"Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၂) - စနစ်တကျတည်ဆောက်ခြင်းနှင့် ဆွဲဆောင်မှုရှိသော တင်ဆက်ခြင်း

"Portfolio တည်ဆောက်ခြင်း အနုပညာ (အပိုင်း ၂) - စနစ်တကျတည်ဆောက်ခြင်းနှင့် ဆွဲဆောင်မှုရှိသော တင်ဆက်ခြင်း

Portfolio တည်ဆောက်ခြင်း အနုပညာရဲ့ [အပိုင်း (၁)](Link to Part 1) မှာတုန်းက Portfolio တစ်ခုရဲ့ အရေးပါပုံ၊ ကိုယ့်ရဲ့အရည်အသွေးကိုပြသနိုင်မယ့် Project တွေကို ဘယ်လိုဖန်တီးမလဲ၊ ပြီးတော့ အဲ့ဒီအလုပ်တွေကို အရည်အသွေးမြင့်မြင့်နဲ့ ဘယ်လိုမှတ်တမ်းတင် (Document) ရမလဲဆိုတာကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

အခု သင့်လက်ထဲမှာ အရည်အသွေးမီတဲ့ ကုန်ကြမ်းတွေ (သင့်ရဲ့ Project များနဲ့ မှတ်တမ်းများ) အဆင်သင့်ရှိနေလောက်ပြီလို့ ယူဆပါတယ်။ ဒီအပိုင်း (၂) မှာတော့ အဲဒီကုန်ကြမ်းတွေကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ Portfolio တစ်ခုအဖြစ် ဘယ်လိုအသက်သွင်းမလဲ၊ ဘယ်လိုတည်ဆောက်တင်ဆက်မလဲဆိုတာကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ "တင်ဆက်ခြင်း အနုပညာ (The Art of Presentation)" ရဲ့ အခန်းကဏ္ဍ။

ဒါကတော့ "Facebook Pageမှာ လုပ်ဖူးခဲ့သမျှအလုပ်အကုန်လုံးဖော်ပြတဲ့ပုံစံ" ထက်ပိုမိုအသေးစိတ်ပါတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီအောင် Tailoredဖြစ်အောင် ပြင်ဆင်ဆောင်ရွက်တာမျိုးပါ။

မိမိPortfolioရဲ့တစ်မျက်နှာချင်းဆီကို ကိုယ့်လောက်အချိန်ပေးလှန်ကြည့်နေမှာ မဟုတ်ပါဘူး။ မြန်မြန်ဆန်ဆန်ပဲဖတ်၊ နောက်တစ်ရွက်၊ နောက်တစ်ရွက်လှန်သွားကြမှာပါ။ ဒီအတွက် ဒါတွေလုပ်ရတာဖြစ်ပါတယ်။


၁. Portfolio တွင် ဘာတွေထည့်သွင်းသင့်လဲ? (What to Include?)

က။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ (Quality over Quantity)

ကိုယ်လုပ်ခဲ့တဲ့Projectတိုင်းအလုပ်တိုင်းကိုတော့ လူတိုင်းက ထည့်သွင်းချင်ကြတာကြီးပဲ။ အကုန်လုံးမှာလဲ မတူညီတဲ့အခက်အခဲတွေ မတူညီတဲ့ဖြေရှင်းချက်တွေ အောင်မြင်မှုတွေ ရှိနေကြတာကိုး။ သို့သော် အဲ့ထဲကမှအကောင်းဆုံးသော Projectတွေကိုပဲ ထည့်သွင်းပြသရတတ်ပါတယ်။ နောက်တစ်နည်းကတော့ ကိုယ့်ရဲ့ရည်မှန်းချက်၊ ကိုယ်ပြသချင်တဲ့အရာ၊ ကိုယ်ဦးတည်ချင်တဲ့သူတွေ ဒါတွေပေါ်လွင်တဲ့အလုပ်တွေကိုဦးစားပေးထည့်သွင်းဖို့။

သင့်ရဲ့ သာမန်အဆင့်ရှိတဲ့ Project အခု ၃၀ ကို ထည့်သွင်းပြသတာထက်၊ သင်တကယ်ဂုဏ်ယူပြီး သင့်အရည်အချင်းကို အကောင်းဆုံးထင်ဟပ်စေတဲ့ မတူကွဲပြားတဲ့ Project ၅ ခု ကနေ ၁၀ ခုလောက်ကိုပဲ သေသေချာချာပြသခြင်းက အဆပေါင်းများစွာ ပိုပြီးထိရောက်ပါတယ်။

ဒါက သင်ဟာ အရည်အသွေးကို ပိုင်းဖြတ်နိုင်ပြီး ကိုယ့်အလုပ်ကိုယ်တိုင် တည်းဖြတ်နိုင်စွမ်း (Self-edit) ရှိတယ်ဆိုတာကိုလည်း ပြသရာရောက်ပါတယ်။ ဒီတော့

ခ။ အကောင်းဆုံး Project တွေကို ဘယ်လိုရွေးချယ်မလဲ?

  • သင့်ရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ Project တွေ: အခြေခံလိုအပ်ချက်ပါ။ သင်ကArchitectတစ်ဦး၊ 3D Modellingအတွက်အလုပ်လျှောက်မယ်ဆိုရင် Modellingနဲ့သက်ဆိုင်တဲ့Projectတွေကို ဦးစားပေးထည့်သွင်းပါ။ သင်ပုံဆွဲတတ်တာတွေ ဓာတ်ပုံရိုက်တွေကို အနည်းအကျဥ်းလောက်သာထည့်သွင်းဖို့ပါ။
  • သင့်ရဲ့ အဓိကကျွမ်းကျင်မှုနဲ့ အားသာချက်ကို ပြသနိုင်တဲ့ Project တွေ: အလုပ်လုပ်တဲ့အခါသင့်အနေနဲ့ အမျိုးမျိုးစမ်းသပ်လုပ်ဆောင်ခဲ့တာတွေရှိမယ်။ တချို့အလုပ်တွေက ကိုယ်နဲ့ကိုက်ညီတယ် တချို့မကိုက်ညီဘူး။ သင်က ဘယ်အပိုင်းမှာ အားသာလဲဆိုတာကို ထင်ရှားစေမယ့် အလုပ်တွေကို ရွေးပါ။
  • သင်ကိုယ်တိုင် အနှစ်သက်ဆုံးနဲ့ စိတ်အားထက်သန်စွာ ပြောပြနိုင်တဲ့ Project တွေ: အင်တာဗျူးမှာ ဆွေးနွေးတဲ့အခါ သင်ဘာကြောင့် ဒီဒီဇိုင်းကို ဒီလိုလုပ်ခဲ့တယ်ဆိုတာကို စိတ်အားထက်သန်စွာ ရှင်းပြနိုင်တဲ့ Project မျိုးကို ရွေးချယ်ပါ။

ဂ။ ဖန်တီးမှုဖြစ်စဉ် (Process) ကို ထည့်သွင်းပြသပါ

"ပြီးမြောက်သွားတဲ့ နောက်ဆုံးလက်ရာက သင် 'ဘာလုပ်နိုင်တယ်' ဆိုတာကို ပြသတယ်။ သင်လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ် (Process) ကတော့ သင် 'ဘယ်လိုတွေးခေါ်တယ်' ဆိုတာကို ပြတယ်"။

ဒါကြောင့်မို့လို့ နောက်ဆုံးရလဒ်ပုံချည်းပဲ ပြသတာထက်၊ အဲဒီရလဒ်ကိုရဖို့ သင်ဘယ်လိုအဆင့်ဆင့်ကြိုးစားခဲ့တယ်ဆိုတဲ့ Process ကို ထည့်သွင်းပြသဖို့ မမေ့ပါနဲ့။ ဒါက သင်ဟာ တီထွင်ဖန်တီးနိုင်ရုံသာမက၊ ပြဿနာတွေကို စနစ်တကျတွေးခေါ်ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။

  • ကနဦး ပုံကြမ်း (Sketches) တွေ၊
  • မအောင်မြင်ခဲ့တဲ့ စမ်းသပ်မှုတွေ ကျရှုံးမှုတွေ၊
  • စိန်ခေါ်မှုတွေကိုကျော်လွှားခဲ့ပုံတွေ၊ ဘာကြောင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့တယ်

ဆိုတဲ့ ရှင်းလင်းချက်စာတိုလေးတွေက သင့် Portfolio ကို ပိုပြီးအသက်ဝင်စေပါတယ်။

ဃ။ လိုအပ်သော နောက်ခံအချက်အလက်များ

သင့်ကို အလုပ်အပ်ချင်တဲ့သူ၊ အလုပ်ခန့်ချင်တဲ့သူအတွက် လွယ်ကူအောင် လမ်းဖွင့်ပေးထားဖို့က အရေးကြီးပါတယ်။

  • CV/Resume - Professional ကျကျရေးသားထားတဲ့ ကိုယ်ရေးအကျဉ်း
  • About Me - သင့်အကြောင်း၊ သင့်ရဲ့ဖန်တီးမှုအပေါ်ထားတဲ့ ခံယူချက်တွေကို တိုတိုနဲ့ထိထိမိမိရေးသားထားတဲ့ အပိုင်း။
  • Contact - သင့်ကို အလွယ်တကူဆက်သွယ်နိုင်မယ့် အီးမေးလ်၊ ဖုန်းနံပါတ်/ Social Media Link တွေကို ထင်ထင်ရှားရှားထည့်သွင်းပေးပါ။

င။ ထပ်မံဖြည့်စွက်နိုင်သော နောက်ခံအချက်အလက်များ (Great to Have):

  • Reviews - သုံးစွဲသူ/ဖောက်သည်များ၏ သုံးသပ်ချက်များ (ဖောက်သည် (Client) တွေ၊ အလုပ်ရှင်တွေ၊ ဆရာတွေ၊ အလုပ်သင်ဆင်းခဲ့စဉ်က Supervisorတွေရဲ့ ကောင်းမွန်တဲ့သုံးသပ်ချက်၊ အမှာစကားအတိုလေးတွေ)
  • Skills/Expertise - Software Skills (Adobe Creative Suite, AutoCad, Final Cut Pro,..) ၊ Technical Skills (Photography, Model Making, Technical Drawing, ..) ၊ Soft Skills (Project Management, Teamwork, Communication,..) စတဲ့ ကျွမ်းကျင်မှုတွေ
  • Services Offered - သင့်ဆီကရရှိနိုင်တဲ့ဝန်ဆောင်မှုတွေ (ဥပမာ - ဓာတ်ပုံဆရာတစ်ယောက်ဆိုရင် "Wedding Photography", "Portrait Sessions", "Event Coverage" စသဖြင့် ခွဲခြားဖော်ပြနိုင်ပါတယ်)
  • Awards, Recognition, Publications - သင်ရရှိခဲ့တဲ့ ဆုတွေ၊ ပြိုင်ပွဲအောင်မြင်မှုတွေ၊ သင့်ရဲ့အလုပ်ကို မဂ္ဂဇင်း သို့မဟုတ် Website တစ်ခုခုမှာ ဖော်ပြခံခဲ့ရတာတွေရှိရင်၊ ဒီအပိုင်းက သင့်ရဲ့အရည်အသွေးနဲ့ ဂုဏ်သိက္ခာကို အများကြီးတိုးမြှင့်ပေးနိုင်ပါတယ်။
  • Blogs/Articles - Moe Notesကိုရေးနေသလိုမျိုး ကိုယ့်နယ်ပယ်နဲ့ပတ်သက်တဲ့ဆောင်းပါးတွေ အတွေးအမြင်တွေ ရေးသားထားတဲ့ Blog တစ်ခုရှိခဲ့လျှင် ဒါကို ချိတ်ဆက်ပေးထားခြင်းက သင့်ကို အလုပ်လုပ်တတ်သူတစ်ဦးဖြစ်ရုံသာမက အတွေးအခေါ်ရှိတယ် ကိုယ့်ပတ်ဝန်းကျင်ကို ပြန်လည်မျှဝေတတ်တဲ့သူတစ်ဦးအဖြစ်ပါမြင်စေတယ်။ သင့်အကြောင်းကို သိချင်တဲ့သူတစ်ယောက်က သင့်စာလေးတစ်ပုဒ်ဖတ်လိုက်တာနဲ့ သင်ဘာဆိုတာ နားလည်သွားမယ် ဒီလိုပါ။

CVနဲ့တော့နည်းနည်းလေးဆင်သွားမယ်။ တကယ်တော့ ဒီအချက်တွေအားလုံးကို ထည့်သွင်းဖို့မလိုအပ်ပေမယ့်၊ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီမယ့် အချက်တစ်ချို့ကို ရွေးချယ်ဖြည့်စွက်ခြင်းအားဖြင့် သင့်ရဲ့ Portfolio ကို သာမန် Portfolio တွေကြားထဲကနေ ထင်ရှားပေါ်လွင်စေမှာဖြစ်တယ်။ သင့်ကိုအလုပ်အပ်ချင်၊ ခန့်ချင်တဲ့သူတွေအတွက် ဆုံးဖြတ်ချက်ချရ ပိုမိုလွယ်ကူသွားစေပါလိမ့်မယ်။


၂. Portfolio ကို ဘယ်လိုစနစ်တကျစုစည်းမလဲ? (How to Organize Your Portfolio?)

က။ Category ခွဲခြားခြင်း

တကယ်ဖန်တီးတဲ့အပိုင်းရောက်လာပါပြီ။ သင့်ရဲ့ Project တွေက ဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေဆိုရင်၊ သင်စုစည်းတင်ဆက်ပုံကတော့ ဇာတ်ညွှန်းပါပဲ။ ရှင်းလင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ညွှန်းတစ်ခု တည်ဆောက်ဖို့လိုပါတယ်။

  • အချိန်ကာလအလိုက် စုစည်းခြင်း (Chronological)
  • Project အမျိုးအစားအလိုက် စုစည်းခြင်း (Categorical)
  • အကြောင်းအရာအလိုက် စုစည်းခြင်း (Thematic)

အချိန်ကာလအလိုက် စုစည်းခြင်း (Chronological)ဆိုတာက အရိုးရှင်းဆုံးနဲ့ အသုံးများတဲ့နည်းလမ်းတစ်ခုပါ။ သင့်ရဲ့ တိုးတက်မှုကို အချိန်နဲ့အမျှ ခြေရာခံပြသနိုင်ပါတယ်။ တဖြည်းဖြည်းချင်းတိုးတက်လာတဲ့Experienceနဲ့ပြည့်စုံလာတဲ့သူတစ်ဦးအဖြစ်မြင်တွေ့နိုင်တယ်။ ကျောင်းသားတွေအတွက် အထူးသင့်တော်ပါတယ်။ ဒါပေမဲ့ ကြည့်ရှုသူကို အရင်ဆုံးဆွဲဆောင်နိုင်ဖို့ သင့်ရဲ့ နောက်ဆုံးပေါ်နဲ့ အကောင်းဆုံးအလုပ်တွေကို အစပိုင်းမှာ ထားသင့်ပါတယ်။

Project အမျိုးအစားအလိုက်စုစည်းတာက ကျွမ်းကျင်မှုနယ်ပယ်စုံတဲ့ Professional တွေအတွက် အကောင်းဆုံးပါပဲ။ ဥပမာ - ဓာတ်ပုံဆရာဆိုရင် "Portraits", "Weddings", "Products" ဆိုပြီး ခေါင်းစဉ်ခွဲတွေနဲ့ စုစည်းနိုင်သလို၊ Designer ဆိုရင်လည်း "Branding", "UI/UX", "Print Design" ဆိုပြီး ခွဲခြားပြသနိုင်ပါတယ်။

အကြောင်းအရာအလိုက် စုစည်းခြင်း (Thematic)ကတော့ ပိုမိုအဆင့်မြင့်တဲ့ချဥ်းကပ်မှုပုံစံဖြစ်တယ်။ တူညီတဲ့အတွေးအခေါ်ခေါင်းစဥ်တစ်ခုအောက်မှာရှိတဲ့ Projectတွေကိုစုစည်းပြသတာမျိုးပါ။ ဥပမာ - "လူထုအကျိုးပြုဒီဇိုင်းများ"၊ "ရေရှည်တည်တံ့မှုဆိုင်ရာ Projectများ"စသဖြင့်ပေါ့။ သေသေချာချာတွေးခေါ်ပြီး ချဥ်းကပ်ထားတာကိုပေါ်လွင်စေတယ်။

အခုမှစလုပ်မယ့်သူတွေအတွက်တော့ အချိန်ကာလအလိုက်စုစည်းကြည့်ပါ။ လုပ်တတ်လာပြီ ကဏ္ဍအလိုက်ခွဲရလောက်တဲ့အထိ ကုန်ကြမ်းများလာပြီဆို ကဏ္ဍအလိုက်ခွဲခြားပါ။ အကောင်းဆုံးတွေကို ခွဲထုတ်ပါ။

ခ။ Layout ၏အရေးပါပုံ

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ Layout (စာမျက်နှာဖွဲ့စည်းပုံ) ပါ။ သင့်ရဲ့ Portfolio ကို ဘယ်လိုစီစဉ်ထားလဲဆိုတာက အလွန်အရေးကြီးပါတယ်။ ဆိုပါစို့၊ ဆိုင်တစ်ဆိုင်က ရှုပ်ပွနေရင် အထဲမှာ ဘယ်လောက်ပဲကောင်းတဲ့ပစ္စည်းတွေရှိရှိ ဝယ်ချင်စိတ်ရှိမှာမဟုတ်ပါဘူး။ ထိုနည်းလည်းကောင်းပါပဲ၊ ရှုပ်ထွေးနေတဲ့ Portfolio Layout က ကြည့်ရှုသူကို စိတ်ရှုပ်ထွေးစေပြီး သင်ပြသချင်တဲ့ အကောင်းဆုံးအရာတွေကိုတောင် သတိမထားမိဘဲ ကျော်သွားစေနိုင်ပါတယ်။

ဒီအတွက် စာ (Text) နှင့် ပုံ (Image) ကို ဟန်ချက်ညီအောင် စီစဉ်ပါ: စာတွေချည်းပဲ ပြည့်ကျပ်နေရင် ဖတ်ရှုသူအတွက် ငြီးငွေ့စရာကောင်းပြီး၊ ပုံတွေချည်းပဲ စာသားရှင်းလင်းချက်မပါဘဲ ပြည့်နေပြန်ရင်လည်း သင်ဘာကိုဆိုလိုချင်မှန်း နားလည်ရခက်စေပါတယ်။

အဖြူရောင်နေရာလပ် (Blank Space)ကို ထိရောက်အောင်အသုံးပြုပါ။ သင့်ဒီဇိုင်းကို အသက်ရှူခွင့်ပေးပါ။ Professional ဆန်တဲ့၊ တန်ဖိုးကြီးတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။

နောက်တစ်ခုက Visual Hiearchy ရှိပါစေ။ စာမျက်နှာပေါ်က အရာအားလုံးက အရေးကြီးပုံအဆင့်အတန်းချင်းမတူပါဘူး။ သင်က ကြည့်ရှုသူကို ဘယ်အရာကို အရင်ကြည့်စေချင်လဲ၊ ဘယ်ဟာက ဒုတိယလဲဆိုတာကို ဒီဇိုင်းနဲ့ လမ်းညွှန်ပေးရပါမယ်။

  • အရွယ်အစား (Size): အဓိကခေါင်းစဉ်ကို အကြီးဆုံးဖြစ်အောင်ထားပါ။ ခေါင်းစဥ်အခွဲလေးတွေဆို ထပ်သေးလိုက်။ စာကိုယ်တို့ စာတမ်းထိုးလေးတွေတို့ဆို ပိုသေးအောင်လုပ်ပါ။
  • အရောင် (Color): အဓိကကျတဲ့အချက်တွေကို ထင်ရှားတဲ့အရောင် (Accent Color) သို့မဟုတ် Bold (ပိုမည်းနက်စေတဲ့Style)အသုံးပြုပါ။
  • နေရာချထားမှု (Placement): စာမျက်နှာရဲ့ အပေါ်ပိုင်းမှာရှိတဲ့အရာတွေကို လူတွေက အရင်ဆုံးမြင်လေ့ရှိပါတယ်။ အပေါ်ကနေအောက်ကိုဆင်းပါ။
  • Grid System ကို အသုံးပြုပါ: သင့်ရဲ့ စာသားတွေ၊ ပုံတွေကို Grid (ဇယားကွက်) တစ်ခုပေါ်မှာ စနစ်တကျ alignment ညှိပြီး နေရာချထားပါ။ ဒါက သင့်ရဲ့ Layout ကို တည်ငြိမ်ပြီး စနစ်တကျရှိတဲ့ ခံစားချက်ကိုပေးပါတယ်။

Designကို အရမ်းမစိုးရိမ်ပါနဲ့။ ကိုယ်ပြောချင်တဲ့အရာတွေအကုန်လုံးပါတယ်။ စာနဲ့ပုံ သေသေသပ်သပ်လေးထည့်သွင်းထားတယ်။ ဒီလောက်ဆိုအဆင်ပြေပါပြီ။


၃။ Portfolio Page တစ်ခုတွင် ပါဝင်လေ့ရှိသော အကြောင်းအရာ အစိတ်အပိုင်းများ

  • Heading / Title (အဓိကခေါင်းစဉ်): Project ရဲ့ နာမည်ပါ။ ကြီးမားပြီး ထင်ရှားပေါ်လွင်သင့်ပါတယ်။
  • Subtitle (ခေါင်းစဉ်ငယ် / ဖော်ပြချက်စာတန်း): အဓိကခေါင်းစဉ်အောက်ကနေ Project ရဲ့ အနှစ်သာရကို တစ်ကြောင်းတည်းနဲ့ အတိုချုပ်ဖော်ပြတဲ့ စာတန်းပါ။ (ဥပမာ - Heading: လူထုစာကြည့်တိုက် | SubTitle: ရပ်ကွက်ငယ်လေးတစ်ခုအတွက် ရေရှည်တည်တံ့သော အများပြည်သူ့နေရာ)။
  • Body Text (စာကိုယ်): Project အကြောင်း အသေးစိတ်ရှင်းလင်းချက်ဖြစ်တယ်။ စာပိုဒ်ရှည်ကြီးတစ်ခုတည်းမရေးဘဲ ခေါင်းစဉ်ခွဲလေးတွေနဲ့ စာပိုဒ်တိုလေးတွေခွဲပြီး ရေးသားသင့်ပါတယ်။
  • Images / Videos (ပုံများ / ဗီဒီယိုများ): သင့်အလုပ်ရဲ့ အဓိကသက်သေအထောက်အထားတွေပါ။
  • Captions / Annotations (ပုံစာတန်းထိုး / ရှင်းလင်းချက်များ): ပုံတစ်ပုံချင်းစီရဲ့အောက်မှာ ဒါက ဘာပုံလဲ၊ ဘာကိုဆိုလိုသလဲဆိုတာကို အတိုချုံးရှင်းပြတဲ့ စာတန်းပါ။ Annotation ဆိုတာကတော့ ပုံပေါ်မှာတင်ရှင်းလင်းချင်တဲ့အခါ မြှားလေးတွေနဲ့ စာတိုလေးတွေထိုးပြီး ရှင်းပြတာဖြစ်ပါတယ်။
  • Pull Quotes / Key Takeaways (အသားပေးဖော်ပြချက် / အဓိကသင်ခန်းစာ): စာကိုယ်ထဲက အရေးကြီးဆုံးဝါကျ ဒါမှမဟုတ် သင်ခန်းစာတစ်ခုကို Font အကြီးကြီး၊ ဒီဇိုင်းပုံစံတစ်မျိုးနဲ့ သီးသန့်အသားပေးဖော်ပြခြင်းပါ။ ဒါက စာအရှည်ကြီးမဖတ်ချင်တဲ့သူတွေကိုတောင် အဓိကအချက်ကို မြင်သွားစေပါတယ်။
  • Links / Call to Action (CTA) - ကြည့်ရှုသူကို ဆက်လုပ်စေချင်တာတစ်ခုခုပေါ့။ ဥပမာ - "လူထုစာကြည့်တိုက်ဘာကြောင့်လိုအပ်တာလဲ" ဆိုတဲ့ ဗီဒီယိုအရှည်ကြီးရိုက်ထားတယ်။ Linkလေးတစ်ခုထည့်ထားတယ်။ ကြည့်ချင်ရင်နှိပ်ပါ ဆိုတာမျိုးပေါ့။
  • Credits / Team Members: အဖွဲ့နဲ့လုပ်ဆောင်ခဲ့တဲ့ Project ဖြစ်တယ်။ ဒီအတွက် ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေရဲ့နာမည်နဲ့ ကိုယ့်ရဲ့အခန်းကဏ္ဍ (My Role: Lead Designer) ကို ရိုးသားစွာဖော်ပြရပါမယ်။ Professional ကျမှုကို ပြသရာရောက်ပါတယ်။
  • References / Citations (ကိုးကားချက်များ): သင့် Project မှာ ပြင်ပက သုတေသနတွေ၊ စာအုပ်စာတမ်းတွေကို ကိုးကားအသုံးပြုခဲ့တယ်ဆိုရင်၊ အဲဒီ Source တွေကို ဖော်ပြပေးခြင်းက ပညာရပ်ဆိုင်ရာ ရိုးသားမှုကိုပြပါတယ်။

၄. Portfolio ပြသရန် Platform/Medium ရွေးချယ်ခြင်း (Choosing a Platform/Medium)

သင်ဘယ် Platform ကိုရွေးချယ်မလဲဆိုတာက သင့်ရဲ့လုပ်ငန်းနယ်ပယ်နဲ့ ရည်ရွယ်ချက်အပေါ်မှာ မူတည်ပါတယ်။

က။ ဒစ်ဂျစ်တယ် Portfolio (Digital Portfolio): ဒါကတော့ ဒီနေ့ခေတ်ရဲ့ အဓိကစံနှုန်းပါပဲ။

  • PDF format: ဒါကတော့ ဘက်စုံအသုံးဝင်ဆုံးပါပဲ။ အီးမေးလ်ကနေ အလွယ်တကူပို့လို့ရတယ်၊ format မပျက်ဘူး၊ လျှောက်လွှာတစ်ခုချင်းစီအတွက် လိုသလိုပြင်ဆင်ပြီး သီးသန့်ဖိုင်တွေဖန်တီးနိုင်တယ်။ ဒါပေမဲ့ ဖိုင်ဆိုဒ်ကြီးလာနိုင်တာကိုတော့ သတိပြုရပါမယ်။ ဒါကတော့ ဖိုင်ရှိတဲ့လူနည်းစုပဲကြည့်လို့ရမယ်။
  • Online Portfolio Platforms (ဥပမာ - Behance, Adobe Portfolio, Dribbble): ဒီဇိုင်နာတွေ၊ ဖန်တီးသူတွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ Platform တွေပါ။ Coding မလိုဘဲ အလွယ်တကူတည်ဆောက်နိုင်တဲ့ Platform တွေလဲရှိတယ်။ Free သို့မဟုတ် သက်သာတဲ့နှုန်းထားနဲ့တည်ဆောက်နိုင်တယ်။ တခြားဖန်တီးသူတွေရဲ့အလုပ်တွေကို လေ့လာနိုင်သလို၊ ကိုယ့်အလုပ်ကိုလည်း သူများတွေရှာဖွေတွေ့ရှိနိုင်ခြေများပါတယ်။
  • ကိုယ်ပိုင် Website (ဥပမာ - Squarespace, Wix, WordPress ဖြင့်တည်ဆောက်ခြင်း): ဒါကတော့ Professional အဆန်ဆုံးနဲ့ သင့်ရဲ့ Brand ကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ နည်းလမ်းပါ။ ကိုယ်ပိုင် domain name (ဥပမာ ကျနော် Moenotes dot com) နဲ့အတူ သင့်ရဲ့ Portfolio ကို တည်ဆောက်နိုင်ပါတယ်။ ကုန်ကျစရိတ်ရှိတယ်၊ တည်ဆောက်ထိန်းသိမ်းဖို့ အချိန်ပိုပေးရတတ်ပါတယ်။
  • Social Media (Facebook Page, Instagram): ဓာတ်ပုံ၊ အလှအပ၊ အစားအသောက်၊ ပန်းအလှပြင်ခြင်းလိုမျိုး မြင်တွေ့ရတဲ့အရာ (Visual) ကို အဓိကထားတဲ့ လုပ်ငန်းတွေအတွက် အလွန်ထိရောက်ပါတယ်။ Follower တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ပြီး ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုနဲ့ Personality ကို ပြသနိုင်ပါတယ်။ ဒါပေမဲ့ Professional Portfolio တစ်ခုရဲ့နေရာမှာ အပြည့်အဝအစားထိုးလို့မရနိုင်သလို၊ အခြားကြော်ငြာတွေ၊ ပို့စ်တွေနဲ့ ရှုပ်ထွေးနေတတ်ပါတယ်။

ကျနော့်ရဲ့အကြံပြုချက်: အကောင်းဆုံးကတော့ ဒီ Platform တွေကို ပေါင်းစပ်အသုံးပြုဖို့ပါပဲ။ ကိုယ်ပိုင် Website ဒါမှမဟုတ် Behance လို Platform တစ်ခုကို အဓိကအချက်အချာ (Central Hub) အဖြစ်ထားရှိပြီး၊ PDF ကိုတော့ အလုပ်လျှောက်လွှာတွေအတွက် အသုံးပြုကာ၊ Social Media ကိုတော့ သင့်ရဲ့ Hub ဆီကို လူတွေရောက်လာအောင် ဆွဲဆောင်ဖို့နဲ့ ပရိသတ်နဲ့ထိတွေ့ဆက်ဆံဖို့ အသုံးပြုနိုင်ပါတယ်။

ခ။ ရုပ်ပိုင်းဆိုင်ရာ Portfolio (Physical Portfolio):

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ အရာအားလုံးက အွန်လိုင်းပေါ်ရောက်နေပေမယ့်၊ လက်နဲ့ကိုင်တွယ်ကြည့်ရှုလို့ရတဲ့ Physical Portfolio ရဲ့တန်ဖိုးကတော့ အချို့နယ်ပယ်တွေမှာ ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။ အထူးသဖြင့် ဗိသုကာ၊ အနုပညာ၊ ဖက်ရှင်ဒီဇိုင်းနဲ့ ဂရပ်ဖစ်ဒီဇိုင်းလိုနယ်ပယ်တွေက လူတွေ့အင်တာဗျူးတွေမှာ ဒါက အလွန်အရေးပါနေဆဲပါ။

  • အားသာချက်: လူကိုယ်တိုင်တွေ့ဆုံတဲ့အခါ အလွန်ထိရောက်တယ်။ သင့်ရဲ့အလုပ်တွေကို အလွယ်တကူရှင်းပြလို့ရနိုင်တယ်။ မှတ်လို့ရတယ်။ ထားခဲ့နိုင်တယ်။ ပိုနက်ရှိုင်းတဲ့ဆက်သွယ်မှုတစ်ခုရစေတယ်။
  • အားနည်းချက်: ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်များပြားတယ်၊ အလွယ်တကူမျှဝေလို့မရဘူး၊ ပြင်ဆင်မွမ်းမံဖို့ ခက်ခဲပါတယ်။
  • အကြံပြုချက်: အကယ်၍ သင့်နယ်ပယ်က Physical Portfolio လိုအပ်တယ်ဆိုရင်၊ အရည်အသွေးကောင်းမွန်တဲ့ Binder သို့မဟုတ် Portfolio Case တစ်ခုမှာ ရင်းနှီးမြှုပ်နှံပါ။ ပုံနှိပ်လုပ်ငန်းစဉ်ကို အထူးဂရုပြုပြီး အရောင်အသွေးနဲ့ ကြည်လင်ပြတ်သားမှုကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ

၅။ နောက်ဆုံးအချောသတ် အကြံပြုချက်များ (Final Polishing Tips)

သင့် Portfolio ရဲ့ အခြေခံဖွဲ့စည်းပုံနဲ့ တင်ဆက်ပုံကို နားလည်သွားပြီဆိုရင်တော့၊ နောက်ဆုံးအနေနဲ့ သင့်ကို သာမန်တွေကြားထဲကနေ တကယ်ကို Amazing ဖြစ်သွားစေမယ့် အောက်ပါအကြံပြုချက်တွေကို ထပ်မံမျှဝေချင်ပါတယ်။

က။ သင်၏ Portfolio ကို Brand တစ်ခုအဖြစ် တည်ဆောက်ခြင်း (Building Your Brand)

ဒါက သင့်ရဲ့အလုပ်စုစည်းမှုကို "Brand" တစ်ခုအဖြစ် ပြောင်းလဲပေးမယ့်အရာပါ။ လူတွေက သင့်ရဲ့အလုပ်ကိုသာမက၊ သင့်ကိုပါ အမှတ်ရနေစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

  • တသမတ်တည်းရှိသော Branding:
    • Logo: သင့်အတွက် ရိုးရှင်းပြီး Professional ဆန်တဲ့ Logo ဒါမှမဟုတ် သင့်နာမည်ကို ပုံစံတစ်ခုနဲ့ ဖန်တီးပါ။ ဒီ Logo ကို သင့် Portfolio, CV, Website, Social Media အားလုံးမှာ တသမတ်တည်းသုံးပါ။
    • အရောင် (Color Scheme): သင့် Brand ကို ကိုယ်စားပြုမယ့် အရောင် ၂-၃ ရောင်ကို ရွေးချယ်ပြီး Portfolio တစ်ခုလုံးမှာ နေရာတကျအသုံးပြုပါ။ ဒါက အမြင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုနဲ့ မှတ်မိလွယ်မှုကို ဖြစ်စေပါတယ်။
    • စာလုံး (Typography): ဖတ်ရှုရလွယ်ကူပြီး Professional ဆန်တဲ့ Font ၁-၂ မျိုးကိုပဲ ရွေးချယ်အသုံးပြုပါ။ ခေါင်းစဉ်အတွက် Font တစ်မျိုး၊ စာကိုယ်အတွက် Font တစ်မျိုးဆိုရင် လုံလောက်ပါတယ်။

ခ။ လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းကောင်းများနှင့် အားပေးစကား

  • Portfolio တည်ဆောက်တယ်ဆိုတာက အချိန်နဲ့တပြေးညီလုပ်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အမှန်တကယ် Portfolio ကောင်းတစ်ခုဖန်တီးတယ်ဆိုတာက တစ်ထိုင်တည်းလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ကိုယ်စလုပ်လုပ်ခြင်းအချိန်ကနေစလို့ အချိန်နဲ့တပြေးညီ စာတွေမှတ်ရတယ်၊ ပုံတွေရိုက်ရတယ်၊ သေချာစနစ်တကျစုဆောင်းရတယ်၊ File တွေ ပြန်စီရတယ်။ ဒါဟာ ချက်ချင်းလက်ငင်းအကျိုးကျေးဇူးမမြင်ရတတ်တဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ Gym ဆော့သလိုပါပဲ၊ တစ်ရက်နှစ်ရက်နဲ့တော့ ရလဒ်ထွက်မှာမဟုတ်ပေမယ့်၊ စွဲစွဲမြဲမြဲလုပ်သွားရင် အနာဂတ်မှာ သင့်ကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။
  • ကျွန်တော့်ရဲ့ ကိုယ်ပိုင် Workflow - "အရန်သင့်ဖြစ်နေစေဖို့": ကျနော်ဆိုရင်တော့ တစ်ပတ်တစ်ခါ ပိတ်ရက်မှာ အဲဒီတစ်ပတ်အတွင်း လုပ်ခဲ့သမျှအလုပ်တွေ၊ ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေ၊ စာရွက်တွေ၊ ပစ္စည်းတွေ အကုန်လုံးကို Digital Format ပြောင်းလို့ရသလောက်ပြောင်းတယ်။ အဲဒါတွေကို သီးသန့် Folder တစ်ခုတည်းမှာ စနစ်တကျသိမ်းစည်းတယ်။ ပြီးရင် အရေးကြီးဆုံးက အရန်သိမ်းဆည်းခြင်း (Backup) ပါ။ ကျွန်တော်ကတော့ External Hard Drive ထဲမှာ တစ်စုံသိမ်းသလို၊ Google Drive လိုမျိုး Cloud Storage ပေါ်မှာလည်း တစ်စုံတင်ထားပါတယ်။ ဒီလိုလုပ်ထားခြင်းအားဖြင့် ကွန်ပျူတာတစ်ခုခုဖြစ်သွားရင်တောင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အလုပ်တွေ လုံးဝမပျောက်မရှတော့ဘူးဆိုတာ သေချာပါတယ်။
  • ပြီးပြည့်စုံဖို့ မစောင့်ပါနဲ့၊ စတင်လိုက်ပါ: နောက်တစ်ခုက Facebook Page တို့၊ ကိုယ်ပိုင် Website တို့ တည်ထောင်ရမယ်ဆိုတာက အခုမှစလုပ်မယ့် မိတ်ဆွေတွေအတွက် အလှမ်းဝေးနေသလို ခံစားရနိုင်ပါတယ်။ စိတ်မပူပါနဲ့။ တစ်ဆင့်ချင်းသာလုပ်သွားပါ။ အစပိုင်းမှာ အကောင်းဆုံး Portfolio ဖြစ်နေဖို့၊ အလှဆုံးစာမျက်နှာဖြစ်နေဖို့မလိုပါဘူး။ "ပြီးစီးခြင်းက ပြီးပြည့်စုံခြင်းထက် အရေးကြီးပါတယ်။ အဓိကက ကိုယ်ပြသချင်တာတွေ ပါဝင်နေဖို့နဲ့ အစတစ်ခုရဖို့ပါပဲ။
  • Portfolio ဖန်တီးရန် လက်တွေ့အသုံးဝင်သော Tools များ: Slideshow ပုံစံမျိုးနဲ့ တစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်သွားရတဲ့ Digital Portfolio (PDF) ဖိုင်တစ်ခုကို အလွယ်တကူဖန်တီးနိုင်တဲ့ Application တွေ အများကြီးရှိပါတယ်။
    • အလွယ်ကူဆုံးနှင့် အခမဲ့: Canva, Google Slides, Microsoft Powerpoint တို့က အစပြုသူတွေအတွက် အရမ်းအသုံးဝင်ပြီး၊ ဒီဇိုင်းပုံစံအသင့်အတင့်တွေနဲ့ လွယ်လွယ်ကူကူဖန်တီးနိုင်ပါတယ်။
    • ပိုမို Professional ကျပြီး ထိန်းချုပ်မှုအပြည့်အဝလိုချင်သူများအတွက်: Adobe InDesign ကတော့ ဒီဇိုင်နာတွေရဲ့ လက်စွဲဖြစ်ပြီး၊ စာမျက်နှာဖွဲ့စည်းမှုနဲ့ ပုံနှိပ်လုပ်ငန်းတွေအတွက် အကောင်းဆုံးထိန်းချုပ်နိုင်စွမ်းကို ပေးပါတယ်။

၆။ Conclusion

ကောင်းမွန်တဲ့ Portfolio တစ်ခုတည်ဆောက်ခြင်းဆိုတာ သင့်ရဲ့အကောင်းဆုံးလက်ရာတွေကို စုစည်းပြသရုံသက်သက်မဟုတ်ပါဘူး။ သင်ဘယ်သူဘယ်ဝါဖြစ်တယ်၊ သင်ဘယ်လိုတွေးခေါ်တယ်၊ သင့်ရဲ့အရည်အသွေးကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို ပြသတဲ့ ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခြင်းဖြစ်တယ်။

အပိုင်း (၁) မှာ ဆွေးနွေးခဲ့တဲ့အတိုင်း အရည်အသွေးမီတဲ့ ကုန်ကြမ်းတွေဖန်တီးပြီး၊ ဒီအပိုင်း (၂) မှာ ဆွေးနွေးခဲ့တဲ့အတိုင်း အဲဒီကုန်ကြမ်းတွေကို စနစ်တကျရွေးချယ်၊ ဖွဲ့စည်းပြီး၊ ဆွဲဆောင်မှုရှိအောင် တင်ဆက်နိုင်ပြီဆိုရင်တော့ သာမန်လူတွေကြားထဲကနေ ထင်ရှားပေါ်လွင်တဲ့သူတစ်ဦးဖြစ်လာပါလိမ့်မယ်။ Professional တစ်ယောက်အဖြစ် အခွင့်အလမ်းကောင်းတွေ ပိုမိုပိုင်ဆိုင်နိုင်လာပါလိမ့်မယ်။

အခု Portfolio တည်ဆောက်ခြင်းရဲ့ ယေဘုယျအခြေခံသဘောတရားတွေကို နားလည်သွားပြီဆိုတော့၊ နောက်လာမယ့် အပိုင်း (၃) မှာတော့ ကျနော့်ရဲ့ကိုယ်ပိုင်နယ်ပယ်ဖြစ်တဲ့ ဗိသုကာပညာရပ်ကို အဓိကထားပြီး၊ တက္ကသိုလ်ဝင်ခွင့်အတွက် ဆွဲဆောင်မှုရှိတဲ့ ဗိသုကာ Portfolio တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အသေးစိတ်အကြံပြုချက်တွေ၊ ကိုယ်တွေ့သင်ခန်းစာတွေကို ဆက်လက်မျှဝေသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။


Read more

သင်က ဒေါက်လား အလှလား။

သင်က ဒေါက်လား အလှလား။

ကျနော်တို့ အိမ်တစ်လုံးဆောက်တဲ့အခါ အိမ်တစ်လုံးလုံးကို ထမ်းတင်ထားရတဲ့ 'ဒေါက်'ဆိုတာရှိတယ်။ ကော်လံတိုင်တွေ နံရံတွေပေါ့ဗျာ။ အပြင်ပန်းလှအောင်လို့ဖန်တီးထားတဲ

By Moe Htet
ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ကျနော်ကတော့ အများအခေါ် ငွေဖြုန်းတဲ့သူတစ်ယောက်ပါ။ တော်ရုံသိပ်စဥ်းစားမနေဘူး။ ဒါကလဲ လက်ထဲမှာ ရှိနေသေးလို့လဲပါတယ်။ ဒါပေမယ့် ကျနော်ကျောင်းသားတစ်ယောက်၊ လူ ၅ယောက်နဲ့မျ

By Moe Htet
ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

အခုလောလောဆယ် ကျနော်ကျောင်းမှာထိုင်နေတယ်၊ အချိန်ကတော့ ည ၁ နာရီ။ အိပ်ချင်နေပြီ သို့သော် စာဆက်ရေးနေသေးတယ်၊ သံစဥ်လေးတွေနားထောင်နေတယ်၊ စာဆက်ရေးစာဆက်လုပ်နေ

By Moe Htet