင်းပေမယ့် အမြင်မလှ၊ တင်ဆက်ပုံညံ့နေရင်လည်း လူစိတ်ဝင်စားမှာမဟုတ်ဘူး။
လူတိုင်းမှာအရည်အချင်းရှိတယ်။ ဘဝတစ်လျှောက် သက်ဆိုင်ရာနယ်ပယ်အလိုက် မရေတွက်နိုင်အောင်ကို လုပ်ခဲ့တာတွေ ဖန်တီးခဲ့တာတွေရှိတယ်။ သို့သော် အလုပ်လျှောက်တဲ့အချိန် မိမိကိုယ်ကို မိတ်ဆက်ရမယ်ဆိုတဲ့အချိန် ရုတ်တရက်ပြသဖို့လိုအပ်လာတဲ့အချိန်မျိုးကျရင် အဆင်သင့် ရော့ ဒီမှာငါလုပ်ထားခဲ့သမျှ" ဆိုပြီး ပြသနိုင်ဖို့ခဲယဥ်းတယ်။ ကိုယ်လုပ်ထားခဲ့သမျှအလုပ်တွေကို စနစ်တကျမှတ်တမ်းတင်ထားခဲ့ခြင်း (Document)မရှိတော့ အချည်းအနီးပဲ။
စနစ်တကျမှတ်တမ်းတင်သိမ်းစည်းတယ်ဆိုတာက
- ပုံသို့မဟုတ်videoနဲ့ ရိုက်သင့်ရိုက်ထိုက်တဲ့အချက်အလက်တွေရိုက်ကူးဖို့
- ရိုက်ရင်လဲ Qualityကောင်းကောင်းနဲ့ရိုက်ဖို့၊
- လုံလုံခြုံခြုံနဲ့မပျောက်မရှသိမ်းစည်းဖို့၊
- လိုအပ်ရင်အလွယ်တကူထုတ်ပြလို့ရအောင် ဖန်တီးထားဖို့။
ကိုယ့်ရန်ကုန်မှာဆို သိပ်ကောင်းတဲ့စားသောက်ဆိုင်တွေ နှစ်ပေါင်းများစွာကြာမြင့်နေပြီးသား ဆိုင်လေးတွေအများကြီးပဲ။ သို့သော် နာမည်ကြီးသင့်သလောက်မကြီးဘူး။ အောင်မြင်သင့်သလောက်မအောင်မြင်ဘူး။ လူမသိလို့။ သူတို့ဆီမှာဘာစားစရာတွေရနိုင်တယ်၊ ဘယ်လိုOrderမှာလို့ရနိုင်တယ်၊ အလှူတို့မင်္ဂလာပွဲတို့အတွက် Orderလို့ရမရ ဆိုတဲ့အချက်အလက်တွေကို အလွယ်တကူရှာဖွေလို့မရနိုင်ဘူး။ ဒီလိုမျိုးပါ။
၂။ Portfolio အတွက် အခြေခံအုတ်မြစ် – အရည်အသွေးမီသော အလုပ်များ ဖန်တီးစုဆောင်းခြင်း
(ဤအပိုင်းသည် အဓိကအားဖြင့် Portfolio စတင်ပြုလုပ်မည့်သူများ၊ ကျောင်းသားများနှင့် မိမိ၏အလုပ်များကို Portfolio အတွက် စနစ်တကျ ပြန်လည်စုစည်းလိုသူများအတွက် ရည်ရွယ်ပါသည်။)
- မိမိPortfolioရဲ့ရည်မှန်းချက်ကဘာလဲ။ ဘာကိုဦးတည်ချင်လဲ။
- ကိုယ့်Portfolioကို ဘယ်သူတွေကြည့်ကြမှာလဲ။
- သင်က ဘာကိုပြသချင်တာလဲ။
- ဘယ်အရာကို အဓိကထားပြသချင်လဲ။
ကျောင်းသားတွေအတွက်
ကျောင်းသားတစ်ဦးအနေနဲ့ Portfolioအတွက် Projectတွေ အလုပ်တွေ ဘယ်လိုမျိုးကြိုးစားဖန်တီးကြမလဲ။ ကျနော်ကတော့ မတူညီတဲ့Projectတွေ အလုပ်တွေနဲ့ ဖြန့်ကျက်ရမယ်လို့မြင်တယ်။ ဒီလို Focus မျိုးစုံနဲ့ Project တွေလုပ်ထားခြင်းအားဖြင့် သင်ဟာ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ဘယ်လောက်ဘက်စုံထူးချွန်တယ် (versatile)၊ ပြဿနာတွေကို ရှုထောင့်မျိုးစုံကနေ ချဉ်းကပ်နိုင်တယ်ဆိုတာကို ပြသရာရောက်ပါတယ်။
အမြဲတမ်း ကိုယ်ကျွမ်းကျင်ပြီးသား၊ သက်တောင့်သက်သာဖြစ်တဲ့ ဒီဇိုင်းပုံစံတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါလုပ်မယ့်အစား၊ ကိုယ့်ရဲ့ Comfort Zone ကနေထွက်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရဲတဲ့ သတ္တိကိုလည်း ဖော်ပြနိုင်ပါတယ်။ ဒါက တက္ကသိုလ်တွေနဲ့ အလုပ်ရှင်တွေက သင့်ဆီမှာမြင်ချင်တဲ့ အရေးကြီးတဲ့အရည်အချင်းတစ်ခုပါပဲ။
အကောင်းဆုံးကတော့ မိမိရဲ့ တမူထူးခြားတဲ့ ဖန်တီးနိုင်စွမ်း၊ အားသာချက်၊ အတွေးအခေါ်တွေကို အသုံးချဖို့။ ကြိုးစားဖို့အခွင့်အရေးရတဲ့ အချိန်တိုင်းမှာ ကြိုးစားသင့်တယ်။ အခွင့်အရေးဆိုတာက ဘာမှမဟုတ်တဲ့ အတန်းတွင်း Projectလေးတွေတို့ ကိုယ်ပိုင်လေ့လာဖန်တီးမှုလေးတွေတို့ Projectသေးသေးလေးတွေတို့ကနေစလို့ပါ။
ဥပမာ - ကျနော်ဆို ဓာတ်ပုံရိုက်ရတာကြိုက်တယ်။ ဖုန်းလေးနဲ့စမ်းရိုက်တယ်။ စမ်းEditလုပ်တယ်။ ဖုန်းတစ်လုံးနဲ့ပဲ အလင်းအမှောင်တွေ ရိုက်ပုံရိုက်နည်းတွေ Angleမျိုးစုံတွေစမ်းသပ်တယ်။ ပုံတွေကနေပြီးတော့ ကိုယ်ပြချင်တဲ့အရာတစ်ခုကို ကြိုးစားပြကြည့်တယ်။ ဘုရားသွားသွား စားသောက်ဆိုင်သွားသွား တစ်ပုံပြီးတစ်ပုံအကောင်းဆုံးဖြစ်အောင်ဖန်တီးတယ်။
အချိန်ကြာလာလေလေ ကျွမ်းကျင်လေလေပဲ။ အဲ့တုန်းကကြိုးစားဖြစ်ခဲ့တာတွေက တကယ့်တကယ်ကိုယ့်ရဲ့ပုံရိုက်နိုင်စွမ်းနဲ့အသုံးချရမယ့် အခုလိုမျိုးcontentဖန်တီးတာတွေ ကျောင်းစာအတွက် ရိုက်ရတာတွေလဲကျရော တကူးတကသင်စရာမလိုတော့ဘူး။
ပိုမိုကျွမ်းကျင်တဲ့ Freelancerတွေ Serviceပေးသူများအတွက် Portfolio contentဖန်တီးခြင်း။
ကျောင်းသားတွေထက် ပြသစရာရော Demandရော ပိုမိုများပြားတဲ့Professionalတွေအတွက်ကတော့ အတွေ့အကြုံရှိသွားပါပြီ။ ဒီအတွက် မိမိရဲ့Portfolioထဲမှာထည့်ချင်စရာတွေများပြားနေပြီ။ သို့သော် ပြသစရာအားလုံးကကောင်းမွန်နေရဲ့လား။
ပါဝင်ပစ္စည်းကောင်းမွန်နေစေဖို့အတွက် မိမိလုပ်ခဲ့သမျှအလုပ်တိုင်းကို သေသေချာချာကောင်းကောင်းမွန်မွန်လုပ်ခဲ့ပါ။ အကောင်းဆုံးသောအလုပ်၊ အပြေပြစ်ဆုံးသောဆက်ဆံရေးနဲ့ Clientတိုင်းကိုကိုယ့်ဘက်ကအပြည့်အဝပေးပါ။ တန်ရာတန်ကြေးတောင်းဆိုပါ။
၃။ အရည်အသွေးမြင့်မှတ်တမ်းတင်ခြင်း။
ကျနော်တို့ အားလုံးနီးပါး ကြုံဖူးကြမှာပါ၊ ကိုယ့်မှာ အရမ်းကောင်းတဲ့ အိုင်ဒီယာနဲ့ ဖန်တီးထားတဲ့ Project ကောင်းတစ်ခုရှိတယ်၊ ဒါပေမဲ့ အဲဒီအကြောင်းကို တခြားသူကို ပြန်ပြဖို့ကျတော့ လက်ထဲမှာ ဘာဓာတ်ပုံ၊ ဘာအထောက်အထားမှ ကောင်းကောင်းမရှိတာမျိုးပေါ့။ အလုပ်တစ်ခုပြီးသွားရင် ပြီးသွားတာပဲဆိုပြီး ထားလိုက်တတ်ကြတယ်။ တကယ်တော့ ကိုယ့်ရဲ့ တီထွင်ဖန်တီးမှု ဖြစ်စဉ်တစ်ခုလုံးကို စနစ်တကျ မှတ်တမ်းတင်ထားခြင်း (Documentation) ဟာ နောက်ထပ်ဖန်တီးမှုတစ်ခု ပြုလုပ်တာနဲ့အတူတူပါပဲ။ ဒါဟာ ကိုယ့်ရဲ့အလုပ်ကို လေးစားတန်ဖိုးထားရာလည်း ရောက်ပါတယ်။
"အရေးကြီးတာတွေ၊ ရိုက်သင့်တာတွေ၊ ထည့်သင့်တာတွေ မထည့်ဖြစ်ကြဘူး။ ထည့်ဖြစ်ရင်လဲ Quality မကောင်းဘူး။" – ဒီပြဿနာကို ကျော်လွှားဖို့အတွက် ကျနော့်ရဲ့ ကိုယ်တွေ့အကြံပြုချက်တွေကတော့ ဒီလိုပါ။
၁။ ရလဒ်တစ်ခုတည်းကို မဟုတ်ဘဲ၊ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသလို မှတ်တမ်းတင်ပါ။
သင့်ရဲ့ Project ဟာ နောက်ဆုံးပြီးသွားတဲ့ လက်ရာတစ်ခုတည်း မဟုတ်ပါဘူး။ အစ၊ အလယ်၊ အဆုံး ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်။ ကြည့်ရှုသူကို အဲ့ဒီဇာတ်လမ်းထဲ ဆွဲခေါ်သွားနိုင်ဖို့ ကြိုးစားပါ။
- ဇာတ်လမ်းအစ (The "Before"): Project မစခင်က အခြေအနေကို မှတ်တမ်းတင်ပါ။ ဗလာစာရွက်တစ်ရွက်၊ ကုန်ကြမ်းပစ္စည်းတွေ၊ ဒါမှမဟုတ် သင်ဖြေရှင်းမယ့် ပြဿနာရှိနေတဲ့ နေရာရဲ့ပုံရိပ် စသဖြင့်ပေါ့။ ဒါက သင့်ရဲ့အစပျိုးမှုကို ပြပါတယ်။
- ဇာတ်လမ်းအလယ် (The "Process"): ဒါက အရေးကြီးဆုံးနဲ့ လူအများစု မေ့လျော့နေတတ်ဆုံး အပိုင်းပါ။ သင်ဘယ်လိုတွေးခေါ်ပြီး အလုပ်လုပ်တယ်ဆိုတာကို ပြသရမယ့် အဓိကနေရာပါ။
- ဇာတ်လမ်းအဆုံး (The "After"): နောက်ဆုံးပြီးမြောက်သွားတဲ့ သင့်ရဲ့လက်ရာကို အကောင်းဆုံးဖြစ်အောင် မှတ်တမ်းတင်ပါ။
၂။ ဓာတ်ပုံ၊ ဗီဒီယိုများ အရည်အသွေးကောင်းမွန်စေရန် လက်တွေ့နည်းလမ်းများ
လူတိုင်းက ဈေးကြီးတဲ့ ကင်မရာမလိုပါဘူး၊ အလင်းကောင်းကောင်းပဲလိုတယ်။ သိပ်မှန်ပါတယ်။
- အလင်းကို အဓိကထားပါ
- နောက်ခံကို ရှင်းလင်းအောင်ထားပါ
- ရှုထောင့်မျိုးစုံကနေ ရိုက်ကူးပါ (Composition)
- သန့်ရှင်းမှုကို ဂရုပြုပါ
ဒီနေ့ခေတ် Smartphone တွေရဲ့ကင်မရာက အတော်လေးကောင်းမွန်နေပါပြီ။ အဓိကလိုအပ်တာက အလင်းရောင်ကောင်းကောင်းပါ။ ဖြစ်နိုင်ရင် ပြတင်းပေါက်ကလာတဲ့ နေ့ခင်းဘက် သဘာဝအလင်းရောင်ကို အသုံးပြုပါ။ အိမ်ထဲက မီးသီးရောင်မှိန်မှိန်လေးတွေ၊ အရိပ်ထိုးနေတဲ့ အလင်းရောင်တွေကို ရှောင်ပါ။
- အပေါ်စီးကနေ (Top-down)၊
- မျက်လုံးတည့်တည့်အမြင့်ကနေ (Eye-level)၊
- အနီးကပ်အသေးစိတ် (Close-up detail) စတဲ့ ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ပါ။
ဒီလိုရိုက်ကူးခြင်းက သင့်အလုပ်ရဲ့ အတိုင်းအတာ (Scale) နဲ့ အသေးစိတ် (Detail) ကို ပိုမိုနားလည်စေပါတယ်။ Digital အလုပ်တွေကို Screenshot ရိုက်တဲ့အခါ Resolution အမြင့်ဆုံးနဲ့ ရိုက်ပါ။ ဖုန်းတစ်လုံးနဲ့ ကွန်ပျူတာ Screen ကို ပြန်ရိုက်တာမျိုးကို ရှောင်ပါ။
ဓာတ်ပုံမရိုက်ခင် သင့်ရဲ့ Model၊ ပုံကြမ်းနဲ့ နောက်ခံပတ်ဝန်းကျင်က သန့်ရှင်းနေဖို့ သေချာစစ်ဆေးပါ။ ဖုန်အနည်းငယ် ဒါမှမဟုတ် ကော်ဖီအစွန်းအထင်းလေးတစ်ခုက ပြောင်မြောက်လှတဲ့မိမိရဲ့လက်ရာကို ထိခိုက်နိုင်ပါတယ်။
၃။ Project တစ်ခုချင်းစီအတွက် "မှတ်တမ်းစာအုပ်" (Project Log) တစ်ခု ပြုလုပ်ထားပါ။
လူဆိုတာ မေ့တတ်ပါတယ်။ Project တစ်ခုပြီးသွားတဲ့အခါ အဲဒီအကြောင်းအရာတွေက ခေါင်းထဲမှာ လတ်လတ်ဆတ်ဆတ်ရှိနေတုန်း၊ အောက်ပါအချက်တွေနဲ့ ကိုယ့်အတွက်ကိုယ် မှတ်တမ်းတစ်ခု ဖုန်းထဲမှာဖြစ်စေ၊ ကွန်ပျူတာထဲမှာဖြစ်စေ ရေးမှတ်ထားလိုက်ပါ-
- Project ခေါင်းစဉ်:
- စတင်/ပြီးဆုံးသည့်ရက်စွဲ:
- Project ၏ ရည်ရွယ်ချက်/ပြဿနာ (The Brief/Problem): ဘာကိုဖြေရှင်းဖို့၊ ဘာကိုဖန်တီးဖို့ ရည်ရွယ်ခဲ့တာလဲ။ (ဥပမာ- "ရပ်ကွက်ငယ်တစ်ခုအတွက် လူထုစာကြည့်တိုက် ဒီဇိုင်းရေးဆွဲရန်။")
- ကျွန်တော်၏ အဓိက အတွေးအခေါ်/ချဉ်းကပ်မှု (My Concept/Approach): သင့်ရဲ့ အဓိက Idea က ဘာလဲ။ (ဥပမာ- "ကျနော့် Concept ကတော့ စာကြည့်တိုက်က လူကြီးလူငယ်မရွေး ဝင်ရောက်သွားလာနိုင်ရမယ်။ အဆောက်အဦးအထဲနဲ့အပြင် ဘာတစ်ခုနဲ့မှမခြားထားသလိုဖြစ်ရမယ်။")
- ဖန်တီးမှုဖြစ်စဉ်/အဆင့်များ (Process/Development): အဓိကကျတဲ့ အဆင့်တွေကို အတိုချုံးမှတ်ထားပါ။ (ဥပမာ- "၁။ စာဖတ်ချင်တဲ့သူတွေနဲ့ အင်တာဗျူးလုပ်ပြီး လိုအပ်ချက်ကို လေ့လာခဲ့တယ်။ မတူညီတဲ့ ပုံစံ ၃ မျိုးကို Sketch Model တွေနဲ့ စမ်းသပ်ခဲ့တယ်။ ၃။ နောက်ဆုံးဒီဇိုင်းကို Revit နဲ့ ဆွဲခဲ့တယ်။")
- စိန်ခေါ်မှုများနှင့် ဖြေရှင်းမှုများ (Challenges & Solutions): ဘာတွေအခက်အခဲဖြစ်ခဲ့လဲ၊ ဘယ်လိုဖြေရှင်းခဲ့လဲ။ (ဥပမာ- "စိန်ခေါ်မှု: ကနဦးခေါင်မိုးဒီဇိုင်းက အရမ်းလေးလံနေခဲ့တယ်။ ဖြေရှင်းမှု: ပိုမိုပေါ့ပါးတဲ့ သစ်သားဘောင်ဖွဲ့စည်းပုံကို ပြောင်းလဲအသုံးပြုခဲ့တယ်။")
- ပြန်လည်သုံးသပ်ချက် (Final Reflection): ဒီ Project ကနေ ဘာသင်ခန်းစာရလိုက်လဲ၊ နောက်တစ်ခါဆိုရင် ဘာတွေကို ပိုကောင်းအောင်လုပ်မလဲ။
ဒီလိုမှတ်တမ်းလေးတစ်ခု ပြုလုပ်ထားခြင်းက လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာပြီးနောက် Portfolio ပြန်လုပ်တဲ့အခါ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အချုပ်ပြောရရင်၊ Documentation ဆိုတာ အလုပ်ပြီးမှလုပ်ရတဲ့ နောက်ဆက်တွဲအလုပ်တစ်ခုမဟုတ်ဘဲ၊ ဖန်တီးမှုဖြစ်စဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို အမြဲသတိရပါ။
ဒီလိုနည်းလမ်းတွေနဲ့ အရည်အသွေးမီတဲ့ Project တွေကို စနစ်တကျစုဆောင်းမှတ်တမ်းတင်ထားပြီးပြီဆိုရင်တော့၊ နောက်တစ်ဆင့်ဖြစ်တဲ့ သင်ရဲ့ Portfolio ကို ဆွဲဆောင်မှုရှိရှိ ဘယ်လိုတည်ဆောက်တင်ဆက်မလဲ၊ ဘယ်လို Platform တွေသုံးမလဲဆိုတာကို 'Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၂)' မှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။